ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog

Sunday, April 20, 2008

သင်္ဂါယနာတင်ပွဲများ



သင်္ဂါယနာတင်ပွဲများ


သင်္ဂါယနာတင်ခြင်းဆိုသည်မှာ ကောင်းစွာစုပေါင်းရွတ်ဆိုခြင်းကို ဆိုလိုသည်။ ဘုရားရှင် ဟောကြားတော်မူခဲ့သည့် ပိဋကတ်ဓမ္မက္ခန္ဓာ ရှစ်သောင်းလေး ထောင်တို့ကို မချွတ်မယွင်း မတိမ်းမစောင်းစေဘဲ တိကျမှန်ကန်စွာ အရှည် တည်တံ့အောင် စည်းဝေးညှိနှိုင်း အမေးအဖြေ ပြုလုပ်ခြင်းဖြင့် အတည်ပြု ပြီးလျှင် ရဟန်းတော်များစုပေါင်း၍ ရွတ်ဆိုကြခြင်းကို သင်္ဂါယနာတင်သည်ဟု ခေါ်သည်။ သာသနာသက္ကရာဇ် ၂၅၀၀ အတွင်း သင်္ဂါယနာ ခြောက်ကြိမ် တင်ခဲ့ပြီး ဖြစ်သည်။



ပထမသင်္ဂါယနာ


မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့် အင်္ဂါနေ့တွင် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက်၊ ထိုနှစ် ၀ါခေါင်လပြည့်ကျော်(၁)ရက်နေ့မှ တပေါင်းလပြည့်နေ့အထိ ခုနစ်လ တိုင်၊ အိန္ဒိယနိုင်ငံ၊ ရာဇဂြိုဟ်ပြည်၊ ဝေဘာရ တောင်ရှိ သတ္တပါဏီလိုဏ်ဂူတွင် ပထမသင်္ဂါယနာတင်ပွဲ ကျင်းပခဲ့သည်။


ဒုတိယသင်္ဂါယနာ


ပထမသင်္ဂါယနာတင်ပြီး နှစ်ပေါင်း ၁၀၀ ခန့်တွင် အိန္ဒိယနိုင်ငံ၊ ဝေသာလီပြည်၊ ၀ါလုကာရုံ ကျောင်းတော်၌ ရှစ်လတိုင်တိုင် ပိဋကတ်သုံးပုံ အာဂုံဆောင်နိုင်သော ရဟန်းအပါး ခုနစ်ရာ တို့သည် ရွတ်ဆို၍ ဒုတိယသင်္ဂါယနာ တင်ခဲ့ကြသည်။


တတိယသင်္ဂါယနာ


သာသနာသက္ကရာဇ် ၂၁၈ ခုနှစ်၊ အိန္ဒိယနိုင်ငံ၊ ပါဋလိပုတ်ပြည်္က နန်းတက်သော အာသောကမင်းလက်ထက်တွင် တတိယသင်္ဂါယနာ တင်ခဲ့သည်။ တတိယသင်္ဂါယနာတင်ပွဲ၌ ထူးခြားသော အကျိုးဆက် တစ်ရပ်မှာ ဓမ္မဒူတခေါ် သာသနာပြုများ၊ သာသနာ့ တမန်တော်များအား ကမ္ဘာအရပ်ရပ် နိုင်ငံများသို့ စေလွှတ်ခြင်းဖြင့် သာသနာတော် ပြန့်ပွားစေခဲ့ခြင်းဖြစ်သည်။



စတုတ္တသင်္ဂါယနာ


သာသနာသက္ကရာဇ် ၄၅၀ ပြည့်နှစ်၊ ၀ါဋဂါမဏိမင်းလက်ထက် သီဟိုဠ် (ယခုသီရိလင်္ကာ)ကျွန်း၌ စတုတ္တသင်္ဂါယနာကို တင်ခဲ့သည်။

ယင်းသင်္ဂါယနာတင်ပွဲကို အိန္ဒိယနိုင်ငံက အသိအမှတ်မပြုဘဲ နောက် နှစ်(၁၅၀)အကြာ သာသနာသက္ကရာဇ် ၆၀၀ တွင် အိန္ဒိယနိုင်ငံ၊ ကနီသျှက မင်းလက်ထက်၊ ကသ္မီရတိုင်း၊ ဇလန္ဓရမြို့၌ သင်္ဂါယနာတင်ခဲ့သည်။
(က) သီဟိုဠ်ကျွန်း၌ တင်ခဲ့သော စတုတ္တသင်္ဂါယနာတင်ပွဲကို တောင်ပိုင်း သင်္ဂါယနာဟုလည်းကောင်း၊
(ခ) အိန္ဒိယနိုင်ငံ၌ ပြုလုပ်သော စတုတ္တသင်္ဂါယနာတင်ပွဲကို မြောက်ပိုင်း သင်္ဂါယနာတင်ပွဲဟုလည်းကောင်း ခေါ်သည်။


ပဉ္စမသင်္ဂါယနာ


စတုတ္တသင်္ဂါယနာတင်ပြီး နှစ်ပေါင်း ၂၀၀၀ ခန့်အကြာ မြန်မာနိုင်ငံ မင်းတုန်းမင်းလက်ထက်၊ သာသနာသက္ကရာဇ် ၂၄၁၅ ခု၊ မြန်မာသက္ကရာဇ် ၁၂၂၂ ခု၊ ကဆုန်လဆန်း (၁)ရက်နေ့မှ ၁၂၃၀ ပြည့်နှစ်၊ ကဆုန်လဆန်း(၁၄)ရက်နေ့ထိ ကျောက်ထက်အက္ခရာ တင်ခြင်းနှင့် နှုတ်တက်သံပြိုင် ရွတ်ဆိုခြင်းနှစ်မျိုးဖြင့် ပဉ္စမသင်္ဂါယနာ ကိုတင်ခဲ့ခြင်းဖြစ်သည်။


ဆဋ္ဌမသင်္ဂါယနာ


ပဉ္စမသင်္ဂါယနာတင်ပြီးနောက် နှစ်ပေါင်း(၈၀)အကြာ သာသနာ သက္ကရာဇ် ၂၅၀၀ ပြည့်အထိမ်းအမှတ်အဖြစ် မြန်မာသက္ကရာဇ် ၁၃၁၆ ခုနှစ်၊ ကဆုန်လပြည့်နေ့မှ ၁၃၁၈ ခုနှစ်၊ ကဆုန်လပြည့်နေ့အထိ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏ လိုဏ်ဂူတော်ကြီးတွင် ဆဋ္ဌမသင်္ဂါယနာတင် မဟာဓမ္မသဘင်ကြီးကိုဆင်ယင်ကျင်းပခဲ့သည်။

ဆဋ္ဌမသင်္ဂါယနာတင်ပွဲသို့ ယိုးဒယား၊ သီဟိုဠ်၊ လာအို၊ ကမ္ဘောဒီးယား လေးနိုင်ငံမှ ပိဋကတ်ကျွမ်းကျင် ပညာရှင် မထေရ်ကြီးများအား မြန်မာနိုင်ငံသို့ ပင့်ဖိတ်၍ မြန်မာနိုင်ငံမှ ပညာရှင်မထေရ်မြတ်ကြီးများ အပါအ၀င် သံဃာတော် ၂၆၁၇ ပါးတို့ဖြင့် ဆဋ္ဌမသင်္ဂါယနာ တင်ပွဲ ကျင်းပခဲ့သည်။
ဆဋ္ဌမသင်္ဂါယနာတင်ပွဲတွင် အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော် ဘုရားကြီးက ပိဋကတ်တော်နှင့်စပ်လျဉ်းသည့် မေးခွန်းများကို မေးပြီး၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တ ၀ိစိတ္တ သာရဘိဝံသ ဆရာတော် ဘုရားကြီးက အလုံးစုံကုန်စင်အောင် ဖြေကြားတော်မူခဲ့သည်။

0 comments:

Posts

Followers

Labels

Comments