ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog

Sunday, July 6, 2008

လူချမ်းသာ စိတ်ချမ်းသာ (၂၂)

ချမ်းသာချင်လျှင် စီးပွားရေးကိုသာ ဇောက်ချလုပ်

ကြီးပွားချင်သူသည် စီးပွားရေးကိုသာ ဇောက်ချလုပ်ကိုင်ရသည်။ ဘုရားနှင့်စပ်၍ ကြီးပွားအောင် မလုပ်သင့် သကဲ့သို့ ကျောင်းနှင့်စပ်၍လည်း ကြီးပွားအောင် မလုပ်ထိုက်ပါ။ စီးပွားရေးကိစ္စကို စီးပွားရေးကိစ္စ တစ်ကန့်၊ ကျောင်းကန်၊ ဘုရားကိစ္စကို ကျောင်းကန် ဘုရားကိစ္စ တစ်ကန်၊ သူ့အကန့်နဲ့သူ လုပ်ရသည်။ မရောထွေး သင့်ပေ။ ဘာသာတရားကို မှိုင်းမတိုက်သင့်ပေ။

ကြီးပွားချင်လို့ အဓိဋ္ဌာန် ပုတီးစိတ်ခြင်း၊ သက်သတ်လွတ် အဓိဋ္ဌာန်ဝင်ခြင်း၊ ဘုရားကိုးဆူ အဓိဋ္ဌာန်ဝင်ခြင်း၊ ဓာတ် ယောင်ယောင်၊ နတ်ယောင်ယောင်၊ သိုက်ယောင်ယောင်၊ နန်းယောင်ယောင်၊ ဂြိုဟ်ပြေ နံပြေ၊ ယတြာချေနှင့် ဂါထာ မန္တရား ရွတ်ဖတ် ပွားသည်များကို စွဲလမ်းယုံကြည်စွာ မလုပ်သင့်ပေ။ ပိုက်ဆံလိုချင်လျှင် ပိုက်ဆံလက်ထဲ ရောက်အောင်သာ ရှာရသည်။ အခြားအရာများ မရှာကောင်းပေ။

ကြီးပွားချင်လျှင် စီးပွားရေးကိုသာ ဇောက်ချလုပ်။ ဘာသာရေးကိစ္စများ လိုသည်ထက် မပိုသင့်။ လူသည် လူနှင့် သာတူအောင် လုပ်ရန်လိုသည်။ ဘုန်ကြီးနှင့် တူအောင် လုပ်ဖို့မလို။ လူသည် လူ့အလုပ်ကိုသာ လုပ်ရ သည်။

ဘာသာရေးကိစ္စက အပေါ်ယံကြော အကာပိုင်းနှင့် အတွင်းသား အနှစ်သာရပိုင်း ဟူ၍ နှစ်မျိုးရှိသည်။ ဘာသာရေး နှင့် ဆက်နွှယ်သော ဘုရားပွဲများ၊ အခြားအလှူအတန်း အခမ်းအနားများ၊ ဘုရားဆင်းတု၊ ဘုရား စွယ်တော် စသည်များကို ဟိုပင့်၊ သည်ပင့်ကိစ္စများ၊ ဘုရားတည်ခြင်း၊ ဘုရားပြင်ခြင်း ကိစ္စများ၊ ဂုဏ်ပြု ပူဇော်ပွဲများ၊ ဘာနေ့ ညာနေ့ စသည့်အခမ်းအနား များသည် အပေါ်ယံကြော အကာကိစ္စ များသာ ဖြစ်သည်။ ထိုကိစ္စများသည် အတိုင်းအတာနှင့်သာ ကောင်းသည်။ သိပ်မများသင့်ပေ။

ဘုရားဆင်းတု အမျိုးမျိုးနှင့် စေတီပုထိုးများသည် သာသနာ မဟုတ်သကဲ့သို့ ဘုရားထုခြင်း၊ ဘုရားတည်ခြင်း၊ ဘုရားပြင်ခြင်း စသည့်ကိစ္စ တို့ကို ဆောင်ရွက်ခြင်းသည်လည်း သာသနာပြုသည်ဟု မခေါ်နိုင်ပေ။ စင်စစ် သာသနာ ဟူသည် ဘုရား၏ အဆုံးအမဖြစ်သည်။ ဘုရား၏ အဆုံးအမသည် ပိဋကသုံးပုံရှိသည်။ ဘုရား၏ အဆုံးအမတော် ပိဋက စာပေများကို ပို့ချခြင်း၊ သင်ယူခြင်း၊ ဟောပြခြင်း၊ ပြသခြင်း၊ ကျင့်ကြံအားထုတ် ခြင်းသည်သာ သာသနာပြုသည် မည်သည်။

သာသနာပြုသည်ဟူသည် မိမိသန္တာန်တွင် သာသနာရှိမှ ပြုလို့ရသည်။ မိမိသန္တာန်၌ သာသနာမပါဘဲ သာသနာပြုလို့ မရနိုင်ပေ။ မိမိ၏ ဖယောင်းတိုင်မှာ မီးတောက်ရှိမှ တခြား ဖယောင်းတိုင်ကို မီးကူးလို့ရသည်။ မိမိ ဖယောင်းတိုင်မှာ မီးမရှိပါဘဲ တခြားဖယောင်းတိုင်ကို မီးကူးလို့ မရနိုင်ပေ။ တိုးတက်ကြီးပွားဖို့ ဆိုလျှင် သဘာဝ ကျကျ တွေးတတ် မြင်တတ်ဖို့၊ သိတတ်ဖို့၊ လိုက်နာ ကျင့်သုံးတတ်ဖို့ လိုပါသည်။

(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
ဆက်လက်တင်ပြပါမည်။

4 comments:

Anonymous said...

“ဘုရားဆင်းတု အမျိုးမျိုးနှင့် စေတီပုထိုးများသည် သာသနာ မဟုတ်သကဲ့သို့ ဘုရားထုခြင်း၊ ဘုရားတည်ခြင်း၊ ဘုရားပြင်ခြင်း စသည့်ကိစ္စ တို့ကို ဆောင်ရွက်ခြင်းသည်လည်း သာသနာပြုသည်ဟု မခေါ်နိုင်ပေ” ဆိုတဲ့အချက်ကိုတော့ မဟုတ်နိုင်ဘူးလို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြတ်စွာဘုရား ပရိန္နိဗ္ဗန် မစံခင်မှာ ဓါဓုစေတီ (ဓါတ်တော်) ဓမ္မစေတီ (တရားတော်) ဥဒ္ဒိသ္တ စေတီ (စာလုံးပေါင်းမှားနိုင်သည် ရည်မှန်း၍ ကိုးကွယ်ရာ) ပရိဘောဂစေတီ ( စေတီ၊ ပုထိုး၊ ကျောင်းကန် ရုပ်ထုစည့်) စတီကြီး ၄ ခုထားခဲ့တယ်ဆိုတာ ကြားဖူး၊ ဖတ်ဖူးပါတယ်။ အဲဒီထဲမှာ ဘုရားဆင်းထု အမျိုးမျိုးနဲ့ စေတီပုထိုးဟာ ပရိဘောဂ စေတီထဲမှာ ပါပါတယ်။

Anonymous said...

အစ်မရှင့်
တစ်ကျောင်းတဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလိုပါပဲ၊ ဆုရည်လည်း ဆရာတော်ရေး ဆောင်းပါးကို ထပ်ဆင့် မျှဝေ ပေးလိုက်တာ ပဲဖြစ်ပါတယ်။ မူရင်း ဆရာတော်ရေး ဆောင်းပါးကို မပြုပြင်နိုင်တာမို့ ခွင့်လွတ်စေချင် ပါတယ်။ ဆရာတော်ရဲ့ ဆိုလိုရင်းက ကြီးပွားချမ်းသာဖို့ ဘုရားကို ခုတုံး မလုပ်မိစေဖို့ အသိပေးထားတာ ဖြစ်မယ် ယူဆ ရပါတယ်။ အစ်မပြော တာတွေလည်း မမှားပါဘူး။ ဘယ်သူမှားမှား ပါ ဆုရည် အမှားလို့ပဲ မှတ်ယူစေချင်ပါတယ်။ ခုလို ဂဃဏန သိခွင့်ရလို့ ဆုရည် ၀မ်းသာပါတယ်။ ဘယ်လို ဝေဖန်မှုမျိုးကိုမဆို လက်ခံပါတယ်။
ကျေးဇူးတင်တင်ပါတယ် အစ်မငယ်နိုင်

မှ
ဆုရည်

Anonymous said...

ညီမလေးဆုရည်
အခုလို ပြန်ရှင်းပြတာ ကျေးဇူးတင်ပါတယ်၊ လေးစားပါတယ်။
အစ်မကလည်း ဘုန်းကြီးက မသိလို့ ပြောတာမမဟုတ်ဘူး တရားကို လူတွေအာရုံပိုစိုက်စေချင်တဲ့ စေတနာနဲ့ ဥပမာပေးလွန်သွားတာပဲ ဖြစ်မယ်ဆိုတာ ခန့်မှန်းမိပါတယ်။ အမှန်ကတော့ ဓမ္မစေတီကတော့ ဗုဒ္ဓဘာသာရဲ့ အသက်ပါပဲ။ ဓမ္မစေတီကို မထိန်းသိမ်းနိုင်ပဲ ကျန်တာဘယ်လိုပဲ ရှိနေပါစေ သာသနာကို မထိန်းသိမ်းနိုင်ပါဘူး။ ဥပမာ အဖဂနနစ္စတန်မှာ ပြီးခဲ့တဲ့ တာလီဗန်တွေ မကြီးစိုးခင်အထိ သာသာနာထွန်းကားစဉ်က ကျန်ခဲ့တဲ့ စေတီပုထိုးတွေရှိခဲ့တယ် ဒါပေမယ့် ဓမ္မစေတီကို မထိန်းသိမ်းနိုင်တော့ သာသနာကွယ်သွားတယ်။ အင်ဒိုနီးရှားက တချို့ဒေသတွေမှာလည်း ဗုဒ္ဓသာသနာ ထွန်းကားစဉ်က တည်ထားကိုးကွယ်ခဲ့တဲ့ စေတီပုထိုးတွေ အခုထိရှိပေမယ့် တရားဓမ္မမထွန်းကားတော့လို့ ဗုဒ္ဓဘာသာဝင် တယောက်မှ မရှိတော့ပါဘူး။ ဓမ္မစေတီက အရေးကြီးဆုံးဖြစ်တယ်ဆိုတာကို ထောက်ပြလိုတဲ့ ဘုန်းကြီးရဲ့ စေတနာကို အစ်မနားလည်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေကိုယ်တိုင်က ရုပ်တုတွေ၊ စေတီပုထိုးတွေကို ကိုးကွယ်တာကို တခြားဘာသာဝင်တွေ ထင်သလို အဓိပ္ပါယ်မရှိတာတွေ လုပ်နေတယ်ဆိုပြီး ယူဆသွားမှာစိုးလို့ ဒါတွေလည်း စေတီကြီး ၄ ခု အနက်တခု အပါအ၀င်ဖြစ်တယ် ဆိုတာ ထောက်ပြချင်လို့ အပေါ်က မှတ်ချက်ကို ရေးရတာ ဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ မှားတယ်လို့ စွပ်စွဲချင်လို့ မဟုတ်ရပါဘူး။ ညီမလေးရဲ့ သာသနာ့ မွန်မြတ်တဲ့ သာသနာ့ဆိုင်ရာ ပညာပေးခြင်းကို အမြဲသာဓုခေါ်လျက်ပါ။

Anonymous said...

အစ်မ

သိပ်ကျေးဇူးတင်ပါတယ်။
အစ်မရဲ့ ကွန်မင့်က ဗဟုသုတရစေတာ အမှန်ပါပဲ၊ အများအတွက်လည်း အကျိုးရှိစေ ပါတယ်။

ညီမလေး ဆုရည်
(w.z)

Followers

Labels

Comments