ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog

Monday, December 29, 2008

နန်းဘုရား


နန်းဘုရားသည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူ ဘုရားဖြစ်ပြီး (၁၂)ရာစုတွင် နရပတိ စည်သူမင်း၏ သားမက်၊ မနုဟာမင်း၏မြစ် နာဂသမန်း အမတ်က တည်ခဲ့သည်။ နာဂသမန်းသည် ၄င်း၏ဘေးတော် ဖြစ်သော မနုဟာမင်း နေထိုင်ရာအရပ်၌ အထိမ်းအမှတ် အဖြစ် နန်းဘုရား တည်ခဲ့ခြင်း ဖြစ်သည်။ နန်းဘုရားတွင် ကျောက်ဆစ် ပန်းတမော့ လက်ရာများကို လေ့လာနိုင်သည်။ နန်းဘုရား အတွင်း အုတ်ရိုးနံရံပေါ်တွင် ကျောက်ဖြင့် တန်ဆာဆင်ထားသည်။ နန်းဘုရား၏ ဂူမကြီးကို အတွင်းကွန်းစင်တိုင် လေးတိုင်က ထောက်ထားပြီး ကျောက်တိုင်ကြီး လေးတိုင်၏ မျက်နှာတွင် ဦးခေါင်းသုံးလုံးပါ ကျောက်ဗြဟ္မာရုပ် နှစ်ရုပ် (ဗြဟ္မာကြီးသည် ကြာဖတ်များပေါ် ထိုင်၍ လက်နှစ်ဖက်က အောက်ခံ ကြာရိုးများမှ တစ်ဆင့် ဖူးပွင့်လာသည့်ကြာပွင့် ကြာချပ်များကို မထားဟန်) ဘီလူးပန်းဆွဲပုံများ နှင့် ထောင့်ချိုး ဘီလူး ပန်းကိုက်ရုပ်များ ရှိသည်။

ထိုရုပ်ပုံများကို ကျောက်သား တစ်တုံးစီ၌ ရုပ်ပုံ အပိုင်းအစများ ထွင်းထုထားပြီး ကော်ရည်တစ်မျိုးဖြင့် ကပ်ကာ ဖောင်းကြွအောင် ပုံဖော်ထားသည်။ နန်းဘုရား အပြင်ဘက် မျက်နှာစာအားလုံး ကျောက်ချပ်တို့ဖြင့် စီ၍ဆောက်လုပ် ထားပြီး အပြင်နံရံ အခြေပတ်လည်တွင် ကာလသာအိုး (ကြာသွတ်အိုး) ပုံခံ ထားပြီး အထက်တွင် ကြာပန်းကြာနွယ်များ အကြား မွန်အထိမ်းအမှတ် ဟင်္သာရုပ်များကို ပတ်လည်တွင် ထွင်းထုတန် ဆာဆင်ထားသည်။

နန်းဘုရား၏ ဇာပြတင်းပေါက် များကို ကျောက်အုတ်များဖြင့် စီထားပြီး ပြတင်းပေါက် ပတ်လည်တွင် ကျောက်ဆစ် ပန်းကြွများ ထွင်းထုထားသည်။ ပြတင်းပေါက်များ၏ အထက်တံကဲ တစ်ဖက်တစ်ချက် စိုင်ဘောင်တွင် မကာရ်းပုံ၊ အလယ်ရှိ ငှက်ပျောဖူးတွင် ကျက်သရေ နတ်သမီး (ကျော်ဂြီ-Kyauk-Sri) ပုံရှိသည်။ တံကဲအလယ်တွင် ပန်းပြောက်များပါသော ပုဝါစည်းထားသည့် ကလသာအိုး ပုံများကို ထွင်းထုထားသည်။

Friday, December 26, 2008

နဂါးရုံဘုရား


နဂါးရုံဘုရားသည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူ ဘုရားဖြစ်ပြီး ခရစ် (၁၁) ရာစုနှောင်းတွင် ကျန်စစ်သားမင်း တည်ခဲ့သည်။ ကျန်စစ်သားသည် စောလူးမင်းရန်ကြောင့် မြင်းကပါရွာ အနီး ပုန်းအောင်း နေရစဉ် ဇနီးဖြစ်သူ အပယ်ရတနာက သွားရောက် တွေ့ဆုံလေ့ရှိသည်။ တစ်နေ့တွင် အပယ်ရတနာ ကျန်စစ်သားထံသွားရာ အိပ်ပျော်နေသည့် ကျန်စစ်သားကို နဂါးတစ်ကောက်က ပါးပြင်းဖြင့် မိုးနေသည်ကို တွေ့ရသည်။ ကျန်စစ်သားနိုးလာလျှင် နဂါးလည်း ပျောက်ကွယ် သွားသည်။ ထိုအကြောင်းကို အပယ်ရတနာက ကျန်စစ်သားမင်းအား ပြောပြရာ ကျန်စစ်သားက မိမိမင်းဖြစ်မည့် နိမိတ်ဟု အပယ်ရတနာအား ပြောကြားခဲ့သည်။ ကျန်စစ်သား ပုဂံထီးနန်း ရရှိပြီးနောက် ၄င်းအား နဂါးပါးပြင်မိုးထားရာ နေရာ၌ နဂါးရုံဘုရား တည်ခဲ့သည်။


နဂါးရုံဘုရားကို မိုးလျော၊ ပစ္စယာအဆင့်ဆင့်ဖြင့် တည်ဆောက်ထားပြီး ပစ္စယာအထက်တွင် ကွမ်းတောင်နှင့် အထွတ်စေတီ ပေါက်ထားသည်။ ပစ္စယာများ၌ ထောင့်စေတီများ ရှိသည်။ နဂါးရုံဘုရားတွင် နံရံများနှင့် စင်္ကြပတ်လမ်း နံရံများတွင် ဗုဒ္ဓ၀င်ခန်းများ၊ မြတ်စွာဘုရား တရားဟောခန်း နံရံဆေးရေး ပန်းချီများကို ရှေးမွန်ဘာသာ ကမ္ပည်းစာများနှင့် တကွ တွေ့ရသည်။


နဂါးရုံဘုရား၏ အ၀င်ခန်းမဆောင် နံရံမုခ်ကပ်များတွင် ဗုဒ္ဓ၀င်ခန်း ဖြစ်သည့် မယ်တော်မာယာ အိပ်မက်ခန်း၊ မြတ်စွာဘရား ရွှေခွက်မျောခန်း၊ တာဝတိံသာ နတ်ပြည်မှ ဆင်းလာခန်း၊ မြတ်စွာဘုရား တရားဟောခန်း၊ ပါလိလေယျက (ပလလည်း) တောတွင် သီတင်းသုံးခန်းနှင့် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုခန်း စသည့် ကျောက်ဆစ်ရုပ်တု များနှင့် ဂူဘုရားအတွင်းရှိ လက်ဝဲ လက်ယာ နံရံမုခ်ကပ် များတွင်လည်း သဲကျောက်ဖြင့် ထုလုပ်ထားသည့် ကြာပလ္လင်ပေါ်ရှိ ဗုဒ္ဓရုပ်ပွား ဆင်းတုများ၊ ဒီပင်္ကရာဘုရား ရှေ့မှောက်သုမေဓာ ရှင်ရသေ့ ဗျာဒိတ်ခံယူပုံ စသည့် ကျောက်ဆစ်ရုပ်တု များကို လေ့လာနိုင်သည်။

နဂါးရုံဘုရား အပြင်ဖက်နံရံတွင် တန်ဆာဆင်ထားသည့် အင်္ဂတေပန်းတော့ လက်ရာများ ဖြစ်သည့် ဘီလူးပန်းဆွဲများ အင်္ဂတေပန်း များကိုလည်း လေ့လာနိုင်သည်။ နဂါးရုံဘုရား အခြေမှ အတွင်း တံတိုင်းအထိ စဥ့်စိမ်းသုတ် အုပ်ချပ်များ ခင်းထားသည်။

Wednesday, December 24, 2008

မေတ္တာပုဗ္ဗဘာဂပဋိပဒါ (သို့မဟုတ်) ကမ္မဋ္ဌာနူပစာ

၁။ သက္ကောစ = စွမ်းနိုင်သူ
၂။ ဥဇူစ = ဖြောင့်ဖတ်သူ
၃။ သုဟုဇူစ = အလွန်ဖြောင့်မတ်သူ
၎။ သုဝစောစ = ဆိုဆုံးမလွယ်သူ
၅။ မုဒုစ = နူးညံ့သူ
၆။ အနတိမာနိ = မာန်မာနမရှိသူ
၇။ သန္တုဿကောစ = ရောင့်ရဲလွယ်သူ
၈။ သုဘရောစ = မွေးမြူလွယ်သူ
၉။ အပ္ပကိစ္စော = ကိစ္စနည်းပါးသူ
၁၀။ သလ္လဟုက၀ုတ္တိ = ပေါ့ပါးသောအဖြစ်ရှိသူ
၁၁။ သန္တိန္ဒြိယောစ = ငြိမ်သက်သော ဣနြေ္ဒရှိသူ
၁၂။ နိပကောစ = ရင့်ကျက်သောပညာရှိသူ
၁၃။ အပ္ပဂမ္ဘော = မကြမ်းတမ်း/ မရိုင်းပြသူ
၁၄။ ကုလေသွနနုဂိဒ္ဓေါ = လူတို့၌ မတွယ်တာသူ
၁၅။ နစခုဒ္ဒမာစရေကိဉ္စိယေန၀ိညူ ပရေဥပ၀ဒေယျုံ =
       ပညာရှိများ ကဲ့ရဲ့မည့် အနည်းငယသော အပြစ်သော်မှလည်း ရှောင်ကျဉ်သူ

Sunday, December 21, 2008

မိတ်ဆွေ နှင့် ရန်သူ


မိမိသည်သာလျှင် မိမိ၏ မိတ်ဆွေအစစ် ဖြစ်သကဲ့သို့ ရန်သူအစစ်လည်း ဖြစ်နိုင်ပါသည်။ ကုသိုလ်ကောင်းမှု၌ မွေ့လျော်လျှင် မိမိသည် မိမိ၏ မိတ်ဆွေ အစစ်ဖြစ်သည်။ မကောင်းမှု အကုသိုလ်၌ မျောနစ်လျှင် မိမိသည် မိမိ၏ ရန်သူအစစ် ဖြစ်သည်။

မင်းနန်(မော်ကျွန်း)နှလုံးလှ ဓမ္မာစာစု မှ

ဝါကြွားခြင်း


မိမိနှုတ်က ထွက်သောစကားတိုင်းကို မိမိသည်ပင် တာဝန်ခံရ လေရာ မှန်သောစကား ကို တာဝန်ခံမည်လား၊ ၀ါကြွားပြောသော စကားကို တာဝန်ခံမည်လား။ မှန်သော စကားကို တာဝန်ခံခြင်းသည် သစ္စာထိုက်သော ကြောင့် မိမိအား ကောင်းကျိုး ပေးပေလိမ့်မည်။ ၀ါကြွားပြောသော စကားကို တာဝန်ခံခြင်းသည် မုသား၌ ရှေးရှု အကျုံးဝင် သောကြောင့် မိမိအား ဆိုးကျိုးကိုသာ ပေးဝေပေ လိမ့်မည်။

မင်းနန်(မော်ကျွန်း)နှလုံးလှ ဓမ္မာစာစု မှ

လူ့တန်ဖိုး

လူ၏ စစ်မှန်သော တန်ဖိုးသည် စည်းစိမ်ရှင်၊ ဥစ္စာရှင် အဖြစ် မတည်ပါ။ လောကအကျိုး၊ လူသားအကျိုး သယ်ပိုး ထမ်းဆောင်နိုင်မှု အပေါ်တွင်သာ တည်မှီပါသည်။ ကမ္ဘာ့သမိုင်းစဉ် တစ်လျှောက် လူသေသော်လည်း နာမည် မသေဘဲ ထင်ရှား ကျော်ကြားခဲ့သူများမှာ စည်းစမ်ရှင်၊ ဥစ္စာရှင် မဟုတ်။ လူသားအကျိုးပြု အသိပညာရှင်၊ အတတ် ပညာရှင်များသာ ဖြစ်ပါ၏။ လောကကို သာယာစေသော၊ လှပစေသော၊ မွှေးရနံ့သင်းပျံ့စေသော စေတနာရှင်၊ ကျေးဇူးရှင်ကြီးများ၏ ဂုဏ်သတင်းသည် နှစ်ကာလ ပရိစ္ဆေဒ များစွာကို ကျော်လွှား ဖြတ်သန်းလျက် အစဉ်ထာဝရ သင်းထုံ မွှေးကြိုင်လျက် ရှိသည်သာ ဖြစ်ပါ၏။

မင်းနန်(မော်ကျွန်း) ၏ နှလုံးလှ ဓမ္မာစာစု မှ

အလဲအလှယ်

သူ၏ နှလုံးသား၌ သိမ်မွေ့မှုရှိသည်။ နူးညံ့မှု ရှိသည်။ ရိုးသားမှုရှိသည်။ သန့်စင်မှုရှိသည်။ မြင့်မြတ်မှု ရှိသည်။ နှလုံးသား၌ တည်သော ဤအလှတရားများကို ငွေကြေးဖြင့် ဖြစ်စေ၊ အခွင့်အရေး တစ်စုံတစ်ရာဖြင့် ဖြစ်စေ အလဲအလှယ်ပင် မလုပ်သင့်။ စိန်ရွှေ ရတနာ ဓနဥစ္စာတို့ကို ၀ိသမလောဘဖြင့် ရယူလိုမှု အကြောင်းပြုပြီး နှလုံးသား အလှတရားကို အထိအပါး မခံသင့်၊ အပွန်းအပဲ့ မခံသင့်၊ အဆုံးအရှုံး မခံသင့်။ ။

မင်းနန်(မော်ကျွန်း)နှလုံးလှ ဓမ္မာစာစမှ

တန့်ကြည့်တောင်စေတီ


တန့်ကြည့်တောင်

ပုဂံဒေသတွင် အနော်ရထာမင်း ၏ကောင်းမှု မြတ်စွယ်တော် လေးဆူမှာ ရွှေစည်းခုံစေတီ၊ တန့်ကြည့်တောင် စေတီ၊ လောကနန္ဒာ စေတီနှင့် တူရင်းတောင် စေတီ တို့ဖြစ်သည်။ မြတ်စွယ်တော် ၄ ဆူစလုံးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး နှင့် အလှူငွေများကို အညီအမျှ ကပ်လှူပူဇော်၍ တစ်နေ့တာ အတွင်း အပြီးဖူးမျှော် ကြိုညိုပါက လိုရာဆန္ဒပြည့်ဝ မည်ဟု ယုံကြည်ကြသည်။

တန့်ကြည့်တောင် စေတီကို အေဒီ (၁၀၅၉) တွင် အနော်ရထာမင်း တည်ခဲ့သည်။ အနော်ရထာမင်းသည် သီဟိုဠ် ၌ ဘုရင်ဝိဇယဘာဟု(၁) ဆက်သလိုက်သော စွယ်တော်ကို ထပ်မံပွား၍ တန့်ကြည့်တောင် ပေါ်ရှိ သီရိဓမ္မာသောက မင်းတည်ခဲ့သည့် စေတီကို ပြုပြင်မွမ်းမံကာ စွယ်တော်ပွားကို ဌာပနာခဲ့သည်။

တန့်ကြည့်တောင် စေတီကို အောက်ခြေတွင် ပစ္စယာ အဆင့်ဆင့်ခံ၍ သပိတ်မှောက် ခေါင်းလောင်းပုံ၊ ခေါင်းလောင်းပုံတွင် ပန်းဆွဲများ တန်ဆာဆင် ထားသည့် ရစ်စည်း၊ ဖောင်းရစ် အဆင့်ဆင့်၊ ဖောင်းရစ်များ အထက်တွင် ကြာမှောက်၊ ကြာလန်၊ ငှက်ပျောဖူး၊ ထီးတော်တို့ဖြင့် တည်ဆောက်ထားသည်။

တန့်ကြည့်တော် စေတီကို ခေတ်အဆက်ဆက် စေတနာရှင်များကပြုပြင် မွမ်းမံခဲ့သဖြင့် စေတီအသစ်သဖွယ် ဖြစ်နေသည်။

Sunday, December 14, 2008

လောကနန္ဒာစေတီ



လောကနန္ဒာ စေတီကို အေဒီ ၁၀၅၉ တွင် အနော်ရထာမင်း တည်ခဲ့သည်။ အနော်ရထာ မင်းသည် သီဟိုဠ်ကျွန်းမှ ဆက်သလိုက်သော စွယ်တော်ကို ထပ်မံပွား၍ လောကနန္ဒာ သင်္ဘောဆိပ်အနီး ကုန်းမြင့်တွင် လောကနန္ဒာ စေတီတည်၍ ဌာပနာ ခဲ့သည်။


လောကနန္ဒာ စေတီကို အောက်ခြေတွင် ရှစ်ထောင့် ပစ္စယာခံထားပြီး ရှစ်ထောင့် ပစ္စယာ အလယ်တွင် ပစ္စယာသုံးဆင့်နှင့် ခေါင်းလောင်းပုံ ရှည်ရှည် ဖောင်းရစ် အဆင့်ဆင့်ဖြင့် တည်ဆောက်ထားသည်။

လောကနန္ဒာ စေတီကို ခေတ်အဆက်ဆက် ပြုပြင် မွမ်းမံခဲ့သဖြင့် စေတီအသစ် ကဲ့သို့ ဖြစ်နေသည်။


လောကနန္ဒာ စေတီ အရှေ့ဘက် တန်ဆောင်း အတွင်းတွင် သဲကျောက် အမာစားဖြင့် ထုလုပ်ထားသည့် ၁.၈၃ မီတာ (၆-ပေ)ခန့် မြင့်သည့် ဗုဒ္ဓရုပ်ပွား ဆင်းတု (ဈာနမုဒြာ) ကို ဖူးမျှော်နိုင် ပါသည်။

Wednesday, December 10, 2008

စိမ်းညက်အမဂူဘုရားနှင့် စိမ်းညက်ညီမစေတီ


စိမ်းညက်အမ ဂူဘုရားသည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူ ဘုရားဖြစ်ပြီး စိမ်းညက်ညီမ စေတီသည် သီဟိုလ်ပုံ စေတီဖြစ်ကာ ခရစ် (၁၂)ရာစု ကတည်းက တည်ခဲ့သည်။


ပုဂံဒေသရှိ ဂူဘုရားနှင့် စေတီကို ပူးတွဲ တည်သည့် ရှေးဟောင်း သာသနိက အဆောက်အအုံ နှစ်ခု ( ဖြတ်စရွှေကူ နှင့် ပုထိုး/ စိမ်းညက်အမဂူ ဘုရားနှင့် စိမ်းညက် ညီမစေတီ အနက် တစ်ခု ) အပါအ၀င် ဖြစ်သည်။


စိမ်းညက်အမ ဂူဘုရားတွင် နံရံဆေးရေး ပန်းချီများနှင့် အင်္ဂတေ ပန်းတော့လက်ရာ များရှိသည်။ စိမ်းညက်အမဂူ အတွင်းစင်္ကြ ပတ်လမ်းနံရံ ရုပ်တုများ နောက်ရှိ ဗောဓိပင် ပုံများ၊ တောင်ဘက် အာရုံခံ ခန်းမတွင် ဗုဒ္ဓရုပ်ပွားပုံ ပါရှိသည့် စက်ဝိုင်းပန်း အထပ်များ၊ သစ်ရွက်ပုံ ပန်းတန်းများ၊ အရှေ့ဘက် အ၀င် ခန်းမနံရံတွင် (၅၅၀) ဇာတ်ကွက် ပန်းချီများနှင့် ကနုတ်ပန်း နံရံပန်းချီများ ရှိသည်။

Friday, December 5, 2008

ဂတိ (၅)ပါး



(၁) ဒေဝဂတိ
နတ်ပြည်မှ နတ်သား၊ နတ်သမီးများ
(၂) မနုဿဂတိ
လူ့ပြည်မှ လူယောက်ျား၊ လူမိန်းမများ
(၃) နိရယဂတိ
ငရဲပြည်သို့ ကျရောက်ခြင်း
(၄) တိရစ္ဆာနာဂတိ
တိရစ္ဆာန်တစ်မျိုးမျိုး ဖြစ်နေခြင်း
(၅) ပေတဂတိ
ပြိတ္တာဘုံသို့ ရောက်ပြီး ပြိတ္တာ(တစ္ဆေ)ဖြစ်ရခြင်း။

ဘဝတစ်ပါးသို့ ပြောင်းသွား ကွယ်လွန်သူတွေမှာ သာဓု ခေါ်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ရှိသလို သာဓုမခေါ် ဆိုနိုင်တဲ့ ပုဂ္ဂိုလ်တွေလည်း အများကြီးရှိပါတယ်။ ဘဝတစ်ပါးကို ပြောင်းသွား၊ ကွယ်လွန်ကြသူ မည်သူမဟူ (နိဗ္ဗာန်မ၀င် နိုင်သေးသမျှ) လားရာ ရောက်ရာ ဂတိ(၅)ပါးမှာ ကျင်လည် နေကြရပါတယ်။

သာဓုခေါ်ဆိုခြင်းနဲ့ ပတ်သက်လို့ ဂတိ(၅)ပါးမှာ ကောင်းတဲ့ ဂတိတွေကို ရောက်သွား ရင်လည်း သာဓု မခေါ်တော့ပါဘူး။ ဒေ၀ဂတိ (နတ်ဖြစ်)၊ မနုဿတိ (လူဖြစ်)သွားကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ မကောင်းတဲ့ ဂတိ ဒုဂ္ဂတိ ဖြစ်တဲ့ နိရယဂတိ (ငရဲကျသူတွေ)၊ တိရစ္ဆာနဂတိ (အဟိတ်တိရစ္ဆာန် ဖြစ်သွားသူတွေ) နဲ့ ပေတဂတိ (ပြိတ္တာဘုံ ရောက်သွား သူတွေ) ဟာလည်း သာဓု မခေါ်ဆို နိုင်ပါဘူး။

ပေတဂတိ ဆိုတဲ့ ပြိတ္တာ တွေမှာ ခြွင်းချက် ရှိပါတယ်။ မြောက်မြားစွာသော ပြိတ္တာ တွေထဲမှာ ပရဒတ္တူ ပဇီတိက ဆိုတဲ့ ပြိတ္တာမျိုးတွေသာ သာဓု ခေါ်ဆိုနိုင်ကြတာကို သိရပါတယ်။ ပရဒတ္တူ ပဇီဝိတ ဆိုတာကတော့ ပရ= သူတစ်ပါးတို့ရဲ့၊ ဒတ္တ= ပေးဝေတဲ့ အမျှကို၊ ဥပ= အမှီ ပြုကြပြီးတော့ ၊ ဇီဝိတ= အသက်ရှင်နေသူ တွေ ဖြစ်ပါတယ်။ ဒီပြိတ္တာတွေဟာ သူတို့ဖြစ်ရာ ဘ၀တွေမှာ အစားဆင်းရဲ၊ အနေဆင်းရဲ၊ အ၀တ်ဆင်းရဲ စတဲ့ ဆင်းရဲဒုက္ခတွေက လွတ်မြောက် စေနိုင်တဲ့ သာဓု ကို ခေါ်ချင်ကြပါတယ်။ ငါတို့ကို ရည်မှန်းပြီး ဘယ်သူကများ အမျှအတန်း ပေးဝေကြ မလဲ လို့မျှော်လင့် နေသူတွေ ဖြစ်ပါတယ်။ သူတစ်ပါးရဲ့ ပေးဆပ်ချက် (အမျှဝေမှု)နဲ့ အသက်ရှင်နေတဲ့ ပြိတ္တာတွေလို့ ဆိုရပါမယ်။

သာဓု ခေါ်ဆိုခြင်းဟာ ဘာမှ အရင်းမစိုက် ရပါဘဲနဲ့ (ငွေကြေး ဥစ္စာ မကုန်ကျဘဲနဲ့) ရရှိတဲ့ ကုသိုလ် တစ်မျိုးဖြစ်ပါတယ်။ အမျှပေးဝေတဲ့ သူလည်း အမျှဝေတဲ့အတွက် သူရဲ့ ကုသိုလ်ဒါန လျော့ကျမသွားဘဲ သာဓု ခေါ်တဲ့ ပုဂ္ဂိုလ်လည်း ရရှိစေပါတယ်။ ဗုဒ္ဓအဘိဓမ္မာ ဒေသနာတော်မှာ ဆီမီး ကူးညှိ ထွန်းခြင်း၊ ပဲ့တင်သံ၊ အရိပ်၊ တံဆိပ်တုံး၊ (ဓာတ်ပုံရိုက်ခြင်း) စတဲ့ ဥပမာတွေ ပြဆိုထား ပါတယ်။ ဆီမီးတစ်တိုင်မှ မီးကူးဆက်ပြီး ထွန်းချင်သလောက် ထွန်းပေမယ့် ပထမဆီမီးတိုင် လျော့မသွားသလို ဆိုလိုခြင်း ဖြစ်ပါတယ်။

(အကျဉ်းမျှ တင်ပြခြင်းဖြစ်ပါတယ်။)

Monday, December 1, 2008

ရွှေဆံတော်စေတီ

ရွှေဆံတော်စေတီကို အေဒီ (၁၀၅၇) တွင် အနော်ရထာမင်း တည်ခဲ့သည်။ ဥဿာပဲခူးမင်းသည် ပုဂံ အနော်ရထာမင်း၏ စစ်ကူကြောင့် ကျွမ်းစစ်သည်မျာကို အောင်နိုင် ခဲ့သည်။ ဥဿာပဲခူးမင်း သည် အနော်ရထာမင်းကို ကျေးဇူးတုန့်ပြန်သည့် အနေဖြင့် မွန်မင်းအဆက်ဆက် ကိုးကွယ်ခဲ့သည့် ဗုဒ္ဓ ဆံတော်တစ်ဆူနှင့် သမီးတော် မဏိစန္ဒာကို ဆက်သခဲ့သည်။ အနော်ရထာ မင်းသည် ဗုဒ္ဓဆံတော်ကို စလေသို့ ကိုယ်တိုင် ဆင်း၍ ကြိုယူခဲ့သည်။ အေဒီ (၁၀၅၇)တွင် ထို ဗုဒ္ဓရွှေဆံတော်ကို ဌာမနာ၍ ရွှေဆံတော် စေတီတည်ခဲ့သည်။ ရွှေဆံတော် စေတီတွင် မဟာပိန္နဲနတ်ရုပ်များ ပြုလုပ်ထား၍ မဟာပိန္နဲ ဘုရားဟုလည်း ခေါ်ဝေါ်ခဲ့ ကြသည်။ ရွှေဆံတော် စေတီကို လေးထောင့် ပစ္စယာ ငါးဆင့်အထက်၌ ရှစ်ထောင့်ကြာ ၀န်းခံ၍ ခေါင်းလောင်းပုံ၊ ရင်ဖွဲ့ခါးပတ်၊ သပိတ်မှောက်၊ ဖောင်းရစ် စသည်ဖြင့် ၀န်းဝိုင်းရှုးတက်ကာ အထွတ် စေတီတင်ထားသည်။

ရွှေဆံတော် စေတီ၏ မျက်နှာလေးဘက်တွင် ဂန္ဓကုဋီတိုက်များရှိပြီး အတွင်းတွင် သဲကျောက် အမာစာဖြင့် ပြုလုပ်ထားသည့် ဗုဒ္ဓရုပ်ပွား ကျောက်ဆင်းတုများ ရှိသည်။

Followers

Labels

Comments