ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog

Wednesday, February 18, 2009

သိကြားသာသနာဆိုသည်မှာ

သိကြား သာသနာ ဟူသောစကားမှာ သိကြားမင်း၏ အဆုံးအမကို ဆိုလိုသော စကားမဟုတ်ပါ။ မြတ်စွာဘုရားရှင် ခိုင်းစေ တော်မူချက်အရ သိကြားမင်း စောင့်ရှောက်အပ်သော ဗုဒ္ဓသာသနာကို ဆိုသော စကားဖြစ်ပါသည်။ သိကြားမင်း စောင့်ရှောက်အပ်သော သာသနာဖြစ်သောကြောင့် သိကြားသာသနာဟု ခေါ်ဆိုနေကြခြင်း ဖြစ်ပါသည်။

အနာဂတံဥာဏ်တော်ဖြင့် လောကကို ရှုကြည့်တော်မူရာ

မြတ်စွာဘုရားသည် သာသနာတော်ကို စောင့်ရှောက်ရန် သာသနာ့ ဥာဏ်တော်ဖြင့် လောကကို ရှုကြည့်လတ်သော် သီဟိုဠ်ကျွန်းတွင် သာသနာတော် ထွန်းကားလာမည့် သမ္ပတ္တိဂုဏ်ကို မြင်တော်မူ၍ သီဟိုဠ်ကျွန်း၌ ရှင်မဟိန္ဒ သာသနာပြုအံ့သော အကြောင်းကို မိန့်ကြားတော်မူသည်။ သင် သိကြားမင်းသည် ထိုကဲ့သို့ ရှင်မဟိန္ဒ သီဟိုဠ်ကျွန်းသို့သွား၍ သာသနာပြုသောအခါ၌ အပေါင်းအဖော် အကူအညီ ဖြစ်ပါလေလော့ဟု စေခိုင်း တော်မူခဲ့လေသည်။

သိကြားမင်းကာ "ကောင်းပါပြီ အရှင်မြတ်ဘုရား" ဟု ၀န်ခံစကား လျှောက်ထား၍ ရှင်မဟိန္ဒ သီဟိုဠ်ကျွန်း၌ သာသနာပြုသောအခါ အကူအညီ အဖော်သဟဲ ဖြစ်ခဲ့ကြောင်းဖြင့် ၀ိနယပိဋကတ်၊ အဋ္ဌကထာ တွင် ဖော်ပြသည်။

သာသနာရေးကိစ္စမှန်သမျှ သိကြားမင်းစောင့်ရှောက်ရစ်ရန်

ဤအဋ္ဌကထာ၌ မြတ်စွာဘုရားသခင်သည် အရှင်မဟိန္ဒ သီဟိုဠ်ကျွန်း၌ သာသနာပြုရေး အတွက်သာ သိကြားမင်းအား စေခိုင်းတော်မူပုံကို ပြသော်လည်း ဤကိစ္စတစ်ခုသာမက နောင် ငါဘုရား မရှိသည့်နောက် သာသနာရေး ကိစ္စမှန်သမျှ သင်သိကြားမင်း စောင့်ရှောက် ကူညီရစ်ပါလေ ဟု မှာကြားခြင်း ကိစ္စပြီး၏။

ထိုသို့ စေခိုင်းတော်မူသောအခါ သာဓုဘန္တေ အာမဘန္တေ စသည်ဖြင့် သိကြားမင်း၏ ၀န်ခံချက် ထို အဋ္ဌကထာ၌ မပါရှိသော်လည်း

တဒါသက္ကေည ဒေ၀ါမိန္ဒာ၊ မဟိန္ဒတ္ထေရံ ဥပသင်္ကမိတွာ၊ ဧတဒဝေါစ-
  • ကာလင်္ကတောဘန္တေ၊ မုဋသိဝရာဇာ၊ ဣဒါနိဒေ၀ါနံပိယတိဿ၊ မဟာရာဇာ ရဇ္ဇံကာရေတိ။
  • သမ္မာ သမ္ဗုဒ္ဓေနစ တုမှေ ဗျာကတာ၊ အနာကတေ မဟိန္ဒောနာမ ဘိက္ခု၊ တဗ္ဗပဏ္ဏိဒီပံ ပသာဒေဿတီတိ။
(၀ိနယ ပါဠိတော်၊ အဋ္ဌကထာ)

ဤအဋ္ဌကထာလာ စကားကို ထောက်၍ မြတ်စွာဘုရား ခိုင်းစေတော်မူသော ခဏပင် သိကြားမင်းသည် အာမ၀န်တာ ခံခဲ့သည်ဟု မှတ်ယူရာ၏။ မြတ်စွာဘုရား စေခိုင်းတော်မူချက် အတိုင်း ရှင်မဟိန္ဒ သီဟိုဠ်ကျွန်း၌ သာသနာပြု သောအခါ သိကြားမင်း အကူအညီပေးခြင်းကို ထောက်ဆ၍ မြတ်စွာဘုရား စေခိုင်းတော်မူချိန်တွင် အာမဘန္တေ၀န်ခံ စကား လျှောက်ထားခဲ့သည်ဟု မှန်းဆ၍ သိနိုင်လေသည်။

မြတ်စွာဘုရားနှင့် အမ္ဗဋ္ဌလုင်

ထို့ပြင် မြတ်စွာဘုရားရှင် နှင့် အမ္ဗဋ္ဌလုင် တို့၏ ဇာတ်နှင့်စပ်၍ စကား အခြေအတင် ပြောဆို မိန့်ကြားရာ၌ မြတ်စွာဘုရားက အမ္ဗဋ္ဌလုင်ကို နှစ်ကြိမ်တိုင်ပင် မေးသောအခါ အမ္ဗဋ္ဌလုင်သည် ပေတိပေကပ် မဖြေကြားဘဲ နေမှုနှင့် ပတ်သက်၍ သိကြားမင်းသည် ဗုဒ္ဓရှင်တော်မြတ်အား လျှောက်ထားခဲ့ဖူး လေသည်။

"ဘ၀ဂါ ဓမ္မံ ဒေသေထ"

  • "ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား၊ အရှင်မြတ်ဘုရားတို့သည် တရားဓမ္မကို ဟောကြား တော်မူ ကြပါကုန်လေ ... "
"တုံမှာကံ အာဏာယ၊ အ၀တ္တမာနေမယံ ၀တ္တာပေဿာမ"
  • အရှင်မြတ်ဘုရားတို့၏ အာဏာတော်ဖြင့် အမ္ဗဋ္ဌ မလိုက်နာသည်ရှိသော် ကျွန်ုပ်တို့သည် ဤ အမ္ဗဋ္ဌကို လိုက်နာစေပါကုန်အံ့ ...

"တုမာကံ ဓမ္မစက္ကံ ဟောတု၊ အမှာကံ အာဏာစက္ကန္တိ ပဋိညံ အကာသိ"
  • အရှင်မြတ်ဘုရား တို့ဘက်က ဓမ္မစက် ဖြစ်ပါစေ။ တပည့်တော်တို့ဘက်က အာဏာစက် ဖြစ်ပါစေမည် ဟု ပဋိညာဉ် ၀န်ခံချက် ပြုခဲ့လေပြီ။
(သီလက္ခန်၊ အဋ္ဌကထာ ၂၃၁)

သာသနာတော် အနှစ် ၅၀၀၀ ကာလပတ်လုံး

တပည့်တော်တို့ဘက်က အာဏာစက် ဖြစ်ပါစေမည်ဟု သိကြားမင်း၏ လျှောက်ထားချက်သည် မြတ်စွာဘုရား သခင် ပရိနိဗ္ဗာန် စံပြီးသည့်နောက် အနှစ် ၅၀၀၀ ကာလပတ်လုံး တပည့်တော် စောင့်ရှောက်ပါမည်။ သာသနာပြု ပုဂ္ဂိုလ် တို့အား ကူညီပါမည်။ အဖော်သဟဲ ဖြစ်စေပါမည်ဟု လျှောက်ထားခြင်း ပေတည်း။

ထို့ကြောင့် မြတ်စွာဘုရားသခင် တာဝန်ပေး စေခိုင်း တော်မူချက်အရ သိကြားမင်း အာမဘန္တေ၀န်ခံတာ၊ သာသနာတော်ကို စောင့်ရှောက်ကြောင်း ခိုင်မာစွာ မှတ်ယူကြရာ၏။ ထိုသို့ နတ်တို့ သနင်း သိကြားမင်း စောင့်ရှောက်သော သာသနာကို ရည်ညွှန်း၍ လူတို့ ဝေါဟာရ သိကြားသာသနာဟု ပြောဆိုနေကြခြင်း ဖြစ်ပေသတည်။

"မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်ကြီး အဓွန့်ရှည်ကြာတည်ပါစေသောဝ် .. .."

ဓမ္မ၀ီရဂျာနယ်၊ အတွဲ(၁၄)၊ အမှတ်(၅)၊ (၁၃-၂-၂၀၀၉) မှ ခင်မောင်မိုး(တောင်ကြီး) ၏ သိကြားသာသနာဆိုသည်မှာ

2 comments:

Anonymous said...

အမရေ သိကြားသာသနာကိုရှင်းပြပေးတာကျေးဇူးပါ.

Khin Yadana said...

ဒီဘလော့ဂ်လေးကို တွေ့တွေ့ချင်းပဲ ရတနာသိပ် သဘောကျသွားတယ် ဘလော့ဂ်ရေးသူကိုလည်း အားကျမိတယ်။ ရတနာလည်း အဖွားနဲ့အတူ ကြီးလာတော့ ငယ်ငယ်က ကျောင်းစာကလွဲရင် အပြင်စာဆိုလို့ ဘာသာရေးနဲ့ ပတ်သက်တဲ့ စာကိုပဲ လွတ်လွတ်လပ်လပ်ဖတ်ခွင့် ရခဲ့လို့တော့ အခုထိ ဘာသာရေးစာပေပဲ ဖတ်ဖြစ်တော့တယ်။ တခါတလေတော့လည်း သူငယ်ချင်းတွေကို ရတနာ ဖတ်ထားတာတွေ ပြောပြမိရင် ပါးစပ်ဟရုံပဲ ရှိသေးတယ် အဖွားကြီးကတော့ တရားလာဟောနေပြန်ပြီ သီလရှင် လုပ်တော့မလို့လားဆိုပြီး သူငယ်ချင်းတွေက တယောက်မှအနားမကပ်တော့လို့ နောက်မပြောဖြစ်တော့ဘူး။ အခုလို ဘလော့ဂ်လေးတခု လုပ်ထားနိုင်ရင်တော့ ကိုယ်ဖတ်ထားတာတွေကို စိတ်ဝင်စားသူတွေအချင်းချင်း မျှဝေခွင့်ရတာပေါ့နော်။ သိပ်ကောင်းတယ် သူငယ်ချင်း မဆုရည် လေးစား အားပေးလျက်ပါ။

With loving kindness

ခင်ရတနာ

Followers

Labels

Comments