ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog

Sunday, March 29, 2009

ရဟန်းမဟုတ်ကြောင်း လေးမျိုး

တစ်ရံရောအခါ ရဟန်းတို့သည် ခရီးသွားကြကုန်၏။ ထိုခရီးသွား ရဟန်းတို့အထဲ၌ ပဉ္စင်းဖြစ်စ ဟန်းတစ်ပါးလည်း ပါဝင်သည်။ ထိုပဉ္စင်းသစ်သည် အဖော်ရဟန်းတို့၏ နောက်၌ တစ်ပါးတည်း ကွဲကျန်ရစ် ခဲ့လေ၏။ လမ်းခရီး ကြား၌ ထိုရဟန်းသစ်၏ မယားဟောင်းနှင့် တွေ့ဆုံလေသည်။ ထိုအခါ မယားဟောင်းက " သြော်- သင်သည် ရဟန်းပြုလိုက်သလား " ဟုမေးသဖြင့် " အင်း- ဟုတ်ပေ၏။ ယခု ငါ ရဟန်းပြုလိုက်ပေပြီ " ဟု ပြန်ပြောလေသည်။ မယားဟောင်းက " သြော်- ဤသို့ဖြစ်လျှင် ပြောရဦးမည်၊ ရဟန်းဆိုသည်မှာ မေထုန်အမှုကို ရနိုင်ခဲ့လှ၏။ ယခု သင်သည် မေထုန်မှီဝဲပါ၊ လာပါ " ဟု ဖိတ်ခေါ်လေ၏။ ဤသို့ဖြင့် ရဟန်းသစ်သည် မယားဟောင်းနှင့်အတူ မေထုန်ပြုကျင့် ပြီးမှ ခရီးဆက်လေ၏။

အဖော်ရဟုန်းများသည် အချိန်ကြာမြင့်မှ ရောက်ရှိလာသော ထိုရဟန်းသစ်အား "အဘယ်ကြောင့် ယခုလောက် ကြာမြင့်မှ ရောက်လာသနည်း " ဟုမေးမြန်း လေသည်။ ရဟန်းသစ်သည် မယားဟောင်းနှင့် တွေ့ဆုံခြင်း၊ မေထုန်ဖြင့် ဖိတ်ကြားခြင်း၊ မေထုန်မှီဝဲခြင်း အကြောင်းစုံကို ပြန်လည်ပြောကြား လေ၏။ ထိုအခါ ရဟန်းတို့သည် ရဟန်းသစ်၏ မေထုန်မှီဝဲခြင်း ကိစ္စအကြောင်းစုံကို ဗုဒ္ဓမြတ်စွာအား လျှောက်ကြား ကြလေ၏။ ဤတွင် ဗုဒ္ဓသည် သာသနာ့ဝန်ထမ်း ရဟန်းများ အတွက် အထူး စောင့်ထိန်း ဆောက်တည်ရမည့် ၀ိနည်းကျင့်ဝတ် လေးမျိုးကို ဟောကြားတော်မူ၏။

(၁) မေထုန်မပြုရ
  • ရဟန်းတို့သည် ပဉ္စင်းအဖြစ်သို့ ရောက်ပြီးသော ရဟန်းသည် မေထုန်အမှုကို မပြုရ၊ လူမိန်းမကို မဆိုထားဘိ၊ တိရစ္ဆာန်မ ကိုလည်း မေထုန်မပြုရ။ အကယ်၍ ပြုငြားအံ့၊ ထိုသူသည် ရဟန်း မဟုတ်တော့ပေ၊ ရဟန်းကောင်းတို့နှင့် ဆက်ဆံရောနှောခွင့် မရှိတော့ပေ။ (ပါရာဇိက ကျလေပြီ) ဥပမာအားဖြင့် ဦးခေါင်း ပြတ်ပြီးသော ယောက်ျားသည် ထိုဦးခေါင်းနှင့် ကိုယ်ကို ပြန်၍ ထိစပ်သော်လည်း တစ်ဖန် အသက်ရှင်ခြင်း မရှိနိုင် သကဲ့သို့တည်း။

(၂) မခိုးရ
  • ရဟန်းတို့၊ ပဉ္စင်းအဖြစ်သို့ ရောက်ပြီးသော ရဟန်းသည် ပိုင်ရှင်မပေးသော သူတစ်ပါး၏ ဥစ္စာကို ခိုးယူလိုသောစိတ်ဖြင့် မခိုးယူရ၊ ၀ါးခြမ်းစိတ် ကဲ့သို့သော အသေးအဖွဲ ပစ္စည်းကိုပင်လျှင် မခိုးယူရ။ အကြင်ရဟန်းသည် အသပြတစ်မတ်၊ တစ်မတ်ထက် အလွန်ကိုဖြစ်စေ၊ တစ်မတ် ထိုက်တန်သော ပစ္စည်းနှင့် တစ်မတ်ထက် အလွန် ထိုက်သော ပစ္စည်းကို ဖြစ်စေ ခိုးယူငြားအံ့ ထိုသူသည် ရဟန်းမဟုတ်တော့ပေ။ ရဟန်းကောင်းတို့နှင့် ဆက်ဆံရောနှောခွင့် မရှိတော့ပေ။ (ပါရာဇိက ကျလေပြီ)

(၃) မသတ်ဖြတ်ရ
  • ရဟန်းအဖြစ်သို့ ရောက်ရှိပြီးသော ရဟန်းသည် သေစေလိုသော စေတနာဖြင့် သတ္တ၀ါတို့ကို မသတ်ဖြတ်ရ၊ ပိုးရွ ခြပုန်းမျှ ကိုပင်လဆင် မသတ်ဖြတ်ရ။ အကြင်ရဟန်းသည် လူသတ္တ၀ါတို့ကို သတ်ဖြတ်ငြားအံ့၊ ထိုသူသည် ရဟန်းမဟုတ်တော့ပေ၊ ရဟန်းကောင်း တို့နှင့် ဆက်ဆံရောနှောခွင့် မရှိတော့ပေ။ (ပါရာဇိက ကျလေပြီ)

(၄) တရားဖြင့် မကြွားဝါရ
  • ရဟန်းတို့၊ ပဉ္စင်းအဖြစ်သို့ ရောက်ရှိပြီးသော ရဟန်းသည် လူတို့၏ ကုသိုလ် ကမ္မပထတရားထက် လွန်မြတ်သော ဈာဉ် မဂ်ဖိုလ် တရားကို မိမိ၌ ရရှိသည်ဟာ မပြောဆိုရ၊ မိမိသည် ဆိတ်ငြိမ်ရာ အရပ်၌သာ မွေ့လျော်သည်၊ အဘယ်တရားကို အားထုတ်နေသည် ဟူ၍ပင် မပြောဆိုရ၊ အကြည်ညို ခံလိုခြင်း၊ လာဘ်လာဘ ရလိုခြင်း၊ ၀ါကြွားလိုခြင်းဖြင့် မပြောဆိုရပေ။ အကြင်ရဟန်းသည် မမှန်ကန်သော အလိုဆိုးဖြင့် မိမိ၌ တကယ်မရှိသော ဈာဉ် မဂ်ဖိုလ် တရားကို ၀ါကြွားပြောဆို ငြားအံ့၊ ထိုသူသည် ရဟန်းမဟုတ် တော့ပေ။ ရဟန်းကောင်း တို့နှင့် ဆက်ဆံရောနှောခွင့် မရှိတော့ပေ။ (ပါရာဇိက ကျလေပြီ)

ဥပမာအားဖြင့် လည်ဆစ်ပြတ်ပြီးသော ထန်းပင်သည် တစ်ဖန်ပြန်၍ စည်ပင်ကြီးပွားခြင်း မဖြစ်နိုင် သကဲ့သို့တည်း

( ၀ိနည်းမဟာဝဂ်ပါဠိတော်၊ မဟာခန္ဓက )
( လေးမြိုင် ၏ ဗုဒ္ဓ၏ ဥပမာတစ်ထောင် )

1 comments:

Unknown said...

စာလေးလာဖတ်သွားပါတယ်။ တရားတော်များကို ထပ်မံဝေမျှနိုင်ပါစေ။

Posts

Followers

Labels

Comments