ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog

Thursday, January 29, 2009

မြတ်သော လူပုဂ္ဂိုလ်

မြတ်သော လူသား

ဤလူ့ဘ၀၌ လူသားများစွာ နေထိုင်ကြသော်လည်း လူတို့၏ ကိုယ်ကျင့်တရား ကမ္မလုပ်ဆောင်မှု ကံတို့ဖြင့် တိုင်းတာ ရေတွက်ကြည့်လျှင် လူမျိုး ၄ မျိုးသာ တွေ့နိုင်ပေသည်။

၁။ ပေတမနုဿ
  • ဒါန ပေးကမ်းလှူဒါန်း ရမှန်းမသိဘဲ စည်းစိမ် ဥစ္စာတို့အပေါ်၌ တွယ်တာမက်မောမှု လောဘက ပြိတ္တာဘုံသို့ ပစ်ချလတ္တံ့ဖြစ်သောကြောင့် ထိုပုဂ္ဂိုလ်ကို ပေတမနုဿ လူပြိတ္တာ ဟုခေါ်သည်။

၂။ တိရစ္ဆာန မနုဿ
  • ဒါန၊ သီလ၊ ဘာဝနာ ကောင်းမှု ကုသိုလ် တရားကို မပြုလုပ်ဘဲ တွေဝေမှု မောဟက တိရစ္ဆာန်ဘုံသို့ ပစ်ချလတ္တံ့ဖြစ်သောကြောင့် ထိုပုဂ္ဂိုလ်ကို တိရစ္ဆာန မနုဿ လူတိရစ္ဆာန် ဟုခေါ်သည်။

၃။ နိရယ မနုဿ
  • လူပုဂ္ဂိုလ်စာရင်း ၀င်သော်လည်း ကုသိုလ် ကောင်းမှုမပြုဘဲ ဒေါသအလျှောက် သူတစ်ပါး အသက်သတ်ခြင်း၊ အကုသိုလ် ဒုစရိုက်တရား တို့ကို လိုလားစွာ ပြုလုပ်၏။ ထိုဒေါသတရားက ငရဲဘုံသို့ ပစ်ချလတ္တံ့ဖြစ်သောကြောင့် ထိုပုဂ္ဂိုလ်ကို နိရယ မနုဿ လူငရဲသား ဟုခေါ်သည်။

၎။ ပရမတ္တ မနုဿ
  • ထိုပုဂ္ဂိုလ်သည် ကုသိုလ် အကုသိုလ်ကို သိ၏။ အကြောင်းဟုတ်သည် မဟုတ်သည်ကို သိ၏။ ရုပ်တရား နာမ်တရားတို့၏ မမြဲခြင်း၊ ဆင်းရဲခြင်း၊ အစိုးမရခြင်း သဘောကို ဝေဖန်ပိုင်းခြား သိတတ်၏။ ထိုပုဂ္ဂိုလ်ကို ပရမတ္တ မနုဿ မြတ်သောလူ ဟု ခေါ်သည်။

ထိုလူပုဂ္ဂိုလ် ၄ မျိုးတွင် ပေတမနုဿ၊ တိရစ္ဆာန မနုဿ၊ နိရယ မနုဿ ၃ မျိုးကား လူဟု ခေါ်ဆိုရသော်လည်း ပစ္စုပ္ပန်နှင့် အနာဂတ် ကာလအတွက် ကုသိုလ်ကောင်းမှု မရှိကြ။ အိပ်၊ စား၊ ကာမ ဤသုံးဝတွင် ဂေါနနှင့် လူအတူ တူတည်း ဟု နီတိ ဆိုရိုးစကားအတိုင်း အကျင့်သုံးပါးသာ ကျင့်သော လူတိရစ္ဆာန် များသာဖြစ်သည်။ လူဖြစ်ရှုံးနေကြသူများဟု ဆိုရပေမည်။

မနုဿ သတ္တဘာဝေါ ဒုလ္လဘော လူအဖြစ်ကို ရခဲ၏။ ရခဲသော လူအဖြစ်ကို ရလာလျှင်လည်း လူဖြစ်ကျိုးနပ်ဖို့ လိုပေသည်။ လူဖြစ်လာလျှင် ကုသိုလ်၊ အကုသိုလ်ကို သိရာ၏။ အကြောင်းဟုတ်သည် မဟုတ်သည်ကို သိရာ၏။ ရုပ်တရား နာမ်တရား တို့၏ မမြဲခြင်း၊ ဆင်းရဲခြင်း၊ အစိုးမရခြင်း သဘောကို ဝေဖန် ပိုင်းခြား သိတတ်သော ပရမတ္တ မနုဿ မြတ်သောလူ အမျိုးအစားသာ ဖြစ်သင့်ပေသည်။

Tuesday, January 27, 2009

ထေရ၀ါဒဗုဒ္ဓဘာသာ (၅)

သာသနာပြုကြစို့

စာဖတ်သူသည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်လိုပါက ဖော်ပြပါ ထေရ၀ါဒ၏ သွန်သင် ညွှန်ပြချက်များကို ကိုယ်တိုင် လက်ခံ ကျင့်သုံးလိုက်နာပြီး အခြားထေရ၀ါဒ ဗုဒ္ဓဘာသာဝင် များကိုလည်း လက်ခံ ကျင့်သုံး လိုက်နာစေရန် ကြိုးပမ်း အားထုတ် သာသနာပြု သင့်ပါကြောင်း တိုက်တွန်းလိုက် ရပါသည်။

  • (၁) ထေရ၀ါဒသည် အရှင်မဟာကဿပ အစရှိသော ပထမ သင်္ဂါယနာတင် ထေရ် အရှင်များမှ ဆဋ္ဌသင်္ဂါယနာတင် ထေရ်အရှင်များအထိ မထေရ် အဆက်ဆက်တို့ လက်ခံကျင့်သုံးလာသော ၀ါဒဖြစ်သည်။
  • (၂) ထေရ၀ါဒသည် ထွက်ရပ်ပေါက်၊ သိဒ္ဓိပေါက်၊ တန်ခိုးရှင် ဖန်ဆင်းရှင်၊ အင်းအိုင် ဓားလှံလက်ဖွဲ့၊ ဓာတ်ရိုက် ဓာတ်ဆင်၊ ဆေးဝါး၊ ယတြာ၊ ဂါထာမန္တာန်များဖြင့် အခြေပြုသော တန္တရမန္တရ၀ါဒ တို့ကို အားမပေး။
  • (၃) ထေရ၀ါဒသည် သတ္တ၀ါတိုင်း မိမိတို့ ရရှိခံစားသော ကောင်းကျိုး ဆိုးပြစ်များကို မိမိတို့ကိုယ်တိုင် ပြုလုပ်သော ကံတရားများ၏ စီမံမှု အကျိုးရလဒ် များရရှိရန် ဘုရားရှင် က ပြုလုပ်ပေးခြင်း၊ တာဝန်ယူခြင်း မရှိဘဲ ကောင်းကျိုး ရရှိနိုင်စေရန် နှင့် နောက်ဆုံး ဒုက္ခခပ်သိမ်း အေးငြိမ်းရာ အထိ ချမ်းသာသုခ ရရှိရန် နည်းပေးလမ်းပြသာ ပြုပေးသည်။
  • (၄) ထေရ၀ါဒသည် ရုပ်နာမ်နှင့် ခန္ဓာတို့၏ ကြောင်းကျိုးဖြစ်စဉ်ကို ဖော်ပြသော ခေတ်အဆက်ဆက် အမြဲ မှန်ကန် တိကျသော အဘိဓမ္မာ တရားတော်ဖြင့် ရပ်တည်သည်။
  • (၅) ထေရ၀ါဒသည် သြကာသ လောကဖြစ်သော ၃၁ ဘုံတည်ရှိသည်ကို ဖော်ထုတ်ပြီး ထို ၃၁ ဘုံ၌ ဖြစ်ရန် အကြောင်းတရားများ၊ ၃၁ ဘုံမှ လွတ်မြောက်ရန် နည်းလမ်းများ ကို ညွှန်ပြသည်။
  • (၆) ထေရ၀ါဒသည် ၀ိပဿနာ၏ အခြေခံဖြစ်သော သမထလမ်းစဉ်နှင့် လောကမှ လွတ်မြောက်ရေး ၀ိပဿနာ လမ်းစဉ်တို့ကို အခိုင်အမာ ချမှတ်၍ ဝေနေယျ သတ္တ၀ါတို့အား ဘ၀သံသရာ မှ လွတ်မြောက်ရေး ဦးတည်သည်။
  • (၇) ထေရ၀ါဒသည် ဓာတ်တော် မွေတော်၊ စေတီပုထိုး၊ ရုပ်ပွားဆင်းတု တော်များကို ဗုဒ္ဓဘုရားရှင်၏ ကျေးဇူးတော် ဂုဏ်တော်တို့ကို အာရုံပြု၍ ကိုးကွယ်ဆည်းကပ်ရာ အဖြစ် ခွင့်ပြုသည်။
  • (၈) ထေရ၀ါဒသည် ဂင်္ဂါဝါဠု သဲစုမက ဘုရားရှင်များ ပွင့်ထွန်း ပေါ်ပေါက်ခဲ့ကြောင်း ဟောကြား၍ သတ္တ၀ါတိုင်း မိမိတို့ ကိုယ်တိုင် ဘုရားအဖြစ် ရောက်အောင် ကြိုးပမ်းအားထုတ်ခွင့် ရှိကြောင်း ဘုရား ဖြစ်နိုင်ကြောင်း အခွင့်အရေးပေးသည်။
ထေရ၀ါဒဗုဒ္ဓဘာသာ (၁)
ထေရ၀ါဒဗုဒ္ဓဘာသာ (၂)
ထေရ၀ါဒဗုဒ္ဓဘာသာ (၃)
ထေရ၀ါဒဗုဒ္ဓဘာသာ (၄)

( ဓမ္မ၀ီရဂျာနယ်၊ အတွဲ(၁၃)၊ အမှတ်(၅)၊ ပထမကျော် ဦးစံသင်းလှိုင် ၏ ထေရ၀ါဒ ဗုဒ္ဓဘာသာစစ်စစ်၊ ၂၁-၁၀-၂၀၀၈ )

Monday, January 26, 2009

ထေရ၀ါဒဗုဒ္ဓဘာသာ (၄)

ပဋ္ဌာန်း(၂၄)ပစ္စည်း အဓိပ္ပာယ် ဖွင့်ဆိုချက်သည် ပြီးခဲ့သည့် အခမ်းအနား တစ်ခု၏ ဖိတ်စာနောက်ကျောတွင် ဖော်ပြထားချက်မှ ထုတ်နုတ်ချက် ဖြစ်ပါသည်။ အဆိုပါ အဓိပ္ပာယ် ဖွင့်ဆိုချက်များသည် ဖော်ပြပါ ပဋ္ဌာန်းပစ္စည်းများက ထိုအဓိပ္ပာယ်များကို မပြဆိုနိုင်သဖြင့် လုံးဝ မှားယွင်းများသာ ဖြစ်ပါသည်။ ယင်းမှားယွင်းမှုသည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်၏ အထွတ်အထိပ် ပဋ္ဌာန်း တရားတော်ကြီးကို စော်ကားရာ ရောက်သည့်အပြင် ဘာသာရေး သရော်မှုအဖြစ် မှတ်ယူသွား နိုင်ပါသည်။ အဓမ္မကို ဓမ္မအဖြစ် ဖန်တီးထားသဖြင့် ကြီးလေးသော ဘာသာရေးပြစ်မှုကို ကျူးလွန်ရာ ရောက်ပါသည်။ ထိုအဓိပ္ပာယ်များကို အမှန်ဟု လက်ခံထားသူများ ရှိပါက ၄င်းတို့၏ ဘာသာရေး အသိအမြင်ကို အမှားနယ်သို့ ပို့ဆောင်ပေးရာ ရောက်ပြီး အဆင့်ဆင့် အမှားသံသရာလည်ကာ ထေရ၀ါဒ ဗုဒ္ဓဘာသာ အစစ်အမှန်ကို ညစ်နွမ်း မှေးမှိန် ပျောက်ကွယ် စေနိုင်သဖြင့် အထူး သတိမူ အပ်ပါသည်။ မကျူးလွန်မိအောင် ရှောင်ရှားသင့်သည့် အမှားများ ဖြစ်ပါသည်။

လူသေလျှင် အိမ်မှာ (၇)ရက် နေသည်ဟူသော ယူဆချက်ကား ဗုဒ္ဓဘာသာဝင် (၉၀)ရာခိုင်နှုန်းက လက်ခံထားသော ယူဆချက်ဖြစ်သည် ဆိုလျှင် မှားအံ့မထင်၊ ဗုဒ္ဓဘာသာဝင် (၉၀)ရာခိုင်နှုန်း တို့သည်လည်း ဗုဒ္ဓဘာသာတရားတော်၏ အဆုံးအမ၊ အနှစ်သာရကို နားမလည် ကြသူများ ဖြစ်ကြသည် ဆိုလျှင်လည်း လွန်အံ့မယ်မထင်ပါ။ လူသေလျှင် (၀ါ) သတ္တ၀ါသေလျှင် သောတာပန် (အရိယာ) အဆင့် မရောက်သေးသော ဘ၀အပြည့်ရှိသူ ဖြစ်ပါက ဒေ၀ (နတ်ဗြဟ္မာ) ဘ၀၊ မနုဿ (လူ) ဘ၀၊ နိရယ (ငရဲ) ဘ၀၊ ပေတ (ပြိတ္တာသရဲ တစ္ဆေ) ဘ၀၊ တိရစ္ဆာန (တိရစ္ဆာန်)ဘ၀ ဟူသော ဘ၀(၅)မျိုးတွင် တစ်မျိုးမျိုးသို့ သေပြီးချက်ချင်း နာရီ မိနစ် စက္ကန့် မခြား ရောက်ရှိသွားပါသည်။ ပေတ (ပြိတ္တာ သရဲတစ္ဆေ) ဖြစ်ပါမူ အိမ်နှင့် အိမ်ဝန်းကျင်တွင် ကျင်လည်နိုင်ပါသည်။ သို့သော် (၇)ရက် ဖြစ်ချင်ဖြစ်မည်။ တစ်လ ဖြစ်ချင် ဖြစ်မည်။ တစ်မိနစ်လည်း ဖြစ်ချင်ဖြစ်မည်။ ဤသည်မှာ ထေရ၀ါဒ ဗုဒ္ဓတရားတော်၏ သွန်သင် ညွှန်ပြချက် ဖြစ်ပါသည်။ အကယ်၍

လူသေတိုင်း အိမ်မှာ (၇)ရက်နေသည် ဟုယူဆလျှင် လူသေတိုင်း ပေတ (ပြိတ္တာ သရဲတစ္ဆေ) ဖြစ်သည်ဟု လက်ခံရာ ရောက်ပါသည်။ ထိုသို့ လက်ခံလျှင် ထေရ၀ါဒ ဗုဒ္ဓဘာသာတရားတော်နှင့် ဖြောင့်ဖြောင့် ဆန့်ကျင်သဖြင့် ဗုဒ္ဓဘာသာဝင် အစစ်မဟုတ်ပါ။ (၀ါ) ထေရ၀ါဒ ဗုဒ္ဓဘာသာ စစ်စစ် မဖြစ်နိုင်ပါ။

( ဓမ္မ၀ီရဂျာနယ်၊ အတွဲ(၁၃)၊ အမှတ်(၅)၊ ပထမကျော် ဦးစံသင်းလှိုင် ၏ ထေရ၀ါဒ ဗုဒ္ဓဘာသာစစ်စစ်၊ ၂၁-၁၀-၂၀၀၈ )
( ဆက်လက်ရေးသား ဖော်ပြပါမည်။ )

“ကိုယ်အမြတ်နေရင် သူအနေမြတ်ပါတယ်”

အသံထွက်ဓမ္မဒါနက
အရေးပါလှသလို
အသံတိတ်ဓမ္မဒါနကလည်း
အရာရောက်လှပါတယ်။
ကိုယ်က စိတ်သဘောထားဖြူစင်နေရင်
ကိုယ့်ကို ကြည့်ပြီး
သူတစ်ပါးလည်း
စိတ်သဘောထား ဖြူစင်အောင်
ကြိုးစားချင်လာပါတယ်။
ကိုယ်က စကားပြော သိမ်မွေ့နေရင်
ကိုယ့်ကို ကြည့်ပြီး
သူတစ်ပါးလည်း
စကားပြောသိမ်မွေ့အောင်
အားထုတ်ချင်လာပါတယ်။
ကိုယ်က အပြုအမူလုပ်ရပ် မြင့်မြတ်နေရင်
ကိုယ့်ကို ကြည့်ပြီး
သူတစ်ပါးလည်း
အပြုအမူလုပ်ရပ် မြင့်မြတ်အောင်
ဆောင်ရွက်ချင်လာပါတယ်။
“ဒီလိုစိတ်ထားပါ၊ ဒီလိုစကားပြောပါ၊
ဒီလိုအလုပ်လုပ်ပါ” လို့
နှုတ်က ထုတ်မပြောပေမယ့်
ထုတ်ပြောတာထက်
ပိုပြီး ထိရောက်ပါတယ်။

“သဘောမကျစရာမှာ ဒေါသမလာမှ မေတ္တာသမား”

ဒေါသဖြစ်စရာ
ဘာမှမရှိလို့
ဒေါသမထွက်တာ
ဘာမှ မထူးဆန်းပါဘူး။
ချီးမွမ်းစရာလည်း
မဟုတ်ပါဘူး။
ဒေါသဖြစ်လောက်တဲ့
အကြောင်းတရားတွေ၊
အဖြစ်အပျက်တွေနဲ့
မတွေ့ကြုံရသေးလို့
ဒေါသမထွက်တဲ့သူကို
ဒေါသကင်းသူလို့
မဆိုနိုင်ပါဘူး။
ဒေါသဖြစ်လောက်တဲ့
အကြောင်းတရားတွေ၊
အဖြစ်အပျက်တွေနဲ့
ပက်ပင်းတွေ့ကြုံနေပါရက်နဲ့
ဒေါသမထွက်တဲ့သူကိုမှ
ဒေါသကင်းသူလို့ ဆိုနိုင်ပါတယ်။
ချီးမွမ်းစရာလည်း
ကောင်းပါတယ်။

Saturday, January 24, 2009

ထေရ၀ါဒဗုဒ္ဓဘာသာ (၃)

အနေကဇာ တင်ခြင်းဆိုသည်မှာ ဆရာတော် သံဃာတော်များက မိမိတို့ ကိုးကွယ်မည့် ရုပ်ပွားဆင်းတု စေတီပုထိုးများကို ဗုဒ္ဓတရားတော် များမှ အမွန်အစ အထွတ်အမြတ် တရားတော် အချို့ကို ထုတ်နုတ် ရွတ်ဆိုပူဇော်ကြခြင်း ဖြစ်ပါသည်။ ဘယ်နေ့ ဘယ်ရက်က စတင်ကိုးကွယ်သည်ဟု အသိအမှတ်ပြု မှတ်တမ်းသဘော ဘာသာရေး အထိမ်းအမှတ် အခမ်အနား တစ်ခု အဖြစ် ဆောင်ရါက် ကြခြင်းသာ ဖြစ်ပါသည်။ ဆရာတော် သံဃာတော်များက ရွတ်ဆို ပေးလိုက်သည့်အတွက် ဘုရား ဖြစ်သွားသည်။ သိဒ္ဓိ တက်သွားသည်ဟု မယူဆသင့်ပါ။ ထိုသို့ ယူဆပါက ဘုရားအောက် နိမ့်ကျသော သံဃာတော်များက ဘုရားကို မြှင့်တင်ပေးသည်၊ ဘုရား ဖြစ်အောင် ဆောင်ရွက်ပေးသည်ဟု အဓိပ္ပာယ် ရသဖြင့် ယုတ္တိရှိမည် မဟုတ်ပါ။ အသက်သွင်းသည်ဟု ယူဆလျှင်ကား ထေရ၀ါဒ ဗုဒ္ဓတရားတော် အရ တကယ်မရှိသော အသက်၊ အတ္တ၊ လိပ်ပြာ၊ ၀ိညာဉ် ကောင်ကို လက်ခံသဖြင့် အလွန်အဆင့်နိမ့်သော ဘာသာဝင် တစ်ယောက်၊ မိစ္ဆာဒိဋ္ဌိနယ်သို့ ချင်းနင်း ၀င်ရောက်သူ တစ်ယောက်အဖြစ် ကျရောက်သွား ပေလိမ့်မည်။ အနေကဇာတင် ကိစ္စတွင် စွမ်းနိုင်လျှင် လူပုဂ္ဂိုလ်မျးပင် ရွတ်ဆို ပူဇော်နိုင်ကြပါသည်။ ဆရာတော် သံဃာတော်များအား ပင့်ဖိတ် ဆောင်ရွက်ခြင်း အားဖြင့် ဒါနမှု၊ သီလမှု၊ ဘာဝနာမှု၊ ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃပူဇာ စုံအောင် ပြုလုပ်နိုင်သဖြင့် ပို၍ အကျိုးကြီးနိုင်ကြောင်း လက်ခံကြရပါမည်။

ကျောက်ဆင်းတုကို အိမ်မှာ ကိုးကွယ်လျှင် ထိခိုက်တတ်သည် ဟူသော ယူဆချက်မှာ ဗုဒ္ဓဘာသာ ၀င်တို့၏ ဘာသာရေး ကိုးကွယ်မှု အပေါ် ယုန်ထင် ကြောင်ထင်ဖြစ်အောင် ဘာသာရေး တစ်ပိုင်း ကြောင်ပုဂ္ဂိုလ်တို့၏ တတ်ရောက်ကား ဆရာကြီး လုပ်ရာမှ ပေါ်ပေါက်လာသော အယူအဆ ဖြစ်ပါသည်။ ကိုးကွယ်မှုသည် ကောင်းကျိုးရသည့် လုပ်ငန်းဖြစ်ရကား မိမိတို့ ကိုးကွယ်သည့် ကျောက်ဆင်းတုက မိမိတို့ကို ဆိုးကျိုး ပေးသည်ဆိုလျှင် ယုတ္တိမတန်ရာ၊ ကျောက်ဆင်းတု ဖြစ်စေ၊ ကြေးဆင်းတု ဖြစ်စေ၊ သစ်သား ဆင်းတုဖြစ်စေ ကိုးကွယ်သူ၏ အာရုံပြုနိုင်မှု ပုံဖော်နိုင်မှု ပညာအဆင့်အတန်းအပေါ် မူတည်၍ ကောင်းကျိုးရမှု ကွာခြားမည် ဖြစ်ပါသည်။

သက်တော်ထင်ရှား မြတ်ဘုရား၌ လည်းကောင်း၊ ပရိနိဗ္ဗာန်စံ ၀င်ပြီး ဘုရား (ရုပ်ပွားဆင်းတု စေတီပုထိုး) ၌ စိတ်ထားတူလျှင် အကျိုးပေး တူသည် ဟူ၍သာ ကျန်းဂန်ဝည ဆိုပါသည်။ ဘုရားကိုးကွယ်ရာ၌ ပုံတော်သည် အဓိကမဟုတ်ဘဲ ကျေးဇူးတော်၊ ဂုဏ်တော်များကသာ အဓိက ဖြစ်ပါသည်။ ထုလုပ်သူများက နည်းစနစ်တကျ၊ ပုံစံတကျဖြစ်အောင် မစွမ်ဆောင်နိုင်လျှင် ကိုးကွယ်သူများမှာ အကြည်ညို ပျက်ဖွယ်၊ အပြစ်ရဖွယ် ရှိပါသည်။ ဘုရားစစ် ဘုရားမှန်ကို ရုပ်ပွား ဆင်းတုတော်များက ကွယ်နေကြောင်း၊ တရားစစ် တရားမှန်ကို ကျမ်းစာအုပ်များက ကွယ်နေကြောင်း၊ သံဃာစစ် သံဃာမှန်များကို ဘုန်းကြီးများက ကွယ်နေကြောင်း အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး ဟောပြော ရေးသားချက်များကို ကြားနာ မှတ်သား ရဖူးပါသည်။ လူအများစုသည် ဘုရား၊ တရား၊ သံဃာ ရတနာမြတ် သုံးပါး၊ ဂုဏ်တော်ကို အာရုံမပြုနိုင်ဘဲ ရုပ်ပွား ဆင်းတု စေတီပုထိုး၊ ကျမ်းစာအုပ်၊ ဘုန်ကြီးများလောက်သာ အာရုံရောက် တတ်သဖြင့် ဂုဏ်တော်အထိ အာရုံပြုဖို့ လိုကြောင်း သွန်သင်ဆုံးမ လိုရင်း ဖြစ်ပါသည်။ ဆရာတော်ဘုရားကြီး၏ အမရပူရ မဟာဂန္ဓာရုံ ကျောင်းတိုက်တွင် ကျောင်းအဆောက်အအုံ များစွာရှိသော်လည်း စေတီတော် တစ်ဆူနှင့် ရုပ်ပွား ဆင်းတုတော် ကိန်းဝပ်စံပယ်ရာ ဂန္ဓကုဋိတိုက် တစ်လုံးသာ ဘုရားပူဇော်ရာ အဖြစ် ထားရှိပါသည်။ အခြား မည်သည့် အဆောက်အအုံ၌မျှ ရုပ်ပွား ဆင်းတုတော်များကို ပူဇော်ထားခြင်း မရှိပါ။ ထိုသို့ ပူဇော်ခြင်းမျိုးကို တင်းတင်းကျပ်ကျပ် တားမြစ် ထားပါသည်။ နေရာတကာ ရုပ်ပွားဆင်းတုတော် များထားရှိပြီး ထင်သလို နေပါက အဂါရ၀ ဖြစ်စေသည်ဟု ဆိုပါသည်။

( ဓမ္မ၀ီရဂျာနယ်၊ အတွဲ(၁၃)၊ အမှတ်(၅)၊ ပထမကျော် ဦးစံသင်းလှိုင် ၏ ထေရ၀ါဒ ဗုဒ္ဓဘာသာစစ်စစ်၊ ၂၁-၁၀-၂၀၀၈ )
( ဆက်လက်ရေးသား ဖော်ပြပါမည်။ )

Thursday, January 22, 2009

ထေရ၀ါဒဗုဒ္ဓဘာသာ (၂)

ဗုဒ္ဓဘာသာသည် ထေရ၀ါဒ၊ မဟာယာန ဟူ၍ နှစ်မျိုးရှိရာ ယနေ့ မြန်မာလူမျိုးတို့ လက်ခံကျင့်သုံးနေသော ဗုဒ္ဓဘာသာ သည် ထေရ၀ါဒ ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ မိမိတို့ လက်ထက်မှ ဘိုးဘွားအစဉ်အဆက် ယံကြည် လက်ခံ ကိုးကွယ်လာသော ဗုဒ္ဓဘာသာကို ဆိုလိုခြင်း ဖြစ်ပါသည်။ သင်္ဂါယနာ (၆)တန်အနက် နောက်ဆုံး ဆဋ္ဌသင်္ဂါယနာ တင်ပွဲကြီးကို ကောဇာနှစ် ၁၃၁၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် မှစ၍ ကောဇာနှစ် ၁၃၁၈ ခုနှစ်၊ ကဆုန်လပြည့်နေ့အထိ ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေး ကုန်းမြေတွင် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ သီရိလင်္ကာ ဟူသော ထေရ၀ါဒ (၅)နိုင်ငံ ပူးပေါင်း ညီညွတ်မှုဖြင့် ဆင်နွှဲခဲ့ကြ ပါသည်။

ထိုဆဋ္ဌမသင်္ဂါယနာ ပွဲကြီးက အညီအညွတ် သဘောတူ အတည်ပြုခဲ့သော ပိဋကတ် ကျမ်းစာများအရ လက်ခံကျင့်သုံးသော ဘာသာသည် ထေရ၀ါဒ ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ ထို့ထက် ကျယ်ပြန့်စွာ ဆိုရသော ပထမသင်္ဂါယနာ တွင် အရှင်မဟာကဿပ အစရှိသော ထေရ်အရှင်များမှ ဆဋ္ဌသင်္ဂါယနာတွင် အရှင် ရေ၀တ (ညောင်ရမ်းဆရာတော်) အစရှိသော ထေရ်ရှင် အဆက်ဆက် တို့ မပျက် ထာဝရလက်ဆင့်ကမ်း လာကြ၍ လက်ခံ ကျင့်သုံးလျက်ရှိသော ဘာသာသည် ထေရ၀ါဒ ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ ယနေ့ မြန်မာနိုင်ငံတွင် ပရိယတ္တိ စာသင်တိုက်ကြီးများ၊ ပဋိပတ္တိ ရိပ်သာကြီးများ ရှေ့တန်းမှနေ၍ တရားဓမ္မများ ပို့ချ သင်ယူခြင်း၊ ဟောပြော ပြသခြင်း၊ ကျင့်ကြံအားထုတ်ခြင်း တို့သည် ထိုမထေရ် အဆက်ဆက်တို့ လက်ခံ ကျင့်သုံးလာသော မူအတိုင်း ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။

ဗုဒ္ဓဘာသာ အမည်ခံ၍ ထိုမူနှင့် ကိုက်ညီမှုမရှိသော ထိုမူမှ သွေဖီသော ဆောင်ရွက်မှု မှန်သမျှကို သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်နှင့် နိုင်ငံတော်က လက်မခံပါ။ ထို့ကြောင့်လည်း ၁၉၈၀ ပြည့်နှစ် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် စတင်ပေါ်ပေါက် လာခဲ့သည့် ကာလ၀န်းကျင်က ကျောက်သင်္ဘောဝါဒ၊ ကျောက်ပုံဝါဒ၊ သမ္မာဒိဋ္ဌိ သုသေန၀ါဒ၊ ရှင်ဥက္ကဋ္ဌ ၏ လူသေလူဖြစ် ၀ါဒ စသော ထေရ၀ါဒနှင့် ကိုက်ညီမှု မရှိသည့် ထေရ၀ါဒမှ သွေဖီသော ၀ါဒများကို အဓမ္မ၀ါဒများ အဖြစ် သတ်မှတ်ပြီး သုတ်သင် ရှင်းလင်း နှိပ်ကွပ်ခဲ့ကြ ရခြင်း ဖြစ်ပါသည်။

မမှားသင့်သော အမှားများ

မောဟ မကင်းသူတိုင်း မှားလေ့ရှိသော အမှားများတွင် ဘာသာရေးအမှားသည် မှားယွင်းသူ တစ်ဦးတစ်ယောက်၊ တစ်ခဏကာလသာ ဆိုးကျိုးပေးသည် မဟုတ်ဘဲ ထိုဘာသာနှင့် သက်ဆိုင်သူတိုင်း ဘ၀တစ်လျှောက်လုံး ဆိုးကျိုးပေးတတ်ပြီး ထိုဘာသာများကို ညစ်နွမ်းအောင်၊ ပျက်စီးအောင်၊ ကွယ်ပျောက်အောင် ပြုရာလည်း ရောက်ပါသည်။ အချို့သော အမှားသည် အလွန်အရေး မကြီးလှဟု ဆိုနိုင်သော်လည်း အချို့မှာမူကား အလွန်အရေးကြီး သဖြင့် မမှားသင့်သော အမှားဟု ဆိုရမည် ဖြစ်ပါသည်။ ထိုမမှားသင့်သော အမှားအချို့ကို ထုတ်နုတ်ဖော်ပြရလျှင် -

  • ဗုဒ္ဓါဘိသေက ဘုရားအနေကဇာ တင်ခြင်းကို ဘုရား အသက်သွင်းသည်ဟု ဆိုခြင်း။
  • ကျောက်ဆင်းတုကို အိမ်မှာ ကိုးကွယ်လျှင် ထိခိုက်သည်ဟု ဆိုခြင်း။
  • ဟေတုပစ္စယော - အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား၊ အာရမ္မဏ ပစ္စယော - မျက်စိနှင့် နားသည် နိဗ္ဗာန်သို့ မျက်မှောက်ပြု ရပါစေသား၊ အဓိပတိ ပစ္စယော - ရုပ်နာမ် နှစ်ပါးကို စောင့်ရှောက် ထိန်းသိမ်း နိုင်ရပါစေသား စသည်ဖြင့် ပဋ္ဌာန်း (၂၄)ပစ္စည်း အဓိပ္ပာယ် ဖွင့်ဆိုခြင်း။
  • လူသေလျှင် အိမ်မှာ (၇)ရက် နေသည်ဟု ယူဆ ပြောဆို သပိတ်သွတ်ခြင်း ။

( ဓမ္မ၀ီရဂျာနယ်၊ အတွဲ(၁၃)၊ အမှတ်(၅)၊ ပထမကျော် ဦးစံသင်းလှိုင် ၏ ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ်၊ ၂၁-၁၀-၂၀၀၈ )
( ဆက်လက်ရေးသား ဖော်ပြပါမည်။ )

ထေရ၀ါဒဗုဒ္ဓဘာသာ (၁)

ဘာသာအယူဝါဒ လက်ခံ ကျင့်သုံးမှုသည် ရိုးရိုးသားသား အမှန်အတိုင်း ပြောရလျှင် မွေးရာပါ (မိရိုးဖလာ) လက်ခံကျင့်သုံးမှုက များသည်ဟု ဆိုနိုင်ပါသည်။ ဗုဒ္ဓဘာသာ မိဘနှစ်ပါးက မွေးဖွားလျှင် ဗုဒ္ဓဘာသာဝင် ဖြစ်တတ်ပြီး၊ ခရစ်ယာန် ဘာသာ မိဘနှစ်ပါးက မွေးဖွားလျှင် ခရစ်ယာန် ဘာသာ ဖြစ်တတ်ပါသည်။ ဘာသာရေး အမြင်တွင် ယုံကြည်မှုကို အခြေခံလေ့ရှိကြပြီး အမှားအမှန်ကို ဝေဖန် ဆန်းစစ်ရှုမြင်သည့် အလေ့ အလွန်နည်းသည်ကို တွေ့ရပါသည်။

အမှားအမှန်ကို ဝေဖန်ခွဲခြား သိမြင်ရန် ဆိုသည်မှာလည်း မွေးရာပါ ပဋိသန္ဓေ ပညာပါရှိမှုနှင့် လေ့လာဆည်းပူး အပ်သော ပ၀တ္တိပညာ ရှိမှုလိုအပ်ပါသည်။ ပညာအရာ ဧတဒဂ်ရ အရှင် သာရိပုတ္တရာ အလောင်း ဥပတိဿ ကဲ့သို့ အထွတ်အထိပ် ပဋိသန္ဓေ ပညာအခံရှိပြီး ပစ္ဆိမ ဘ၀ိက (နောက်ဆုံးဘ၀ရှိသူ၊ ဘ၀ဇာတ် ပြတ်စဲမည့်သူ) ဥာဏ်ပညာ ကြီးမားသူည်ပင် မိရိုးဖလာ မွေးရာပါ ကိုးကွယ်မှုအရ သိဉ္စည်း ဆရာကြီး၏ အယူဝါဒ အမှားနောက်သို့ လိုက်ပါမိသေးရကား အစွဲအလန်းကို လွယ်လွယ်ကူကူဖြင့် စွန့်လွှတ်ရိုး ထုံးစံမရှိ ဆိုသော အချက်ကို အထူး သတိမူအပ်ပါသည်။

မွေးရာပါ ပဋိသန္ဓေပညာ ကိုယ်ပိုင်ဥာဏ်ရှိသူ၊ အစဉ်မပြတ် အသိပညာ ရှာမှီးနေသူ၊ ဘာသာရေး လေ့လာလိုက်စားသူ အချို့သာ မိမိ လေ့လာ ရှာဖွေ တွေ့ရှိမှုအပေါ် အခြေခံ၍ အမှားအမှန်ကို ဝေဖန် ဆန်းစစ်ပြီး မိမိယူထားသော ဘာသာအယူဝါဒ အမှားကို စွန့်လွှတ်ကာ ဘာသာအယူဝါဒ အမှန်ကို လက်ခံ ပြောင်းလဲကျင့်သုံး တတ်ပါသည်။ စားဝတ်နေရေး ကြောင့်သော်လည်းကောင်း၊ ဒေသ အခြေအနေနှင့် လူမှုရေး သိမ်းသွင်းမှု အရ မလွန်ဆန် နိုင်ခြင်းကြောင့် သော်လည်းကောင်း၊ ဘေးအန္တရာယ်ကြောင့် သော်လည်းကောင်း လက်ရှိ ခံယူရရှိထားသော ဘာသာအယူဝါဒ၌ ရပ်တည်နေကြသူများ၊ အခြားဘာသာ အယူဝါဒသို့ ကူးပြောင်း သွားကြသူများလည်း မဖြစ်မနေ ရှိတတ်ကြပါသည်။

စာရေးသူ (ပထမကျော် ဦးစံသင်းလှိုင်) အနေဖြင့် မည်သည့်ဘာသာကိုမျှ မှားသည် မှန်သည် ဝေဖန် ပြောဆိုခြင်း မပြုလိုပါ။ မြန်မာနိုင်ငံတွင် လက်ရှိ ကျင့်သုံးနေသော ဘာသာရေးလွတ်လပ်စွာ ကိုးကွယ်နိုင်မှု မူဝါဒအရ ပြောလည်း မပြောအပ်ပါ။ လူသားတို့ကို ယဉ်ကျေးသိမ့်မွေ့ စေသော သွန်သင် ဆုံးမချက်များ ဘာသာတိုင်းတွင် ရှိသည် ဆိုသော အချက်ကိုကား ပညာရှင်များ လက်ခံ ထားကြပါသည်။ စာရေးသူ (ပထမကျော် ဦးစံသင်းလှိုင်) ပြောဆိုသည်ကား ဗုဒ္ဓဘာသာဝင် တစ်ဦးသည် မိမိခံယူထားသည့် ဘာသာတရား၏ အဆုံးအမ အနှစ်သာရကို သိရှိ လိုက်နာဖို့ လိုအပ်သည် ဆိုသော အချက်ဖြစ်ပါသည်။ သူများယောင်လို့ ယောင် အမောင် တောင်မှန်း မြောက်မှန်း မသိ မဖြစ်သင့်ကြောင်း အထူး သတိပေးလို ပါသည်။ မိမိခံယူထားသော ဘာသာအယူဝါဒ အပေါ် ခိုင်မာစွာရပ်တည်ပြီး ဘာသာရေး အသိအမြင် အစဉ်ရှင်သန် နိုးကြား တိုးတက်နေအောင် ကြိုးပမ်း အားထုတ်ကာ မိမိဘာသာကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက် နိုင်သူ၊ အမျိုးဘာသာ သာသနာကို ချစ်စိတ်ရှိသူ ဖြစ်သင့်ပါသည်။

ထေရ၀ါဒဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာဟု ဆိုသော်လည်း ဘာသာဝင် အတော်များများသည် ဗုဒ္ဓတရားတော်၏ အဆုံးအမ အဓိက ပဓာန အနှစ်သာရတို့ မသိရှိ ကြပါ။ သိရှိအောင် လေ့လာရကောင်းမှန်း ပင် မသိကြပါ လောက၌ အမှားသည် ရှုထောင့်အမျိုးမျိုးအရ များစွာရှိပါသည်။ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး စသည်ဖြင့် များစွာ ရှိနိုင်ပါသည်။ အချို့သော အမှားသည် အကြောင်းအရာ အလိုက် ရက်လ နှစ်ကာလ တစ်ဘ၀ စသည်ဖြင့် ဆိုးကျိုးကို ပေးတတ်သည့် သဘောရှိသော်လည်း ဘာသာရေးအမှားကား သံသရာ တစ်လျှောက် တစ်ကောက်ကောက် လိုက်၍ မဆုံးနိုင်အောင်၊ ကာလသတ်၍ မရလောက်အောင် ဆိုးကျိုးပေးတတ်သည့် သဘောရှိပါသည်။

( ဓမ္မ၀ီရဂျာနယ်၊ အတွဲ(၁၃)၊ အမှတ်(၅)၊ ပထမကျော် ဦးစံသင်းလှိုင် ၏ ထေရ၀ါဒ ဗုဒ္ဓဘာသာစစ်စစ်၊ ၂၁-၁၀၂၀၀၈။ )
( ဆက်လက်ရေးသား ဖော်ပြပါမည်။ )


စိုးမင်းကြီးစေတီ




စိုးမင်းကြီး စေတီကို အေဒီ (၁၁၇၅)တွင် စိုးမင်းကြီး တည်ခဲ့သည်။ စိုးမင်းကြီး စေတီတည်ရာတွင် အောက်ခြေတွင် ပစ္စယာ အဆင့်ဆင့်ခံ၍ အပေါ်၌ စေတီတည်ထာခြင်းဖြစ်သည်။ စိုးမင်းကြီး စေတီ၏ ပစ္စယာ အဆင့်များတွင် မူလက အလွန်လှပသည့် စဥ့်ကွင်းများ အပြည့်ရှိသော်လည်း ယခုအခါ အနည်းငယ်မျှသာ ကျန်ရှိတော့သည်။

Tuesday, January 20, 2009

ကာမဂုဏ် အငှားပစ္စည်း


ပွဲလမ်းသဘင်သို့ တက်ရောက် ကြည့်ရှုသူ မိန်းမ တစ်ယောက်သည် အ၀တ်အစားသစ်များ ၀တ်ဆင်လာသည်။ နားကပ်၊ လက်ကောက်၊ ဆွဲကြိုး စသည်တို့ ၀တ်ဆင်ကာ ပြင်ဆင် မွမ်းမံထား သဖြင့် တင့်တယ် လှပလျက် ရှိသည်။ ထိုမိန်းမအား အခြားသူများက " တင့်တယ်ပါပေ၏။ အ၀တ်တန်ဆာ ရတနာများ ပြည့်စုံပါပေ၏ " စသည်ဖြင့် ချီးမွှမ်းကြသည်။ ထိုမိန်းမသည်လည်း သာယာနှစ်သက်လျက် ရှိလေသည်။

စင်စစ်အားဖြင့် ထိုမိန်းမသည် အ၀တ်တန်ဆာ ရတနာများကို ငှားရမ်းဝတ်ဆင်ခြင်း ဖြစ်ရာ မကြာမီပင် ပိုင်ရှင်ထံသို့ ပြန်လည် အပ်နှံလိုက်ရ လေသည်။

ပြင်ဆင်မွမ်းမံ မှုဖြင့် သာယာ နှစ်သက်ခြင်းသည် လည်းကောင်း၊ အခြားလူများ၏ ချီးမွမ်းခြင်းသည် လည်းကောင်း၊ ပစ္စည်းများကို ပိုင်ရှင်ထံသို့ အပ်နှံလိုက်ရ သည်နှင့်အတူ ကုန်ဆုံးသွားလေသည်။ တင့်တယ် လှပခြင်းနှင့် သာယာနှစ်သက်ခြင်း တို့ကို ထိုမိန်းမ ဖမ်းကိုင်၍ မရ၊ သိမ်းဆည်း၍မရ၊ လိုချင် တောင့်တ သော်လည်း ပြန်လည် မရောက်လာနိုင်။

ကာမဂုဏ် ဟူသည်မှာ အငှားပစ္စည်း နှင့်တူသည်။ တခဏမျှဖြင့် ပျောက်ကွက် သည်သာဖြစ်သည်။ ထို့ကြောင့် ကာမဂုဏ်ကို လိုချင်တောင့်တ မှုသည် သူတစ်ပါး၏ ပစ္စည်းကို ခခယယ ငှားရမ်းရလေ သကဲ့သို့ အောက်တန်းကျ၍ ဆင်းရဲပင်ပန်း လှပေသည်။

( မဇ္ဈိမပဏ္ဏာသပါဠိတော်၊ ဂဟပတိဝဂ်၊ ပေါတလိယသုတ် )

Sunday, January 18, 2009

သံယောဇဉ်ပြတ်တာ အမှန်ပြောရင် မြတ်ပါတယ်

သံယောဇဉ်ပြတ်တာကို
မေတ္တာကင်းမဲ့တယ်လို့
သံယောဇဉ်ပျော် ကိလေသာသမားတွေက
ကဲ့ရဲ့ရှုတ်ချကြပေမယ့်
တကယ်တော့
သံယောဇဉ်ပြတ်တာဟာ
ပညာရှိသူတော်ကောင်းတွေရဲ့
ကိလေသာ ငြိမ်းအေးခြင်း
ဂုဏ်တစ်မျိုးပါ။
သံယောဇဉ်ပြတ်တာနဲ့
မေတ္တာကင်းမဲ့တာလည်း
လုံးဝ မတူပါဘူး။
သံယောဇဉ်ဆယ်မျိုးရှိတဲ့အထဲက
လူတွေ ပြောပြောနေတဲ့
သံယောဇဉ်ဆိုတာ
ကာမရာဂသံယောဇဉ်ဆိုတဲ့
တဏှာကို ပြောတာဖြစ်လို့
တဏှာဆိုတာ
ပြတ်လေကောင်းလေပါပဲ။

မရှိမဖြစ် ဥပေက္ခာ

မေတ္တာပဲပွားပွား၊
ကရုဏာပဲပွားပွား၊
မုဒိတာပဲပွားပွား၊
ဥပေက္ခာနဲ့ တွဲပွားမှ
ပြည့်စုံနိုင်ပါတယ်။
ဥပေက္ခာမပါတဲ့ မေတ္တာ၊
ဥပေက္ခာမပါတဲ့ ကရုဏာ၊
ဥပေက္ခာမပါတဲ့ မုဒိတာဟာ
စစ်မှန်ပြည့်ဝတဲ့
စိတ်အေးချမ်းမှုကို မပေးဘဲ
လမ်းကြောင်းကွေ့ကောက်
အစွန်းရောက်သွားတတ်ပါတယ်။

ဗြဟ္မစိုရ်တရား အမြဲ လက်ကိုင်ထား

ဗြဟ္မစိုရ်တရားဆိုသည်မှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုသည့် တရားလေးပါးဖြစ်သည်။ ထိုတရားလေးပါးမှာ-
မေတ္တာတရား

  • မေတ္တာဆိုသည်မှာ သူများလည်း မိမိလို ချမ်းသာချင်ကြပေလိမ့်မည်ဟု ကိုယ်ချင်းစာပြီး သူတစ်ပါးတို့ကို ချမ်းသာစေလိုသည့်သဘောဖြစ်သည်။

ကရုဏာတရား
  • ကရုဏာတရားဆိုသည်မှာ သူတပါးဒုက္ခလွတ်အောင် ကိုယ်၊နှုတ်၊စိတ်တို့ဖြင့် ကူညီဖြေရှင်းဆုတောင်းပေးခြင်း သဘောဖြစ်သည်။

မုဒိတာတရား
  • မုဒိတာဆိုသည်မှာ ကိုယ့်အထက်ကလူတွေ၊ ကိုယ့်ထက်ပြည့်စုံသည့် ချမ်းသာသည့်လူတွေကို ချမ်းသာမြဲ ချမ်းသာကြပါစေဟု ၀မ်းမြောက်ကြည်သာစွာနဲ့ နှလုံးသွင်းနိုင်သည့် သဘောဖြစ်သည်။

ဥပေက္ခာတရား
  • ဥပေက္ခာဆိုသည်မှာ သတ္တ၀ါတိုင်း ကိုယ်တိုင်ပြုလုပ်ထားသည့် ကံအားလျော်စွာ ဖြစ်နေကြရတာပဲဟု ဘက်မလိုက်ဘဲ မျှမျှတတ နှလုံးသွင်းသည့်သဘောဖြစ်သည်။

Saturday, January 17, 2009

ဓမ္မရံကြီးဘုရား


ဓမ္မရံကြီးဘုရားသည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူ ဘုရားကြီးဖြစ်ပြီး အေဒီ (၁၁၆၅)တွင် နရသူမင်း (ခ) ကုလားကျမင်း အေဒီ (၁၁၆၃-၁၁၆၅) တည်ခဲ့သည်။ ထု-ဓမ္မရံ၊ ဥာဏ်-သဗ္ဗညု၊ အနု-အာနန္ဒာ၊ တန်ခိုး- ရွှေစည်းခုံ ဟူသော အဆိုအရ ဓမ္မရံ ဘုရားကြီးသည် ပုဂံဒေသတွင် ထုထည် အကြီးဆုံး ဖြစ်သည်။


ဓမ္မရံကြီးဟူသော အမည်သည် ဓမ္မရံသီ (တရားတော်၏ ထွန်းပရာ) ဟူ၍ အဓိပ္ပာယ်ရသည်။ ဓမ္မရံကြီးဘုရားဟာ အမည်တွင် သည်မှာ နရပတိစည်သူ (စည်သူ-၂) လက်ထက် ဓမ္မရံကြီးအမည်ရှိ မထေရ် ထိုဘုရားတံတိုင်း ၀င်းအတွင်း အနောက်ဘက် ထောင့်ရှိ အုတ်ကျောင်းတွင် သီတင်းသုံး ခဲ့သည့်အတွက် ထိုမထေရ်ကို အကြောင်းပြု၍ ဓမ္မရံသီဘုရား ဟု ခေါ်ခဲ့ကြရာမှ ကာလကြာသော် ဓမ္မရံကြီး ဟု ပြောင်းလဲအမည် တွင်ခဲ့သည်ဟု ဆိုသည်။ နရသူမင်းသည် ဖခင် အလောင်းစည်သူမင်းအား သတ်မိသည့်အတွက် နောင်တရပြီး ထိုမကောင်းမှု ပြေပျောက် စေရန်ကြီးစွာသော ကောင်းမှုပြုလုပ်ရန် ရည်ရွယ်၍ ဓမ္မရံကြီး ဘုရားကို တည်ခဲ့ခြင်း ဖြစ်သည်။

ဓမ္မရံကြီးဘုရားတွင် အုတ်စီအုတ်နင်း ကောင်းမွန်မှုတို့ကို လေ့လာနိုင်သည်။ ဘုရားအတွင်း အုတ်နံရံတွင် ဓားစီခုတ် (အုတ်များကို သရွတ်နှင့် မစိမီ ဓားဖြင့် ရွှေခုတ်ခြင်း) အုတ်စီပုံများ၊ အမိုးခုံးများတွင် သဲကျောက်များ ညှပ်စီ၍ စီထားပုံများ၊ ဘုရား၏ နံရံထောင့်များတွင် ကျင်တွယ်ပုံ ထောင့်ချုပ် ကျောက်တုံးများ၊ နံရံနှစ်ခုတွဲ ဆက်နေစေရန် ထောင့်ချုပ် ပေါင်းကူးများကို လေ့လာနိုင်သည်။ (ထိုသို့ ပြုလုပ် တည်ဆောက် ထားသောကြောင့် ငလျင်ဒဏ် အကြိမ်ကြိမ် ခံရသော်လည်း ထိခိုက် ပျက်စီးမှု နည်းပါးခဲ့သည်။


ဓမ္မရံကြီး ဘုရားအုတ်စီလက်ရာ ကောင်းမွန်သည့်အတွက် အုတ်တစ်ချပ် နှင့် တစ်ချပ်အကြား အပ်ထိုး၍ မရနိုင်အောင် စေ့စပ်သေချာသည်ဟု ပြောစမှတ် ပြုကြသည်။ ဘုရားတည်ရာတွင် နရသူမင်း ကိုယ်တိုင် ကြီးကြပ် စစ်ဆေးပြီး အလုပ်တာဝန် ပေါ့လျော့လျှင် အပြစ်ပေးသည့် အတွက် ပန်းရံ ဗိသုကာ တို့သည် စေ့စပ်သေချာအောင် လုပ်ဆောင်နေရ၍ ဘုရားတည်၍ မပြီးနိုင်ဟု အဆိုရှိသည်။

ဓမ္မရံကြီး ဘုရားအလယ်မဏ္ဍိုင် ပတ်လည်၌ စင်္ကြပတ်လမ်း နှစ်ထပ်ရှိသော်လည်း အတွင်းစင်္ကြ ပတ်လမ်း တစ်ခုလုံး နှင့် အပြင်စင်္ကြပတ်လမ်း အတွင်းမှ အတွင်း စင်္ကြသို့ ၀င်ပေါက် အားလုံးကို အုတ်ဖြင့် အသေပိတ်ဆို့ထားသည်။

Thursday, January 15, 2009

စည်းစိမ် နှင့် မစင်ပိုး

ပစ္စည်းဥစ္စာ ပေါများခြင်း၊ ရာထူးစည်းစိမ် ကြီးမြင့်ခြင်း၊ ထင်ပေါ် ကျော်ကြားခြင်း တို့သည် ဥာဏ်ပညာ မရှိသူအဖို့ အနှောင့်အယှက် ဖြစ်သည်။ အနှောင်အဖွဲ့ အပိတ်အပင် ဖြစ်သည်။ မစင်ပိုးကောင် ကဲ့သို့ ဖြစ်စေသည်။

  • မစင်စားသော ပိုးကောင်သည် မစင်ဖြင့် နစ်မွန်း၍ နေလေသည်။ ရှေ့၌လည်း မစင် အတိပြီးသည်။ နောက်၌ လည်းကောင်း၊ ဘေးပတ်ဝန်းကျင်၊ ထက်အောက် ၀န်းကျင်၌ လည်းကောင်း မစင်တို့ဖြင့် ၀ိုင်းဝိုင်းလည်ကာ ပြည့်နှက်၍ နေသည်။
  • မစင်ပိုးကောင်သည် ယင်းသို့လျှင် မစင်တို့ဖြင့် ပြည့်နှက် ၀န်းရံလျက် ရှိနေသည်ကိုပင် ကျေနပ်အားရကာ ၀င့်ကြွားလေသည်။ " ငါ၏ ရှေ့တွင် လည်းကောင်း၊ နောက်တွင် လည်းကောင်း၊ ဘေးပတ်ဝန်းကျင် တွင် လည်းကောင်း မစင် တို့သည် အပြည့်အနှက် ရှိနေသည် တကား " ဟူ၍ မော်ကြွား ထောင်လွှားတတ် လေသည်။

ဥာဏ်ပညာ ကင်းမဲ့သူအား ပစ္စည်းဥစ္စာ ပေါများခြင်း၊ ရာထူးစည်းစိမ် ကြီးမြင့်ခြင်း၊ ထင်ပေါ် ကျော်ကြားခြင်း သည်လည်း ထိုသူအဖို့ ၀င့်ကြွားထောင်လွှားရန် ဖြစ်ပေသည်။

ထို့ကြောင့် ထို ပညာမရှိသူအား မစင်စားသော၊ မစင်၌ မွေ့လျော်တတ်သော မစင်ပိုးနှင့် တူသည်ဟု ခိုင်းနှုန်းအပ် ပေသည်။

( နိဒါန၀ဂ္ဂ၊ လာဘသက္ကာရသံယုတ်၊ ပထပ၀ဂ်၊ မီဠှကသုတ် )

ကျောက်ဂူဥမင်ဘုရား



ကျောက်ဂူဥမင်ကို ခရစ် (၁၁) ရာစုတွင် နရပတိစည်သူမင်း တည်ခဲ့သည်။ ကျောက်ဂူဥမင် တွင်ရှိသော ကျောက်စာအရ နရပတိ စည်သူမင်း (အေဒီ-၁၁၆၅-၁၂၁၁) လက်ထက် ကျောက်ဂူဥမင်တွင် သခင်ထံပါ (ဓံပါ- ဓမ်ပါလ်-ဓမ္မပါလ်) သီတင်းသုံးလျက် ရှိကြောင်း၊ နရပတိစည်သူ မင်းသည် အေဒီ (၁၁၈၈) တွင် သခင်ထံပါ၏ ဘုရား၌ ကျွန်များ လှူဒါန်းခဲ့သည်ဟု သိရှိရသည်။


ကျောက်ဂူဥမင်သည် သဲကျောက် ကမ်းပါးယံကို ထွင်း၍ အုတ်နှင့်ကျောက် ရော၍ ဥမင် တည်ဆောက် ထားခြင်း ဖြစ်သည်။ ကျောက်ဂူဥမင် တိုက်မ မြေညီထပ်တွင် အတွင်း အပြင် ကျောက်အုတ်များဖြင့် တည်ဆောက် ထားပြီး အပေါ်ပိုင်း နှစ်ဆင့်မှာ ရိုးရိုးမြေအုတ် များဖြင့် တည်ဆောက် ထားသည်။ ဥမင်၏ မြောက်ဘက်တွင် အ၀င်မုခ်၊ အာရုံခံခန်းမ ရှိပြီး မြောက်ဘက် မျက်နှာမူနေသည့် သဲကျောက်ဖြင့် ထုလုပ် ထားသည့် ဗုဒ္ဓရုပ်ဆင်းတု ရှိသည်။ ရုပ်ပွားဆင်းတု၏ အရှေ့၊ အနောက်နှင့် မြောက်ဘက်တွင် စင်္ကြလမ်းများ ရှိသည်။ ဥမင်အတွင်းသို့ ဆင်းတုတော်၏ အရှေ့ အနောက် ခုံးဖြောင့် ပေါင်းကူး ၀င်ပေါက်မှ ဥမင်လိုဏ်ခေါင်း အတွင်း ၀င်ရောက်နိုင်သည်။ ဥမင် လိုဏ်ခေါင်းအတွင်း ၀င်္ကပါသဖွယ် ထောင့်ချိုးများဖြင့် ဖောက်လုပ်ထားပြီး ၀င်္ကပါလမ်း၌ ကမ္မဌာန်း ဘာဝနာ တရား အားထုတ်ရန် အခန်းကျဉ်းများ ရှိသည်။ ဥမင်၏ အရှေ့ နှင့် မြောက်ဘက် မျက်နှာတွင် ပြတင်းပေါက်များ ရှိသည်။ ဥမင်လိုဏ်ခေါင်း အတွင်း အလင်းရောင် ရရန် ရောင်လင်း ပေါက်များ ဖောက်ထားသည်။

ကျောက်ဂူဥမင်တွင် နံရံဆေးရေးပန်းချီနှင့် ကျောက်ဆစ် ပန်းတမော့ လက်ရာများ လေ့လာနိုင်သည်။ ကျောက်ဂူဥမင် အတွင်းရှိ ပဓာနဗုဒ္ဓရုပ်ပွား ဆင်းတုတော် ကြီး ရှိသည့် ဂန္ဓကုဋီတိုက် နံရံ အောက်ပိုင်းတွင် နံရံ ဆေးရေး ပန်းချီများ ရှိသည်။


ဂူ၏ အာရုံခံ ခန်းမကြီးကို ကြီးမားသော ကျောက်အုတ်စီ တိုင်မကြီး နှစ်ခုက ထောက်ထားပြီး ကျောက်တိုင် အောက်ခြေ ပတ်လည်တွင် အလွန်လှပသော ကျောက်ပန်းခက်များ ထွင်းထားသည်။ ကျောက်ဂူ တိုက်မအတွင်း အရှေ့၊ အနောက်နှင့် မြောက်နံရံတွင် နံရံမုခ် ကပ်သုံးတန်း ရှိပြီး နံရံမုခ်ကပ် (၄၉)ခု ရှိသည်။ ထိုနံရံမုခ်ကပ်များတွင် ဗုဒ္ဓရုပ်ပွား ကျောက်ဆင်းတုများ နှင့် ဗုဒ္ဓ၀င်ခန်း ဆိုင်ရာ ကျောက်ဆစ်ရုပ်ထု များရှိသည်။ ဗုဒ္ဓရုပ်ထုများတွင် ခမည်းတော် သုဒ္ဓေါဒန မင်းကြီး လယ်ထွန်း မင်္ဂလာပြုစဉ် ဘုရားလောင်း သိဒ္ဓတ္တ မင်းသားဇဗ္ဗူ့ သပြေပင်ရိပ်တွင် နေပုံ၊ မုစလိန္ဒာ သတ္တဟ စံနေပုံ၊ ဘုရားလောင်း ဒုက္ကရ စရိယာ ကျင့်စဉ်၊ နတ်တို့က နားရွက်မှ သြဇာသွင်းပုံ ကျောက်ဆစ် လက်ရာများကို လေ့လာနိုင်သည်။ (အမျိုးသား ယဉ်ကျေးမှု ပြတိုက်ရှိ ဘုရားလောင်း ဖွားတော်မူခန်း ကျောက်ဆစ်ရုပ်ထုမှာ ဤ ကျောက်ဥမင်မှ ယူဆောင် ပြသခြင်း ဖြစ်သည်။)


ကျောက်ဂူဥမင်၏ အ၀င်မုခ် လက်ဝဲလက်ယာ ထောင့်ချိုးများတွင် အလွန်လှပသော ကျောက်ဆစ်လက်ရာ ဘီလူးရုပ်၊ မိန်းမရုပ်၊ ကြာပန်းများ အကြား ကိန္နရီ ကိန္နရာရုပ်၊ နတ်ရုပ်၊ ခြင်္သေ့၊ ကျား၊ သမင်၊ ယုန်ရုပ်များကို ကျောက်အုတ် များစီ၍ ထွင်းထု ထားသည်။

Wednesday, January 14, 2009

၂၄ ပစ္စည်း ဆုတောင်း

ဟေတုပစ္စယော
  • ကောင်းသော အကြောင်းတရား တိုးပွားကြ ရပါစေသော်။
အာရမ္မဏပစ္စယော
  • ကောင်းသောအာရုံ၊ အကောင်းဆုံးသော အာရုံ တွေ့ကြုံကြရ ပါစေသော်။
အဓိပတိပစ္စယော
  • ဆန္ဒနှင့်ဇွဲ စိတ်ဉာဏ်တွဲ ကြီးကဲဖြစ်ကြရပါစေသော်။
အနန္တရပစ္စယော
  • ကုသိုလ်၏ အခြားမဲ့မှာ ကုသိုလ်သာ ဖြစ်ကြရပါစေသော်။
သမနန္တရပစ္စယော
  • ကောင်းမှု၏ အခြားမဲ့မှာ ကောင်းမှုသာ ဖြစ်ကြရပါစေသော်။
သဟဇာတပစ္စယော
  • အတူတကွ ပုညကုသိုလ်တိုးစေသော်။
အညမညပစ္စယော
  • အချင်းချင်း ရင်တွင်းမေတ္တာ ဖြိုးစေသော်။
နိဿယပစ္စယော
  • ရတနာသုံးလီ မှီတည်ကြရပါစေသော်။
ဥပနိဿယပစ္စယော
  • လောကုတ္တရာ ကိုးလီ မှီတည်ကြရပါစေသော်။
ပုရေဇာတပစ္စယော
  • ရှေ့ဖြစ်ကုသိုလ် နောက်ကိုလွှမ်းခြုံပါစေသော်။
ပစ္ဆာဇာတပစ္စယော
  • နောက်ဖြစ်ကုသိုလ် ရှေ့ကိုလွှမ်းခြုံပါစေသော်။
အာသေ၀နပစ္စယော
  • ပါရမီ အစုံစုံ အထုံမြဲကြရပါစေသော်။
ကမ္မပစ္စယော
  • ကောင်းသောကုသိုလ်ကံ မြဲမြံကြရပါစေသော်။
ဝိပါကပစ္စယော
  • ကောင်းသောအကျိုး ပွားတိုးကြရပါစေသော်။
အာဟာရပစ္စယော
  • စိတ်အာဟာရ ပြည့်ဝကြရပါစေသော်။
ဣန္ဒြိယပစ္စယော
  • စိတ်ကိုစိုးပိုင် စိတ်နိုင်ကြရပါစေသော်။
ဈာနပစ္စယော
  • မေတ္တာဈာန် ရှင်သန်ကြရပါစေသော်။
မဂ္ဂပစ္စယော
  • မဂ္ဂင်လမ်း လျှောက်လှမ်းကြရပါစေသော်။
သမ္ပယုတ္တပစ္စယော
  • သူတော်ကောင်းဓာတ် ယှဉ်စပ်ကြရပါစေသော်။
ဝိပယုတ္တပစ္စယော
  • မကောင်းမှုများ ပယ်ရှားကြရပါစေသော်။
အတ္ထိပစ္စယော
  • ကောင်းရာသုဂတိ မြဲရှိကြရပါစေသော်။
နတ္ထိပစ္စယော
  • အပါယ် ဒုဂ္ဂတိ မရှိကြရပါစေသော်။
ဝိဂတပစ္စယော
  • ဆင်းရဲခြင်း ကင်းရှင်းကြရပါစေသော်။
အ၀ိဂတပစ္စယော
  • ချမ်းသာခြင်း မကင်းကြရပါစေသော်။

၂၄ ပစ္စည်းဆုတောင်း ဆိုသည့်အတိုင်းပင် ၂၄ပစ္စည်း၏ အနက်အဓိပ္ပာယ်ကို မြန်မာဘာသာဖြင့် အနှစ်ချုပ် နားလည်နိုင်သလို နားလည်ထားသည့် အတိုင်း အကျိုးရလဒ်များ ထင်ရှားဖြစ်ထွန်းလာအောင် စီစဉ်ထားရကား ယင်း၂၄ပစ္စည်းဆုတောင်းဖြင့် ကောင်းကျိုးသုခများ ရရှိလာကြမည်မှာ မုချဧကန်ဖြစ်ပါ၏။ အလုပ်ကိစ္စတွေ အဘယ်မျှ များပြားနေပါစေ။ ယုတ်စွအဆုံး တစ်ရက်တစ်ပစ္စည်း နှုတ်တက်ကျက်မှတ်ပါက ၂၄ ရက်တွင် ၂၄ ပစ္စည်းလုံး နုတ်တက်ရရှိမည်ဖြစ်ပြီး ဆက်လက်၍နေ့စဉ် ဘုးရားဝတ်ပြုပြီးတိုင်း ပဌာန်း ၂၄ ပစ္စည်းဆုတောင်းကို ရွတ်ဆိုဆုပန်ပါလျှင် အမှန်ပင် ရုပ်ပိုင်းရော စိတ်ပိုင်းမှာပါ ကောင်းကျိုးတရားတွေ တိုးပွားလာပါမည်။

ဣတိဝုတ် ပါဠိတော်၌ မြတ်ဗုဒ္ဓ ညွှန်ပြတော်မူ သည့်အတိုင်း ဆုတောင်းပတ္ထနာသည် တဏှာပတ္ထနာနှင့် ဆန္ဒပတ္ထနာ ဟု နှစ်မျိုးရှိသည့်အနက် ဆန္ဒပတ္ထနာ (ကုသိုလ်ဆန္ဒ)နှင့် ဆုတောင်းကြရပါမည်။ ဆုမတောင်းမီ ဘုရားရှိခိုးခြင်း စသည့် ကုသိုလ်ကံတစ်ခုခု ပြုပြီးမှသာ ဆုတောင်းကြရပါမည်။ ပဌာန်း ၂၄ ပစ္စည်းသည် ဗဟုဝုစ် (အများဆိုင်) ဖြစ်သဖြင့် ဆန္ဒပတ္ထနာ မည်ပါသည်။

သို့ဖြင့် ပဌာန်း ၂၄ ပစ္စည်းဆုတောင်းအပေါ် ယုံကြည်မြတ်နိုးသော သဒ္ဓါဗလကို အရင်းထားလျက် အဆက်မပြတ်ဆုတောင်းခြင်း ၀ီရိယဗလ၊ မမေ့မလျော့ခြင်း သတိဗလ၊ တစိုက်မတ်မတ် တည်ခြင်း သမာဓိဗလ၊ အဓိပ္ပါယ်ကို ပို၍ ပို၍ ထိုးထွင်းသိမြင်ခြင်း ပညာဗလ ဟူသည့် ဗလ ငါးမျိုး တိုးထက်တိုး ကောင်းကျိုး ပြည့်ဝကြမည် ဖြစ်ပါသတည်း။

Tuesday, January 13, 2009

အိမ်ထောင် ၄ မျိုး

အခါတစ်ပါး၌ မြတ်စွာဘုရားသည် မဓုရမြို့ နှင့် ဝေရဉ္ဇာပြည် အကြားဝယ် ခရီးရှည် ကြွသွားခိုက် လမ်းခရီးတွင် တွေ့ရသော ခရီးသည် သကြွယ်ဇနီးမောင်နှံအား အိမ်ထောင်ရေးနှင့် ပတ်သက်၍ အတူနေ အိမ်ထောင်သည် အမျိုးအစား လေးမျိုး ရှိကြောင်း ဟောကြားတော်မူခဲ့သည်

  • လင်မယား နှစ်ဦးစလုံး ယုတ်မာသော စိတ်သဘော အမူအကျင့် တူညီစွာ ရှိနေကြလျှင် သူသေချင်း အတူတူ နေခြင်း ဟူ၍ လည်းကောင်း။
  • လင်က စိတ်သဘောထား ဆိုးသွမ်း ယုတ်မာ၍ မယားက စင်ကြယ်မွန်မြတ် သော သူတော်ကောင်းစိတ် ရှိနေလျှင် နတ်သမီး မယားသည် သူသေလင်နှင့် အတူ ပေါင်းသင်းနေခြင်း ဟူ၍ လည်းကောင်း။
  • လင်သည် မြင့်မြတ်စင်ကြယ်သော စိတ်ထားအမူအကျင့် ရှိသည့် သူတော်ကောင်း ဖြစ်နေပြီး မယားက အကျင့် စာရိတ္တ သဘောထား၊ အမူအရာ ယုတ်မာနေလျှင် နတ်သားလင်သည် သူသေမယားနှင့် အတူ ပေါင်းသင်းနေခြင်း ဟူ၍လည်းကောင်း။
  • လင်မယား နှစ်ဦးစလုံး သူတော်ကောင်း တွေဖြစ်နေလျှင် အကျိုးစီးပွား များပြားကုန်သည်။ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ နေထိုင်ရသည်။ ထိုသူတို့အား မနာလို ၀န်တိုသူများ အဖို့ စိတ်ဆင်းရဲခြင်း ဖြစ်စေသည် ဟူ၍ လည်းကောင်း ဟောကြားခဲ့သည်။

( ပထမသံဝါသသုတ်၊ ဒုတိယသံဝါသသုတ် ဒေသနာတော်)

မီးသွေးဒေါသ

ဒေါသစိတ် ဖြစ်ပေါ် ကပ်ငြိသောသူသည် အကျည်းတန် အရုပ်ဆိုး၏။ ကြမ်းတမ်း ခက်ထန်၏။ နှစ်လိုဖွယ် တင့်တယ်ခြင်း မရှိ။ ဒေါသ၏ သဘောသတ္တိကိုက အကျည်းတန် အရုပ်ဆိုးပြီး ကြမ်းတမ်း ခက်ထန် သောကြောင့်တည်း နှစ်လိုစဖွယ် တင့်တင်ခြင်း မရှိသောကြောင့်တည်း။

မီးသွေးသည် မိမိကိုယ်၌က မည်းနက်ပြီး အကျည်းတန် အရုပ်ဆိုးနေရုံမျှ မဟုတ်သေးဘဲ မိမိနှင့် ရောယှက်ထိတွေ့ လာသော အ၀တ်အထည် စသည်တို့ကိုလည်း အကျည်းတန် အရုပ်ဆိုးစေ သကဲ့သို့တည်း။

(မောင်းထောင် ဆရာတော် ဘုရားကြီး အရှင်ပညာသာမိ ၏ " ဒေါသကထာ" ကျမ်းမှ)

ဘဝဟောင်းကို မြင်ခြင်း

ဗုဒ္ဓသည် ကျင့်စဉ်တရားကို ဟောကြားထားပေသည်။ ထိုကျင့်စဉ်အတိုင်း အမှန်တကယ် ဆောက်တည် ကျင့်သုံး သူသည် စင်ကြယ်သော ဥာဏ်မျက်စိကို ရရှိနိုင်သည်သာ ဖြစ်သည်။ ထိုဥာဏ်မျက်စိဖြင့် ရှေး၌ ဖြစ်ခဲ့ဖူးသော ခန္ဓာအစဉ်ကို သိမြင်နိုင်သည်။ ရှေး၌ ဖြစ်ခဲ့ဖူးသော ဘ၀များစွာကို လည်းကောင်း၊ ထိုထိုဘ၀ များစွာတို့၌ ဖြစ်ခဲ့ဖူးသော အမျိုးအနွယ်၊ မြို့ရွာဒေသတို့ကို လည်းကောင်း၊ မည်သို့ မည်ပုံ ချမ်းသာကြွယ်ဝသည်၊ ဆင်းရဲ နွမ်းပါးသည် စသော အခြင်းအရာကို လည်းကောင်း ပြန်လည်၍ အောက်မေ့ သိမြင်နိုင်သည်သာ ဖြစ်သည်။

ဥပမာအားဖြင့် ယောက်ျားတစ်ယောက်သည် မိမိနေထိုင်သည့် ရွာမှ အခြားတစ်ရွာသို့ သွားရောက်သည်။ မိတ်ဆွေ အသီးသီးတို့၏ အိမ်များသို့လည်း ၀င်ရောက်သည်။ ထိုသူသည် မိမိရွာသို့ ပြန်လာပြီးလျှင် သွားရောက်ခဲ့သော ခရီးစဉ်ကို ပြန်လည်၍ အောက်မေ့လေသည်။

"" ငါသည် ရွာမှ ထွက်ခွာ၍ မည်သည့်လမ်းဖြင့် သွားသည်။ နှေးနှေးသွားသည်။ မြန်မြန်သွားသည်။ လမ်း၌ မည်သူနှင့် တွေ့ဆုံသည်၊ ထိုရွာသို့ ရောက်လျှင် မည်သူ့ အိမ်ကို ရှေးဦးစွာ ၀င်သည်၊ မည်သည့် စကားကို ပြောခဲ့သည်၊ ထို့နောက် အခြား မည်သူ့အိမ်သို့ သွားပြန်သည်၊ အိမ်တံခါး ပိတ်ထားသဖြင့် အခြားအိမ်သို့ သွားပြန် သည်။ မည်သူနှင့်တွေ့၍ မည်သည့် အကြောင်း ပြောခဲ့သည် "" စသည်ဖြင့် တစ်ဖန် ပြန်၍ အောက်မေ့ သိမြင်နိုင် သကဲ့သို့ ဖြစ်သည်။

ကြည်လင် သန့်ရှင်း နောက်ကျုကင်းသော ရေအိုင်တစ်အိုင် ရှိသည်။ ထိုရေအိုင်အနီးတွင် မျက်စိအမြင်ရှင်း၍ တိမ်သလ္လာကင်းသော ယောက်ျားတစ်ယောက် ရပ်လျက် ကောင်းစွာ ကြည့်ရှုသည်။ ထိုသူသည် ရေအိုင်ထဲရှိ ခရု၊ ယောက်သွား၊ ငါး၊ လိပ်တို့၏ သွားလာ လှုပ်ရှားမှုကို သိမြင်နိုင် သကဲ့သို့ ဖြစ်သည်။

( မဇ္ဈိမပဏ္ဏာသပါဠိတော်၊ ပရိဗ္ဗာဇက၀ဂ်၊ မဟာသကုလုဒါယိသုတ် )

Saturday, January 10, 2009

သမုဒ္ဒရာကြီး (၆) စင်း

ဤလောက၌ သမုဒ္ဒရာ၊ သမုဒ္ဒရာဟု ပြောဆိုလေ့ ရှိကြသည်။ ဤသို့ ပြောဆိုအပ်သော အရာသည် မြတ်စွာဘုရား၏ အဆုံးအမ၌ သမုဒ္ဒရာ မဟုတ်ပေ။ ကြီးကျယ် များပြားသော ရေအစ ရေအပြင် သာလျှင် ဖြစ်သည်။ သမုဒ္ဒရာ ဟူသည်မှာ မျက်စိ သမုဒ္ဒရာစစ်စစ်အားဖြင့် သတ္တာဝါတို့၏ မျက်စိသည် သမုဒ္ဒရာမည်ပါသည် ထိုမျက်စိသမုဒ္ဒရာ၌ အဆင်းရူပါရုံ တည်းဟူသော အဟုန်အရှိန်သည် ရှိသည်။ အကြင်သူသည် ထိုးအဆင်း တည်းဟူသော အဟုန်အရှိန်ကို သည်းခံနိုင်ငြားအံ့၊ ထိုသူသည် မျက်စိသမုဒ္ဒရာကို ကူးမြောက်ပြီးသူ ဖြစ်သည်။ လှိုင်းဘေး၊ ၀ဲကယက်ဘေး၊ ရေသတ္တ၀ါကြီးများ၏ ဘေးတို့ကို ကျော်လွန်ပြီး သူဖြစ်သည်။ ကမ်းတစ်ဖက်သို့ ရောက်ရှိပြီးသူ ရဟန္တာ ဖြစ်သည်။

နား သမုဒ္ဒရာ
  • သတ္တ၀ါတို့၏ နားသည် သမုဒ္ဒရာ မည်ပေသည်။ ထို နားသမုဒ္ဒရာ၌ အသံသဒ္ဒါရုံ တည်းဟသော အဟုန်အရှိန် ရှိသည်။ အကြင်သူသည် ထို အသံတည်းဟူသော အဟုန်အရှိန်ကို သည်းခံနိုင်ငြားအံ့၊ ထိုသူသည် နားသမုဒ္ဒရာ ကို ကူးမြောက်ပြီးသူ ဖြစ်ပေသည်။ လှိုင်းဘေး၊ ၀ဲကယက်ဘေး၊ ရေသတ္တ၀ါကြီးများ၏ ဘေးတို့ကို ကျော်လွန်ပြီး သူဖြစ်သည်။ ကမ်းတစ်ဖက်သို့ ရောက်ရှိပြီးသူ ရဟန္တာ ဖြစ်သည်။

နှာခေါင်း သမုဒ္ဒရာ
  • သတ္တ၀ါတို့၏ နှာခေါင်းသည် သမုဒ္ဒရာမည် ပေသည်။ ထိုနှာခေါင်း သမုဒ္ဒရာ၌ အနံ့ ဂန္ဓာရုံတည်း ဟူသော အဟုန်အရှိန် ရှိသည်။ အကြင်သူသည် ထို အနံ့တည်းဟူသော အဟုန်အရှိန်ကို သည်းခံနိုင်ငြားအံ့၊ ထိုသူသည် နှာခေါင်းသမုဒ္ဒရာ ကို ကူးမြောက်ပြီးသူ ဖြစ်ပေသည်။ လှိုင်းဘေး၊ ၀ဲကယက်ဘေး၊ ရေသတ္တ၀ါကြီးများ၏ ဘေးတို့ကို ကျော်လွန်ပြီး သူဖြစ်သည်။ ကမ်းတစ်ဖက်သို့ ရောက်ရှိပြီးသူ ရဟန္တာ ဖြစ်သည်။

လျှာ သမုဒ္ဒရာ
  • သတ္တ၀ါတို့၏ လျှာသည် သမုဒ္ဒရာမည် ပေသည်။ ထိုလျှာ သမုဒ္ဒရာ၌ အရသာ ရသာရုံတည်း ဟူသော အဟုန်အရှိန် ရှိသည်။ အကြင်သူသည် ထို အရသာတည်းဟူသော အဟုန်အရှိန်ကို သည်းခံနိုင်ငြားအံ့၊ ထိုသူသည် လျှာသမုဒ္ဒရာ ကို ကူးမြောက်ပြီးသူ ဖြစ်ပေသည်။ လှိုင်းဘေး၊ ၀ဲကယက်ဘေး၊ ရေသတ္တ၀ါကြီးများ၏ ဘေးတို့ကို ကျော်လွန်ပြီး သူဖြစ်သည်။ ကမ်းတစ်ဖက်သို့ ရောက်ရှိပြီးသူ ရဟန္တာ ဖြစ်သည်။

ကာယ သမုဒ္ဒရာ
  • သတ္တ၀ါတို့၏ ကိုယ်ခန္ဓာသည် သမုဒ္ဒရာမည် ပေသည်။ ထိုကိုယ် သမုဒ္ဒရာ၌ အတွေ့အထိ ဖောဋ္ဌဗ္ဗရုံတည်း ဟူသော အဟုန်အရှိန် ရှိသည်။ အကြင်သူသည် ထို အတွေ့အထိ တည်းဟူသော အဟုန်အရှိန်ကို သည်းခံနိုင်ငြားအံ့၊ ထိုသူသည် ကိုယ်သမုဒ္ဒရာ ကို ကူးမြောက်ပြီးသူ ဖြစ်ပေသည်။ လှိုင်းဘေး၊ ၀ဲကယက်ဘေး၊ ရေသတ္တ၀ါကြီးများ၏ ဘေးတို့ကို ကျော်လွန်ပြီး သူဖြစ်သည်။ ကမ်းတစ်ဖက်သို့ ရောက်ရှိပြီးသူ ရဟန္တာ ဖြစ်သည်။

စိတ် သမုဒ္ဒရာ
  • သတ္တ၀ါတို့၏ စိတ်သည် သမုဒ္ဒရာမည် ပေသည်။ ထို စိတ်သမုဒ္ဒရာ၌ သဘောတရား ဓမ္မာရုံတည်း ဟူသော အဟုန်အရှိန် ရှိသည်။ အကြင်သူသည် ထို သဘောတရား တည်းဟူသော အဟုန်အရှိန်ကို သည်းခံနိုင်ငြားအံ့၊ ထိုသူသည် စိတ်သမုဒ္ဒရာ ကို ကူးမြောက်ပြီးသူ ဖြစ်ပေသည်။ လှိုင်းဘေး၊ ၀ဲကယက်ဘေး၊ ရေသတ္တ၀ါကြီးများ၏ ဘေးတို့ကို ကျော်လွန်ပြီး သူဖြစ်သည်။ ကမ်းတစ်ဖက်သို့ ရောက်ရှိပြီးသူ ရဟန္တာ ဖြစ်သည်။

(သဠာယတန၀ဂ္ဂ၊ သဠာယတနသံယုတ်၊ သမုဒ္ဒ၀ဂ်၊ သမုဒ္ဒသုတ်)

Thursday, January 8, 2009

အရိယာမဂ်

ဘေးရန်ကင်း၍ ကောင်းကျိုးချမ်းသာ ဖြစ်စေတတ်သော လမ်းကောင်း ကိုခေါ်ဆိုပါသည်။

အရိယာမဂ် ဆိုသည်မှာ

  • မှန်ကန်သော ဥာဏ်အမြော်အမြင်
  • မှန်ကန်သော အကြံအစည်
  • မှန်ကန်သော ပြောဆိုမှု
  • မှန်ကန်သော ပြုလုပ်မှု
  • မှန်ကန်သော အသက်မွေးမှု
  • မှန်ကန်သော အားထုတ်ခြင်း လုံ့လ
  • မှန်ကန်သော အောက်မေ့ခြင်း
  • မှန်ကန်သော တည်ကြည်ခြင်း
တို့ဖြစ်သည်။

(မူလပဏ္ဏာသပါဠိတော်၊ သီဟနာဒ၀ဂ်၊ ၀ိတက္ကသဏ္ဍာနသုတ်)

မိစ္ဆာမဂ်

ဘေးရန်ထူပြော၍ ပင်ပန်းဆင်းရဲခြင်း ကြီးစွာ ဖြစ်စေတတ်သော လမ်းဆိုး ကိုခေါ်ဆိုပါသည်။

မိစ္ဆာမဂ် ဆိုသည်မှာ

  • မှားသော အမြင်
  • မှားသော အကြံအစည်
  • မှားသော စကား
  • မှားသော ပြုလုပ်မှု
  • မှားသော အသက်မွေးမှု
  • မှားသော အားထုတ်ခြင်း လုံ့လ
  • မှားသော အောက်မေ့ခြင်း
  • မှားသော တည်ကြည်ခြင်း
တို့ဖြစ်သည်။

(မူလပဏ္ဏာသပါဠိတော်၊ သီဟနာဒ၀ဂ်၊ ၀ိတက္ကသဏ္ဍာနသုတ်)

Wednesday, January 7, 2009

သူတို့ကြောင့်

စိတ်မဖြူစင် ညစ်ညူးစေတတ်သည့် တရားတို့သည် -

  • သူတစ်ပါး၏ စည်းစိမ်ကို ရှေးရှုကြံစည်၍ အလိုရှိခြင်း အဘိဇ္ဈာ 
  • မသင့်လျော်ရာ၌ လိုချင်တပ်မက်ခြင်း ၀ိသမလောဘ 
  • သူတစ်ပါးတို့အား ပျက်စီးစေလိုခြင်း ဗျာပါဒ 
  • အမျက်ထွက်ခြင်း ကောဓ 
  • ရန်ငြိုးဖွဲ့ခြင်း ဥပနာဟ 
  • ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်း မက္ခ 
  • ဂုဏ်ပြိုင်ခြင်း ပလာသ 
  • ငြူစူခြင်း ဣဿာ 
  • ၀န်တိုခြင်း မစ္ဆရိယ 
  • လှည့်ပတ်ခြင်း မာယာ 
  • စဉ်းလဲခြင်း သဋ္ဌေယျ 
  • စိတ်ခက်ထန်ခြင်း ထမ္ဘ 
  • ချုပ်ချယ်ခြင်း သာရမ္ဘ 
  • မောက်မော်ခြင်း မာန 
  • အလွန်မောက်မော်ခြင်း အတိမာန 
  • မာန်ယစ်ခြင်း မဒ 
  • သတိမေ့လျော့ခြင်း ပမာဒ တို့ ဖြစ်သည်။

ရဟန်းတို့ ဤတရား၌ကိန်းအောင်းလျှင် ဤတရားတို့နှင့် ယှဉ်လျှင် စိတ်ညစ်ညူး၏။ စိတ်မဖြူစင်ခြင်း ဖြစ်၏။ ဤတရားတို့အား သိမြင်၍ ပယ်စွန့်သည်ရှိသော် စိတ်မညစ်ညူးပေ။ စိတ်ဖြူစင်ခြင်း ဖြစ်၏။

(မူလပဏ္ဏသပါဠိတော်၊ မူလပရိယာယ၀ဂ်၊ ၀တ္ထသုတ်)

အပယ်ရတနာဘုရား




အပယ်ရတနာ ဂူဘုရားသည် သီဟိုဠ်ပုံ လိုဏ်တစ်ဆင့် ဂူဘုရားဖြစ်ပြီး ခရစ် (၁၁) ရာစုနှောင်းတွင် ကျန်စစ်သားမင်းနှင့် အပယ်ရတနာမိဖုရားတို့ တည်ခဲ့သည်။

ကျန်စစ်သားသည် စောလူးမင်းရန်ကြောင့် မြင်းပါရွာအနီး ပုန်းအောင်းနေရစဉ် ဇနီးဖြစ်သူ အပယ်ရတနာက သွားရောက် တွေ့ဆုံခြင်း၊ ထမင်းပို့ခြင်း ပြုလုပ်ခဲ့သည်။ ကျန်စစ်သား ပုဂံထီးနန်း ရရှိပြီးနောက် အပယ်ရတနာမိဖုရား ထမင်းလာပို့ရာ အရပ်၌ အမှတ်တရအဖြစ် အပယ်ရတနာဘုရား ကိုတည်ခဲ့သည်။

အပယ်ရတနာဘုရား တိုက်မအထက်တွင် ပစ္စယာ အဆင့်များ၊ မိုးလျောများ၊ ထောင့်စေတီများဖြင့် တည်ဆောက်ထားပြီး ခေါင်းလောင်းပုံ သပိတ်မှောက် အထက်တွင် ဖရုံတုံးခံ၍ ဖောင်းရစ် အထွတ်စေတီ ရှိသည်။

အပယ်ရတနာဘုရားရှိ နံရံဆေးရေး ပန်းချီများတွင် မဟာယာန (ကြီးသောယာဉ်) ဂိုဏ်းဗုဒ္ဓဘာသာနှင့် ဟိန္ဒူအယူဝါဒနှင့် သက်ဆိုင်သော ပုံများကို အခြားဘုရား များထက် ပိုမိုတွေ့ရသည်။ ဘုရားတွင် မဟာယာန ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သည့် ဗောဓိသတ္တ / အ၀လောကိတေသွာရ (လောကနာထ) သည် ကြာပွင့်ပေါ်ထိုင်ပြီး လက်ယာလက်တွင် ကြာပွင့်ကိုင်ကာ လက်ဝဲလက်မှာ ၀၇ဒမုဒြာ အနေအထားဖြင့် ရေးဆွဲထားသည့် ပုံများ၊ ထိုင်နေသည့် နတ်ရုပ်ပုံများ၊ မတ်တပ်ရပ် နတ်ရုပ်ပုံများ၊ ဂူပေါက်တန်း အသီးသီးတွင် ဗုဒ္ဓပုံ၊ ရသေ့ပုံများ၊ စင်္ကြအတွင်း ပတ်လမ်း အပြင်နံရံအပေါ်ဘက်တွင် အရိုးတပ် စက်ဝိုင်းများအတွင်း ဗြဟ္မာ၊ သီဝ၊ ဗိဿနိုး ပုံများနှင့် အ၀င်ခန်းမဆောင်တွင် ရှေးမွန်ဘာသာဖြင့် ကမ္ပည်းမင်စာ ရေးထိုးထားသည့် ဗုဒ္ဓ၀င် နံရံဆေးရေး ပန်းချီများ ရှိသည်။ အပယ်ရတနာဘုရား တွင် ဇာပြတင်းပေါက် တပ်ဆင်ထားသည်ကို လေ့လာနိုင်ပါသည်။

Tuesday, January 6, 2009

မဟာသမ္မတမင်းများ

မဟာသမ္မတမင်းများ

  • ရောစမင်း
  • ဝရရောစမင်း
  • ကလျာဏမင်း
  • ဝရကလျာဏမင်း
  • မန္ဓာတုမင်း
  • ဝရမန္ဓာတုမင်း
  • ဥပေါသထမင်း
  • ဝရမင်း
  • ဥပဝါရမင်း
  • မဂ္ဃဒေဝမင်း

Posts

Followers

Labels

Comments