နွားမတစ်ယောက်သည် မိမိ ကျက်စားနေကျ စားကျက်နယ်မြေမှ လွန်၍ အခြား စားကျက်နယ်မြေသို့ ကူးသွား၏။ "ငါသည် မရောက်ဖူး သေးသော နေရာသို့ ရောက်ရပါမူ ကောင်းလေစွ၊ မစားဖူး သေးသော မြက်များကို စားရမူ ကောင်းလေစွ၊ မသောက်ဖူး သေးသော ရေအိုင် ရေကန်တို့၌ သောက်ရပါမူ ကောင်းလေစွ" ဟူ၍ နွားမ စိတ်ကူး ကြံစည်မိ၏။ ထိုနွားမသည် နယ်မြေကို မကျွမ်းကျင်၊ ခရီးလမ်း ကိုလည်း မကျွမ်းကျင်ပေ။
ချိုင့်ဝှမ်း ကုန်းမြင့် မညီညွတ်သည့် အရပ်၌ ရှေ့ခြေနှစ်ချောင်းကို မည်သို့ အခိုင်အမာ စွဲမြဲ၍ နောက်ခြေ နှစ်ချောင်းကို မည်သို့ လှမ်းကြွ ရမည်ဟူသော ဒေသအလိုက် သွားလာမှုကိုလည်း ထိုနွားမ မသိတတ်။ ထို့ကြောင့် ထိုနွားမသည် စားကျက်သစ် နယ်မြေသို့လည်း မရောက်နိုင်။ စားကျက်ဟောင်း နယ်မြေသို့လည်း ပြန်မရောက်နိုင်။ မျက်စိလည် လမ်းမှားကာ ဆင်းရဲ ပင်ပန်းရလေ၏။
ဤလောက၌ အချို့သော သူတို့သည် မိမိရရှိ ထားပြီးဖြစ်သော ကောင်းကျိုး ချမ်းသာထက် ပိုလွန်၍ တစ်ဆင့်တက်ကာ အလိုရှိ၏။ ထိုသူတို့သည် ရရှိထားပြီး ဖြစ်သော လက်ရှိ အခြေအနေနှင့် ကောင်းကျိုးချမ်းသာကို မယိုယွင်းစေဘဲ ခိုင်မြဲအောင် ဆောက်တည် ထိန်းသိမ်းနိုင်စွမ်း မရှိငြားအံ့၊ လက်ရှိထက် တစ်ဆင့် ပိုလွန်သော ကောင်းကျိုးချမ်းသာကို ရရှိနိုင်ကြောင်း နည်းလမ်း ကောင်းကိုလည်း သိမြင်ကျွမ်းကျင်မှု မရှိငြားအံ့။ ထိုသူတို့၏ အလိုဆန္ဒသည် ပျက်စီးရပေလိမ့်မည်။ ကောင်းကျိုးချမ်းသာ အသစ်ကိုလည်း ရမည်မဟုတ်။ ကောင်းကျိုးချမ်းသာ အဟောင်း သည်လည်း ယိုယွင်း ဆုတ်ယုတ်မည်သာ ဖြစ်၏။
( န၀ကနိပါတ်၊ မဟာဝဂ်၊ ဂါဝီဥပမာသုတ် )