ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog

Tuesday, July 7, 2009

သတိ- မြင့်မြတ်သောပုဂ္ဂိုလ်ဆိုတာ

သတိ- မြင့်မြတ်သောပုဂ္ဂိုလ်ဆိုတာ.....
ကိုယ်ကျိုးအတွက် စွန့်လွှတ်နိုင်ရတယ်။
သည်းခံမှု အပြည့်အ၀ရှိရတယ်။
သဘောထားကြီးရတယ်။
အရာရာမှာ ခွင့်လွှတ်နိုင်ရတယ်။
ကိုယ်ကျင့်တရားကောင်းရတယ်။
အများအတွက် အနစ်နာခံရတယ်။
ရတနာသုံးပါးကို အထူးလေးစားရတယ်။
ဘိုးဘွားမိဘများကို ပြုစုလုပ်ကျွေးရတယ်။
ဆရာသမားများကို ရိုသေကျိုးနွံရတယ်။

ဤ(၉)ချက်နှင့် ပြည့်စုံပါက မြင့်မြတ်သော ပုဂ္ဂိုလ်ဖြစ်၍ အပါယ်လေးပါးမှ လွတ်ပြီး နတ်ရွာနိဗ္ဗာန်လမ်းကြီး ပွင့်ပေတော့၏။
ရေးသားသူ..... သတ္တမမြောက်ကျော်အောင်စံထား(အမရပူရ)ဆရာတော်ကြီး

Wednesday, June 3, 2009

မင်္ဂလာအတွေးများ (၂)

“ပဏ္ဍိတာနဉ္စ သေ၀နာ၊ ဧတံမင်္ဂလ မုတ္တမံ။
ပညာရှိကို မှီဝဲဆည်းကပ်ခြင်းသည်
ကောင်းမြတ်သော မင်္ဂလာမည်၏။
ပညာရှိကို အရှည်တွဲလို့၊
မှီဝဲဆည်းကပ်နည်းယူလေ။”


တစ်ခါတုန်းက ဘောဇမင်းဆိုတာရှိခဲ့ဖူးပါတယ်။ သူ့ရဲ့အားကိုးရတဲ့ ပညာရှိအမတ်ကြီးကတော့ ကာလီဒါသ အမတ်ကြီးပါ။
တစ်နေ့မှာတော့ ဘောဇမင်းဟာ သူ့ရဲ့မင်္ဂလာဥယျာဉ်အတွင်းကို ဘာရယ်တော့မဟုတ်ပါဘူး၊ ထွက်ခဲ့ပါတယ်။ ပျင်းလို့လည်းဖြစ်နိုင်ပါတယ်။ ဒီလိုနဲ့ ဥယျာဉ်ထဲလျှောက်လည်ရင်း ပန်းရုံတစ်ခုရဲ့အနီးမှာ အပျိုတော်နှစ်ယောက် တိုးတိုး တိုးတိုးနဲ့ စကားပြောနေတာ တွေ့လိုက်ပါတယ်။
အပျိုတော်နှစ်ယောက် တိုးတိုး တိုးတိုးနဲ့ ပြောနေတာကို မြင်ရတော့ ဘောဇမင်းက သူတို့ဘာတွေပြောနေတယ်ဆိုတာ သိချင်စိတ် ဖြစ်သွားတယ်တဲ့။ ဒီတော့ ဘောဇမင်းလည်း အပျိုတော်နှစ်ယောက်ရဲ့အနီးကို ကပ်သွားလိုက်ပါတယ်။ ဒါပေမယ့် ဘောဇမင်း အပျိုတော်နှစ်ယောက် အနားရောက်ခါနီးမှာပဲ အပျိုတော်နှစ်ယောက်ဆီက ‘လူမိုက်လာပြီ’ ဆိုတဲ့ အသံတစ်ခုထွက်လာပါတယ်။ ဘောဇမင်းလည်း ရှေ့ဆက် မသွားရဲတော့ဘဲ ရောက်နေတဲ့နေရာကပဲ လှည့်ပြန်ခဲ့ရပါတယ်။
အပျိုတော်နှစ်ယောက်ပြောလိုက်တဲ့ ‘လူမိုက်လာပြီ’ ဆိုတဲ့ စကားဟာ ဘောဇမင်းရဲ့နားထဲက လုံးဝ မထွက်တော့ပါဘူး။
‘ဒီအပျိုတော်တွေဟာ ငါ့ရဲ့မောင်းမမိဿံ တွေပဲ။ ငါကဲ့သို့ မင်း လာတာတောင် လူမိုက်လာပြီလို့ ပြောလိုက်တာ အကြောင်းမဲ့တော့ မဟုတ်လောက်ဘူး။ စင်စစ် ငါ့ကို လူမိုက်လို့ပြောရလောက်အောင် အကြောင်းတစ်ခုခုတော့ ရှိရမယ်။ သူတို့ကိုပြန်မေးဖို့ကျပြန်တော့လည်း မသင့်ပြန်ဘူး။ အင်း..ဘယ်လိုလုပ်ရပါ့’
ဘောဇမင်းက နန်းတော်ပြန်ရောက်တော့ ပြဿနာရဲ့အဖြေကို ကိုယ်တိုင်စဉ်းစားပါတယ်။ အပြန်ပြန်အလှန်လှန်နဲ့ အကြိမ်ကြိမ် စဉ်းစားပါတယ်။ ဒါပေမယ့် အဖြေက ထွက်မလာပါဘူး။ ကိုယ်တိုင်စဉ်းစားခြင်းဟာ အဖြေတစ်ခုတော့ ရတတ်မြဲဆိုတဲ့အတိုင်း ဘောဇမင်းအတွက် အကျိုးမဲ့ အချိန်ကုန်မှုမျိုးတော့ ဖြစ်မသွားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စဉ်းစားရင်းနဲ့ ကိုယ်တိုင်အဖြေမရှာတတ်ပေမယ့် ဘယ်သူ့ဆီက အဖြေ ရနိုင်တယ်ဆိုတာ စဉ်းစားရင်း သိလိုက်လို့ပါပဲ။
ဘောဇမင်းဟာ နောက်တစ်နေ့ ညီလာခံသဘင်မှာ ဘယ်သူမှ မရောက်ခင် သူကဦးအောင် ရောက်နေလိုက်ပါတယ်။
ညီလာခံသဘင်ထဲကို မှူးမတ်တွေဝင်လာတိုင်း ၀င်လာတိုင်း ဘောဇမင်းက ‘လူမိုက်လာပြီ’လို့ချည်း ဆီးဆီးပြောနေပါတော့တယ်။ မှူးမတ်တွေလည်း ဘောဇမင်းက ‘လူမိုက်လာပြီ’လို့ ဆီးဆီးပြောနေတော့ ငါတို့ ဘာအပြစ်တွေများ လုပ်ထားမိပါလိမ့်ဆိုပြီး အယောင်ယောင် အမှားမှားနဲ့ လန့်ဖြန့်ပြီး ကိုယ့်နေရာကိုယ် အမြန်ထိုင်လိုက်ကြပါတယ်။
မကြာခင်မှာဘဲ ကာလီဒါသအမတ်ကြီး ၀င်လာပါတယ်။ ဘောဇမင်းကလည်း ရှေ့မှူးမတ်တွေ ပြောခဲ့တဲ့အတိုင်း ဆီးပြောလိုက်ပါတယ်။
“လူမိုက်ကြီးလာပြီ”
ကာလီဒါသအမတ်ကြီးဟာ ဘောဇမင်းရဲ့ စကားသံ ကြားလိုက်ပေမယ့် ဣနြေ္ဒမပျက် မတ်တပ်ရပ်ရင်းပဲ ပြန်လျှောက်လိုက်ပါတယ်။
“အရှင်မင်းကြီး၊ ကျွန်တော်မျိုးကို ဘာဖြစ်လို့ လူမိုက်လို့ ခေါ်ရတာလည်း၊ ကျွန်တော်မျိုးဟာ လူနှစ်ယောက် တိုးတိုးတိတ်တိတ် တိုင်ပင်နေတဲ့ နေရာကို သုံးယောက်ဖြစ်အောင် အလိုက်ကန်းဆိုးမသိ မသွားခဲ့ဖူးပါဘူး”
ကာလီဒါသ ပညာရှိအမတ်ကြီးရဲ့ စကားကြားလိုက်တော့မှ ဘောဇမင်းလည်း ‘သြော်…ငါက တိုးတိုးတိတ်တိတ်နဲ့ လူနှစ်ယောက် တိုင်ပင်နေတဲ့နေရာကို သွားခဲ့မိတာကိုး’လို့ တွေးပြီးအဖြေကို သဘောပေါက်သွားပါတော့တယ်။
မင်္ဂလာ၊ (နောင်ရိုးဦးတိုးမြင့်၊ ရေနံချောင်းမြို့)

ဒီပုံဝတ္ထုလေး ထုတ်ပြလိုက်ရတာကတော့ လူမိုက်ဆိုတဲ့ အဓိပ္ပါယ်ကို သိစေချင်လို့ မဟုတ်ပါဘူး။ ‘လူမိုက်’ဆိုတဲ့ အဓိပ္ပါယ်ကို ဖွင့်ဖော်ပေးနိုင်တဲ့ ပညာရှိတစ်ယောက်ရဲ့ တန်ဘိုးကိုသိစေချင်လို့ပါ။
လောကမှာ ကိုယ်သိပ်သိချင်နေတဲ့ အဖြေတစ်ခုကို သိခွင့်ရလိုက်တာဟာ ဘယ်လိုမှ တန်ဘိုးမဖြတ်နိုင်တဲ့ ရလဒ်တစ်ခုပါ။ ဘောဇမင်းလည်း ကာလီဒါသ ပညာရှိအမတ်ကြီးကို အမှီပြုပြီး သိခွင့်ရလိုက်တဲ့ အဖြေဟာ ဘယ်လိုမှ တန်ဘိုးမဖြတ်နိုင်တဲ့ ရလဒ်တစ်ခုလို့ ခံစားလိုက်ရမှာတော့ အသေအချာပါ။
ပညာရှိကို မှီဝဲဆည်းကပ်ပါတဲ့။
ပညာရှိဆိုတာ ဘာလဲ?
လူမိုက်လက္ခဏာကို ပြောင်းပြန်လှန်လိုက်ရုံပါပဲ။ မြတ်စွာဘုရားက ပညာရှိဆိုတာကို ဒီလိုဖွင့်ပြထားပါတယ်။
၁။ ကောင်းတာတွေးနေတဲ့သူ။
၂။ ကောင်းတာပြောနေတဲ့သူ။
၃။ ကောင်းတာလုပ်နေတဲ့သူ။
အများကြားဖူးနေတဲ့ ပါဠိစကားနဲ့ ပြောရရင်တော့ ကာယကံ၊ ၀စီကံ၊ မနောကံကို သတိကပ်ပြီး ထိန်းသိမ်းနေတဲ့သူပါ။
အဲဒီလို လက္ခဏာသုံးပါးနဲ့ ပြည့်စုံနေတဲ့ ပညာရှိကို မှီဝဲ ဆည်းကပ်နေခြင်းဟာ ကိုယ့်အတွက် မင်္ဂလာတစ်ပါး ရှိနေတာပါပဲတဲ့။
ပညာရှိဆိုတဲ့နေရာမှာ အပြင်ပညာရှိနဲ့ အတွင်းပညာရှိဆိုပြီး နှစ်ယောက်ရှိပါတယ်။ အပြင်ပညာရှိဆိုတာကတော့ ကိုယ့်ခန္ဓာကိုယ်နဲ့ မဆက်စပ်တဲ့ ကာလီဒါသလို ပညာရှိမျိုးပါ။ အတွင်းပညာရှိဆိုတာကတော့ ပြင်ပမှာမရှိပါဘူး။ ကိုယ့်သန္တာန်မှာပဲရှိပါတယ်။ ကိုယ်ကိုယ်တိုင်က ကောင်းတာလေးတွေတွေး၊ ကောင်းတာလေးတွေပြော၊ ကောင်းတာလေးတွေ လုပ်နေမယ်ဆိုရင် ကိုယ်ကိုယ်တိုင် ပညာရှိဖြစ်နေပါတယ်။ အဲဒီလို ကိုယ်ကိုယ်တိုင် ပညာရှိလက္ခဏာနဲ့ ညီအောင်နေနေလိုက်ခြင်းဟာ အတွင်းပညာရှိကို မှီဝဲဆည်းကပ်နေတာပါပဲ။
အပြင်ပညာရှိဆိုတာ ကိုယ်နဲ့ အစဉ်သဖြင့် အတူတကွ ရှိမနေနိုင်ပါဘူး။ အတွင်းပညာရှိကတော့ ကိုယ်နဲ့အစဉ်သဖြင့် အတူတကွ ရှိနေနိုင်ပါတယ်။ ကိုယ်ကိုယ်တိုင်ပညာရှိဖြစ်အောင် တည်ဆောက်လိုက်တာက ပိုပြီးအာမခံချက်ရစေပါတယ်။
လောလောဆယ် ကိုယ့်သန္တာန်မှာ ပညာရှိလက္ခဏာ မရှိသေးရင်လည်း စိတ်ပျက်စရာမလိုပါဘူး။ ပုထုဇဉ်တွေဆိုတော့ လူမိုက်လက္ခဏာတွေ အခါအခွင့်သင့်တိုင်း ဖြစ်နေမှာပါ။ စိတ်မပျက်ပါနဲ့။ ပညာရှိဖြစ်ဖို့အတွက် တစ်ခုပဲလိုပါတယ်။ အဲဒါကတော့ ‘သတိ’ပါပဲ။
ပုထုဇဉ်ပီပီမကောင်းတာ တွေးမိပြီဆိုပါတော့။
အဲဒီမကောင်းတာတွေးနေတဲ့ စိတ်ကလေးကို သတိကပ်ပြီး သိလိုက်ဖို့ပါ။ သိလိုက်တာနဲ့ မကောင်းတာတွေးနေတဲ့ စိတ်ကလေးကို ‘မကောင်းတာတွေးနေတဲ့ စိတ်ကလေးက ဘယ်လိုလေးလဲ၊ ဘယ်လိုလေး တွေးနေတာလဲ’စသည်ဖြင့် ဖြစ်နေတဲ့စိတ်ရဲ့ သဘောလေးအထိ မိအောင် အာရုံညွတ်ပြီး “တွေးတယ်၊ တွေးတယ်”လို့ အချက်နှစ်ဆယ်လောက် မှတ်ပစ်လိုက်ပါ။
အစမှာတော့ နည်းနည်းခက်ချင်ခက်မယ်။ မှတ်ပါများလာရင်တော့ လွယ်သွားပါလိမ့်မယ်။ အဲဒီလို မှတ်ပါများလာရင် အကုသိုလ် တွေးကြောတွေ တိုတိုသွားပါလိမ့်မယ်။ တိုရာကနေလျော့၊ လျော့ရာကနေပျောက်ပြီး ပညာရှိလက္ခဏာတွေ ဆင့်ကာဆင့်ကာ ၀င်လာပါလိမ့်မယ်။
ဒီလိုပါပဲ မကောင်းတာတွေ ပြောမိလုပ်မိရင်လည်း ပြောမိ၊ လုပ်မိတာနဲ့ သိလိုက်ပြီး “ပြောတယ်၊ ပြောတယ်” “လုပ်တယ်၊ လုပ်တယ်”လို့ မှတ်ပစ်လိုက်ဖို့ပါ။
ပညာရှိလက္ခဏာ လပိုင်း နှစ်ပိုင်းမပြောနဲ့ နာရီပိုင်း မိနစ်ပိုင်းလေး ၀င်လိုက်တယ်ဆိုရင်ပဲ ကိုယ့်အတွက် ဘယ်လောက်ငြိမ်းချမ်းမှု ရလိုက်တယ်ဆိုတာ ပညာရှိလက္ခဏာဝင်ဖူးသူတိုင်း သိကြပါတယ်။ ပညာရှိလက္ခဏာ ၀င်တဲ့နေ့ဟာ ကိုယ့်အတွက် မင်္ဂလာရှိတဲ့ နေ့တစ်နေ့ပါပဲ။

Monday, June 1, 2009

မင်္ဂလာအတွေးများ(၁)

“အသေ၀နာစ ဗာလာနံ၊ ဧတံမင်္ဂလမုတ္တမံ။
လူမိုက်ကို မမှီဝဲမဆည်းကပ်ခြင်းသည်
မြတ်သောမင်္ဂလာမည်၏။
လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့၊
မမှီဝဲနဲ့ကင်းအောင်နေ။”

တစ်ခါတုန်းက ဗာရာဏသီပြည်မှာ သာမလို့ အမည်ရတဲ့ မင်းတစ်ပါး ရှိခဲ့ပါတယ်။ အဲဒီသာမမင်းမှာ အလွန်တော်တဲ့ မြင်းတစ်ကောင်လည်း ရှိပါတယ်။ အဲဒီမြင်းရဲ့အမည်က ပဏ္ဍ၀တဲ့။ မြင်းက သိပ်တော်တော့ မင်းကိုယ်တိုင်ကလည်း မင်္ဂလာမြင်းအဖြစ် သတ်မှတ်ပေးထားပါတယ်။ မင်္ဂလာမြင်းဆိုတော့ သာမန်မြင်းတွေထက် အခွင့်အရေး ပိုရပါတယ်။
တစ်နေ့တော့ ဘယ်လိုအကြောင်းကြောင့်ရယ်တော့ မသိဘူး၊ မင်္ဂလာမြင်းကို ထိန်းကျောင်းဖို့ မြင်းထိန်းတစ်ယောက်ရောက်လာပါတယ်။ မြင်းထိန်းရဲ့အမည်က ဂိရိဒတ္တတဲ့။ မင်္ဂလာမြင်းကို ထိန်းကျောင်းမယ့် ဂိရိဒတ္တဟာ မြင်းထိန်းပညာနဲ့ပတ်သက်ပြီး ဘယ်လောက်တော်တယ်၊ ဘယ်လောက်ကျွမ်းကျင်တယ်ဆိုတာ စာထဲမှာပြမထားလို့ မသိရပါဘူး။ ဒါပေမယ့် ဂိရိဒတ္တမှာ လူအများမြင်သာတဲ့ ထူးခြားချက်တစ်ခု ရှိနေပါတယ်။ အဲဒီထူးခြားချက်ကတော့ ခြေခွင်နေတာပါပဲ။
ဂိရိဒတ္တဟာ မြင်းထိန်းတစ်ယောက်ရဲ့ တာဝန်တွေဖြစ်တဲ့ မြင်းစာကျွေးတာ၊ မြင်းရေချိုးတာ၊ သန့်ရှင်းရေးလုပ်တာ စသည်ဖြင့် မြင်းတစ်ကောင်လုံးနဲ့ဆက်စပ်သမျှကို တာဝန်ကျေအောင်လုပ်ပေးပါတယ်။
မြင်းထိန်းဂိရိဒတ္တလုပ်ရတဲ့အလုပ်တွေထဲမှာ မင်္ဂလာမြင်းကို မြင်းစားကျက်သွားကျောင်းပေးရတဲ့ အလုပ်လည်း တစ်ခုပါပါတယ်။ ဒီတော့ ဂိရိဒတ္တလည်း မြင်းရဲ့နှာရှုပ်ကြိုးကိုကိုင်ပြီး ရှေ့ကနေ သွားပါတယ်။ မြင်းထိန်းဂိရိဒတ္တဟာ ခြေခွင်နေတဲ့သူဆိုတော့ လမ်းလျှောက်တဲ့အခါ ထော့နဲ့ထော့နဲ့နဲ့ပေါ့။ ဒါကို မင်္ဂလာမြင်းက သူ့ကို သင်တာပဲဆိုပြီး မြင်းထိန်းလျှောက်တဲ့အတိုင်း ထော့နဲ့ထော့နဲ့နဲ့ နောက်က လိုက်လျှောက်တယ်။ ကာလတစ်ခုလည်းကြာလာရော မင်္ဂလာမြင်းလည်း လမ်းလျှောက်တဲ့အခါ သူ့ထိန်းကျောင်းသူ မြင်းထိန်းအတိုင်း ထော့နဲ့ ထော့နဲ့ ဖြစ်သွားပါရောတဲ့။
တစ်နေ့တော့ မင်းချင်းတစ်ယောက်က မင်္ဂလာမြင်း ခြေထောက် ထော့နဲ့ထော့နဲ့ ဖြစ်နေတာကို တွေ့သွားပါတယ်။ ဒီတော့ မင်းကို မင်္ဂလာမြင်းခြေထောက်ထော့နဲ့ထော့နဲ့ဖြစ်နေတဲ့အကြောင်း သွားလျှောက်ပြပါတယ်။ မင်းကလည်း မြင်းခြေထောက်မှာ အနာတစ်ခုခု ဖြစ်လို့နေမှာပဲ ဆိုပြီး ဆေးဆရာတွေလွှတ်ပြီး ဆေးကုခိုင်းလိုက်ပါတယ်။ ဆေးဆရာတွေက မင်္ဂလာမြင်းကို ခြေထောက်မှာဘာရောဂါဖြစ်နေသလဲဆိုတာ သေချာစစ်ဆေးကြည့်ကြတယ်။ အစကတည်းက ဘာရောဂါမှ မရှိတာဆိုတော့ ဘာရောဂါမှလည်းမတွေ့ပါဘူး။ ဆေးဆရာတွေက မြင်းမှာ ဘာရောဂါမှ မရှိတဲ့အကြောင်း မင်းကိုလျှောက်ပြပါတယ်။ ဒီတော့ မင်းက ဘုရားအလောင်းပညာရှိအမတ်ကို တစ်ဖန်ထပ်ကြည့်ခိုင်းပြန်ပါတယ်။
ဘုရားလောင်းပညာရှိအမတ်ကတော့ စဉ်းစားပါပြီ။ မြင်းမှာ ဘာရောဂါမှ မရှိဘူးဆိုတော့ တခြားအာရုံဘက်ကိုတွေးပြီး ရှာပါတယ်။ နောက်ဆုံးတော့ ထော့နဲ့ထော့နဲ့နဲ့ ခြေခွင်နေတဲ့မြင်းထိန်းကို သွားတွေ့ပါတယ်။ မြင်းထိန်းကိုတွေ့လိုက်တာနဲ့ ဘုရားအလောင်းပညာရှိအမတ်က အဖြေကို ချက်ချင်းသိလိုက်ပါပြီ။ ဒါကြောင့်မင်းဆီသွားပြီး -
“ အရှင်မင်းကြီး အရှင်မင်းကြီးရဲ့ မင်္ဂလာမြင်းခြေထောက် ထော့နဲ့ထော့နဲ့နဲ့ ဖြစ်ရတာဟာ သူ့ရဲ့မြင်းထိန်း ခြေထော့နဲ့ထော့နဲ့ဖြစ်တာ ကို အတုလိုက်ပြီး ဖြစ်သွားတာပါဘုရား”
“ဒါဆို ယခင်အတိုင်း ပြန်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ”
“ဒါကလွယ်ပါတယ်ဘုရား၊ ခန္ဓာကိုယ်ကောင်းမွန်တဲ့ မြင်းထိန်းယောက်ျားတစ်ယောက်ကို မြင်းရဲ့နှာရှုပ်ကြိုးကိုကိုင်ပြီး ရှေ့ကနေ သွားခိုင်းပေးပါဘုရား၊ ဒါဆို ယခင်အကောင်းအတိုင်း ပြန်ဖြစ်သွားပါလိမ့်မည်ဘုရား”
မင်းလည်း ဘုရားအလောင်းပြောတဲ့အတိုင်း ပြုလိုက်တာ မင်္ဂလာမြင်းဟာ ယခင်အကောင်းအတိုင်း ပြန်ဖြစ်သွားပါသတဲ့။
(ငါးရာငါးဆယ်ဇာတ်ဝတ္ထု-ဂိရိဒတ္တဇာတ်)
“ဓာတ်ဆိုတာကူးဆက်တတ်တဲ့သဘောရှိတယ်” ဆိုတာ ဒီဓမ္မ ပုံဝတ္ထုလေးက အလွယ်ဆုံးနည်းနဲ့ ပြလိုက်တာပါပဲ။
ဗုဒ္ဓခေတ်ကို အာရုံပြုကြည့်လိုက်ပါ။ အရှင်သာရိပုတ္တရာက ပညာကြီးတော့ သူ့ရဲ့တပည့်တွေကလည်း ပညာကြီးကြပါတယ်။ အရှင်မောဂ္ဂလာန်က တန်ခိုးကြီးတော့ သူ့ရဲ့တပည့်တွေကလည်း တန်ခိုးကြီးကြပါတယ်။ ဒေ၀ဒတ်က အလိုဆိုးရှိတော့ သူ့ရဲ့တပည့်တွေကလည်း အလိုဆိုး ရှိကြပါတယ်။ ဒါ ဓာတ်ကူးသွားတဲ့သဘောပါ။
မျက်မှောက်ခေတ်မှာလည်း ဒီအတိုင်းပါပဲ။ ကိုယ့်ဝန်းကျင်မှာ ပညာတတ်တွေရှိနေရင် ပညာတတ်ဖြစ်သွားတတ်ပါတယ်။ ကိုယ့်ဝန်းကျင်မှာ စီးပွားရေးသမားတွေရှိနေရင် စီးပွားရေးသမား ဖြစ်သွားတတ်ပါတယ်။ ကိုယ့်ဝန်းကျင်မှာ နိုင်ငံရေးသမားတွေရှိနေရင် နိုင်ငံရေးသမား ဖြစ်သွားတတ်ပါတယ်။ ကိုယ့်ဝန်းကျင်မှာ ဂမ္ဘီရသမားတွေရှိနေရင် ဂမ္ဘီရသမား ဖြစ်သွားတတ်ပါတယ်။ ကိုယ့်ဝန်းကျင်မှာ မသမာတဲ့နည်းနဲ့စီးပွားရှာတဲ့သူတွေရှိနေရင် ကိုယ်ကိုယ်တိုင်လည်း မသမာတဲ့နည်းနဲ့ စီးပွားရှာသူ ဖြစ်သွားတတ်ပါတယ်။
ဓာတ်ဆိုတာ ကူးဆက်တတ်တဲ့သဘောရှိတယ် ဆိုပေမယ့် ဓာတ်ကောင်းနဲ့ဓာတ်ညံ့မှာ ဓာတ်ညံ့က ပိုပြီး ကူးစက်မြန်ပါတယ်။ ဒါကြောင့် ဓာတ်ညံ့ရှိတဲ့သူကို မမှီဝဲမဆည်းကပ်ခြင်းဟာ မင်္ဂလာတရားနဲ့ အညီ နေထိုင်နေတာပါပဲ။
စာမှာတိုက်ရိုက်ပြတာကတော့ လူမိုက်ကို မမှီဝဲမဆည်းကပ်ပါနဲ့တဲ့။
ဒီတော့လူမိုက်ဆိုတာဘာလဲ?
သူတစ်ပါး အသက်သတ်သူ၊ သူတစ်ပါးဥစ္စာခိုးသူ၊ သူတစ်ပါး ပစ္စည်းကို လုယက်ဓားပြတိုက်သူ စသည်ဖြင့် မြင်လိုက်ကြမှာပါ။
မြတ်စွာဘုရားကတော့ လူမိုက်ဆိုတာကို ဒီလိုဖွင့်ပြထားပါတယ်။
၁။ မကောင်းတာတွေးနေတဲ့သူ။
၂။ မကောင်းတာပြောနေတဲ့သူ။
၃။ မကောင်းတာလုပ်နေတဲ့သူ။
အဲဒီအင်္ဂါသုံးပါးနဲ့ ညီနေရင် ပစ္စည်းဥစ္စာတွေ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ ပညာတွေ ဘယ်လောက်ပဲတတ်တတ်၊ အနုပညာအရ ဘယ်လောက်ပဲအောင်မြင်မှုတွေ ရှိနေရှိနေ၊ ရာထူး အာဏာ ဂုဏ်သိန် တန်ခိုးသတ္တိတွေဘယ်လောက်ပဲ ရှိနေရှိနေ၊ မြတ်စွာဘုရားရဲ့ အလိုအရတော့ လူမိုက်ပါပဲတဲ့။
မင်္ဂလာတရားတော်နဲ့အညီ လူမိုက်လက္ခဏာတွေ ရှိနေတဲ့သူကို မမှီဝဲမဆည်းကပ်ဘဲတော့နေပါရဲ့။ ဒါပေမယ့်ကိုယ်ကိုယ်တိုင်ကတော့ မကောင်းတာတွေးနေမယ်၊ မကောင်းတာပြောနေမယ်၊ မကောင်းတာ ပြုလုပ်နေမယ်ဆိုရင်တော့ ကိုယ်ကိုယ်တိုင် လူမိုက်ဖြစ်နေပြီး တကယ့် အတွင်းလူမိုက်နဲ့ပေါင်းနေတာပါပဲ။ အမှန်တကယ်တော့ ကိုယ်ကိုယ်တိုင် လူမိုက်မဖြစ်အောင် နေတတ်ဖို့က အဓိကပါ။
ဒီတော့ ညအိပ်ရာဝင်ရင် နဖူးပေါ်လက်တင်ပြီး ဒီနေ့တစ်နေ့တာရဲ့ အတွေးအခေါ် အပြောအဆို အပြုအမူတွေကို စဉ်းစားကြည့်လိုက်ပါ။
“ငါ ဒီနေ့တစ်နေ့တာ မကောင်းတာတွေတွေးဖြစ်လား...? မကောင်းတာတွေပြောဖြစ်လား…? မကောင်းတာတွေပြုလုပ်ဖြစ်လား…?”
တကယ်လို့များ တစ်နေ့တာရဲ့အချိန်ကာလတစ်ခုမှာ မကောင်းတာ တစ်ခုခု တွေးမိပြောမိပြုမိခဲ့တယ် ဆိုရင်တော့ ကိုယ့်ကိုယ်ကို အားနာမှု ကင်းစွာနဲ့ လူမိုက်လို့ပဲ သတ်မှတ်လိုက်ပါတော့။ ။

Sunday, May 3, 2009

မုသားဝါဒကံ

ငါးပါးသီလကို သာမာန်ပုထုစဉ် လူသားများအတွက် စောင့်စည်း လိုက်နာအပ်သည့် အခြေခံသီလအဖြစ် ဗုဒ္ဓမြတ်စွာဘုရားက ဟောကြားခဲ့ပါသည်။ ငါးပါးသီလသည် သူ့အသက်သတ်ခြင်း၊ ခိုးဆိုးလုယက်ခြင်း၊ သူတပါးသားမယားနှင့် ကာယကံမြှေက် ကျူးလွန်ဖေါက်ပြန်ခြင်း၊ လိမ်လည်လှည့်ဖြားခြင်းနှင့် အရက်သေစာနှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်း ဟူသည့် ကံငါးပါးအား မကျူးလွန်ကြရန် တားမြစ်ထားခြင်း ဖြစ်ပါသည်။ ရတနာသုံးပါးကို ယုံကြည်ပြီး ထိုကံငါးပါးကို စောင့်ထိန်း သူများသည် မိမိကိုယ်တိုင် စိတ်နှလုံးငြိမ်းချမ်းခြင်း၊ တပါးသူအား မေတ္တာ၊ သနား ဂရုဏာထားကာ ကူညီဖေးမတတ်ခြင်း တို့ကြောင့် လက်ရှိဘ၀တွင် သောကကင်းဝေးသူများ ဖြစ်သလို တမလွန်ဘ၀များတွင်လည်း ၎င်းတို့၏ ကောင်းသောကံအကျိုးကို သယ်ဆောင်သွားကြမည့် သူများဖြစ်သည်ကို ဗုဒ္ဓဘာသာဝင်တိုင်း သိပြီးသားပင် ဖြစ်ပါသည်။

သို့သော်လည်း ယနေ့ကာလတွင် သီလငါးပါးကို လုံခြုံသူသည် စိန်၊ ရွှေ၊ ရတနာများ ထက်ပင် ရှားပါးလွန်းလှသည်ကို တွေ့ရပေမည်။ ငါးပါးသီလ၌ မည်သည့် ကံက ပို၍အရေးကြီးသနည်း၊ မည်သည့်ကံက ပို၍ အပြစ်ကြီးသနည်းဟု မေးသော် အားလုံးအတူတူ ဖြစ်သည်ဟု သတ်မှတ်ရမည် ဖြစ်သည်။ ကျူးလွန်လိုသော ဆန္ဒ၊ စေ့ဆော်ချက် စေတသိတ်နှင့် သက်ရောက်မှုပေါ်တွင် အခြေခံပြီး မည်သည့်ကံကို ကျူးလွန်သည်ဖြစ်စေ အပြစ်ရှိသည်မှာ အတူတူပင် ဖြစ်သောကြောင့် ကံငါးပါးစလုံးကို မကျူးလွန်မိစေရန် အထူး ရှောင်ရှားအပ်ပေသည်။

ကံငါးပါးကို ကျူးလွန်ရာ၌ နေ့စဉ်ဘ၀များကို လေ့လာကြည့်ပါက သီလငါးပါး၌ ခလေး၊ လူကြီး အရွယ်မရွေး၊ လူမျိုးမရွေး၊ ကျားမမရွေး ကျူးလွန်နေသည့် ကျူးလွန်မှု အများဆုံး သီလမှာ မုသားဝါဒကံ ဖြစ်သည်ကို တွေ့ရပေမည်။ ထိုကျူးလွန်မှုသည် ဘာသာခြားများအတွက် အလေးအနက်ထားစရာ မဟုတ်သော်လည်း ဗုဒ္ဓဘာသာဝင်များ အနေဖြင့် အလေးအနက်ထားပြီး ပြုပြင်သင့်ပါသည်။ မုသားဝါဒကံကို ကျူးလွန်ခြင်းသည် တခြားကံကို ကျူးလွန်ခြင်းလောက် အပြစ်မကြီးဟု မြန်မာလူမျိုးအများစု ယူဆထားပုံရပါသည်။ အမှန်စင်စစ် မုသားဝါဒကံသည် ကျူးလွန်ရာ၌ လွယ်ကူသလောက် အပြစ်ကြီးသည်ကို တွေ့ရပေသည်။ လိမ်သည်ဆိုသည်မှာ နုတ်ဖြင့်တိုက်ရိုက်ပြောခြင်း၊ စာနှင့်ရေး၍ပြောခြင်း၊ အမူအရာဖြင့် ပြောခြင်း အားလုံးနှင့် အကျုံးဝင်ပါသည်။ လိမ်သောသူသည် မည်သည့်အခါမှ ဘ၀လုံခြုံမှုကို အပြည့်အ၀ခံစားရမည် မဟုတ်ပါ။ လူသားအချင်းချင်း ဆက်ဆံရာ၌ လိမ်ခြင်းကြောင့် ရရှိသော ဒိဋ္ဌဓမ္မမှာ မိမိလိမ်သည်ကို မိမိကိုယ်တိုင် သိနေသောကြောင့် မိမိကိုယ်မိမိ ယုံကြည်မှု ကင်းမဲ့ခြင်း၊ ကိုယ့်လိပ်ပြာ ကိုယ်မလုံသလို တခြားသူများ အပေါ်တွင်လည်း အမြဲတမ်း သံသယ ရှိနေခြင်း၊ မိမိ အလိမ်ခံရမည်ကို အမြဲတမ်း စိုးရိမ်နေရခြင်းနှင့် မိမိကိုယ်မိမိ လုံခြုံမှုမရှိဟု ခံစားရခြင်း စသည့် မရေတွက်နိုင်သော အကျိုးဆက်များကို လက်ရှိကာလတွင် ခံစားရမည်ဖြစ်သည်။ လိမ်ထားသော ကံ၏အကျိုးသည် မိမိနှင့်အတူ တောက်ရှောက် လိုက်ပါနေမည် ဖြစ်သောကြောင့် တမလွန်ဘ၀ ရောက်လျင်လည်း ငရဲသို့ရောက်မည်ဖြစ်ပြီး ငရဲသားအဖြစ် ခံစားရဦးမည်ဖြစ်သည်။

မုသားဝါဒကံ ကျူးလွန်ခြင်းကြောင့် ငရဲရောက်လာသော ”ငရဲသားအား ငရဲထိန်းတို့သည် ထန်းပင်လုံးပမာရှိသော မီးသျှံတောက်နေသော ငါးမျှားချိတ်ဖြင့် လျှာကိုဖေါက်၍ ဆွဲငင်ကြကုန်၏၊ ငရဲသားတို့သည် မီးသျှံတောက်နေသော သံမြေပြင်ပေါ်၌ နေပူလှန်းသောအခါ သံမြေပြင်ပေါ်၌ ဆွဲငင်ကြကုန်ပြီး လဲကြကြကုန်၏။ ထိုအခါ သားရေကျက်၍ နေပူလှန်းသောအခါ သားရေကို ပတ်ပတ်လည်က စို့တံကျင်များစွာ ရိုက်နှက်သလဲ့သို့ ထိုငရဲသားကို စို့တံကျင်များစွာဖြင့် ရိုက်နှက်ကြလေသည်။ ငရဲသားသည် အော်ကာ ဟစ်ကာခံရင်းပင် ပါးစပ်မှလည်း တံတွေးတွေကို တပြစ်ပြစ် ထွေးထုတ်ရလေသည်။” (တက္ကသိုလ် အသျှင်သီရိ၏ ငရဲဟူသည် စာအုပ်တွင် တွင် စာမျက်နှာ ၈၆-၈၇ ၌ ဖေါ်ပြထားသည်ကို တိုက်ရိုက်ကူးယူ ဖေါ်ပြပါသည်)။ ငရဲမှာ ငရဲသက်တမ်းကုန်ပြီးနောက် တခြားဘ၀များတွင် ကျင်လည်ပြီး တချိန်ချိန်၌ လူ့ဘ၀ကို ပြန်ရောက်သည့် အခါတွင်လည်း ထိုလိမ်ခဲ့သော ကံအကျိုးတရားသည် မကုန်ဆုံးသေးပဲ စကားမပြောနိုင်အောင် ဆွံ့အခြင်း၊ စကားမပီခြင်း၊ စကားထစ်ခြင်း၊ ပါးစပ်နံခြင်း သွားများ မညီမညာထွက်ခြင်း စသည့် အကျိုးတရားများကို ဆက်လက်၍ ခံစားရဦးမည်ဖြစ်သည်။

အထက်ပါ သာဓကကို ကြည့်ခြင်းအားဖြင့် မျက်မှောက်ကာလတွင် လူသားများသည် အချင်းချင်း အထူးသဖြင့် ဗုဒ္ဓဘာသာဝင်များ ဖြစ်လျက် မဖြစ်စလောက်သော အကျိုးကျေးဇူးအတွက် မုသားမပါ လင်္ကာမချော ဟူသည့် စကားပုံကို အကြောင်းပြု၍ လိမ်ညာခြင်းကို တင်စားအသုံးပြု နေကြသည်မှာ ကြောက်စရာ ကောင်းလှပါသည်။ လိမ်ညာခြင်းကို မည်သည့်အကြောင်းပြချက်နှင့် မည်သို့ပင် စာဖွဲ့၍ တင်စားစေကာမူ အနှစ်သာရမှာ လိမ်သည်ပင်ဖြစ်သည်။ လူလူချင်း ဆက်ဆံရေးတွင် လိမ်လည်မှုကို လှပအောင် တနည်းနည်းဖြင့် ဖုံးကွယ်ပြီး အသုံးပြုသော်လည်း တနေ့အကျိုးပေးရန် မိမိနောက်မှ အရိပ်လို လိုက်နေသော မုသားဝါဒကံကြောင့် ရရှိသော အပြစ်များကိုမူ မည်သည့်နည်းနှင့်မှ ဖုံးကွယ်၍ ရနိုင်မည် မဟုတ်သည်ကို သတိပြုသင့်ပါသည်။

လိမ်ခြင်းနှင့် ပတ်သက်၍ ဘုရားလောင်း၏ ဇာတ်နိပါတ်များကို လေ့လာကြည့်ပါက ဘုရားလောင်းသည် ဘုရားမဖြစ်ခင် ဘ၀ပေါင်းမြောက်များစွာကို ပုထုစဉ် လူ၊ နတ်၊ တိရိစ္ဆာန်များအဖြစ် ဖြတ်သန်းခဲ့ရာ၌ ကံငါးပါးအနက် တခြားကံလေးပါးကိုသာ ကျူးလွန်ခဲ့ဖူးပြီး မုသားဝါဒကံကို ဘ၀အဆက်ဆက်တွင် တခါမှ မကျူးလွန်ခဲ့ဟု လေ့လာသိရှိ ရပါသည်။ အဘယ်ကြောင့်ဆိုသော် မုသားဝါဒကံကို ကျူးလွန်ခြင်းသည် အမှန်တရားကို ဆန့်ကျင်ဘက် လုပ်လိုက်ခြင်း ဖြစ်၍ သစ္စာတရားနှင့် လွဲချော်နေတော့မည် ဖြစ်သည်။ အကယ်၍ မြတ်စွာဘုရားလောင်းသည် ဘ၀တခုခုမှာ မုသားဝါဒကို ကျူးလွန်မိပါက သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားဝေဖန် သုံးသပ်နိုင်ပြီး အလုံးစုံကို သိတော်မူသည့် ဗုဒ္ဓအဖြစ်ကို ရရှိခဲ့မည် မဟုတ်သည်မှာ သေချာလောက်ပါသည်။ ဤသာဓကကို ကြည့်ခြင်းအားဖြင့် လိမ်လည်သူများသည် မည်သည့်အခါမှ အမှန်တရားနှင့် ကြုံတွေ့ခွင့် ရနိုင်မည်မဟုတ်သလို သူတော်ကောင်း တရားများနှင့်လည်း လွဲချော်၍ နေကြမည်သာ ဖြစ်သည်။

လိမ်ခြင်းကို ပြုပြင်နိုင်ပါက တခြားကံငါးပါးကို လိုက်နာရန် ခက်တော့မည်မဟုတ်ပါ။ လိမ်ခြင်းကို အကျင့်ရကာ ယဉ်ပါးနေကြပြီး ထမင်းစားရေသောက် အလုပ်နှင့် လူလူချင်း နေ့စဉ်ဘ၀ ဆက်ခံရေးမှာ မပါမနေရ ဖြစ်နေသည့် အခြေအနေကို လူတိုင်းလူတိုင်း ပြုပြင်သင့်ပါသည်။ လိမ်ခြင်းကို အကျင့်ပါနေသောကြောင့် ရှောင်အပ်သည့် စောင့်စည်းလိုက်နာစရာ သီလတခုအဖြစ် သတ်မှတ်ရန် မေ့လျော့နေကြပြီး နေ့စဉ်ဘ၀မှာ ပြုမူကျင့်ကြံရမည့် ပုံမှန် အမူအကျင့် တခုလို ဖြစ်နေပြီး မလိမ်သူ အနည်းစုက ပုံမှန်မဟုတ်သူများ အဖြစ် ရောက်နေသည့် အခြေအနေကို ဗုဒ္ဓဘာသာ မြန်မာလူမှု အသိုင်းအ၀ိုင်းတွင် အမြန်ဆုံးပြုပြင်သင့်ပါသည်။ လူလူချင်း လိမ်လည် လှည့်ဖြားခြင်း ကင်းဝေးကြပါစေ။ ။

Monday, April 27, 2009

အဟောင်းစိစစ် အသစ်ရှာဖွေ


နွားမတစ်ယောက်သည် မိမိ ကျက်စားနေကျ စားကျက်နယ်မြေမှ လွန်၍ အခြား စားကျက်နယ်မြေသို့ ကူးသွား၏။ "ငါသည် မရောက်ဖူး သေးသော နေရာသို့ ရောက်ရပါမူ ကောင်းလေစွ၊ မစားဖူး သေးသော မြက်များကို စားရမူ ကောင်းလေစွ၊ မသောက်ဖူး သေးသော ရေအိုင် ရေကန်တို့၌ သောက်ရပါမူ ကောင်းလေစွ" ဟူ၍ နွားမ စိတ်ကူး ကြံစည်မိ၏။ ထိုနွားမသည် နယ်မြေကို မကျွမ်းကျင်၊ ခရီးလမ်း ကိုလည်း မကျွမ်းကျင်ပေ။

ချိုင့်ဝှမ်း ကုန်းမြင့် မညီညွတ်သည့် အရပ်၌ ရှေ့ခြေနှစ်ချောင်းကို မည်သို့ အခိုင်အမာ စွဲမြဲ၍ နောက်ခြေ နှစ်ချောင်းကို မည်သို့ လှမ်းကြွ ရမည်ဟူသော ဒေသအလိုက် သွားလာမှုကိုလည်း ထိုနွားမ မသိတတ်။ ထို့ကြောင့် ထိုနွားမသည် စားကျက်သစ် နယ်မြေသို့လည်း မရောက်နိုင်။ စားကျက်ဟောင်း နယ်မြေသို့လည်း ပြန်မရောက်နိုင်။ မျက်စိလည် လမ်းမှားကာ ဆင်းရဲ ပင်ပန်းရလေ၏။

ဤလောက၌ အချို့သော သူတို့သည် မိမိရရှိ ထားပြီးဖြစ်သော ကောင်းကျိုး ချမ်းသာထက် ပိုလွန်၍ တစ်ဆင့်တက်ကာ အလိုရှိ၏။ ထိုသူတို့သည် ရရှိထားပြီး ဖြစ်သော လက်ရှိ အခြေအနေနှင့် ကောင်းကျိုးချမ်းသာကို မယိုယွင်းစေဘဲ ခိုင်မြဲအောင် ဆောက်တည် ထိန်းသိမ်းနိုင်စွမ်း မရှိငြားအံ့၊ လက်ရှိထက် တစ်ဆင့် ပိုလွန်သော ကောင်းကျိုးချမ်းသာကို ရရှိနိုင်ကြောင်း နည်းလမ်း ကောင်းကိုလည်း သိမြင်ကျွမ်းကျင်မှု မရှိငြားအံ့။ ထိုသူတို့၏ အလိုဆန္ဒသည် ပျက်စီးရပေလိမ့်မည်။ ကောင်းကျိုးချမ်းသာ အသစ်ကိုလည်း ရမည်မဟုတ်။ ကောင်းကျိုးချမ်းသာ အဟောင်း သည်လည်း ယိုယွင်း ဆုတ်ယုတ်မည်သာ ဖြစ်၏။

( န၀ကနိပါတ်၊ မဟာဝဂ်၊ ဂါဝီဥပမာသုတ် )

Saturday, April 11, 2009

သာသနာ နှင့် အဆုံးအမ


ဘာသာရေးရှုထောင့်က ကြည့်လိုက်လျှင် ဗုဒ္ဓ၏ " အဆုံးအမ " မှန်သမျှကို " သာသနာ " ဟု ခေါ်ကြသည်။ သာသနာသည် ပရိယတ္တိ သာသနာ၊ ပဋိပတ္တိ သာသနာ၊ ပဋိဝေဓ သာသနာ ဟူ၍ လည်းကောင်း၊ သီလ သာသနာ၊ သမာဓိ သာသနာ၊ ပညာ သာသနာ ဟူ၍လည်းကောင်း အသီးသီး ခေါ်ကြ ပါသည်။

ဗုဒ္ဓ၏ အဆုံးအမ မှန်သမျှသည် နိဗ္ဗာန်ရောက်ကြောင်း ကောင်းမြတ်သော အဆုံးအမ ခြည်းသာဖြစ်ကြသည်။ " သာသနာ " ၏ အနက်အဓိပ္ပာယ် အပြည့်အစုံကို " နေတ္တိအဋ္ဌကထာ " တွင် " ဒိဋ္ဌဓမ္မိက သမ္ပရာယိက ယထာရဟံ သတ္တေ သာသတိ ၀ိနေတိ ဧတေနာတိ သာသနံ " ဟူ၍ ဖွင့်ပြထားသည်ကို တွေ့ရသည်။

အနက်အဓိပ္ပာယ်မှာ ..
" မျက်မှောက် အကျိုးစီးပွား၊ တမလွန် အကျိုးစီးပွား နှင့် ဘ၀သံသရာ မှ လွတ်မြောက်စေသော လောကုတ္တရာ အကျိုးစီးပွား တို့နှင့် ထိုက်သည့် အားလျော်စွာ သတ္တ၀ါတို့ကို ဆုံးမကြောင်း တရားစကား မှန်သမျှကို သာသနာ " ဟုခေါ်ကြောင်း တွေ့ရပါသည်။

ထို့ကြောင့် " သာသနာ " ဟူသော ပါဠိဝေါဟာရကို လေ့လာ သုံးသပ်ကြည့်ပါလျှင် သတ္တ၀ါဝေနေယျတို့ အတွက် မျက်မှောက် အကျိုးစီးပွား တမလွန် အကျိုးစီးပွား သာမက ဘ၀သံသရာမှ လွတ်မြောက်ကြောင်း လောကုတ္တရာ အကျိုးစီးပွားကိုလည်း ပေးစွမ်းနိုင်ကြောင်း တွေ့ရပါမည်။ အဆိုပါ အကျိုးစီးပွားများ ကင်းဆိတ်ခဲ့ပါလျှင် " သာသနာ " ဟူသော ဝေါဟာရကို မည်သည့် ဘာသာကပဲ ယူသုံးယူသုံး အဓိပ္ပာယ် လေးနက်မှု မရှိနိုင်ချေ။ အလွယ်တကူ ချေးငှားယူထားသော စကားလုံးဟုသာ ဆိုထိုက်တော့သည်။

Saturday, April 4, 2009

ကိုးပါးဂုဏ်တော်ရှိပူဇော်၍

အရဟံ

  • လူနတ်ဗြဟ္မာ ၊ သတ္တ၀ါတို့
  • ထူးစွာအများ ၊ ပူဇော်ထားအပ်
  • တရားမြတ်ကြောင့်
  • အရဟံ မည်ထိုက်ပါပေသည်။
သမ္မာသဗ္ဗုဒ္ဓေါ
  • လုံးစုံအကြောင်း ၊ တရားပေါင်း၏
  • အကြွင်းမရှိ ၊ သိတော်မူကြောင်း
  • အကြောင်းကြောင့်ပင်
  • သမ္မာသမ္ဗုဒ္ဓေါ မည်ထိုက်ပါပေသည်။
ဝိဇ္ဇာစရဏ သမ္ပန္နော
  • ၀ိဇ္ဇာသုံးပါး ၊ ရှစ်ပါးဝိဇ္ဇာ
  • စရဏာတစ်ဆယ့်ငါး
  • ပြည့်စုံငြားကြောင့်
  • ၀ိဇ္ဇာစရဏ သမ္ပန္နော
  • မည်ထိုက်ပါပေသည်။
သုဂတော
  • ကောင်းသောစကား ၊ ဆိုအပ်ငြားသည့်
  • ဘုရားစင်စစ် ၊ ဖြစ်ခြင်းကြောင့်ပင်
  • သုဂတော မည်ထိုက်ပါပေသည်။
လောက၀ိဒူ
  • သတ္တလောက ၊ သင်္ခါရနှင့်
  • သြကာသလောက ၊ သုံးပါးမကကို
  • ဖွင့်ဆိုရှင်းပြ ၊ သိနေမှုကြောင့်
  • လောက၀ိဒူ မည်ထိုက်ပါပေသည်။
အနုတ္တရောပုရိဿဓမ္မသာရထိ
  • လူနတ်ဗြဟ္မာ ၊ သတ္တ၀ါအရေး
  • ယဉ်ကျေးစေတတ် ၊ ဂုဏ်ထူးမြတ်ကြောင့်
  • အနုတ္တရောပုရိဿဓမ္မသာရတ္ထိ
  • မည်ထိုက်ပါပေ၏
သတ္တာဒေ၀မနုဿာနံ
  • လူနတ်ဗြဟ္မာ သတ္တ၀ါတို့၏
  • ဆရာဖြစ်ဘိမူ ၊ အကြောင်းတူစွာ
  • သတ္တာဒေ၀မနုဿာနံ
  • မည်ထိုက်ပါပေ၏
ဗုဒ္ဓေါ
  • သစ္စာလေးပါး ၊ မြတ်တရားသိ
  • အကြောင်းငြိ၍
  • ဗုဒ္ဓေါ မည်ထိုက်ပါပေ၏
ဘဂ၀ါ
  • ဘုန်းတော်အနန္တ ၊ ဥာဏ်တော်အနန္တ
  • ရှိခြင်းကပင်လျှင် ၊ ရှင်ပင်မြတ်မဟာ
  • ဘဂ၀ါ မည်ထိုက်ပါပေ သည်တကား
  • ဘဂ၀ါ ရှိခိုးချီထိက်ပါပေ သည်တကား
  • ဘဂ၀ါ ရိုကျိုးပူဇော်ထိုက် ပါပေ သည်တကား ။ ။
( မင်းနရိန္ဒာ )

Posts

Followers

Labels

Comments