ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog

Tuesday, April 22, 2008

နာယကဂုဏ် (၆)ပါး

နာယကဂုဏ် (၆)ပါး

၁။ ထကြွ
၂။ နိုးကြား
၃။ သနား
၎။ သည်းခံ
၅။ ဝေဖန်
၆။ ထောက်ရှု ဤခြောက်ခု ကြီးသူနာယက ။

အနာယကဂုဏ် (၆)ပါး

အနာယကဂုဏ်(၆)ပါး

၁။ ဂဏန်း = လက်မထောင်ခြင်း
၂။ ပုတ်သင် = ပြောသမျှခေါင်းငြိမ့်ခြင်း
၃။ ၀ါးပင် = လေသင့်ရာယိမ်းတတ်ခြင်း
၎။ လိပ်မျိုး = မိမိဘက်သို့ယက်တတ်ခြင်း
၅။ နွားသိုး = ရှူးရှူးဒိုင်းဒိုင်းလုပ်တတ်ခြင်း
၆။ ခွေးအ = ကောက်ကျစ်ခြင်း ဤခြောက်ဝ မှတ်ပါ အနာယက ။

ဝေဒနာ ပျက်ပြယ်ခြင်း

ဝေဒနာ ပျက်ပြယ်ခြင်း


အိုးဖုတ်သောဖိုမှ ရဲရဲပူလျက်ရှိသော အိုးကိုထုတ်ယူ၍ မြေပြင်၌ ချထားသည်ရှိသော် အပူဓာတ်သည် တဖြည်းဖြည်းကုန်သည်။ ထိုအိုးသည် ထိုနေရာ၌ပင်လျှင် တည်ရှိနေသော်လည်း အပူဓာတ်ကား မရှိတော့ပေ။ ငြိမ်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။

မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် တည်းဟူသော ငါးဒွါရတို့ဖြင့် ထိတွေ့ ခံစားရသော သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာ တို့သည် ကိုယ်ခန္ဓာ ပျက်စီးသည်ရှိသော် ငြိမ်းပျောက်ကုန်သည်။ ခန္ဓာကိုယ်ကြီးသည်သာ ကြွင်းကျန်ရစ်ခဲ့လေသည်။

(နိဒါန၀ဂ္ဂ၊ နိဒါနသံယုတ်၊ ဒုက္ခ၀ဂ်၊ ပရိဝီမံသနသုတ်)

မသိ၍ပြေးသွားရခြင်း

မသိ၍ ပြေးသွားရခြင်း


ကောင်းကင်ထက်သို့ ပစ်လွှင့်လိုက်သော တုတ်ချောင်းသည် တစ်ခါတစ်ရံ အရင်းဘက်ဖြင့် မြေသို့ကျသည်။ တစ်ခါတစ်ရံ အဖျားဘက်ဖြင့် မြေသို့ကျလေသည်။ အကြိမ်ကြိမ် ပစ်လွှင့်သော် အခါခါ ကျရောက်ရပေသည်။

အ၀ိဇ္ဇာ တဏှာ ပိတ်ဆို့နှောင်ဖွဲ့သဖြင့် ပြေးလွှား ကျင်လည်ရကုန်သော သတ္တ၀ါတို့သည် တစ်ခါတစ်ရံ ဤလောကမှ တမလွန်ဘ၀သို့ ရောက်ရလေသည်။ တစ်ခါတစ်ရံ တမလွန်ဘ၀မှ ဤလောကသို့ ရောက်ရလေသည်။

ဤသို့ဖြစ်လျှင် သတ္တ၀ါတို့သည် ကျင်လည်ပြေးလွှား နေကြရခြင်း ကား အဘယ့်ကြောင့်နည်း။

ဆင်းရဲခြင်း ဒုက္ခ၊ ဆင်းရဲကြောင်း သမုဒယ၊ ဆင်းရဲကင်းရာ နိရောဓ၊ ဆင်းရဲကင်းရာသို့ ရောက်ကြောင်း မဂ္ဂ တို့ကို ဟုတ်တိုင်းမှန်စွာ မသိမမြင်သေးသော ကြောင့်ပင်တည်း . . . ။

(မဟာဝဂ္ဂ၊ သစ္စသံယုတ်၊ သီသပါဝန၀ဂ်၊ ဒဏ္ဍသုတ်)

Monday, April 21, 2008

မြွေဖမ်းတတ်ရဲ့လား

မြွေဖမ်းသမားနှစ်ဦးရှိလေသည်။

ပထမမြွေဖမ်းသမားသည် မြွေရှာရန် တောသို့ထွက်ခဲ့ရာ ကြီးမားလှသော မြွေတစ်ကောင်ကိုတွေ့သည်။ သူသည် ထိုမြွေ၏ အမြီးနှင့် ကိုယ်ကိုဖိ၍ ဖမ်းလေသည်။ ထိုအခါ မြွေသည် နောက်သို့လှည့်ကာ မြွေဖမ်းသမား၏ လက်ကိုကိုက်လိုက်လေသည်။ မြွေဖမ်းပုံ နည်းစနစ်မမှန်ကန်သောကြောင့် မြွေအကိုက်ခံရခြင်းဖြစ်လေသည်။

ဒုတိယမြွေဖမ်းသမားကား မြွေကိုတွေ့လျှင် ဆိတ်ခွာသဏ္ဍာန် တပ်ဆင်ထားသော တုတ်ချောင်းဖြင့် မြွေ၏ကုတ်ဆက်ကို ပိုင်နိုင်စွာ ဖိညှပ်သည်။ ထို့နောက် လက်တစ်ဖက်ဖြင့် မြွေ၏လည်ပင်းကို ကောင်းစွာ ဆုပ်ကိုင်၍ ဖမ်းယူလေသည်။ ထိုသူသည် မြွေအကိုက် မခံရပေ။ အလိုရှိသည့်မြွေကိုလည်း ကောင်းစွာရရှိလေသည်။ မြွေဖမ်းပုံနည်းစနစ် မှန်ကန်သောကြောင့်ဖြစ်သည်။

ဤလောက၌ အချို့သော စာပေသင်ကြားသူတို့သည် သူတစ်ပါးအား အနိုင်ယူ ပြောဆိုရန်အလို့ငှာ၊ ချုပ်ချယ်ရန်အလို့ငှာ သင်ယူကြသည်။ သဒ္ဒါကိုလည်းကောင်း၊ အနက်ကိုလည်းကောင်း ပညာဖြင့် ကောင်းစွာ ဆင်ခြင်သုံးသပ်ခြင်းမရှိပေ။ ထို့ကြောင့် ဆိုလိုရင်း အဓိပ္ပာယ်ကို ရေရေ လည်လည် မသိမမြင်ကြပေ။ ထို့ကြောင့်လည်း အယူအဆ၊ အသိအမြင် လွဲမှားကာ ပြုလုပ်ကျင့်သုံးမှုများ လွဲမှားကြရသည်။
ပထမမြွေဖမ်းသမားကဲ့သို့ မလိုအပ်သော ဘေးအန္တရာယ် ဆင်းရဲခြင်း နှင့် ကြုံတွေ့ရသူများပင်ဖြစ်သည်။

အချို့သောသူများမှာမူ စာပေသင်ကြားရာ၌ သူတစ်ပါးအား အနိုင်ယူ ပြောဆိုရန်အလို့ငှာ၊ ချုပ်ချယ်ရန်အလို့ငှာ မသင်ကြားပေ။ မဂ်ဖိုလ် နိဗ္ဗာန်အလို့ငှာ သင်ကြားကြလေသည်။ သဒ္ဒါကိုလည်းကောင်း၊ အနက် ကိုလည်းကောင်း ပညာဖြင့် ကောင်းစွာ ဆင်ခြင်သုံးသပ်ကြလေသည်။ ထို့ကြောင့် ဆိုလိုရင်း အဓိပ္ပာယ်သဘောကို ရေရေလည်လည် သိမြင် ကြလေသည်။ ထို့ကြောင့်လည်း အယူအဆ အသိအမြင်မှန်ကန်ကာ ပြုလုပ်ကျင့်သုံးမှု၌ တည့်မတ်မှန်ကန်ကြသည်။
ဒုတိယမြွေဖမ်းသမားကဲ့သို့ မလိုလားအပ်သော ဘေးအန္တရာယ် ဆင်းရဲမှ ကင်းလွတ်ကြရသူများဖြစ်သည်။
(မူလပဏ္ဏာသပါဠိတော်၊ သြပမ္မ၀ဂ်၊ အလဂဒ္ဒူပမသုတ်)

ကမ္ဘာတည်သစ်ပင်ကြီး (၇)ပင်

၁။ အရှေ့ကျွန်း၌ ကုက္ကိုပင်။
၂။ တောင်ကွန်း၌ သပြေပင်။
၃။ အနောက်ကျွန်း၌ ထိန်ပင်။
၎။ မြောက်ကျွန်း၌ ပဒေသာပင်။
၅။ တာဝတိံသာနတ်ပြည်၌ ပင်လယ်ကသစ်ပင်။
၆။ အသူရာပြည်၌ သခွပ်ပင်။
၇။ ဂဠုန်ပြည်၌ လက်ပံပင်။ ။

လောကဓံတရား (၈)ပါး

၁။ လာဘော = ပစ္စည်းဥစ္စာပေါများခြင်း ။
၂။ အလာဘော = ပစ္စည်းဥစ္စာနည်းပါးခြင်း ။
၃။ ယသော = အခြွေအရံများခြင်း ။
၎။ အယသော = အခြွေအရံနည်းခြင်း ။
၅။ နိန္ဒာ = ချီးမြှောက်ခံရခြင်း ။
၆။ ပသံသ = ကဲ့ရဲ့ခံရခြင်း ။
၇။ သုခံ = ချမ်းသာခြင်း ။
၈။ ဒုက္ခံ = ဆင်းရဲခြင်း ။

Sunday, April 20, 2008

ထာဝရအကျိုးဖြစ်ထွန်းစေသော အလှူ(၆)မျိုး

၁။ သစ်သီးအရန်၊ ပန်းအရန်န်စိုက်ပျိုးလှူဒါန်းခြင်း။
၂။ အရိပ်ကောင်းသစ်ပင် စိုက်ပျိုးလှူဒါန်းခြင်း။
၃။ တံတားခင်းလှူဒါန်းခြင်း။
၎။ ရေအိုးစင် လှူဒါန်းခြင်း။
၅။ ရေတွင်း၊ ရေကန် လှူဒါန်းခြင်း။
၆။ ဂူ၊ ကျောင်း၊ ပြဿဒ်၊ ဇရပ်၊ တန်ဆောင်း လှူဒါန်းခြင်း။

အရပ် (၆) ပါး

၁။ အမိအဖတို့ကို အရှေ့အရပ်ဟုသိရ၏။
၂။ ဆရာသမားတို့ကို တောင်အရပ်ဟုသိရ၏။
၃။ သားမယားတို့ကို အနောက်အရပ်ဟုသိရ၏။
၎။ အဆွေခင်ပွန်းတို့ကို မြောက်အရပ်။
၅။ အလုပ်သမားတို့ကို အောက်အရပ်။
၆။ ရဟန်းသာမဏေတို့ကို အထက်အရပ်။

သည်းခံခြင်း အကျိုး(၅)ပါး

၁။ လူများချစ်ခြင်း။
၂။ ရန်ငြိမ်းခြင်း။
၃။ အပြစ်နည်းခြင်း။
၎။ မတွေဝေသေရခြင်း။
၅။ သုဂတိဘ၀သို့ လားရခြင်း။

သီလရှိသူ ရနိုင်သော အကျိုး(၅)ပါး

၁။ စည်းစိမ်ဥစ္စာ
၂။ ဂုဏ်သတင်းကျော်ကြားနိုင်သည်။
၃။ တင့်တင့်တယ်တယ် နေနိုင်သည်။
၎။ မတွေဝေဘဲ သေရမည်။
၅။ သေပြီးနောက် ကောင်းသောဘ၀ ရောက်နိုင်သည်။

လူသတ္တ၀ါများ ရနိုင်ခဲသော လိုချင်စရာ (၅)မျိုး

၁။ ကျန်းကျန်းမာမာ အသက်ရှည်ရှည်နေလိုသည်။
၂။ ရုပ်ဆင်းရူပကာ လှပချင်သည်။
၃။ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာစွာ နေလိုသည်။
၎။ သိုင်းသိုင်းဝိုင်းဝိုင်း နေလိုသည်။
၅။ စည်းစိမ်ဥစ္စာ ခံစားလိုသည်။

သင်္ဂါယနာတင်ပွဲများ



သင်္ဂါယနာတင်ပွဲများ


သင်္ဂါယနာတင်ခြင်းဆိုသည်မှာ ကောင်းစွာစုပေါင်းရွတ်ဆိုခြင်းကို ဆိုလိုသည်။ ဘုရားရှင် ဟောကြားတော်မူခဲ့သည့် ပိဋကတ်ဓမ္မက္ခန္ဓာ ရှစ်သောင်းလေး ထောင်တို့ကို မချွတ်မယွင်း မတိမ်းမစောင်းစေဘဲ တိကျမှန်ကန်စွာ အရှည် တည်တံ့အောင် စည်းဝေးညှိနှိုင်း အမေးအဖြေ ပြုလုပ်ခြင်းဖြင့် အတည်ပြု ပြီးလျှင် ရဟန်းတော်များစုပေါင်း၍ ရွတ်ဆိုကြခြင်းကို သင်္ဂါယနာတင်သည်ဟု ခေါ်သည်။ သာသနာသက္ကရာဇ် ၂၅၀၀ အတွင်း သင်္ဂါယနာ ခြောက်ကြိမ် တင်ခဲ့ပြီး ဖြစ်သည်။



ပထမသင်္ဂါယနာ


မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့် အင်္ဂါနေ့တွင် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက်၊ ထိုနှစ် ၀ါခေါင်လပြည့်ကျော်(၁)ရက်နေ့မှ တပေါင်းလပြည့်နေ့အထိ ခုနစ်လ တိုင်၊ အိန္ဒိယနိုင်ငံ၊ ရာဇဂြိုဟ်ပြည်၊ ဝေဘာရ တောင်ရှိ သတ္တပါဏီလိုဏ်ဂူတွင် ပထမသင်္ဂါယနာတင်ပွဲ ကျင်းပခဲ့သည်။


ဒုတိယသင်္ဂါယနာ


ပထမသင်္ဂါယနာတင်ပြီး နှစ်ပေါင်း ၁၀၀ ခန့်တွင် အိန္ဒိယနိုင်ငံ၊ ဝေသာလီပြည်၊ ၀ါလုကာရုံ ကျောင်းတော်၌ ရှစ်လတိုင်တိုင် ပိဋကတ်သုံးပုံ အာဂုံဆောင်နိုင်သော ရဟန်းအပါး ခုနစ်ရာ တို့သည် ရွတ်ဆို၍ ဒုတိယသင်္ဂါယနာ တင်ခဲ့ကြသည်။


တတိယသင်္ဂါယနာ


သာသနာသက္ကရာဇ် ၂၁၈ ခုနှစ်၊ အိန္ဒိယနိုင်ငံ၊ ပါဋလိပုတ်ပြည်္က နန်းတက်သော အာသောကမင်းလက်ထက်တွင် တတိယသင်္ဂါယနာ တင်ခဲ့သည်။ တတိယသင်္ဂါယနာတင်ပွဲ၌ ထူးခြားသော အကျိုးဆက် တစ်ရပ်မှာ ဓမ္မဒူတခေါ် သာသနာပြုများ၊ သာသနာ့ တမန်တော်များအား ကမ္ဘာအရပ်ရပ် နိုင်ငံများသို့ စေလွှတ်ခြင်းဖြင့် သာသနာတော် ပြန့်ပွားစေခဲ့ခြင်းဖြစ်သည်။



စတုတ္တသင်္ဂါယနာ


သာသနာသက္ကရာဇ် ၄၅၀ ပြည့်နှစ်၊ ၀ါဋဂါမဏိမင်းလက်ထက် သီဟိုဠ် (ယခုသီရိလင်္ကာ)ကျွန်း၌ စတုတ္တသင်္ဂါယနာကို တင်ခဲ့သည်။

ယင်းသင်္ဂါယနာတင်ပွဲကို အိန္ဒိယနိုင်ငံက အသိအမှတ်မပြုဘဲ နောက် နှစ်(၁၅၀)အကြာ သာသနာသက္ကရာဇ် ၆၀၀ တွင် အိန္ဒိယနိုင်ငံ၊ ကနီသျှက မင်းလက်ထက်၊ ကသ္မီရတိုင်း၊ ဇလန္ဓရမြို့၌ သင်္ဂါယနာတင်ခဲ့သည်။
(က) သီဟိုဠ်ကျွန်း၌ တင်ခဲ့သော စတုတ္တသင်္ဂါယနာတင်ပွဲကို တောင်ပိုင်း သင်္ဂါယနာဟုလည်းကောင်း၊
(ခ) အိန္ဒိယနိုင်ငံ၌ ပြုလုပ်သော စတုတ္တသင်္ဂါယနာတင်ပွဲကို မြောက်ပိုင်း သင်္ဂါယနာတင်ပွဲဟုလည်းကောင်း ခေါ်သည်။


ပဉ္စမသင်္ဂါယနာ


စတုတ္တသင်္ဂါယနာတင်ပြီး နှစ်ပေါင်း ၂၀၀၀ ခန့်အကြာ မြန်မာနိုင်ငံ မင်းတုန်းမင်းလက်ထက်၊ သာသနာသက္ကရာဇ် ၂၄၁၅ ခု၊ မြန်မာသက္ကရာဇ် ၁၂၂၂ ခု၊ ကဆုန်လဆန်း (၁)ရက်နေ့မှ ၁၂၃၀ ပြည့်နှစ်၊ ကဆုန်လဆန်း(၁၄)ရက်နေ့ထိ ကျောက်ထက်အက္ခရာ တင်ခြင်းနှင့် နှုတ်တက်သံပြိုင် ရွတ်ဆိုခြင်းနှစ်မျိုးဖြင့် ပဉ္စမသင်္ဂါယနာ ကိုတင်ခဲ့ခြင်းဖြစ်သည်။


ဆဋ္ဌမသင်္ဂါယနာ


ပဉ္စမသင်္ဂါယနာတင်ပြီးနောက် နှစ်ပေါင်း(၈၀)အကြာ သာသနာ သက္ကရာဇ် ၂၅၀၀ ပြည့်အထိမ်းအမှတ်အဖြစ် မြန်မာသက္ကရာဇ် ၁၃၁၆ ခုနှစ်၊ ကဆုန်လပြည့်နေ့မှ ၁၃၁၈ ခုနှစ်၊ ကဆုန်လပြည့်နေ့အထိ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏ လိုဏ်ဂူတော်ကြီးတွင် ဆဋ္ဌမသင်္ဂါယနာတင် မဟာဓမ္မသဘင်ကြီးကိုဆင်ယင်ကျင်းပခဲ့သည်။

ဆဋ္ဌမသင်္ဂါယနာတင်ပွဲသို့ ယိုးဒယား၊ သီဟိုဠ်၊ လာအို၊ ကမ္ဘောဒီးယား လေးနိုင်ငံမှ ပိဋကတ်ကျွမ်းကျင် ပညာရှင် မထေရ်ကြီးများအား မြန်မာနိုင်ငံသို့ ပင့်ဖိတ်၍ မြန်မာနိုင်ငံမှ ပညာရှင်မထေရ်မြတ်ကြီးများ အပါအ၀င် သံဃာတော် ၂၆၁၇ ပါးတို့ဖြင့် ဆဋ္ဌမသင်္ဂါယနာ တင်ပွဲ ကျင်းပခဲ့သည်။
ဆဋ္ဌမသင်္ဂါယနာတင်ပွဲတွင် အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော် ဘုရားကြီးက ပိဋကတ်တော်နှင့်စပ်လျဉ်းသည့် မေးခွန်းများကို မေးပြီး၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တ ၀ိစိတ္တ သာရဘိဝံသ ဆရာတော် ဘုရားကြီးက အလုံးစုံကုန်စင်အောင် ဖြေကြားတော်မူခဲ့သည်။

Saturday, April 19, 2008

မျက်မှောက်စည်းစိမ်ပျက်စီးကြောင်းတရား(၄)ပါး

၁။ ဣတ္တိဓုတ္တ = မိန်းမလိုက်စားခြင်း ။
၂။ သုရာဓုတ္တ = သေသောက်ကြူးခြင်း ။
၃။ အက္ခဓုတ္တ = လောင်းကစားခြင်း ။
၎။ ပါပမိတ္တ သဟ = ယုတ်မာသောမိတ်ဆွေနှင့် ပေါင်းဖော်ခြင်း ။

မျက်မှောက်ကြီးပွားကြောင်းတရား(၄)ပါး

၁။ ဥဌာနသမ္ပဒါ = ထကြွလုံ့လ၀ီရိယနှင့် ပြည့်စုံမှု ။
၂။ အာရက္ခသမ္ပဒါ = စောင့်ရှောက်ခြင်းနှင့် ပြည့်စုံမှု ။
၃။ ကလျာဏမိတ္တသမ္ပဒါ = မိတ်ဆွေကောင်းရှိမှု ။
၎။ သမဇိဝိတသမ္ပဒါ = မျှတစွာ အသက်မွေးမှု။

ခင်ပွန်းကြီး (၁၀)ပါး

၁။ မြတ်စွာဘုရား။
၂။ ပစ္စေကဗုဒ္ဓါ။
၃။ အဂ္ဂသာဝက၊ မဟာသ၀က။
၎။ ရဟန္တာ။
၅။ မိခင်။
၆။ ဖခင်။
၇။ အလေးအမြတ်ပြုအပ်သောပုဂ္ဂိုလ်။
၈။ အတတ်သင်ပေးသောဆရာ။
၉။ တရားဟောဆရာ။
၁၀။ မိမိအားကျေးဇူးပြုခဲ့ဖူးသူများ ။ ။

ဒဏ်(၁၀)ပါး

၁။ ပြင်းထန်ကြမ်းတမ်းသော ဝေဒနာစွဲကပ်ခြင်း။
၂။ ဥစ္စာပစ္စည်း ကုန်ခမ်းဆုံးရှုံးခြင်း။
၃။ ကိုယ်အင်္ဂါပျက်စီးရခြင်း။
၎။ ကြီးမားသော အနာမျိုးဖြစ်ပွားရခြင်း။
၅။ စိတ်ဓာတ်မမှန်၊ သိဥာဏ်ကင်း၊ ရူးသွပ်ရခြင်း။
၆။ မင်းပြစ် မင်းဒဏ်ခံရခြင်း။
၇။ မဟုတ်မတရား ကြီးမားသောစွပ်စွဲခံရခြင်း။
၈။ မှီခိုလောက်သောဆွေမျိုးတို့ ဥစ္စာကုန်ခမ်းပျက်စီးခြင်း။
၉။ သိမ်းထည့်ထားသော သက်ရှိသက်မဲ့ပစ္စည်းများ ပျက်စီးခြင်း။
၁၀။ နေရာအိမ်တို့ကို မီးလောင်ခံရခြင်း။ ။

တားမရသည့်တရား (၄)ပါး

၁။ ဇရာဓမ္မ = အိုရခြင်းသဘောတရား။
၂။ ဗျာဓိဓမ္မ = နာရခြင်းသဘောတရား။
၃။ မရဏဓမ္မ = သေရခြင်းသဘောတရား။
၎။ ပါပကမ္မဓမ္မပါက = မကောင်းမှုကံ၏ ဘေးအကျိုးပေး။

Friday, April 18, 2008

ကျေးဇူးရှင်

မိဘနှစ်ပါးရှိသည့်အနက်
လက်ဝဲဘက်ပုခုံး၌ အမိကိုထား၍
လက်ယာဘက်ပုခုံးပေါ်မှာကား အဘကိုထား၍
အသက်ထက်ဆုံး ထိုပုခုံး၌ပင်
အစားအစာကျွေးမွေး၊ အညစ်အကြေးစွန့်စေသည်အထိ
ကိုယ်ဖိရင်ဖိ လုပ်ကျွေးစေကာမူ
မိဘဖြစ်သူတို့၏ ကျေးဇူးကား
ကျေနိုင်သည်မရှိ ဟူ၍
ကျမ်းဂန်များတွင် ညွှန်ပြပြောဆိုသည်မှာ
သားသမီးတို့ အထူးမှတ်သားလျက် သတိပြုသင့်လှပါသည်။

ယနေ့ လူငယ်မောင်မယ်တို့သည်
“မာတာပိတု ဥပဌာနံ၊ ဧတံမင်္ဂလမုတ္တမံ”
အမိအဖတို့ကို ကောင်းစွာလုပ်ကျွေး မွေးမြူခြင်းသည်
မြတ်သောမင်္ဂလာဖြစ်ကြောင်း အမှတ်ရကြလျက်
မိဘနှစ်ပါး ကျေးဇူးရှင်များကို
လုပ်ကျွေး၊ မွေးမြူ၊ ပြုစု နိုင်ကြပါစေ.....။

ဘ၀နေနည်း(၁၀)ချက်



၁။ စိတ်ကောင်းရှိဖို့က ပထမ။
၂။ ၀ိနည်းလေးစားဖို့က ဒုတိယ။
၃။ ကျန်းမာဖို့က တတိယ။
၎။ သန့်ရှင်းဖို့က စတုတ္ထ။
၅။ အ၀တ်အစားဝတ်တတ်ဖို့က ပဉ္စမ။
၆။ အနေအထိုင်တတ်ဖို့က ဆဋ္ဌမ။
၇။ အသွားအလာတတ်ဖို့က သတ္တမ။
၈။ အပြောအဆိုတတ်ဖို့က အဋ္ဌမ။
၉။ စည်းကမ်းလိုက်နာဖို့က န၀မ။
၁၀။ စာတတ်ဖို့က ဒသမ။


မဟာဂန္ဓာရုံဆရာတော်ကြီး၏ စာသင်သားများအတွက်စည်းမျဉ်း(၁၀)ချက်

က၀ိ(၄)ပါး

စိန္တာက၀ိ
-တစ်စုံတစ်ခု အကြောင်းအရာအဖြစ်အပျက်ကို သေချာကျနစွာ ကြံဆတွေးတော၍ သိတတ်သော ပညာရှိ။


သုတက၀ိ
-တစ်စုံတစ်ခုသော အကြောင်းအရာကို ကြားရုံမျှဖြင့် အစစ်အမှန်ကို ဖော်ထုတ်နိုင်သော ပညာရှိ။


အတ္တက၀ိ
-အဖြစ်အပျက်အကြောင်းအရာတစ်ခုကို သိမြင်သောအခါ အကျဉ်းအကျယ် ပြုနိုင်သော ပညာရှိ။


ပဋိဘာဏက၀ိ
-ထိုးထွင်း၍ သိသောပညာရှိ။

ဆုံးမစာများ (လေး)

မင်းမရှိသောပြည်၊ အမှုသည်မရှိသောတရား၊ စကားမတတ်သော ရှေ့နေ၊ မပြေပြစ်သော သံတမန်၊ ကျမ်းဂန်မတတ်သော ရဟန်း၊ တိုင်တန်းသူမရှိသော ကြွေးရှင်ယောက်ျား ကဲ့သို့ အမှားမှား အယွင်းယွင်း လစ်ဟင်းရာသည်။


-အဖမရှိ အမိမဲ့သား၊ လင်မရှိသည့်မိန်းမ၊ မယားမဲ့သည့်ယောက်ျား၊ အရှင်မဲ့ သည့်ကျွန်၊ တံခွန်မဲ့သည့် ရထားကဲ့သို့ စီးပွားမတွင် ပြင်လွင်စကားသာ ဖြစ်ရာသည်။
-ဆားမရှိသောဟင်း၊ အရင်းမရှိသောကုန်၊ အမှုန်အနယ်များသောရေ၊ လူလေပေါသောရွာ၊ သဒ္ဓါတရားမရှိသောလူ၊ ပိုင်စိုးပိုင်ငြား တရားမတတ်သော သူကြီးကဲ့သို့ ဟူးရီးဟူးရား စကားမလေး ဂွမ်းမွေးပမာ ပေါ့ရာသည်။
-မြင်ပါများသော ငယ်၏၊ နမ်းပါများသော် ပြယ်၏။ ယုံကားယုံ၏ အမှုမကုန်၊ အမှုကားကုန်၏ မယုံ၊ ချစ်သော်မခြားနား၊ မုန်းသော ကစဥ့်ကလျား၊ ကြောင်လက်သည်းကားအခါမဲ့ကိုဝှက် သည်။ အရေးရှိမှ ထွက်၏။ လူလိမ္မာကား အခါမဲ့ကို ၀ှက်၏။ အရာရောက်မှ ထွက်၏။ သားမရိုသေ၊ ကျွန်မရိုသေ၊ ဗိုလ်ခြေမခိုင်းနိုင်။

ဆုံးမစာများ (သုံး)

တင်ပေဖူးသည်၊ ကျေးဇူးရှိလျက်၊ အဆပ်ခက်။


-မယားရှိလျက်၊ အလှည့်ခက်။
-ဧည့်သည်ညဥ့်နက်၊ အအိပ်ခက်။
-ပယ်ခွာခဲ့လျက်၊ အပြန်ခက်။
-လာခဲ့ခေါ်လျက်၊ အနှင်ခက်။
-ပေးပါပြီးလျက်၊ အယူခက်။
-ချောင်းရေလျှံတက်၊ အကူးခက်။
-ရင်ဆိုင်တွေ့လျက်၊ အပြေးခက်။
-တံတားကျိုးပျက်၊ အလျှောက်ခက်။
-ရေအိမ်ပြိုလျက်၊ အပြင်ခက်။
-သား မြေး ဆိုးလျက်၊ အစွန့်ခက်။
-အသား မည်းနက်၊ အဆင်ခက်။

ဆုံးမစာများ (နှစ်)

ဗုဒ္ဓဆာယာကို တွယ်ရမည်၊ ယုတ်လှတာကိုပယ်ရမည်၊
ဗုဒ္ဓဆာယာကိုတွယ်မှ အေးမြသည်၊ ယုတ်လှတာကိုပယ်မှ ဘေးပကွာမည်


-သေရည်ကိုမသောက်နှင့်၊ ရေကြည်ကိုမနှောက်နှင့်၊
သေရည်ကိုသောက်က အပါယ်ဘုံသို့ ကျတတ်သည်၊
ရေကြည်ကိုနှောက်က အနည်မှုန်တို့ ထတတ်သည်။


-ထင်တိုင်းလည်းနှိပ်၍မဆိုနှင့်၊ ၀င်တိုင်းလည်း သိပ်၍မမျိုနှင့်၊
ထင်တိုင်းနှိပ်၍ဆိုက ရန်အသွယ်သွယ်ပွားတတ်သည်၊
ဝင်တိုင်းသိပ်၍မျိုက အန္တရာယ်များတတ်သည်။


-အမျိုးယုတ်သူ အဆင်းလှလျှင်သတိထား၊ တန်ခိုးနုပ်သူထမင်းဝလျှင်မကျီစားနှင့်၊
အမျိုးယုတ်သူ အဆင်းလှက စာဂတန်တတ်သည်၊
တန်ခိုးနုပ်သူ ထမင်းဝက မာနထန်တတ်သည်။

ဆုံးမစာများ (တစ်)

စေတီမှန်းထား မြတ်ဘုရား တည်ထားကောင်းလျက် ညောင်ပင်ဖြတ်သည်။


-မြစ်မရေနက်၊ သောင်ပြင်ဖျက်သည်။
-မောင်းသွင်း ခူနင်း ရေလျှင်သွင်း၊ ပျိုးခင်းကောင်းလျက်၊ မြောင်တောင်ဖျက်သည်။
-ဣတ္တိယမူ၊ ရူပ ကောင်းလျက်၊ ဆံထုံးဖျက်သည်။
-ဓမ္မသတ်တရား ရှိပါငြားလည်း၊ တိမ်းပါးငဲ့ကွက် လက်ဆောင်ဖျက်သည်။
-ပြည်ရွာတိုင်းကား စည်ပင်ငြားလည်း၊ ခေါင်းပါး ခေါင်လျက် စပါးဖျက်သည်။

Thursday, April 17, 2008

ဗလ(၅)တန်

၁။ ကာယဗလ = ခန္ဓာကိုယ်လက် ကျန်းမာကြံ့ခိုင် သန်းစွမ်းမှု ။
၂။ ဥာဏဗလ = အသိဥာဏ် ဖွံ့ဖြိုးတိုးတက်မှု ။
၃။ စာရိတ္တဗလ = ကိုယ်ကျင့်တရားကောင်းမွန်မှု ။
၎။ ဘောဂဗလ = စီးပွားရေး၊ ကြီးပွားရေး နားလည်မှု ။
၅။ မိတ္တဗလ = ပေါင်းသင်းဆက်ဆံတတ်မှု ။ ။

မေတ္တာအကျိုး(၁၁)ပါး

၁။ ကောင်းစွာ အိပ်ရခြင်း။
၂။ ကောင်းစွာ နိုးရခြင်း။
၃။ ကောင်းသောအိပ်မက်ကို မြင်မက်ရခြင်း။
၎။ လူအများ ချစ်ခင်မြတ်နိုးခြင်း။
၅။ နတ်တို့ ကောင်းစွာ စောင့်ရှောက်ခြင်း။
၆။ နတ်တို့ ချစ်မြတ်နိုးခြင်း။
၇။ မီး၊ လက်နက်၊ အဆိပ်စသည်တို့ဖြင့် မနှိပ်စက်နိုင်ခြင်း။
၈။ စိတ်တည်ကြည်ခြင်း။
၉။ မျက်နှာအဆင်း တင့်တယ်ခြင်း။
၁၀။ မတွေဝေခြင်း။
၁၁။ ဗြဟ္မာပြည်သို့ လားရခြင်း။ ။

စိတ်အားလျော့ခြင်း၊ စိတ်အားငယ်ခြင်းအကြောင်း(၂၅)ပါး

၁။ အမျက်ထွက်ခြင်း။
၂။ ရန်ငြိုးဖွဲ့ခြင်း။
၃။ ချုပ်ချယ်ခြင်း။
၎။ သူတစ်ပါးကျေးဇူးကို ဖျက်ဆီးခြင်း။
၅။ ငြူစူခြင်း။
၆။ ၀န်တိုခြင်း။
၇။ လှည့်ပတ်ခြင်း။
၈။ စဉ်းလဲခြင်း။
၉။ မိုက်မဲခြင်း။
၁၀။ သူတစ်ပါးသီလကို ဖျက်ဆီးခြင်း။
၁၁။ စိတ်ကြီးဝင်ခြင်း၊ ထောင်လွှားခြင်း။
၁၂။ အလွန်မာနတက်ခြင်း။
၁၃။ မာန်ယစ်ခြင်း။
၁၄။ မေ့လျော့ခြင်း။
၁၅။ တွေဝေခြင်း။
၁၆။ ငိုက်မျဉ်းခြင်း။
၁၇။ ပျင်းရိခြင်း။
၁၈။ မိတ်ဆွေယုတ်နှင့် ပေါင်းခြင်း။
၁၉။ အဆင်း၌ တပ်မက်ခြင်း။
၂၀။ အသံ၌ တပ်မက်ခြင်း။
၂၁။ အနံ့၌ တပ်မက်ခြင်း။
၂၂။ အရသာ၌ တပ်မက်ခြင်း။
၂၃။ အတွေ့အထိ၌ တပ်မက်ခြင်း။
၂၄။ ဆာလောင်မွတ်သိပ်ခြင်း၌ တပ်မက်ခြင်း။
၂၅။ တရားတော်၌ မမွှေ့လျောခြင်း။ ။

သာဓုခေါ်သံ

သဒ္ဓါကြည်ဖြူ ၊ ၀တ်သင်းသူတို့
တူပြိုင်ရွတ်သံ ၊ ဓမ္မသံများ
ထက်လျှံဘ၀ဂ် ၊ ပြန့်နှံ့တက်ကာ
နှစ်သက်ဗြဟ္မာ ၊ နတ် လူ ရွာမှ
သာဓုခေါ်သံ ၊ မိုးလုံးညံလျက်
တန်ပြန်မေတ္တာ ၊ အေးမြပါ၍
မြတ်စွာဗုဒ္ဓ ၊ မြတ်ဓမ္မဖြင့်
လောကသုံးခွင် ၊ ချမ်းသာရွှင်အောင်
နေ့စဉ်ဆောင်ရွက် နိုင်ပါစေ ။ ။

ပိုးဖလံများ

စားနေရလျှင် ၊ စိတ်ပျော်ရွှင်ကာ
ငါလျှင်စားရ ၊ ကံထူးလှဟု
ရွှင်ပျ ၀မ်းမြောက်ခဲ့ပါသည်။
ဝတ်ဆင်ရလျှင် ၊ စိတ်ပျော်ရွှင်ကာ
ငါလျှင်ဝတ်ရ ၊ ကံထူးလှဟု
ရွှင်ပျ ၀မ်းမြောက်ခဲ့ပါသည်။
အိုးအိမ်လှလှနေထိုင်ရလျှင် ၊ စိတ်ပျော်ရွှင်ကာ
ငါလျှင်နေရ ၊ ကံထူးလှဟု
ရွှင်ပျ ၀မ်းမြောက်ခဲ့ပါသည်။
သြော် ... စား ၀တ် နေ ရေး
ဖြည့်ဆည်းပေးရ၊ တို့ဘ၀သည်
ခန္ဓာ့အလို ၊ သူကဆိုတိုင်း
မငြိုမငြင် ၊ စိတ်ကြီးဝင်လျက်
ပြုပြင်နေရ ၊ ၀ဋ်ဒုက္ခကို
သုခဟုပင် ၊ နှစ်သက်ချင်ကာ
မှတ်ထင်စိတ်ထဲ ၊ အသိလွဲသည်
မီးထဲတိုးသည့် ပိုးဖလံများ ။ ။

Monday, April 14, 2008

မျှမျှတတ အသက်မွေးပါ

- မြတ်စွာဘုရားက လူချမ်းသာဖြစ်ဖို့အတွက် “ မျှတသော အသက်မွေးမှု” ရှိရမည်ဟု မိန့်တော်မူခဲ့သည်။ လူသည် ရရှိလာသော လူ့အသက်လေး ဆက်လက်ရှင်သန်နိုင်ဖို့အတွက် စားစရာ နေစရာ ထိုင်စရာ ဆေးဝါး ဓာတ်စာ ကျွေးမွေးပြီး ပိုးမွေးသလို မွေးမြူနေရသည်။
- စားစရာ ၀တ်စရာ နေစရာ ထိုင်စရာ ဆေးဝါးဓာတ်စာ ပြည့်စုံဖို့အတွက် မနားတမ်း ရှာဖွေနေရသည်။ ရဖို့က မသေချာပေမယ့် ကုန်ဖို့ကတော့သေချာသည်။ အ၀င်က မသေချာပေမယ့်လည်း အထွက်ကတော့သေချာ သည်။ ၀တ်စရာ နေထိုင်စရာက နေ့စဉ်မကုန်ပေမယ့် စားစရာကတော့ နေ့စဉ်ကုန်နေမည်။ အ၀င်ကမလွယ် ပေမယ့် အထွက်ကတော့အလွန်လွယ်သည်။ အမှတ်တမဲ့ အလွယ်တကူကို ထွက်နေသည်။
- လူချမ်းသာဖြစ်ချင်သူသည် အ၀င်အထွက် ထိန်းချုပ်ကိုင်တွယ်နိုင်ရမည်။ အ၀င်ကနေ့စဉ်ရှိချင်မှ ရှိမည်ဖြစ်သော်လည်း အထက်ကတော့ နေ့စဉ်ရှိနေမည်ဖြစ်သည်။ သာမန်လူတန်းစားအဖို့ အထွက်နောက်ကို အ၀င်ကမီအောင် လိုက်နိုင်ကာမှ တော်ကာကျမည်။ အထွက်နောက်ကို အ၀င်က မီအောင်မလိုက်နိုင်လျှင်ဖြင့် ဒုက္ခရောက်ဖို့သာရှိတော့သည်။
- အဆင့်တစ် အနေဖြင့် အ၀င်အထွက် ၀င်ငွေထွက်ငွေ မျှတနေလျှင်ပင် နေသာထိုင်သာရှိမည်ဖြစ်သည်။ လူချမ်းသာ သူဌေးကတော့ ဖြစ်နိုင်သေးမည်မဟုတ်။ လူချမ်းသာဖြစ်ဖို့ကတော့ တစ်ဆင့်တက်၍ ထွက်ငွေထက် ၀င်ငွေအား ကောင်းအောင် ကြိုးစားဖို့ လိုအပ်မည်။ ထွက်ပေါက်ကိုလည်း အတတ်နိုင်ဆုံး ထိန်းချုပ်နိုင်ရမည်။ ထွက်သင့်မှ ထွက်ဖို့၊ မထွက်သင့်က မထွက်စေဖို့ ထိန်းသိမ်းနိုင်ရမည်။

ဒုတိယမိတ်ကောင်း

ဘ၀မှာ ဒုတိယ အရေးအကြီးဆုံးမိတ်ဆွေသည် ကျောင်းနေစဉ်အရွယ် ပညာသင်ပေးသော အခြေခံပညာရေး ဆရာဖြစ်သည်။ မြို့၊ အိမ်ရာတစ်ခုခု အသစ်တည်ရာ၌ ရေခံ မြေခံကောင်းဖို့ အလွန်ပင်အရေးကြီးသည်။ အရာရာမှာလည်း အခြေခံကောင်းဖို့ လွန်စွာမှ အရေးကြီးသည်။ စီးပွားရေးလည်း အခြေခံကောင်းမှ၊ ပညာရေးလည်း အခြေခံကောင်းမှ ဘာကိစ္စဖြစ်ဖြစ် ဘာလုပ်လုပ် အခြေခံကောင်းမှ အရှည် တည်တံ့တိုးတက် မည်ဖြစ်သည်။

နှစ်သစ်မင်္ဂလာပါ........

သင်္ကြန်အခါသမယမှာ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုမွန်တောင်းပါတယ်။

မိတ်ဆွေ

လူသည် အထီးကျန်တစ်ကောင်ကြွက် နေရ၍မရ။ အသိုက်အမြုံနှင့် အသိုင်းအ၀ိုင်းနှင့် အပေါင်းအသင်းနှင့် အဖွဲ့အစည်းနှင့် နေရ၏။ ကိုင်းကိုကျွန်းမှီ ကျွန်းကိုင်းမှီသို့ အချင်းချင်း အမှီသဟဲပြု၍ နေရသည်။
စီးပွားရေးလုပ်ရာ၌ မိတ်ဆွေအပေါင်းအသင်းသည် ပို၍လိုအပ်သည်။ ဓနဗလနှင့် ပြည့်စုံဖို့အတွက် မိတ္တဗလပြည့်စုံမှဖြစ်၏။ မိတ္တဗလနှင့်ပြည့်စုံမှသာ ဓနဗလနှင့် ပြည့်စုံနိုင် သည်။
မိတ္တေ ဘ၀ါ မေတ္တာ ။ မိတ်ဆွေ၌ဖြစ်သောတရား၊ မိတ်ဆွေအချင်းချင်း ထားရှိအပ်သောတရားကို မေတ္တာတရားဟုခေါ်၏။ မိတ္တဗလနှင့် ပြည့်စုံဖို့အတွက် မေတ္တာတရားရှိရမည်။ မိတ်ဆွေအပေါင်းအသင်းနှင့် တွေ့လျှင် ကျွေးချင်စိတ်၊ ပေးချင်စိတ်၊ ကူညီချင်စိတ်ရှိရမည်။ မေတ္တာတရားကို ကျွေးခြင်း၊ ပေးခြင်း၊ ကူညီခြင်း ဖြင့်သာ သရုပ်ဖော်နိုင်၏။
ထိုသို့ပေးနိုင်၊ ကျွေးနိုင်ဖို့အတွက် ပေးစရာ၊ ကျွေးစရာရှိဖို့ လိုအပ်ပြန်သည်။ ဓနဗလနှင့် ပြည့်စုံမှသာ ပေးစရာ ကျွေးစရာရှိ၍ ပေးနိုင်၊ ကျွေးနိုင်မည်ဖြစ်သည်။ သို့ဆိုသော် ဓနဗလ နှင့် မိတ္တဗလသည် အပြန်အလှန် ကျေးဇူးပြုနေသည်ဟု ဆိုနိုင်သည်။

Posts

Followers

Labels

Comments