ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog

Friday, November 14, 2008

သမ္ဘူလဂူဘုရား







သမ္ဘူလဂူဘုရားသည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူ ဘုရားဖြစ်ပြီး (၁၅-၂-၁၂၅၆) တွင် သုံးလူလမိဖုရား တည်ခဲ့သည်။ သမ္ဘူလ ဂူဘုရားကျောက်စာတွင် (၁၅-၂-၁၂၅၆)တွင် ကျစွာမင်း၏သမီး၊ ဥဇ္ဇနာမင်း၏ ပယ်မယား တိလောကစန္ဒြ နာမဟာဒေ၀ီ (သုံးလူလ) မိဖုရားသည် ဆောက်ခဲ့ကြောင်း ဖော်ပြထားသည်။ သမ္ဘူလဂူအတွင်း အေဒီ (၁၂၈၂) က ရေးထိုးသည့် နံရံကမ္မည်းမင်စာတွင် သုံးလူလ ကို သမ္ဘူလဟု ရေးထိုးခဲ့ရာမှ သမ္ဘူလဘုရားဟု အမည်တွင် လာခြင်းဖြစ်ပါသည်။

သမ္ဘူလဘုရားတွင် နံရံဆေးရေး ပန်းချီများနှင့် အင်္ဂတေ ပန်းတော့ လက်ရာများရှိသည်။ အ၀င်ခန်းမ၏ ပေါင်းကူး မျက်နှာကြက်တွင် ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားပုံ အတန်း၊ နံရံတွင် သစ်ရွက်ပုံပန်းတန်း၊ အရိမေတ္တယျ ဘုရားနှင့် သက်ဆိုင်သော နံရံပန်းချီများနှင့် ပါဠိကမ္ပည်းစာများ၊ လက်ရေးလှ စာလုံးများ ရှိသည်။ အာရုံခံ ခန်းမများရှိ ပေါင်းကူး မျက်နှာကြက်တွင် ပန်းခက် ပန်းနွယ်ပုံများ၊ နံရံတွင် ဗုဒ္ဓ၀င် နံရံဆေးရေး ပန်းချီများ၊ စင်္ကြလမ်း ပေါင်းကူး မျက်နှာကြက်တွင် ထောင့်ဘောင်တန်းများ၊ စက်ဝိုင်းအတွင်း ဗုဒ္ဓရုပ်ပွားပုံများ ပါရှိသည့် ပန်းကွက်အလှများ၊ စင်္ကြံနံရံတွင် သစ်ရွက် ပန်းတန်းများ၊ နှစ်ကျိန်ရှစ်ဆူ ဘုရားပုံများ၊ လေးထောင့်ကွက်အတွင်း မှ ဗုဒ္ဓရုပ်ပွားတော်ပုံ များနှင့် အလယ်မဏ္ဍိုင် လေးမျက်နှာ ဗုဒ္ဓရုပ်ပွား ဆင်းတုများ၏ အနောက်နံရံတွင် ဗောဓိညောင်ပင်ပုံများကို လေ့လာနိုင် သည်။

သမ္ဘူလဂူဘုရား၏ အရှေ့အ၀င်မုခ်တံကဲမှ အင်္ဂတေ ပန်းတော့လက်ရာများ၊ တိုင်ဖုံးပန်းများ၊ ဘုရားအပြင် ပတ်လည်ရှိ ဘီလူးပန်းဆွဲ၊ မကာရ်း၊ ကိန္နရာ၊ မနုဟီဟ၊ ခြင်္သေ့၊ ရာမလက်ညှိုးနှင့် စိုင်ပေါင်များ ကနုတ်ပန်းများကို လေ့လာနိုင်သည်။

Monday, November 10, 2008

အရိယာဝေါဟာရ (၁၂)ပါး

အရိယာဝေါဟာရ (၁၂)ပါး

အရိယာတို့ ပြောဆိုသော စကားသည် အရိယဝေါဟာရ ဖြစ်ပါသည်။ ဒါမှမဟုတ် အကျင့်ကောင်းမြတ်ဖြူစင် သော သူတို့ ပြောဆိုသော စကားသည် အရိယဝေါဟာရ ဖြစ်ပါသည်။ အရိယဝေဟာရ (၁၂)ပါးကတော့
(၁) မုသာဝါဒ
(၂) ပိသုဏ၀ါစာ
(၃) ဖရုသ၀ါစာ
(၄) သမ္ဖပ္ပလာပ - စကားတို့ကို ရှောင်ကြဉ်၍ ပြောဆိုခြင်း
(၅) အဒိဋ္ဌေဒိဋ္ဌ၀ါဒိတာ - မမြင်သည်ကို မမြင်ဟု ပြောဆိုခြင်း
(၆) အသုတေ သုတ၀ါဒိတာ - မကြားသည်ကို မကြားဟု ပြောဆိုခြင်း
(၇) အမုတေ မုတ၀ါဒိတာ - (ဂန္ဓ၊ ရသ၊ ဖေဋ္ဌဗ္ဗ)မတွေ့သည်ကို မတွေ့ဟု ပြောဆိုခြင်း
(၈) အ၀ိညာတေ ၀ိညာတ ၀ါဒိတာ - မသိသည်ကို မသိဟု ပြောဆိုခြင်း
(၉) ဒိဋ္ဌေ အဒိဋ္ဌ၀ါဒိတာ - မြင်သည်ကို မြင်သည်ဟု ပြောဆိုခြင်း
(၁၀) သုတေ အသုတ ၀ါဒိတာ - ကြားသည်ကို ကြားသည်ဟု ပြောဆိုခြင်း
(၁၁) မုတေ အမုတေ ၀ါဒိတာ - (ဂန္ဓ၊ ရသ၊ ဖေဋ္ဌဗ္ဗ) တွေ့သည်ကို တွေ့သည်ဟု ပြောဆိုခြင်း။
(၁၂) ၀ိညာတေ အ၀ိညာတ ၀ါဒိတာ - သိသည်ကို သိသည်ဟု ပြောဆိုခြင်း

အနရိယဝေါဟာရ (၁၂)ပါး

ပုထုဇဉ်တို့ ပြောဆိုသော စကားသည် အနရိယဝေါဟာရ ဖြစ်ပါတယ်။ ဒါမှမဟုတ် မဖြူစင်သော၊ မသန့်ရှင်းသော၊ မကောင်းမြတ်သော သူတို့၏ စကားသည် အနရိယဝေါဟာရ ဖြစ်ပါတယ်။

(၁) မုသာဝါဒ
လိမ်လည် လှည့်ပတ် ပြောဆိုခြင်း။
(၂) ပိသုဏ၀ါစာ
သူနှစ်ဦးကြား ဂုံးချောစကား ပြောဆိုခြင်း။
(၃) ဖရုသ၀ါစာ
ကြမ်းတမ်းသောစကား ပြောဆိုခြင်း။
(၄) သမ္ဖပ္ပလာပ
သိမ်ဖျဉ်းသော စကားကို ပြောဆိုခြင်း။
(၅) အဒိဋ္ဌေဒိဋ္ဌ၀ါဒိတာ
မမြင်သည်ကို မြင်သည်ဟု ပြောဆိုခြင်း။
(၆) အသုတေ သုတ၀ါဒိတာ
မကြားသည်ကို ကြားသည်ဟု ပြောဆိုခြင်း။
(၇) အမုတေ မုတ၀ါဒိတာ
(ဂန္ဓ၊ ရသ၊ ဖေဋ္ဌဗ္ဗ)မတွေ့သည်ကို တွေ့သည်ဟု ပြောဆိုခြင်း။
(၈) အ၀ိညာတေ ၀ိညာတ ၀ါဒိတာ
မသိသည်ကို သိ၏ဟု ပြောဆိုခြင်း။
(၉) ဒိဋ္ဌေ အဒိဋ္ဌ၀ါဒိတာ
မြင်သည်ကို မမြင်ဟု ပြောဆိုခြင်း။
(၁၀) သုတေ အသုတ ၀ါဒိတာ
ကြားသည်ကို မကြားဟု ပြောဆိုခြင်း။
(၁၁) မုတေ အမုတေ ၀ါဒိတာ
(ဂန္ဓ၊ ရသ၊ ဖောဋ္ဌဗ္ဗ) တွေ့သည်ကို မတွေ့ဟု ပြောဆိုခြင်း။
(၁၂) ၀ိညာတေ အ၀ိညာတ ၀ါဒိတာ
သိသည်ကို မသိဟု ပြောဆိုခြင်း

Wednesday, November 5, 2008

ကမ္ဘာ့ဘာသာအယူဝါဒများ (၆)

ရှေးဟောင်းဥရောပ

ဦးချိုတွေနဲ့ နတ်ဘုရားကိုတော့ ဆဲလ်တစ် တို့က မြေဆီမြေသြဇာ ကောင်းစေဖို့ ပူဇော်ပသကြ တာကို မကြာခဏ တွေ့ရှိကြရ ပါတယ်။ ရေတွင်းတွေ ချောင်းတွေမှာလည်း ဆဲလ်တစ် တို့ ယဇ်ပူဇော်ထားတဲ့ လူဦးခေါင်းပြတ်တွေကို တော်တော်များများ တွေ့ရပါသေးတယ်။ ခရစ်ယာန်ဘာသာက ဥရောပမြောက်ပိုင်းဆီ နောက်ကျပြီးမှ တဖြည်းဖြည်းချင်း ထိုးဖောက် ၀င်ရောက်လာခဲ့ပါတယ်။ ဆဲလ်တစ် တွေနဲ့ ဂျာမန်တွေ လူမျိုးချင်း ရင်းနှီးပေါင်း စပ်ကြရင်း သူတို့ ကိုးကွယ်ကြတဲ့ ဘာသာတွေဟာ သူတို့ ရှေးဟောင်း နေ့စဉ် လူနေမှု ဘ၀တွေမှာ တွယ်ကပ် နေပါတော့တယ်။ ကျွန်တော်တို့ သိနေကြတဲ့ သူတို့ရဲ့ ကိုးကွယ်မှု တွေကိုလည်း မပြည့်စုံတဲ့ အထောက်အထား အချို့ကနေပြီး ကောက်ချက်ခဲ့ ကြရတာပါ။ အထူးသဖြင့် ရှေးဟောင်း ရောမ စာရေးဆရာတွေ မှတ်တမ်းတင်ခဲ့ တာတွေနဲ့ တူးဖော်တွေ့ရှိတဲ့ ရှေးဟောင်း ပစ္စည်းတွေကိုသာ အားကိုးခဲ့ကြ ရတာဖြစ်ပါတယ်။ အသေးအဖွဲ အချက်အလက်လေး တွေကို စုစည်းပြီး ယေဘုယျ ကောက်ချက်ဆွဲ ယူခဲ့ကြတာ ဖြစ်ပါတယ်။

ဒေသအနှံ့အပြားမှာ တွေနေတဲ့ စနစ်တကျ သေသေသပ်သပ် တည်ဆောက်ထားတဲ့ အပြင် အိမ်ထောင် ပရိဘောဂ ပစ္စည်း အပြည့်အစုံပါ ထည့်ပေးထားတဲ့ ဂူသင်္ချိုင်းတွေကို တွေ့ရတာကြောင့် ဆဲလ်တစ်တို့ တမလွန် ဘ၀ရှိတာကို ယုံကြည်ကြကြောင်း မှန်းဆနိုင်ခဲ့ကြပါတယ်။ အထွတ်အမြတ် ထားတဲ့နေရာ တော်တော်များများကိုလည်း အ၀င်လမ်း အတိအကျသတ်မှတ်ပြီး တသီးတသန့် လုပ်ထားကြ တာကြောင့် နောင်အခါ ခရစ်ယာန်ဘာသာ ရောက်ရှိလာချိန်မှာ ဘုရားရှိခိုးကျောင်းတွေ ဆောက်လုပ်ဖို့ အင်မတန် အဆင်ပြေတဲ့ နေရာတွေ ဖြစ်လာခဲ့ပါတယ်။

Druids ဆိုတဲ့ ဘာသာရေး ခေါင်းဆောင်တွေကို ဂန္ထ၀င် စာရေးဆရာ အမြောက်အမြားက ဖော်ပြခဲ့ပေမယ့် သူတို့ရဲ့ ပညာ၊ သူတို့ရဲ့ လွှမ်းမိုးမှုတွေကတော့ မသေမချာ မရေမရာ ဖြစ်နေဆဲဖြစ်ပါတယ်။ အကြားအမြင် မေးမြန်းပွဲတွေ၊ ပျောက်စေဆရာတွေက စိတ်တန်ခိုးနဲ့ ဆေးဝါးကုသတာတွေနဲ့ နက္ခတ္တဗေဒဆိုင်ရာ နက္ခတ်ပွဲတွေမှာ သူတို့တွေက ဘုန်းတော်ကြီးတွေ၊ ခံသမာဓိတွေ အဖြစ်နဲ့ အဓိကအခန်းကနေပြီး ပါဝင်ခဲ့ပုံ ရပါတယ်။

ကျူတွန် တို့ရဲ့ စစ်စွမ်းရည်၊ ခွန်အားစွမ်းပကားနဲ့ ရိုးသားမှုတွေကို ရောမ စာရေးဆရာ တက်ဆီတပ်စ် က ချီးမွမ်းခဲ့ပါတယ်။ ကျူတွန် တို့က နတ်ဘုရား အမြောက်အမြားကို ကိုးကွယ်ကြသူတွေမို့ ရောမစာရေးဆရာက ၄င်းတို့ရဲ့ နတ်ဘုရား အချို့ကို ရောမ နတ်ဘုရားတွေနဲ့ နှိုင်းယှဉ် ဖော်ပြလေ့ ရှိပါတယ်။

အေဒီ ၁၂၆၄ မှာ ကွယ်လွန်သွားတဲ့ အိုင်စလန် က စနော်ရီ စတာလူဆင် လို ရှေးခေတ်သူရဲကောင်း ပုံပြင်တွေကို ရေးသား မှတ်တမ်းတင်ခဲ့သူ ကြောင့် နော့စ်နတ်ဘုရားတွေ အကြောင်း ကျွန်တော်တို့ သိရှိခွင့် ရခဲ့ပါတယ်။ နတ်ဘုရားတွေကိုတော့ အုပ်စုနှစ်ခု ခွဲခြား ထားပါတယ်။ ပထမအုပ်စုကတော့ ဆီဆာ (၀ါ) ကြီးမြတ်တဲ့ နတ်ဘုရားတွေ ဖြစ်ပါတယ်။ ဒုတိယအုပ်စုကတော့ ဗနာ (၀ါ) အနိမ့်စား နတ်တွေ ဖြစ်ကြပါတယ်။ ၄င်းတို့ကတော့ လက်တုံ့ပြန်တတ်တဲ့ နတ်တွေ ဖြစ်ကြပါတယ်။ တမလွန်လောက ကိုတော့ အိုဒင် နတ်ဘုရားက စိုးမိုးတယ်လို့ ၄င်းတို့က ယုံကြည်ခဲ့ကြ ပါတယ်။ မိုးနတ်ဘုရားတော်နဲ့ ပဟေဠိဆန်တဲ့ မာယာသခင်လို ကီ နတ်တို့က အီဆာ နွယ်ဝင် ကြီးမြတ်တဲ့ နတ်ဘုရားတွေ ဖြစ်ပါတယ်။ မြေဆီစောင့်နတ် ဖရေး ကတော့ ဗနာနွယ်ဝင် အနိမ့်စား နတ်ဖြစ်ပါတယ်။ မည်သို့ပင် ဖြစ်စေ နတ်ဘုရားတွေလည်း စုတေကြရပါတယ်။ အချိန်ရောက်လာတဲ့အခါ ရာနာရော့စ် မုန်တိုင်းကြီး ဆင်လာပြီး ကမ္ဘာကို ပျက်သုန်းစေ လိမ့်မယ်လို့ ၄င်းတို့က လက်ခံထားကြပါတယ်။ အဲဒီကာလကိုတော့ နတ်ဘုရားတွေ ချုပ်ငြိမ်းကြရမယ့် ဆည်းဆာချိန်အဖြစ် ယုံကြည်ခဲ့ကြ ပါတယ်။

Debbie Gill ၏ Religions of the World

(ယခု တင်ပြမှုသည် အကျဉ်းမျှကိုသာ ဖော်ပြနိုင်ခဲ့တဲ့အတွက် တကူးတက လာဖတ်သူများအား ကျေနပ်မှု ရရှိစေမှာ မဟုတ်ဘူးလို့ ယုံကြည် ပါတယ်။ ကမ္ဘာ့ဘာသာ အယူဝါဒများနှင့် ဆက်နွယ်၍ ဘာသာကြီး တစ်ခုချင်းစီ၏ သမိုင်းကြောင်း များကိုလည်း အလျဉ်းသင့် သလို ဖော်ပြပေးသွားပါဦးမည်။ အားနည်းမှု၊ မှားယွင်းမှုများ တွေ့ရှိ ပါကလည်း မချွင်းမချန် ဝေဖန်အကြံပြုနိုင် ပါတယ်။ စာဖိတ်မိတ်ဆွေများ ကို အစဉ်ရိုသေလျက်ပါ။ ဆုရည် )

Tuesday, November 4, 2008

ကမ္ဘာ့ဘာသာအယူဝါဒများ (၅)

ဂရိနှင့် ရောမ

ရှေးဟောင်းဂရိတို့ရဲ့ နတ်ဘုရားတွေကတော့ လူပုံပန်းသဏ္ဍာန် တွေဖြစ်ပေမယ့် ထာဝရ တည်မြဲနေကြပြီး အနိစ္စတရားက ကင်းလွတ်နေကြ သူတွေဖြစ်ပါတယ်။ ၀တ်ပြု ဆုတောင်း၍ သော်လည်းကောင်း၊ အကြားအမြင် အားဖြင့် သော်လည်းကောင်း၊ အတိတ်နိမိတ် ပုံရိပ်များဖြင့် သော်လည်းကောင်း၊ ယဇ်ပူဇော်ခြင်းဖြင့် သော်လည်းကောင်း ဂရိတို့က ၄င်းနတ်ဘုရားများနဲ့ ဆက်သွယ်မှု ပြုခဲ့ကြပါတယ်။ တစ်ခါတစ်ရံ မှာလည်း နာမ်ကိန်းရှင်က တစ်ဆင့် ဒါမှမဟုတ် ဗေဒင်ဆရာက နေပြီး နတ်ဘုရားတွေက မြွတ်ဟလေ့ရှိခဲ့ပါတယ်။ နာမ်ကိန်းရှင်တွေနဲ့ ဆွေးနွေးတိုင်ပင် စေဖို့အတွက် သီးသန့် နတ်ဘုရားကျောင်း တော်ကြီးတွေကို ရှေးဟောင်းဂရိတို့ တည်ဆောက်ခဲ့ကြပါတယ်။ ဒယ်လ်ဖီ ကနတ်ဘုရားကျောင်း တွေဆိုရင် နတ်ဘုရားမအတွက် ဆောက်လုပ်ခဲ့တဲ့ ဧရာမ ကျောင်းတော်ကြီးတွေ ဖြစ်ပါတယ်။ အသေသပ်ဆုံး ဒိုရစ် ဗိသုကာ လက်ရာအဖြစ် ရပ်တည်နိုင်တဲ့အထိ အနုပညာ လက်ရာမြောက်တဲ့ ကျောင်းတော်ကြီး ဖြစ်ပါတယ်။

ရှေးဟောင်းရောမတို့ရဲ့ ဘာသာကတော့ အိမ်ထောင်စုလိုက် စွဲလန်းကိုးကွယ်မှုတွေ ဘိုးဘေးစဉ်ဆက်ကို ပူဇော်ကန်တော့တာ တွေနဲ့ စိုက်ပျိုးသီးနှံအထွက် ကောင်းစေဖို့ ပူဇော်ပသတဲ့ နတ်တွေကော မျိုးဆက်ပြန့်ပွားစေဖို့ နတ်တွေပါ ရောနှောနေပါတယ်။ တစ်ခါ ဂရိတို့ရဲ့ တိုက်ခိုက်သိမ်းပိုက် ပြီးချိန်မှာ ၄င်းတို့ ယုံကြည်ကိုးကွယ်မှုထဲ ဂရိတို့ရဲ့ နတ်ဘုရားတွေကို လိုက်လျောညီထွေစွာ ထည့်သွင်း ပေါင်းစပ်လိုက်ကြပြီး ရှေးဟောင်း ရောမယဉ်ကျေးမှုကို တိုးပွားစေခဲ့ ကြပါတယ်။

အေဒီ ၉၀ ခန့်မှာတော့ ရောမတို့ရဲ့ ကိုးကွယ်မှု မြင့်တက်လာခဲ့ ပါတယ်။ အဓိကအားဖြင့်တော့ နွားသိုးကို သတ်ဖြတ် ပူဇော်ကြတာပါ။ ရှေးဟောင်းပစ္စည်း တူးဖော်တွေ့ရှိမှုတွေမှာ ၄င်းဓလေ့ကို အများအပြား တွေ့ကြရပါတယ်။ ဒါ့အပြင် နက္ခတ္တဗေဒ ဆိုင်ရာ ဟောစာတမ်းတွေကို ရရှိခဲ့ကြတဲ့ အပြင် ၀ိညာဉ်လွတ်မြောက်ရေး အတွက် ကြယ်တာရာတွေဆီ ခရီးနှင်တဲ့ ကြယ်တာရာပုံ ကားချပ်တွေကိုလည်း တွေ့ခဲ့ကြရ ပါတယ်။ မိမိဘာသာဝင် တိုးပွားစေဖို့အတွက် ရောမစစ်တပ်ကြီးက လူသစ် အများအပြား စုဆောင်းထည့်သွင်း ပေးခဲ့ပါတယ်။ ၄င်း ဘာသာရေး ဘုရားကျောင်းတွေကို ဟတ်ဒရိန်း တံတိုင်းနဲ့ အီဂျစ်နိုင်ငံ အလက်ဇန္ဒြီးယား တို့မှာ တွေ့မြင်နိုင်ပါတယ်။

(ဆက်လက်တင်ပြပါမည်)
Debbie Gill ၏ Religions of the World

ကမ္ဘာ့ဘာသာအယူဝါဒများ (၄)

တောင်အမေရိက

အလယ်နှင့် တောင်အမေရိကရဲ့ ရှေးဟောင်း ယဉ်ကျေးမှုတွေကိုတော့ တွေ့ရှိတဲ့ ရှေးဟောင်း ပစ္စည်းအထောက် အထားတွေရယ် (၁၆)ရာစုတုန်းက မက္ကဆီကိုနဲ့ ပီရူးကို တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့ စပိန် ဧကရာဇ်ရဲ့ အတ္ထုပ္ပတ္တိထဲမှာ ရေးထားတာတွေကနေပြီး သိရှိခွင့်ရခဲ့ပါတယ်။ အဲဒီ ဧကရာဇ်က တောင်အမေရိကနဲ့ အလယ်အမေရိကရဲ့ ရှေးဟောင်း အမွေအနှစ် အထောက်အထား တော်တော်များများကို ဖျက်ဆီးပစ်ခဲ့ပါတယ်။ ၄င်းဒေသမှ အုပ်စိုးသူနဲ့ ဘသာရေးတို့ နီးနီးကပ်ကပ် ယှက်နွယ်ကြီးစိုး အုပ်ချုပ်ခဲ့ပုံရတာကို သိရှိရပါတယ်။

အခုအခါ မက္ကဆီလို့ ခေါ်ခဲ့ကြတဲ့ဒေသမှာ ဘီစီ ၁၂၀၀ ကနေ ၅၀၀ အတွင်းက အိုလ်မက်ဘာသာ ထွန်းကားခဲ့ပါတယ်။ တောင်အမေရိက ကျားသစ်ကို အဓိကထားပြီး တစ်ခြားတိရစ္ဆာန်တွေ၊ ငှက်တွေနဲ့ပါ ပူးတွဲ ပုံဖော်ထားတဲ့ နတ်ဘုရားတွေအဖြစ် ကိုးကွယ် ပူဇော်ခဲ့ကြပါတယ်။ ဒါပေမယ့် အိုမက် တွေကို တိုက်ခိုက် အောင်နိုင်သွားတဲ့ မာယန် တို့က ၄င်းတို့ရဲ့ ပူဇော်ပသ ကိုးကွယ်မှု တွေကို ပိရမစ်ဘုရားရှိခိုး ကျောင်းကြီးတွေ တည်ဆောက်ပြီး တခမ်းတနား ကျင်းပခဲ့ကြပါတယ်။ မာယန် တို့ရဲ့ နတ်ဘုရားတွေကိုလည်း တိရစ္ဆာန်တွေ၊ ငှက်တွေနဲ့ မကြာခဏ ယဇ်ပူဇော်ပသ ခဲ့ကြပါတယ်။

လူတွေကိုသတ်ပြီး ယဇ်ပူဇော်ရမယ့်အစား တိရစ္ဆာန်တွေကို တင်မြှောက်ကြတဲ့ ဓလေ့ပါ။ အေဒီ(၁၂)ရာစု ခန့်ကစပြီး စပိန်တွေ ကျူးကျော် တိုက်ခိုက်သိမ်းပိုက်တဲ့ ၁၅၃၂ ခုနှစ်အထိ အလယ်အမေရိကမှာ နေထိုင်ကြတဲ့ အက်ဇ်တက်ခ် တို့အနေနဲ့ နေကို ကိုးကွယ်ခဲ့ကြတဲ့အပြင် လူကို သတ်ပြီး နှစ်စဉ်ယဇ်ပူဇော်လေ့ ရှိခဲ့ပါတယ်။ ၄င်းတို့ စစ်နိုင်စဉ်က ဖမ်းဆီးလာခဲ့ကြတဲ့ သုံ့ပန်းနှစ်သောင်းကျော် အနက် အချို့ကို နှစ်စဉ် သတ်ဖြတ်ယဇ်ပူဇော်ကြပုံ ရပါတယ်။

ပီရူးရဲ့ အင်ကာယဉ်ကျေးမှုကလည်း အက်ဇ်တက်ခ် တို့နဲ့ ခေတ်ပြိုင် တည်ရှိခဲ့တယ်လို့ အကြမ်းဖျဉ်း သတ်မှတ်လို့ရပါတယ်။ ပူဇော်ပသပွဲတွေ နတ်ကိုးကွယ်တာတွေနဲ့ ယဇ်ပူဇော်တာတွေကို အခြေခံထားတဲ့ သူတို့ရဲ့ ဘာသာက လက်တွေ့ကျကျ ပြောရရင် များသောအားဖြင့် စိတ်စိညာဉ်ပိုင်းနဲ့ မပတ်သက်ပါ။ ပြည်သူလူထု အများစုကြီး ၀၀လင်လင် စားသောက်ရရေး အတွက် ကောက်ပဲသီးနှံ အထွက်ကောင်းဖို့ကိုသာ အဓိကထားပြီး ပူဇော် ပသခဲ့ကြတာဖြစ်ပါတယ်။
တောင်အမေရိကမှာ နေထိုင်ကြတဲ့ ချာဗင်၊ မိုချီ နဲ့ ချီမူး လူမျိုးစုတွေကတော့ လနတ်ဘုရား ဒါမှမဟုတ် ကြောင်လို ရုပ်ထုတွေကို ကိုးကွယ်ခဲ့ကြ ပါတယ်။ အကယ်၍သာ စပိန်တို့က အလယ်နှင့် တောင်အမေရိကကို နယ်ချဲ့ပြီး ရိုမန်ကက်သလစ် ဘာသာထဲ အတင်းအဓမ္မ မသွတ်သွင်းခဲ့ရင် ဒီနေ့ထိ အလယ်နဲ့ တောင်အမေရိကနေ လူမျိုးစုတွေရဲ့ ရိုးရာကိုးကွယ်မှု ဘာသာတွေကို တွေ့မြင်ကြရ သိရှိကြရမှာ ဖြစ်ပါတယ်။

မာယန် နဲ့ အက်ဇ်တက်ခ် တို့က နတ်ဘုရား ရုပ်ထုပေါင်း မြောက်အမြား ထုလုပ်ထားခဲ့ကြတဲ့အပြင် ရွှေ၊ ငွေ တို့နဲ့ ပြုလုပ်ထားတဲ့ ရှေးဟောင်း လက်ရှာတွေ မှာလည်း ၄င်းတို့ရဲ့ ကိုးကွယ်မှုတွေကို ဖော်ကျူးထားကြပါသေးတယ်။ ယဇ်ပူဇော်တဲ့ တိရစ္ဆာန်တွေရဲ့ သားရေကို ခွာပြီး ၄င်းအပေါ်မှာ XIPE TOLEC လို့ ရေးထွင်းခြင်းမှ သည် မြွေအရေခွံမှာတောင် ငှက်ပုံထွင်းထားခဲ့ကြပါတယ်။
(ဆက်လက်တင်ပြပါမည်)
Debbie Gill ၏ Religions of the World

Sunday, November 2, 2008

ကမ္ဘာ့ဘာသာအယူဝါဒများ (၃)

အီဂျစ်

အဆင့်မြင့်မြင့် ဖွဲ့စည်းတည်ထောင် ထားခဲ့သည့် ရှေးဟောင်း အီဂျစ်ယဉ်ကျေးမှုသည် ယနေ့အထိ ကမ္ဘာတွင် အံ့သြစရာ အသစ်အဆန်း ဖြစ်နေဆဲပါ။ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ ကျော်ကတည်းက မြို့ပြများ ထူထောင်ကာ လူနေမှု အဆင့်အတန်း မြင့်မြင့်မားမား နေထိုင်ခဲ့ကြပြီး တောင့်တင်းခိုင်မာတဲ့ လူတန်းစား ဖွဲ့စည်းမှုတစ်ရပ် ရှိခဲ့ပါတယ်။ ဒါ့အပြင် အီဂျစ်တို့မှာ ထူးခြား ပြောင်မြောက်တဲ့ စာပေအရေး အသားလည်း ရှိခဲ့တာကြောင့် ၄င်းတို့ရဲ့ ရှုပ်ထွေး အရေးပါတဲ့ ယဉ်ကျေးမှုကို နှောင်းခေတ် မျိုးဆက်သစ်တွေက အပြည့်အစုံ မဟုတ်တောင် တော်တော်များများကိုတော့ နားလည် သဘောပေါက်နိုင်ကြ ပါတယ်။

၎င်းတို့ရဲ့ ဘာသာရေးမှာ ယစ်ပူဇော်ပွဲတွေနဲ့ ယူဇော်ပသတဲ့ပွဲ အခမ်းအနားသဘင်တွေ အလွန်အရေးပါခဲ့ပါတယ်။ ဒါ့အပြင် ဘုန်းတော်ကြီး တွေကလည်း အလွန်တန်ခိုးထွားတဲ့ လူတန်းစား တစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဓမ္မတာ အတိုင်းပဲ နှစ်ကာလ သိပ်ရှည်ကြာလာတဲ့ အခါမှာ အဟောင်းနေရာကို အသစ်က အစားဝင်လာပြီး အီဂျစ်တို့ရဲ့ ရှေးဟောင်း ဘာသာရေး ထုံးတမ်းစဉ်လာတွေလည်း ပြောင်းလဲလာခဲ့ပါတယ်။ အကွဲကွဲ အပြားပြား ပူဇော်ပသနေကြတဲ့ နတ်ဘုရား တွေကို စုစည်းလိုက်ပြီး အသစ်ဖြစ်ထွန်းမှု တစ်ရပ်ကို ထူထောင်ခဲ့ကြပါတယ်။ နိုင်းလ်မြစ်ကမ်း နှစ်ဖက်မှာ စိုက်ပျိုးရေးကို အဓိကထား ရပ်တည်နေကြရသူတွေပီပီ နှစ်စဉ် မြစ်ရေလျှံပြီး မြေဆီမြေသြဇာ မြေနှစ်တွေရကာ စိုက်ပျိုးသီးနှံတွေ အထွက်ကောင်းစေရေး အတွက် သဘာဝတရားကြီးကို ကိုယ်စားပြုတဲ့ လူတစ်ပိုင်း၊ တိရိစ္ဆာန်တစ်ပိုင်း ရုပ်ထုတွေ စီမံပြီး ကိုးကွယ်လာကြပါတယ်။

အီဂျစ်တွေမှာ ဘာသာရေးဆိုင်ရာ ကျမ်းတွေ သတ်သတ်မှတ်မှတ် မရှိခဲ့သည့်အပြင် ဘုရားသခင်နဲ့ ပတ်သက်တဲ့ အမှန် တရားကိုလည်း ထုတ်ဖော် ရေးသားထားခဲ့တာ မတွေ့ရပါဘူး။ ဒဏ္ဍာရီတွေ၊ ပုံပြင်တွေထဲမှာတော့ နတ်ဘုရားတွေ အကြောင်းနဲ့ ၄င်းတို့ တစ်ပါးနဲ့တစ်ပါး ဆက်နွယ်မှုတွေကို ရေးသားထားကြပြီး ၄င်းတို့ အထွတ်အမြတ် ထားကြတဲ့ ယုံကြည် ကိုးကွယ်မှုကို ပံ့ပိုးပေးထားခဲ့ကြပါတယ်။ ၄င်းတို့ ဘာသာမှာ အဓိက ထားတာကတော့ နောင်တမလွန်ဘ၀ အတွက် ယုံကြည်မှုပါပဲ။ သက်မဲ့ခန္ဓာကိုယ်ကိုတောင် နောင်တမလွန် ဘ၀ခရီးအတွက် စနစ်တကျ ပြုပြင်စီမံ မြှုပ်နှံပြီး ဂူသွင်းခဲ့ကြ ပါတယ်။ တမလွန် ခရီးအတွက် ရွှေ၊ ငွေ၊ ရတနာ စတဲ့ တန်ဖိုးရှိ ပစ္စည်းတွေကိုလည်း ဂူထဲမှာ တစ်ပါတည်း ထည့်သွင်းပေးလိုက် ကြပါသေးတယ်။ လူကိုသာမက အိမ်မွေးတိရစ္ဆာန်ဖြစ်တဲ့ ကြောင်တွေကိုတောင် စနစ်တကျ ထုတ်ပိုးစီမံပြီး မြှုပ်နှံပေးလေ့ ရှိကြပါတယ်။

ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၃၀၀၀ ကျော်ကတည်းက ဖေရိုးဘုရင်တွေရဲ့ ဂူသင်္ချိုင်းပိရမစ် ကြီးတွေကို အီဂျစ်နိုင်ငံမှာ ဗိသုကာ ပညာအဆင့်မြင့်မြင့်နဲ့ တည်ဆောက်ခဲ့ ကြတဲ့အပြင် ရုပ်အလောင်းတွေကိုလည်း မပုပ်မသိုး ရလေအောင် ဆေးစီရင်ပြီး ထည့်သွင်း ထားခဲ့ကြပါတယ်။ ဖေရိုးဘုရင်လေး တွမ်တပ်ခမန်ရဲ့ ရွှေမျက်နှာဖုံးစွပ်ကို မြင်ရရုံနဲ့ အီဂျစ်တို့ရဲ့ အနုပညာ အဆင့်အတန်း အင်မတန် မြင့်မားတာကို တအံ့တသြ သိနိုင်ပါတယ်။ အီဂျစ်တို့ရဲ့ အနိစ္စကျမ်း ( Book of the Dead ) ကတော့ သေခြင်းတရားနဲ့ နောင်တမလွန်ဘ၀ အတွက် ဘယ်လို ပြင်ဆင်ရမယ် ဆိုတဲ့ သြ၀ါဒတွေ ရေးသားတဲ့ ကျမ်းဖြစ်ပါတယ်။

(ဆက်လက်တင်ပြပါမည်)
( Debbie Gill ၏ Religions of the World )

Followers

Labels

Comments