ရှေးဦးဘာသာများ
ရှေးဟောင်းအီဂျစ်၊ ဂရိနဲ့ အက်ဇ်တက်ခ်တို့ ကိုးကွယ်ကြတဲ့ ရှေးဦး ဘာသာတွေက ခေတ်သစ်ကမ္ဘာကို တအံ့တသြ ညှို့ယူ ဖမ်းစားနေဆဲပါ။ ယစ်ပူဇော်ပွဲတွေအကြောင်း၊ လူစင်စစ်ကိုတောင် ယစ်ပူဇော် ခဲ့တဲ့ ဒဏ္ဍာရီတွေ ကြားသိခဲ့ရ ပါတယ်။ ရှုပ်ထွေးနက်နဲတဲ့ အသွေးအရောင်စုံ နတ်ဘုရားပုံများကို သရုပ်ဖော်ထားတဲ့ အထောက်အထား တွေကိုလည်း မြင်တွေ့ကြရပါတယ်။ နတ်ဘုရား ပုံပြင်တွေကိုလည်း ဖတ်ရှုခဲ့ရပါတယ်။ ဒါ့အပြင် အီဂျစ်နိုင်ငံ ဂါဇာကမ်းမြောင် ဒေသက ပိရပစ်ကြီးတွေ၊ အေသင်မြို့က ဘုရားရှိခိုးကျောင်းကြီးတွေနဲ့ အလယ်အမေရိက ချီချန်အစ်ဇာက မာယန် ဘုရားရှိခိုး ကျောင်းပျက်ကြီးတွေကို ကျွန်တော်တို့ မျက်မြင်တွေ့နေကြရပါတယ်။
ယဉ်ကျေးမှုချင်း သိပ်ဝေးကွာတဲ့ သူတို့ရဲ့ ကိုးကွယ်မှုတွေက လက်ရှိကျွန်တော်တို့ ဘာသာတရားတွေနဲ့ သိပ်ကို ကွဲပြားတယ်လို့ တွေးထင်ကောင်း တွေးထင်မိကြပါ လိမ့်မယ်။ ကျွန်တော်တို့ တွေ့ရှိခဲ့ကြတဲ့ အထောက်အထား မျှလောက်နဲ့ သူတို့ရဲ့ ကိုးကွယ်မှုတွေကို ပြည့်ပြည့်စုံစုံ ပုံဖော်နိုင်ဖို့ကို ခက်ပါတယ်။ ရှေးဟောင်း သုတေသနဆိုင်ရာ ဆွေ့ရှိချက်တွေကို ကြည့်ရှုပြီး ခန့်မှန်းရုံလောက်မျှပဲ စွမ်းဆောင်နိုင်ပါတယ်။ ရှေးဟောင်း အထောက်အထား အများအပြား တွေ့ခဲ့ရပေမယ့် ဆိတ်သုန်း ပျောက်ကွယ် သွားပြီးဖြစ်တဲ့ ယုံကြည်ကိုးကွယ်မှု တစ်ရပ်ကို ဖော်ထုတ် သတ်မှတ်မပေးနိုင်ပါ။ အစိတ်အပိုင်း အမြောက်အမြား ဖြတ်တောက်ထားတဲ့ ပဟေဠိပုံကားချပ် တစ်ချပ်ကို ပြန်ဆက်ဖို့ ကြိုးစားရာမှာ အချို့အစိတ်အပိုင်းတွေ ပျောက်နေတာကြောင့် ပုံကားချပ်ကို အပြည့်အစုံ ပြန်မဖော်နိုင်သလိုမျိုး ဖြစ်နေပါတယ်။
ခရစ်တော် မမွေးဖွားမီ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းနဲ့ သုံးသောင်းအတွင်းမှာ စိုက်ပျိုးသီးနှံတွေ အထွက်ကောင်းစေဖို့ ကိုးကွယ် ပူဇော်မှုတွေ ရှိခဲ့ကြောင်းကိုတော့ ဥရောပတလွှားမှာ အထောက်အထားတွေ တွေ့ရှိခဲ့ကြရပါတယ်။ မြွေတွေ၊ နွားသိုးတွေကို ကိုးကွယ်ခဲ့ကြပြီး ဘုရားရှိခိုးကျောင်းတွေ အခိုင်အခန့်နဲ့ ဘုန်းတော်ကြီးတွေလည်း ရှိနေခဲ့တာကို တွေ့ကြရပါတယ်။ ကျောက်ခေတ်နှောင်းပိုင်းမှာ ကျောက်တုံးကြီးတွေကို ပတ်ဝိုင်း စိုက်ထူထားခဲ့ကြ တာကိုလည်း ဥရောပတစ်ခွင်မှာ တွေ့မြင်ကြရ ပါတယ်။ ဥပမာ တာစီယန်ကမောလ်တာ ဘုရားရှိခိုးကျောင်းတွေနဲ့ ပြင်သစ်နိုင်ငံတို့မှာ တွေ့မြင်ကြရပါတယ်။ ဒါပေမယ့် ဘာရည်ရွယ်ချက်နဲ့ အင်မတန်ကြီးမားတဲ့ ကျောက်တုံးကြီးတွေကို အခုလို ပတ်ဝိုင်း စိုက်ထူထားခဲ့ကြသလဲ ဆိုတာကိုတော့ ဘယ်သူကမှ အဓိပ္ပာယ် မဖွင့်ဆိုနိုင်ကြသေး ပါဘူး။ ကြေးခေတ်ဦးပိုင်း လောက်က စိုက်ထူ ထားခဲ့ကြတယ်လို့ မှန်းဆထားတဲ့ အင်္ဂလန်က ကျောက်တုံးတွေကိုတော့ နက္ခတ္တဗေဒအတွက် စုပုံ ထူထောင်ထားခဲ့ကြတယ်လို့ မှန်းဆနေကြပါတယ်။ တမလွန်အတွက် တိရစ္ဆာန်တွေကို ယစ်ပူဇော်လေ့ရှိကြတာကိုတော့ ဓမ္မကျမ်းစာဟောင်းမှာရော၊ အိန္ဒိယသက္ကတ ကျမ်းတွေမှာပါ တွေ့ကြရပါတယ်။ ပါးစပ်ပြော ယဉ်ကျေးမှုတွေ၊ ပုံပြင်တွေနဲ့ သဏ္ဍာရီတွေမှာ နတ်ဘုရားဗိမာန်တွေနဲ့ ရက်ယှယ်ထားတာကိုလည်း သိနေကြရပါတယ်။
ရှေးဦး ဘေဘီလိုနီးယား၊ ဆီးရီးယားနဲ့ ဖိုးနီးရှားတို့မှာ လူမျိုးစုလိုက် နတ်ဘုရားတွေ ရှိကြပြီး စစ်ကာလတွေမှာ အန္တရာယ် ကင်းအောင် ပူဇော်ပသလေ့ရှိကြပါတယ်။ ဘေဘီလိုနီးယားမှာ နတ်ဘုရားဘဲလ်၊ ဆီးရီးယားမှာ ရင်မ်မွန်၊ အစ္စရေးကတော့ ယေဟိုဝါ လို့ခေါ်ကြပါတယ်။ နှောင်းပိုင်းရောက်တော့ အစ္စလာမ်ဘာသာဝင်တွေကလည်း အလ္လာအရှင်ကို အောင်ပွဲရ ဘုရားတစ်ဆူအဖြစ် ဆည်းကပ် ကိုးကွယ်ကြပါတယ်။
တရုတ်တို့ရဲ့ ရှေးဦးဘာသာတွေကို သုတေသနပြုဖို့ သိပ်ခက်ခဲပါတယ်။ ဘာကြောင့်လဲ ပြောရရင် စာမှု၊ ပေ၊ ပုရပိုက်တွေထဲမှာ သင်္ကေတနဲ့ ရေးထားတာတွေကြောင့် ဖတ်ဖို့ မလွယ်ကူခဲ့ပါဘူး။ အာကာသနတ်ကတော့ တရုတ်တို့ အတွက် အရေးပါဆုံး ဖြစ်ပုံ ရခဲ့ပါတယ်။ လဟာပြင်မှာ အာကာသနတ် ပူဇော်ပွဲနဲ့ ယစ်ပူဇော်ပွဲတွေ ကျင်းပလေ့ ရှိခဲ့ကြ ပါတယ်။ ၄င်းနတ်ကို ကွန်ဖြူးရှပ်ဝါဒနဲ့ တာအိုဝါဒ ပေါ်ထွန်းလာချိန်ထိ ကိုးကွယ်ခဲ့ကြပါတယ်။ ကွန်ဖြူးရှပ်နဲ့ တာအိုဝါဒ တို့က အဲဒီ ရှေးဟောင်း သဘာဝတရား ကိုးကွယ်မှုကို ပြောင်းလဲပစ်လိုက်ကြပါတယ်။
(ဆက်လက်တင်ပြပါမည်)
( Debbie Gill ၏ Religions of the World )

3 comments:
ဆုရည်ရေ အခုလို ပုံမှန်လေးအမြဲတင်နေနိုင်ရင် သိပ်ကောင်းမယ်။ ဒီဘလော့်လေးကို ဘယ်သူမှ လာမလည်ရင်တောင် မေတ္တာပို့ တရားလေးလာနာရင်း အစ်မတော့ နေ့တိုင်းလာဖြစ်ပါတယ်။ အခုလို ပို့စ်လေးတွေလည်း ဖတ်နေရရင် ပိုပြီးလာရ ကျိုးနပ်ပါတယ်။ ဆုရည်မှာ အခက်အခဲတွေ၊ စိတ်ညစ်စရာတွေ ရှိခဲ့ရင် အစ်မဆီကို မေးလ်ပို့ပြီး တိုင်ပင်လို့ ရပါတယ်နော့်-
နွေးထွေးကြင်နာသော မေတ္တာဖြင့်
အစဉ်ချစ်ခင်လျက်
အစ်မ
ကျနော် အဲဒါတွေ မဖတ်ဘူးပါဘူး
Dibbie Gill ဆိုတဲ့နာမည်ကိုတော့
လူပြောသူပြောနဲ့ ကြားဖူးသလို ဖြစ်နေတယ်။
အရှေ့ အလယ်ပိုင်းဒေသက ဘာသာတွေဟာ အချင်းချင်း
ဆက်စပ်မှု ရှိပါတယ်..
တရုတ်ပြည်ရဲ့ ရှေးဦးဘာသာတွေကလည်း ကွန်ဖြူးရှပ်နဲ့ တာအိုဝါဒတွေ မပေါ်ခင် နှစ်အတော်ကြာထဲက ပေါ်ပေါက်ခဲ့ပါတယ်..
ခုထိလည်း ကောင်းကင်နိုင်ငံတော်အယူအဆတို့ ဘိုးဘေးကိုးကွယ်တာတို့ ဟာ ရှေးအစဉ် အလာက ဆင်းသက်လာခြင်းဖြစ်တယ် လို့ ယူဆစရာရှိတယ်။
သမိုင်းအချက်အလက်တွေ မေ့သွားတာတွေ အများကြီးပဲ။
ခုလိုတင်ပြရတာ မလွယ်မှန်း သိပါတယ်..
ကြိုးစားပြီး တင်ပြပေးတဲ့ အတွက် ကျေးဇူးတင်မိပါတယ်..
တကယ် အကျိုးရှိမဲ့ စာတွေပါ...
နောက် ပိုစ့်တွေကို မျှော်နေပါ့မယ်။
ကျနော်ခုမှကိုအလှတရားဆီကရောက်လာတာ ရေးသားထားတာလေးကောင်းတယ်ဗျာ ကမ္ဘာဘာသာအယူဝါဒများဆိုတဲ့ခေါင်းစဉ်မြင်လိုက်ကတည်းက စိတ်ဝင်စားသွားမိတယ် ကျနော်သိသမျှဘာသာတွေကတော့ ၁၁ ဘာသာသိတယ် ဒါပေမယ့် ဘာသာတိုင်းဟာ အာရှမှစတင်ပြီးပေါက်ဖွားလာတယ်လို့ သိရတယ်
အမပြောခဲ့တဲ့ ကွန်ဖြူးရှပ်စ်ဝါဒနဲ့တာအိုဝါဒ က တရုတ်ပြည်ဘာသာတွေဖြစ်ပြီး ရှင်တိုဘာသာကတော့ ဂျပန်နိုင်ငံဘာသာဖြစ်တယ်လို့သိရတယ် အမ ကွန်ဖြူးရှပ်ဝါဒနဲ့တာအိုဝါဒ အကြောင်းကိုတင်ပေးစေချင်ပါတယ်ခင်ဗျာ ဘာလို့လည်းဆိုတော့ မိမိကြိုက်နှစ်သက်ရာဘာသာကိုလွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့် ပြုထားတဲ့ နိုင်ငံများစွာထဲ က မြန်မာနိုင်ငံလည်း ပါဝင်နေတယ် ဘာသာအားလုံးသိထားတော့ ဘာသာတူတူမတူတူ တစ်ဦးကိုတစ်ဦး လေးလေးစားစား နားလည်မှုနဲ့ ရှိရာမှာ တစ်ယောက်အကြောင်းကိုတစ်ယောက်သိထားတော့ပိုကောင်းတယ်လို့မြင်လို့ပါ နောက်ဆုံးအမရယ် နိုင်ငံတစ်နိုင်ငံ စည်းလုံးညီညွတ်မှုကိုရရှိရမယ်ဆိုရင် ဘာသာတရားအမျိုးမျိုးကို ကိုးကွယ်ကြတဲ့ တိုင်းရင်းသား အချင်းချင်းတစ်ဦးပေါ်တစ်ဦး လေးစားပြီး နားလည်မှုရှိဖို့ အလွန်အရေးကြီးတယ်လို့ ကျနော်မြင်လို့ပါ
ခင်မင်လေးစားလျက်
သီဟညိမ်း
Post a Comment