၁။ အဓိဂမ သာသနာကွယ်ခြင်း
၂။ ပဋိပတ္တိ သာသနာကွယ်ခြင်း
၃။ ပရိယတ္တိသာသနာကွယ်ခြင်း
၎။ လိင်္ဂသာသနာတော်ကွယ်ခြင်း
၅။ ဓာတ်တော်ကွယ်ခြင်း ။ ။
၅။ ဓာတ်တော်ကွယ်ခြင်း
ဓာတ်တော် ကွယ်ပျောက်ခြင်း ဆိုသည်မှာ ဓာတုပရိနိဗ္ဗာန်ပြုခြင်းကို ခေါ်ဆိုပါသည်။ ဤနေရာတွင် ပရိနိဗ္ဗာန်ပြုခြင်း (၃)မျိုးကို ဖော်ပြရလျှင် ၁။ ကိလေသပရိနိဗ္ဗာန်ပြုခြင်း၊ ၂။ ခန္ဓပရိနိဗ္ဗာန်ပြုခြင်းနဲ့ ၃။ ဓာတုပရိနိဗ္ဗာန် ပြုခြင်း တို့ပဲ ဖြစ်ပါတယ်။ ထိုသုံးမျိုးတွင် ဗောဓိပင်နှင့် ရွှေပလ္လင်ဝယ် ဘုရားအဖြစ်သို့ ရောက်တော်မူသောအခါ ကိလေသာ အားလုံး ချုပ်ငြိမ်းပျောက်ကွယ်သွား ခြင်းကို ကိလေသ ပရိနိဗ္ဗာန်ပြုသည်ဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။
မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီး ကုသိနာရုံပြည် မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်တော်ဝယ် စုတိကမ္မဇရုပ်များ ချုပ်ငြိမ်း တော်မူခြင်းသည် ခန္ဓပရိနိဗ္ဗာန်ပြုသည်ဟု ခေါ်ဆိုပါသည်။
ဘုရားရှင်၏ သရီရဓာတ်တော်များ အလိုအလျှောက် မီးတောက်ကာ နောက်ဆုံးပိတ် ချုပ်ငြိမ်းကွယ်ပျောက်
သွားခြင်းသည် ဓာတုပရိနိဗ္ဗာန်ပြုသည်ဟု ခေါ်ပါသည်။ ဘုရားရှင်၏ ဓာတ်တော်များသည် မိမိတို့ တည်ရှိရာအရပ်၌ ကိုးကွယ်ပူဇော်မှု မခံရလျှင် ကိုးကွယ် ပူဇော်သူများ ရှိရာသို့ ကြွတော်မူ ကြကုန်သည်။ ကာလကြာသော် အရပ်ဌာနအားလုံး တို့၌ ပူဇော် မြတ်နိုးမှု မရှိဘဲ နေကုန်သည်။ ထိုသို့ အဘက်ဘက်မှ သာသနာတော် ဆုတ်ယုတ်လာသောအခါ အရပ်ရပ်မှ ဓာတ်တော်များသည် သီဟိုဠ်ကျွန်း၌ စုပေါင်း၍
မဟာစေတီသို့ ကြွကုန်ကြလေသည်။ ထို့နောက် တစ်ဖန် နာဂဒီပကျွန်း၊ ရာဇာယတနစေတီသို့ ကြွတော်မူကုန်မည်။
ထိုမှတစ်ဖန် ဘုရားပွင့်တော်မူရာ ဗောဓိပင်နှင့် ရွှေပလ္လင်ရှိရာ အရပ်သို့ ကြွရောက်ကုန်ကြမည်။ အားလုံးသော ဓာတ်တော်တို့သည် မဟဗောဓိပလ္လင်သို့ စုပေါင်း ရောက်လာ တော်မူကြပြီး ရွှေတုံးရွှေခဲကြီး သဖွယ်ဖြစ်၍ ရောင်ခြည်တော်ခြောက်သွယ်ကို လွတ်တော်မူကြကုန်သည်။ (သုတ်ပါထေယျ၊ သမ္ပသာဒနီယ)
ထို့နောက် သရီရ ဓာတ်တော်များမှ မီးထတောက်ကာ ထိုဓာတုနိမ္မိတ ကိုယ်တော်မြတ်ကို အကြွင်းမဲ့လောင်ကျွမ်း လေမည်။ ထိုမီးညွှန့် မီးလျှံသည် ဗြဟ္မာ့ပြည်တိုင်အောင် တက်လေသည်။ မုန်ညင်းစေ့လောက် ဓာတ်တော်လေး တစ်ဆူ ကြွင်းကျန်နေသေးလျှင် မီးလျှံမစံသေးပေ။ ဘုရားရှင်၏ သရီရ ဓာတ်တော်များ ကုန်ဆုံးမှသာလျှင် မီးလျှံစဲတော့သည်။
ဤသို့ဖြင့် ဓာတ်တော်များ စုဝေး၍ ကြီးကျယ်သော တန်ခိုးပြာဋိဟာကို ပြတော်မူပြီး ဓာတ်တော်များ ကွယ်ပျောက်လေသည်။ ထိုနေရာသို့ စုဝေးရောက်လာကြသော နတ်ဗြဟ္မာ အပေါင်းတို့သည် ဘုရားရှင် ခန္ဓပရိနိဗ္ဗာန် ပြုသောနေ့ကဲ့သို့ ပန်းနံ့သာ၊ တူရိယာ စသည်တို့ဖြင့် ပူဇော်ကာ လက်ျာရစ် သုံးကြိမ်လှည့်ပြီး ရှိခိုး၍ နောင်အခါ ပွင့်လတ္တံ့သော ဘုရားရှင်ကို ဖူးမျှော်ရပါစေသား ဆုများတောင်း၍ မိမိတို့၏ ဘုံဌာနသို့ ပြန်သွားကြလေတော့သည်။ ဤမှစ၍ ဓာတ်တော်သာသနာ ကွယ်ပျောက်တော့လေသည်။
ဤသို့ဖြင့် ဝေနေယျမျာစွာကို သနားတော်မူ၍ သဒ္ဓါတရားကို အခြေခံကာ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း
ကာလပတ်လုံး လူသာမန်ပုဂ္ဂိုလ်တို့ ပြုလုပ် ဖြည့်ကျင့်နိုင်ခဲသော ပါရမီသုံးဆယ်၊ စွန့်ခြင်းကြီးငါးပါး၊ စရိယသုံးပါးတို့ အရင်းခံကာ တည်ထောင်ခဲ့သော ဘုရားရှင်၏ သာသနာတော်ကြီးသည် ကွယ်ပျောက် ချုပ်ငြိမ်း ရပါလိမ့်မည်။
ထို့ကြောင့် မြတ်စွာဘုရားရှင်၏ သာသနာတော်ကြီး ယခုလို နေလိုလလို ထွန်းတောက်ဆဲ ကာလ၀ယ် အချိန်ရှိခိုက် လုံ့လစိုက်၊ လသာတုန်း ဗိုင်းငင်ကာ ကုသိုလ်ကောင်းမှု အစုစု၌ အပ္ပမာဒ သတိတရားဖြင့် တတ်အားသရွေ့ ကြိုးစားနိုင် ကြစေရန် စေတနာသန့်သန့်ဖြင့် တင်ပြလိုက်ရပါသည်။

4 comments:
အစ်မ
ကျေးဇူးပါခင်ဗျာ။
ကျေးဇူးအထူးတင်ပါတယ်ဗျ။ မေးချင်တာလေးရှိလို့ ဆက်မေးမယ်နော်။ ဖြေနိုင်ရင် ဖြေပေးစေချင်တယ်။ ဘယ်မှာရှာရမှန်းမသိလို့ပါ။ ဤကမ္ဘာကို ဘဒ္ဒကမ္ဘာလို့ ခေါ်တယ်လို့ မှတ်နာဖူးပါတယ်။ အခုလက်ရှိ ဂေါတမမြတ်စွာဘုရား (လေးဆူမြောက် ဘုရားရှင်) ပွင့်တော်မူပြီး သာသနာတော် ထွန်းကားမယ်။ ပြီးရင် ကွယ်မယ်။ ကွယ်ပြီးလို့ ဂေါတမမြတ်စွာဘုရားရဲ့ ဓာတ်တော်၊ သာသနာတော် အကြွင်းအကျန် တစ်ခုမှမရှိအောင် သာသနာတော်ကွယ်ပြီး တော့မှ အရိမေတ္တယ ဘုရားရှင် ပွင့်တော်မူမယ်လို့လည်း မှတ်သားမိပါတယ်။ ကျနော်သိချင်တာက သာသနာတော်ကွယ်ပြီးရင် ကမ္ဘာကြီးကို ဆေးကြောမယ်။ ပြီးမှ နောက်ဘုရားရှင် ပွင့်မယ်ဆိုတာ မှန်ပါသလား။ သို့တည်းမဟုတ် ဘဒ္ဒကမ္ဘာမှာ ဘုရားရှင် ၅ဆူစလုံး ပွင့်တော်မူပြီးမှ ကမ္ဘာပျက်မှာလား။ အဲဒါကို သိချင်ပါတယ်။ ဖြေနိုင်မယ်ဆိုရင် သို့မဟုတ် မေးပေးလို့ရမယ့် ဆရာကောင်းများရှိရင် သို့မဟုတ် ကျန်းညွှန်းလေးများသိရင် ဖြေပေးရန် တောင်းဆိုချင်ပါတယ်။
သာသနာတော် အဓွန့်ရှည်တည်တံ့ပါစေ။
လူငယ်တွေအနေနဲ့ သာသနာကို စိတ်ဝင်စားတာ သိပ်ကောင်းပါတယ်။ သိပ္ပံ နောက်ခံကလာတဲ့သူမို့ သိပ္ပံနဲ့ ယှဉ်ပြီး နည်းနည်းဆွေးနွေး ချင်ပါတယ်။ ကမ္ဘာကြီးကို ဆေးတယ်ပဲပြောပြော သိပ္ပံနည်းအရ ပြောင်းလဲတယ်ပဲ ပြောပြော ကမ္ဘာကြီးက ထပ်ခါတလဲလဲ သတ္တ၀ါတွေ ပျက်စီးလိုက် ပြန်ဖြစ်လိုက် ဖြစ်မှာကတော့ သေချာပါတယ်။ သိပ္ပံဆိုင်ရာ ကျောက်ဖြစ်ရုပ်ကြွင်း လေ့လာမှုအရ ဒီကမ္ဘာကြီးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၄.၅ ဘီလီယံက စခဲ့တယ်လို့ သိရတယ်။ သက်ရှိတသတ္တ၀ါတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃.၈ ကမှ ပေါ်လာပါတယ်။ ဒီအထဲမှာမှ လူ၊ မျောက်အပါအ၀င် Homo Sapiens လို့ခေါ်တဲ့ လူနဲ့တူတဲ့ ခြေနှစ်ချောင်းပေါ်မှာ မတ်တတ်ရပ်ပြီး သွားနိုင်တဲ့ သတ္တ၀ါတွေကတော့ လွန်ခဲ့တဲ့အနှစ် နှစ်သန်းလောက်က Cainozoic ခေတ်မှာမှ ပေါ်ထွန်းခဲ့ပါတယ်။ လူနဲ့ လူလိုသတ္တ၀ါတွေမတိုင်ခင် နောက်ဆုံးခေတ် Mesozoic ခေတ်မှာ နှစ်သန်းပေါင်း ၁၈၀ ခန့်က ပျံသန်းနိုင်တဲ့ ဒိုင်နိုဆောတွေ ဒီကမ္ဘာကို လွှမ်းမိုးခဲ့တယ်။ ဒီမတိုင်ခင် Palaeozoic ခေတ်မှာ သန်းပေါင်း ၆၀၀ ခန့်က ကျောရိုးမဲ့သတ္တ၀ါတွေ (600 Million years ago)။ မေးရိုးပါတဲ့ ငါးမျိုးတွေ (၄၄၀ Millions year ago)။ အင်းဆက်ပိုးကောင်တွေ (နှစ်သန်းပေါင်း ၄၀၀ခန့်က)၊ ကျောရိုးရှိပြီးသား တွားသွားသတ္တ၀ါတွေ (နှစ်သန်းပေါင်း ၃၀၀ ခန့်က)။ ဒိုင်နိုဆော နို့တိုက်သတ္တ၀ါတွေ (သန်းပေါင် ၂၅၀ က) ထွန်းကားခဲ့ပါတယ်။ ခေတ်တခုခုကို သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးပြီး အသစ်ကနေပြန်စတာ ဖြစ်တယ်။ သာသနာ အနှစ် ၅၀၀ ပြည်ပြီး သာသနာကွယ်ပြီးလို့ အခုလောလောဆယ် တည်ရှိနေတဲ့ လူသားထွန်းကားတဲ့ကမ္ဘာ ဘယ်လောက်အသက်ရှည်ဦးမယ် သတ္တ၀ါတွေ ဘယ်လောက်တရားပျက်ပြီးမှ အခုခေတ်ပျက်စီးမယ်ဆိုတာ မသိသေးဘူး။ အခုခေတ်ပျက်စီးလို့ သတ္တ၀ါဆိုတာကို အသစ်ကပြန်စရင် လူသားလွမ်းမိုးမလား၊ ဒိုင်နိုဆော၊ ငါး လွမ်းမိုးမလားဆိုတာ မသိသေးဘူး။ နောက်ဘုရားက လူသားလွှမ်းမိုးတဲ့ခေတ်ရောက်မှ ပွင့်မှာ ဖြစ်လို့ ဒီ ကမမ္ဘာကြီး တခုလုံးမပျက်ခင် နောက်ထပ် ကမ္ဘာကပ်ဘယ်နှစ်ခု ရောက်မှ လူသားထွန်းကားတဲ့ခေတ် ပြန်ရောက်မယ်ဆိုတာ မသိသေးတဲ့အတွက် အခု သေချာနေတဲ့ ဘု၇ားသာသနာနဲ့ ကြုံတဲ့အချိန်မှာပဲ အခွင့်အရေးကို အမိအရယူသင့်ပါတယ်။
အခုလိုရှင်းပြပေးတာ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။ သာသနာတော်အတွက် မှတ်တိုင်လေးတစ်ခု ဖြစ်နိုင်ပါစေဗျာ။
Post a Comment