သာဘာတရား၏ အရင်းအမြစ်
ဘာသာတရား၏ မူလအခြေခံဇာစ်မြစ်သည် ချမ်းသာသုခပင် ဖြစ်သည်။ ကမ္ဘာဦး စိုက်ပျိုးရေးခေတ်က လူသားတို့သည် မိုးလေ၀သ ရာသီဥတု မမှန်မှုကြောင့် ဆန်ရေစပါး ရှားပါးပြီး ဆင်းရဲဒုက္ခ ရောက်သော အခါ ယင်းဆင်းရဲဒုက္ခမှ လွတ်မြောက်၍ ချမ်းသာသုခ ရရှိလိုသဖြင့် တောကိုးကွယ်၊ တောင်ကိုးကွယ်၊ အင်းအိုင် မြစ်ချောင်းတို့ကို ကိုးကွယ်ကြသည်။ ထိုမှတစ်ဆင့် စိတ်ကူးပေါ်ရာ တောစောင့်နတ်၊ တောင်စောင့်နတ် စသည်တို့ကို စိတ်ကူးနှင့် ဖန်ဆင်း၍ ကိုးကွယ်ကြသည်။ ပူဇော်ပသကြသည်။
ဘုရားရှင် ပွင့်ပေါ်လာမှ ဘုရင်းရှင်က ဒီတောကိုးကွယ်၊ တောင်ကိုးကွယ်၊ နတ်ကိုးကွယ် စတဲ့ ကိုးကွယ်ရာ တွေဟာ ကိုးကွယ်ရာ အစစ်မဟုတ်ပါဘူး၊ ဒါတွေကိုးကွယ်လို့ ချမ်းသာသုခ မရနိုင်ဘူး၊ ကိုးကွယ်ရာအစစ်ဟာ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးသာ ဖြစ်တယ်။ ရတနာသုံးပါးကို ကိုးကွယ်မှသာ ချမ်းသာသုခ ရနိုင်တယ် ဟု မိန့်တော်မူခဲ့သည်။
လူအများစုသည် ယုံကြည်မှု၊ ကိုးကွယ်မှု ဘာသာတရားနှင့် မကင်းနိုင်ကြ။ ဘာသာတရားနှင့် ဆက်စပ်၍ လုပ်ဆောင်မှု မှန်သမျှဟာ ချမ်းသာဖို့အတွက်သာ ရည်စူးကြသည်။ သို့ဖြစ်၍ ဘာသာတရား၏ ဇာစ်မြစ်၊ ဘာသာ တရား၏ ဦးတည်ရာသည် ချမ်းသာသုခပင် ဖြစ်တော့သည်။
ဒါနပြု၊ သီလဆောက်တည်၊ ဘာဝနာပွား စသည်ဖြင့် ဘာသာရေးအလုပ်ကို ရိုးရိုးသားသား ဖြူဖြူစင်စင် လုပ်သူများလည်း ချမ်းသာဖို့ဖြစ်သည်။ ယတြာချေ၊ အဓိဋ္ဌာန်ဝင်၊ သက်သတ်လွတ်စား၊ ပုတီးလည်စွပ်၊ ဘုရားတည် စသည်ဖြင့် ဘာသာရေးကို စတန့်ထွင် လုပ်သူများလည်း ချမ်းသာဖို့ပင်ဖြစ်သည်။
မိမိအလုပ်ကို ဦးတည်ချက်မဲ့ ရည်ရွယ်ချက်မဲ့ ဖြင့် လုပ်သူဟူ၍ မရှိသလောက်ဖြစ်၏။ ဦးတည်ချက် ရည်ရွယ်ချက် ဖြင့် လုပ်ကြသူသာ များသည်။ ဘာသာရေးလုပ်သူအားလုံးတို့၏ ဦးတည်ချက်၊ ရည်ရွယ်ချက်ကား ချမ်းသာသုခ ရရှိရေးပင်ဖြစ်သည်။ မိမိဥာဏ်မီသလောက် မိမိသန်ရာ သန်ရာကို ရည်ရွယ်တောင့်တ၍ ပြုကြသည်သာ ဖြစ်သည်။
လူချမ်းသာ၊ နတ်ချမ်းသာ လောက်ကိုသာ ဥာဏ်မီ၍ ထို လူနတ်ချမ်းသာများကိုသာ တောင့်တသူများ ရှိသကဲ့သို့ ထိုလောက်မျှ ဥာဏမမီသဖြင့် ပစ္စုပ္ပန် လတ်တလောချမ်းသာကိုသာ တောင့်တကြသူများလည်း ရှိသည်။ ထို့ထက် ဥာဏ်အမြော်အမြင်ကြီးမား၍ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ချမ်းသာကို ရည်ရွယ်တောင့်တကြသူများလည်း ရှိသည်။ လောကီ ချမ်းသာကို တောင့်တသည်ဖြစ်စေ၊ လောကုတ္တရာချမ်းသာကို တောင့်တသည်ဖြစ်စေ ချမ်းသာလိုစိတ်ကတော့ တစ်ခုတည်းပင်ဖြစ်သည်။ တစ်ခုတည်းဟူသည် ချမ်းသာလိုမှု တူညီခြင်းကို ဆိုလိုသည်။ အားလုံးပင် ချမ်းသာ ချင်ကြ၏။
(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
ဆက်လက်တင်ပြပါမည်။
0 comments:
Post a Comment