နတ်ချမ်းသာ
တစ်နည်းအားဖြင့် လူ့ချမ်းသာဟူသည် နတ်ချမ်းသာနှင့် နှိုင်းယှဉ်ပါက မြက်ဖျားပေါ်က ဆီးနှင်းပေါက်နှင့် သမဒ္ဒရာရေပမာ ကွာခြားပေသည်။ လူသည် ကံနှင့် ဝီရိယကို မှီ၍ အသက်ရှင်ရ၏။ အဓိပ္ပာယ်က ဝီရိယနှင့် အလုပ်လုပ်မှ ကံက အကျိုးပေး၏။ လက်လှုပ်မှ ပါးစပ်လှုပ်ရ ဟူသော သဘောဖြစ်သည်။ နတ်ပြည်သည် လူ့ပြည်မှ သူဌေးသူကြွယ်များ စုဆောင်းထားသော ငွေနှင့် အပန်းဖြေစရာ ကမ်းခြေများသို့သွား၍ ပျော်ပျော်ပါးပါး အပန်းဖြေရာဌာန မျိုးဖြစ်သည်။ လူ့ပြည်မှ စုဆောင်းခဲ့သော ကောင်းမှုကုသိုလ်များဖြင့် နတ်ပြည်သွား၍ အပန်းဖြေ ပျော်ပါးနေကြခြင်းဖြစ်သည်။
မိမိတို့ ရှေးကုသိုလ်ကံကြောင့် ရရှိထားသော ဘုံဗိမာန်များက ထူးထွေ ဆန်းပြား ခမ်းနားလှ၏။ နတ်သားတို့၏ အရွယ်မှာ အသက်ထက်ဆုံး အသက်(၂၀)ခန့်ဖြစ်၍ နတ်သမီးတို့က အသက်(၁၆)နှစ်ခန့်သာ ဖြစ်သည်။ သွားကျိုး၊ ဆံဖြူ၊ နားအူ၊ မျက်မွဲ၊ အရေတွန့်ခြင်း အလျဉ်းမရှိ။ ပင်ကိုယ်အလှမပျက်ဘဲ တစ်သက်လုံး တည်နေကြ သည်။ နတ်သြဇာ အဆီအနှစ်ကိုသာ စားသောက်ကြရသဖြင့် ခန္ဓာကိုယ်အတွင်း၌ အလေးအပေါ့မှစ၍ မကောင်း သည့်အညစ်အကြေးဟူသမျှ လုံးဝမရှိ။ အမြဲ သန့်ရှင်းစင်ကြယ်၍ မွှေးပျံ့နေသည်။ အိုခြင်း၊ နာခြင်း အလျဉ်းမရှိ။ သေခြင်းသာရှိသည်။ သေခြင်းဟူရာ၌ လူ့ပြည်ကဲ့သို့ ရောဂါဝေဒနာခံစားရခြင်းမျိုးမရှိ။ မီးစာကုန် ဆီးခမ်း၍ မီးငြိမ်း ရခြင်းသဘောမျိုးသာ ဖြစ်သည်။
ပတ်ဝန်းကျင်တစ်ခွင်၌ မကောင်းသော အနိဋ္ဌာရုံ လုံးဝမရှိ။ သာယာကြည်နူးဖွယ် ဣဋ္ဌာရုံတို့ကသာ အချိန်ပြည့် လွှမ်းမိုးနေတော့သည်။ ဘ၀တစ်လျှောက်လုံးမှာလည်း စိတ်ညစ်စရာ၊ စိတ်ဆင်းရဲစရာ၊ စိတ်ဓာတ်ကျစရာ ဟူ၍ လုံးဝမရှိ။ ပျော်ရွှင်ဖွယ်ရာ၊ ချမ်းမြေ့ဖွယ်ရာတို့သာ အတိပြီးတော့သည်။ ကိုယ်ပင်ပန်းရခြင်း၊ စိတ်ပင်ပန်းရခြင်း အလျဉ်းမရှိ။ ကိုယ်ရောစိတ်ပါ အမြဲတမ်း ပေါ့ပါးသွတ်လက် ချမ်းသာနေတော့သည်။ ကာမဘုံသားခြင်း အတူတူ ဖြစ်၍ ကာမချမ်းသာခံစားခြင်းက လူများနှင့် အတူတူပင်ဖြစ်သည်။ သို့ရာတွင် နတ်များက သိမ်မွေ့နူးညံ့သော အမျိုးအစားဖြစ်၍ အရာရာ သိမ်သိမ်မွေ့မွေ့ နူးနူးညံ့ညံ့ ရှိကြသည်။
0 comments:
Post a Comment