အာနန္ဒာဘုရား
အာနန္ဒာဘုရားသည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့် ဂူဘုရားဖြစ်ပြီး အေဒီ(၁၀၉၀)တွင် ကျန်စစ်သားမင်း တည်ခဲ့သည်။ မှန်နန်း ရာဇဝင်တွင် နန္ဒမူလ လိုဏ်ဂူမှ ရဟန္တာများ ပုဂံသို့ကြွ လာခဲ့ရာ ကျန်စစ်သားသည် ထိုအရှင်မြတ် များထံမှ နန္ဒမူလိုဏ်ဂူ အကြောင်း သိရှိရပြီး သဘောကျ နှစ်ခြိုက်ခဲ့သည်။ ထို့ကြောင့် အေဒီ (၁၀၉၀)တွင် နန္ဒမူလိုဏ်ဂူ ပုံသဏ္ဍာန် အတိုင်း အာနန္ဒာဘုရား တည်ဆောက်ခဲ့ သည်ဟု ဖော်ပြထားသည်။
အာနန္ဒာဘုရားကို အလယ်မဏ္ဍိုင် ခံ၍ တည်ဆောက် ထားပြီး တိုက်မဂူ အထက်တွင် ပစ္စယာ၊ မိုးလျော အဆင့်ဆင့်ဖြင့် တည်ဆောက် ထားသည်။
အာနန္ဒာဘုရားတွင် ဗုဒ္ဓရုပ်ပွား ဆင်းတုများ၊ နံရံဆေးပန်းချီများ၊ ကျောက်ဆစ် ပန်းတမော့ လက်ရာများနှင့် စဥ့်စိမ်းသုတ် မြေမီးဖုတ် အုတ်ချပ်(စဥ့်ကွင်း) များကို လေ့လာနိုင်သည်။
အာနန္ဒာဘုရားရှိ အလယ်မဏ္ဍိုင် လေးမျက်နှာတွင် အရပ်လေးမျက်နှာသို့ မျက်နှာမူသည့် ရပ်တော်မူ ဗုဒ္ဓရုပ်ပွား ဆင်းတုတော် လေးဆူရှိသည်။
ထိုလေးဆူတို့မှာ မြောက်ဘက် မျက်နှာတွင် စကားသားဖြင့် ထုလုပ်ထားသည့် ကကုသတ်ဗုဒ္ဓ ရုပ်ပွားဆင်းတု (စမ္မစက္ကမုဒြာ)၊ အရှေ့ဘက် မျက်နှာတွင် ကောဏာဂုံ ရုပ်ပွားဆင်းတု၊ တောင်ဘက်မျက်နှာတွင် ထင်းရှူးသားဖြင့် ထုလုပ်ထားသည့် ကဿပဗုဒ္ဓရုပ်ပွားဆင်းတု (အဘယမုဒြာနှင့် ဝရဒမုဒြာ) တို့ဖြစ်သည်။ ထိုဗုဒ္ဓရုပ်ပွားဆင်းတုတော် လေးဆူအနက် တောင်ဘက်နှင့် မြောက်ဘက်မျက်နှာရှိ ဗုဒ္ဓရုပ်ပွားဆင်းတု နှစ်ဆူသာ ပုဂံခေတ်လက်ရာ ဖြစ်သည်။ အရှေ့ဘက်ရှိ ဗုဒ္ဓရုပ်ပွားဆင်းတုမှာ မီးလောင်ပျက်စီးသွား၍ (၁၈၆၇)တွင် ပုဂံမြို့ဝန် ဦးဘိုးက ထပ်မံပြုလုပ် လှူဒါန်းထားခြင်း ဖြစ်သည်။ အနောက်ဘက်ရှိ ဗုဒ္ဓရုပ်ပွား ဆင်းတုမှာ ရွှေ၊ ငွေလိုချင်သူတို့က အရေကြိုပစ်သည်ဟုလည်းကောင်း၊ အင်းဝ-ဟံသာဝတီ စစ်ပွဲကာလ အေဒီ(၁၇၄၂-၅၂)က ဖျက်ဆီးခြင်း ခံရသည်ဟုလည်းကောင်း ဆိုကြသည်။ ယခု လက်ရှိ ဗုဒ္ဓရုပ်ပွားဆင်းတုမှာ အေဒီ(၁၈၉၂)တွင် ပုဂံမြို့မှ ကုန်သည်ကြီး ဦးစံငြိမ်းက ထပ်မံ ပြုလုပ်လှူဒါန်းထားခြင်း ဖြစ်သည်။
အာနန္ဒာဘုရား အ၀င်ခန်းမကြီးလေးခု၏ အတွင်းနံရံ မုခ်ကပ်များတွင် ဗုဒ္ဓဝင်ဆိုင်ရာ ဗုဒ္ဓရုပ်ပွား ကျောက်ဆင်းတုများ၊ အတွင်းစင်္ကြံပတ်လမ်းရှိ နံရံမုခ်ကပ်များတွင် ဗုဒ္ဓရုပ်ပွား ကျောက်ဆင်းတုများ၊ အပြင်စင်္ကြံပတ်လမ်းတစ်လျှောက် အပြင်နံရံ အောက်ပိုင်း သဲကျောက် တုံးကြီးတစ်တုံးထဲ၏ အထက်အောက်မုခ် ကပ်အချိုင့်များတွင် နှစ်ကျိပ်ရှစ်ဆူ နှင့် မြတ်စွာဘုရား ၀ါဆိုစဉ်များ၊ မုဒြာ (လက်ဟန်) အမျိုးမျိုးဖြင့် ဗုဒ္ဓရုပ်ပွား ကျောက်ဆစ်လက်ရာ များကို လေ့လာနိုင်သည်။
အာနန္ဒာဂူဘုရားအတွင်းရှိ နံရံများ ပေါင်းကူးမျက်နှာကြက်များနှင့် တိုင်များတွင် မူလက ရှေး မွန်ဘာသာဖြင့် ကမ္ပည်းရေးထိုးထားသည့် နံရံဆေးရေး ပန်းချီများရှိခဲ့သော်လည်း အာနန္ဒာ ဘုရားအတွင်းပိုင်းကို ထုံးသုတ်လိုက်သည့် အတွက် သမိုင်းဝင် တန်ဖိုးကြီးမားသည့် နံရံဆေးရေး ပန်းချီများ ပျက်စီးသွားခဲ့သည်။ အချို့နေရာများတွင် ထုံးများကို ခွာကြည့်ရာ နံရံ ဆေးရေးပန်းချီနှင့် ကမ္ပည်းမင်စာများ ပေါ်နေသည်ကို တွေ့ရသည်။
အာနန္ဒာဂူဘုရား၏ အပြင်ဘက် အောက်ခြေပတ်လည်တွင် လည်းကောင်း၊ အထက်ပစ္စယာ များတွင်လည်းကောင်း၊ အထက်ပစ္စယံများတွင်လည်းကောင်း စဥ့်စိမ်းသုတ် မြေမီးဖုတ် အုတ်ချပ် (စဥ့်ကွင်း)များဖြင့် တန်ဆာဆင်ထားသည်။ စဥ့်ကွင်းပါ ပုံများမှာ နတ်ဗြဟ္မာမျာက မြတ်စွာဘုရားအား ဖူးမျှော်ရန် လာကြပုံ၊ မာရ်နတ် စစ်သည်များက မြတ်စွာဘုရားအား စစ်တိုက်ရန် လာကြပုံများနှင့် (၅၅၀)ဇာတ်ဆိုင်ရာတို့ ဖြစ်သည်။ ဘုရားတွင် စဥ့်ကွင်းပေါင်း (၁၄၇၂) ခုရှိပြီး ရှေးမွန်ဘာသာ ကမ္ပည်းစာများ ပါရှိသည်။
ဝန်ခံချက် ။ ပုံတော်များကို www.ancientbagan.com မှ ရယူထားပါသည်။
Wednesday, June 25, 2008
အာနန္ဒာဘုရား
Posted by အောင်မြေ at 3:51 AM
Labels: ပုဂံဘုရားများ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment