ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog
Showing posts with label ကမ္ဘာ့ဘာသာအယူဝါဒများ. Show all posts
Showing posts with label ကမ္ဘာ့ဘာသာအယူဝါဒများ. Show all posts

Tuesday, January 27, 2009

ထေရ၀ါဒဗုဒ္ဓဘာသာ (၅)

သာသနာပြုကြစို့

စာဖတ်သူသည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်လိုပါက ဖော်ပြပါ ထေရ၀ါဒ၏ သွန်သင် ညွှန်ပြချက်များကို ကိုယ်တိုင် လက်ခံ ကျင့်သုံးလိုက်နာပြီး အခြားထေရ၀ါဒ ဗုဒ္ဓဘာသာဝင် များကိုလည်း လက်ခံ ကျင့်သုံး လိုက်နာစေရန် ကြိုးပမ်း အားထုတ် သာသနာပြု သင့်ပါကြောင်း တိုက်တွန်းလိုက် ရပါသည်။

  • (၁) ထေရ၀ါဒသည် အရှင်မဟာကဿပ အစရှိသော ပထမ သင်္ဂါယနာတင် ထေရ် အရှင်များမှ ဆဋ္ဌသင်္ဂါယနာတင် ထေရ်အရှင်များအထိ မထေရ် အဆက်ဆက်တို့ လက်ခံကျင့်သုံးလာသော ၀ါဒဖြစ်သည်။
  • (၂) ထေရ၀ါဒသည် ထွက်ရပ်ပေါက်၊ သိဒ္ဓိပေါက်၊ တန်ခိုးရှင် ဖန်ဆင်းရှင်၊ အင်းအိုင် ဓားလှံလက်ဖွဲ့၊ ဓာတ်ရိုက် ဓာတ်ဆင်၊ ဆေးဝါး၊ ယတြာ၊ ဂါထာမန္တာန်များဖြင့် အခြေပြုသော တန္တရမန္တရ၀ါဒ တို့ကို အားမပေး။
  • (၃) ထေရ၀ါဒသည် သတ္တ၀ါတိုင်း မိမိတို့ ရရှိခံစားသော ကောင်းကျိုး ဆိုးပြစ်များကို မိမိတို့ကိုယ်တိုင် ပြုလုပ်သော ကံတရားများ၏ စီမံမှု အကျိုးရလဒ် များရရှိရန် ဘုရားရှင် က ပြုလုပ်ပေးခြင်း၊ တာဝန်ယူခြင်း မရှိဘဲ ကောင်းကျိုး ရရှိနိုင်စေရန် နှင့် နောက်ဆုံး ဒုက္ခခပ်သိမ်း အေးငြိမ်းရာ အထိ ချမ်းသာသုခ ရရှိရန် နည်းပေးလမ်းပြသာ ပြုပေးသည်။
  • (၄) ထေရ၀ါဒသည် ရုပ်နာမ်နှင့် ခန္ဓာတို့၏ ကြောင်းကျိုးဖြစ်စဉ်ကို ဖော်ပြသော ခေတ်အဆက်ဆက် အမြဲ မှန်ကန် တိကျသော အဘိဓမ္မာ တရားတော်ဖြင့် ရပ်တည်သည်။
  • (၅) ထေရ၀ါဒသည် သြကာသ လောကဖြစ်သော ၃၁ ဘုံတည်ရှိသည်ကို ဖော်ထုတ်ပြီး ထို ၃၁ ဘုံ၌ ဖြစ်ရန် အကြောင်းတရားများ၊ ၃၁ ဘုံမှ လွတ်မြောက်ရန် နည်းလမ်းများ ကို ညွှန်ပြသည်။
  • (၆) ထေရ၀ါဒသည် ၀ိပဿနာ၏ အခြေခံဖြစ်သော သမထလမ်းစဉ်နှင့် လောကမှ လွတ်မြောက်ရေး ၀ိပဿနာ လမ်းစဉ်တို့ကို အခိုင်အမာ ချမှတ်၍ ဝေနေယျ သတ္တ၀ါတို့အား ဘ၀သံသရာ မှ လွတ်မြောက်ရေး ဦးတည်သည်။
  • (၇) ထေရ၀ါဒသည် ဓာတ်တော် မွေတော်၊ စေတီပုထိုး၊ ရုပ်ပွားဆင်းတု တော်များကို ဗုဒ္ဓဘုရားရှင်၏ ကျေးဇူးတော် ဂုဏ်တော်တို့ကို အာရုံပြု၍ ကိုးကွယ်ဆည်းကပ်ရာ အဖြစ် ခွင့်ပြုသည်။
  • (၈) ထေရ၀ါဒသည် ဂင်္ဂါဝါဠု သဲစုမက ဘုရားရှင်များ ပွင့်ထွန်း ပေါ်ပေါက်ခဲ့ကြောင်း ဟောကြား၍ သတ္တ၀ါတိုင်း မိမိတို့ ကိုယ်တိုင် ဘုရားအဖြစ် ရောက်အောင် ကြိုးပမ်းအားထုတ်ခွင့် ရှိကြောင်း ဘုရား ဖြစ်နိုင်ကြောင်း အခွင့်အရေးပေးသည်။
ထေရ၀ါဒဗုဒ္ဓဘာသာ (၁)
ထေရ၀ါဒဗုဒ္ဓဘာသာ (၂)
ထေရ၀ါဒဗုဒ္ဓဘာသာ (၃)
ထေရ၀ါဒဗုဒ္ဓဘာသာ (၄)

( ဓမ္မ၀ီရဂျာနယ်၊ အတွဲ(၁၃)၊ အမှတ်(၅)၊ ပထမကျော် ဦးစံသင်းလှိုင် ၏ ထေရ၀ါဒ ဗုဒ္ဓဘာသာစစ်စစ်၊ ၂၁-၁၀-၂၀၀၈ )

Monday, January 26, 2009

ထေရ၀ါဒဗုဒ္ဓဘာသာ (၄)

ပဋ္ဌာန်း(၂၄)ပစ္စည်း အဓိပ္ပာယ် ဖွင့်ဆိုချက်သည် ပြီးခဲ့သည့် အခမ်းအနား တစ်ခု၏ ဖိတ်စာနောက်ကျောတွင် ဖော်ပြထားချက်မှ ထုတ်နုတ်ချက် ဖြစ်ပါသည်။ အဆိုပါ အဓိပ္ပာယ် ဖွင့်ဆိုချက်များသည် ဖော်ပြပါ ပဋ္ဌာန်းပစ္စည်းများက ထိုအဓိပ္ပာယ်များကို မပြဆိုနိုင်သဖြင့် လုံးဝ မှားယွင်းများသာ ဖြစ်ပါသည်။ ယင်းမှားယွင်းမှုသည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်၏ အထွတ်အထိပ် ပဋ္ဌာန်း တရားတော်ကြီးကို စော်ကားရာ ရောက်သည့်အပြင် ဘာသာရေး သရော်မှုအဖြစ် မှတ်ယူသွား နိုင်ပါသည်။ အဓမ္မကို ဓမ္မအဖြစ် ဖန်တီးထားသဖြင့် ကြီးလေးသော ဘာသာရေးပြစ်မှုကို ကျူးလွန်ရာ ရောက်ပါသည်။ ထိုအဓိပ္ပာယ်များကို အမှန်ဟု လက်ခံထားသူများ ရှိပါက ၄င်းတို့၏ ဘာသာရေး အသိအမြင်ကို အမှားနယ်သို့ ပို့ဆောင်ပေးရာ ရောက်ပြီး အဆင့်ဆင့် အမှားသံသရာလည်ကာ ထေရ၀ါဒ ဗုဒ္ဓဘာသာ အစစ်အမှန်ကို ညစ်နွမ်း မှေးမှိန် ပျောက်ကွယ် စေနိုင်သဖြင့် အထူး သတိမူ အပ်ပါသည်။ မကျူးလွန်မိအောင် ရှောင်ရှားသင့်သည့် အမှားများ ဖြစ်ပါသည်။

လူသေလျှင် အိမ်မှာ (၇)ရက် နေသည်ဟူသော ယူဆချက်ကား ဗုဒ္ဓဘာသာဝင် (၉၀)ရာခိုင်နှုန်းက လက်ခံထားသော ယူဆချက်ဖြစ်သည် ဆိုလျှင် မှားအံ့မထင်၊ ဗုဒ္ဓဘာသာဝင် (၉၀)ရာခိုင်နှုန်း တို့သည်လည်း ဗုဒ္ဓဘာသာတရားတော်၏ အဆုံးအမ၊ အနှစ်သာရကို နားမလည် ကြသူများ ဖြစ်ကြသည် ဆိုလျှင်လည်း လွန်အံ့မယ်မထင်ပါ။ လူသေလျှင် (၀ါ) သတ္တ၀ါသေလျှင် သောတာပန် (အရိယာ) အဆင့် မရောက်သေးသော ဘ၀အပြည့်ရှိသူ ဖြစ်ပါက ဒေ၀ (နတ်ဗြဟ္မာ) ဘ၀၊ မနုဿ (လူ) ဘ၀၊ နိရယ (ငရဲ) ဘ၀၊ ပေတ (ပြိတ္တာသရဲ တစ္ဆေ) ဘ၀၊ တိရစ္ဆာန (တိရစ္ဆာန်)ဘ၀ ဟူသော ဘ၀(၅)မျိုးတွင် တစ်မျိုးမျိုးသို့ သေပြီးချက်ချင်း နာရီ မိနစ် စက္ကန့် မခြား ရောက်ရှိသွားပါသည်။ ပေတ (ပြိတ္တာ သရဲတစ္ဆေ) ဖြစ်ပါမူ အိမ်နှင့် အိမ်ဝန်းကျင်တွင် ကျင်လည်နိုင်ပါသည်။ သို့သော် (၇)ရက် ဖြစ်ချင်ဖြစ်မည်။ တစ်လ ဖြစ်ချင် ဖြစ်မည်။ တစ်မိနစ်လည်း ဖြစ်ချင်ဖြစ်မည်။ ဤသည်မှာ ထေရ၀ါဒ ဗုဒ္ဓတရားတော်၏ သွန်သင် ညွှန်ပြချက် ဖြစ်ပါသည်။ အကယ်၍

လူသေတိုင်း အိမ်မှာ (၇)ရက်နေသည် ဟုယူဆလျှင် လူသေတိုင်း ပေတ (ပြိတ္တာ သရဲတစ္ဆေ) ဖြစ်သည်ဟု လက်ခံရာ ရောက်ပါသည်။ ထိုသို့ လက်ခံလျှင် ထေရ၀ါဒ ဗုဒ္ဓဘာသာတရားတော်နှင့် ဖြောင့်ဖြောင့် ဆန့်ကျင်သဖြင့် ဗုဒ္ဓဘာသာဝင် အစစ်မဟုတ်ပါ။ (၀ါ) ထေရ၀ါဒ ဗုဒ္ဓဘာသာ စစ်စစ် မဖြစ်နိုင်ပါ။

( ဓမ္မ၀ီရဂျာနယ်၊ အတွဲ(၁၃)၊ အမှတ်(၅)၊ ပထမကျော် ဦးစံသင်းလှိုင် ၏ ထေရ၀ါဒ ဗုဒ္ဓဘာသာစစ်စစ်၊ ၂၁-၁၀-၂၀၀၈ )
( ဆက်လက်ရေးသား ဖော်ပြပါမည်။ )

Saturday, January 24, 2009

ထေရ၀ါဒဗုဒ္ဓဘာသာ (၃)

အနေကဇာ တင်ခြင်းဆိုသည်မှာ ဆရာတော် သံဃာတော်များက မိမိတို့ ကိုးကွယ်မည့် ရုပ်ပွားဆင်းတု စေတီပုထိုးများကို ဗုဒ္ဓတရားတော် များမှ အမွန်အစ အထွတ်အမြတ် တရားတော် အချို့ကို ထုတ်နုတ် ရွတ်ဆိုပူဇော်ကြခြင်း ဖြစ်ပါသည်။ ဘယ်နေ့ ဘယ်ရက်က စတင်ကိုးကွယ်သည်ဟု အသိအမှတ်ပြု မှတ်တမ်းသဘော ဘာသာရေး အထိမ်းအမှတ် အခမ်အနား တစ်ခု အဖြစ် ဆောင်ရါက် ကြခြင်းသာ ဖြစ်ပါသည်။ ဆရာတော် သံဃာတော်များက ရွတ်ဆို ပေးလိုက်သည့်အတွက် ဘုရား ဖြစ်သွားသည်။ သိဒ္ဓိ တက်သွားသည်ဟု မယူဆသင့်ပါ။ ထိုသို့ ယူဆပါက ဘုရားအောက် နိမ့်ကျသော သံဃာတော်များက ဘုရားကို မြှင့်တင်ပေးသည်၊ ဘုရား ဖြစ်အောင် ဆောင်ရွက်ပေးသည်ဟု အဓိပ္ပာယ် ရသဖြင့် ယုတ္တိရှိမည် မဟုတ်ပါ။ အသက်သွင်းသည်ဟု ယူဆလျှင်ကား ထေရ၀ါဒ ဗုဒ္ဓတရားတော် အရ တကယ်မရှိသော အသက်၊ အတ္တ၊ လိပ်ပြာ၊ ၀ိညာဉ် ကောင်ကို လက်ခံသဖြင့် အလွန်အဆင့်နိမ့်သော ဘာသာဝင် တစ်ယောက်၊ မိစ္ဆာဒိဋ္ဌိနယ်သို့ ချင်းနင်း ၀င်ရောက်သူ တစ်ယောက်အဖြစ် ကျရောက်သွား ပေလိမ့်မည်။ အနေကဇာတင် ကိစ္စတွင် စွမ်းနိုင်လျှင် လူပုဂ္ဂိုလ်မျးပင် ရွတ်ဆို ပူဇော်နိုင်ကြပါသည်။ ဆရာတော် သံဃာတော်များအား ပင့်ဖိတ် ဆောင်ရွက်ခြင်း အားဖြင့် ဒါနမှု၊ သီလမှု၊ ဘာဝနာမှု၊ ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃပူဇာ စုံအောင် ပြုလုပ်နိုင်သဖြင့် ပို၍ အကျိုးကြီးနိုင်ကြောင်း လက်ခံကြရပါမည်။

ကျောက်ဆင်းတုကို အိမ်မှာ ကိုးကွယ်လျှင် ထိခိုက်တတ်သည် ဟူသော ယူဆချက်မှာ ဗုဒ္ဓဘာသာ ၀င်တို့၏ ဘာသာရေး ကိုးကွယ်မှု အပေါ် ယုန်ထင် ကြောင်ထင်ဖြစ်အောင် ဘာသာရေး တစ်ပိုင်း ကြောင်ပုဂ္ဂိုလ်တို့၏ တတ်ရောက်ကား ဆရာကြီး လုပ်ရာမှ ပေါ်ပေါက်လာသော အယူအဆ ဖြစ်ပါသည်။ ကိုးကွယ်မှုသည် ကောင်းကျိုးရသည့် လုပ်ငန်းဖြစ်ရကား မိမိတို့ ကိုးကွယ်သည့် ကျောက်ဆင်းတုက မိမိတို့ကို ဆိုးကျိုး ပေးသည်ဆိုလျှင် ယုတ္တိမတန်ရာ၊ ကျောက်ဆင်းတု ဖြစ်စေ၊ ကြေးဆင်းတု ဖြစ်စေ၊ သစ်သား ဆင်းတုဖြစ်စေ ကိုးကွယ်သူ၏ အာရုံပြုနိုင်မှု ပုံဖော်နိုင်မှု ပညာအဆင့်အတန်းအပေါ် မူတည်၍ ကောင်းကျိုးရမှု ကွာခြားမည် ဖြစ်ပါသည်။

သက်တော်ထင်ရှား မြတ်ဘုရား၌ လည်းကောင်း၊ ပရိနိဗ္ဗာန်စံ ၀င်ပြီး ဘုရား (ရုပ်ပွားဆင်းတု စေတီပုထိုး) ၌ စိတ်ထားတူလျှင် အကျိုးပေး တူသည် ဟူ၍သာ ကျန်းဂန်ဝည ဆိုပါသည်။ ဘုရားကိုးကွယ်ရာ၌ ပုံတော်သည် အဓိကမဟုတ်ဘဲ ကျေးဇူးတော်၊ ဂုဏ်တော်များကသာ အဓိက ဖြစ်ပါသည်။ ထုလုပ်သူများက နည်းစနစ်တကျ၊ ပုံစံတကျဖြစ်အောင် မစွမ်ဆောင်နိုင်လျှင် ကိုးကွယ်သူများမှာ အကြည်ညို ပျက်ဖွယ်၊ အပြစ်ရဖွယ် ရှိပါသည်။ ဘုရားစစ် ဘုရားမှန်ကို ရုပ်ပွား ဆင်းတုတော်များက ကွယ်နေကြောင်း၊ တရားစစ် တရားမှန်ကို ကျမ်းစာအုပ်များက ကွယ်နေကြောင်း၊ သံဃာစစ် သံဃာမှန်များကို ဘုန်းကြီးများက ကွယ်နေကြောင်း အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး ဟောပြော ရေးသားချက်များကို ကြားနာ မှတ်သား ရဖူးပါသည်။ လူအများစုသည် ဘုရား၊ တရား၊ သံဃာ ရတနာမြတ် သုံးပါး၊ ဂုဏ်တော်ကို အာရုံမပြုနိုင်ဘဲ ရုပ်ပွား ဆင်းတု စေတီပုထိုး၊ ကျမ်းစာအုပ်၊ ဘုန်ကြီးများလောက်သာ အာရုံရောက် တတ်သဖြင့် ဂုဏ်တော်အထိ အာရုံပြုဖို့ လိုကြောင်း သွန်သင်ဆုံးမ လိုရင်း ဖြစ်ပါသည်။ ဆရာတော်ဘုရားကြီး၏ အမရပူရ မဟာဂန္ဓာရုံ ကျောင်းတိုက်တွင် ကျောင်းအဆောက်အအုံ များစွာရှိသော်လည်း စေတီတော် တစ်ဆူနှင့် ရုပ်ပွား ဆင်းတုတော် ကိန်းဝပ်စံပယ်ရာ ဂန္ဓကုဋိတိုက် တစ်လုံးသာ ဘုရားပူဇော်ရာ အဖြစ် ထားရှိပါသည်။ အခြား မည်သည့် အဆောက်အအုံ၌မျှ ရုပ်ပွား ဆင်းတုတော်များကို ပူဇော်ထားခြင်း မရှိပါ။ ထိုသို့ ပူဇော်ခြင်းမျိုးကို တင်းတင်းကျပ်ကျပ် တားမြစ် ထားပါသည်။ နေရာတကာ ရုပ်ပွားဆင်းတုတော် များထားရှိပြီး ထင်သလို နေပါက အဂါရ၀ ဖြစ်စေသည်ဟု ဆိုပါသည်။

( ဓမ္မ၀ီရဂျာနယ်၊ အတွဲ(၁၃)၊ အမှတ်(၅)၊ ပထမကျော် ဦးစံသင်းလှိုင် ၏ ထေရ၀ါဒ ဗုဒ္ဓဘာသာစစ်စစ်၊ ၂၁-၁၀-၂၀၀၈ )
( ဆက်လက်ရေးသား ဖော်ပြပါမည်။ )

Thursday, January 22, 2009

ထေရ၀ါဒဗုဒ္ဓဘာသာ (၂)

ဗုဒ္ဓဘာသာသည် ထေရ၀ါဒ၊ မဟာယာန ဟူ၍ နှစ်မျိုးရှိရာ ယနေ့ မြန်မာလူမျိုးတို့ လက်ခံကျင့်သုံးနေသော ဗုဒ္ဓဘာသာ သည် ထေရ၀ါဒ ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ မိမိတို့ လက်ထက်မှ ဘိုးဘွားအစဉ်အဆက် ယံကြည် လက်ခံ ကိုးကွယ်လာသော ဗုဒ္ဓဘာသာကို ဆိုလိုခြင်း ဖြစ်ပါသည်။ သင်္ဂါယနာ (၆)တန်အနက် နောက်ဆုံး ဆဋ္ဌသင်္ဂါယနာ တင်ပွဲကြီးကို ကောဇာနှစ် ၁၃၁၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် မှစ၍ ကောဇာနှစ် ၁၃၁၈ ခုနှစ်၊ ကဆုန်လပြည့်နေ့အထိ ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေး ကုန်းမြေတွင် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ သီရိလင်္ကာ ဟူသော ထေရ၀ါဒ (၅)နိုင်ငံ ပူးပေါင်း ညီညွတ်မှုဖြင့် ဆင်နွှဲခဲ့ကြ ပါသည်။

ထိုဆဋ္ဌမသင်္ဂါယနာ ပွဲကြီးက အညီအညွတ် သဘောတူ အတည်ပြုခဲ့သော ပိဋကတ် ကျမ်းစာများအရ လက်ခံကျင့်သုံးသော ဘာသာသည် ထေရ၀ါဒ ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ ထို့ထက် ကျယ်ပြန့်စွာ ဆိုရသော ပထမသင်္ဂါယနာ တွင် အရှင်မဟာကဿပ အစရှိသော ထေရ်အရှင်များမှ ဆဋ္ဌသင်္ဂါယနာတွင် အရှင် ရေ၀တ (ညောင်ရမ်းဆရာတော်) အစရှိသော ထေရ်ရှင် အဆက်ဆက် တို့ မပျက် ထာဝရလက်ဆင့်ကမ်း လာကြ၍ လက်ခံ ကျင့်သုံးလျက်ရှိသော ဘာသာသည် ထေရ၀ါဒ ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ ယနေ့ မြန်မာနိုင်ငံတွင် ပရိယတ္တိ စာသင်တိုက်ကြီးများ၊ ပဋိပတ္တိ ရိပ်သာကြီးများ ရှေ့တန်းမှနေ၍ တရားဓမ္မများ ပို့ချ သင်ယူခြင်း၊ ဟောပြော ပြသခြင်း၊ ကျင့်ကြံအားထုတ်ခြင်း တို့သည် ထိုမထေရ် အဆက်ဆက်တို့ လက်ခံ ကျင့်သုံးလာသော မူအတိုင်း ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။

ဗုဒ္ဓဘာသာ အမည်ခံ၍ ထိုမူနှင့် ကိုက်ညီမှုမရှိသော ထိုမူမှ သွေဖီသော ဆောင်ရွက်မှု မှန်သမျှကို သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်နှင့် နိုင်ငံတော်က လက်မခံပါ။ ထို့ကြောင့်လည်း ၁၉၈၀ ပြည့်နှစ် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် စတင်ပေါ်ပေါက် လာခဲ့သည့် ကာလ၀န်းကျင်က ကျောက်သင်္ဘောဝါဒ၊ ကျောက်ပုံဝါဒ၊ သမ္မာဒိဋ္ဌိ သုသေန၀ါဒ၊ ရှင်ဥက္ကဋ္ဌ ၏ လူသေလူဖြစ် ၀ါဒ စသော ထေရ၀ါဒနှင့် ကိုက်ညီမှု မရှိသည့် ထေရ၀ါဒမှ သွေဖီသော ၀ါဒများကို အဓမ္မ၀ါဒများ အဖြစ် သတ်မှတ်ပြီး သုတ်သင် ရှင်းလင်း နှိပ်ကွပ်ခဲ့ကြ ရခြင်း ဖြစ်ပါသည်။

မမှားသင့်သော အမှားများ

မောဟ မကင်းသူတိုင်း မှားလေ့ရှိသော အမှားများတွင် ဘာသာရေးအမှားသည် မှားယွင်းသူ တစ်ဦးတစ်ယောက်၊ တစ်ခဏကာလသာ ဆိုးကျိုးပေးသည် မဟုတ်ဘဲ ထိုဘာသာနှင့် သက်ဆိုင်သူတိုင်း ဘ၀တစ်လျှောက်လုံး ဆိုးကျိုးပေးတတ်ပြီး ထိုဘာသာများကို ညစ်နွမ်းအောင်၊ ပျက်စီးအောင်၊ ကွယ်ပျောက်အောင် ပြုရာလည်း ရောက်ပါသည်။ အချို့သော အမှားသည် အလွန်အရေး မကြီးလှဟု ဆိုနိုင်သော်လည်း အချို့မှာမူကား အလွန်အရေးကြီး သဖြင့် မမှားသင့်သော အမှားဟု ဆိုရမည် ဖြစ်ပါသည်။ ထိုမမှားသင့်သော အမှားအချို့ကို ထုတ်နုတ်ဖော်ပြရလျှင် -

  • ဗုဒ္ဓါဘိသေက ဘုရားအနေကဇာ တင်ခြင်းကို ဘုရား အသက်သွင်းသည်ဟု ဆိုခြင်း။
  • ကျောက်ဆင်းတုကို အိမ်မှာ ကိုးကွယ်လျှင် ထိခိုက်သည်ဟု ဆိုခြင်း။
  • ဟေတုပစ္စယော - အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား၊ အာရမ္မဏ ပစ္စယော - မျက်စိနှင့် နားသည် နိဗ္ဗာန်သို့ မျက်မှောက်ပြု ရပါစေသား၊ အဓိပတိ ပစ္စယော - ရုပ်နာမ် နှစ်ပါးကို စောင့်ရှောက် ထိန်းသိမ်း နိုင်ရပါစေသား စသည်ဖြင့် ပဋ္ဌာန်း (၂၄)ပစ္စည်း အဓိပ္ပာယ် ဖွင့်ဆိုခြင်း။
  • လူသေလျှင် အိမ်မှာ (၇)ရက် နေသည်ဟု ယူဆ ပြောဆို သပိတ်သွတ်ခြင်း ။

( ဓမ္မ၀ီရဂျာနယ်၊ အတွဲ(၁၃)၊ အမှတ်(၅)၊ ပထမကျော် ဦးစံသင်းလှိုင် ၏ ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ်၊ ၂၁-၁၀-၂၀၀၈ )
( ဆက်လက်ရေးသား ဖော်ပြပါမည်။ )

ထေရ၀ါဒဗုဒ္ဓဘာသာ (၁)

ဘာသာအယူဝါဒ လက်ခံ ကျင့်သုံးမှုသည် ရိုးရိုးသားသား အမှန်အတိုင်း ပြောရလျှင် မွေးရာပါ (မိရိုးဖလာ) လက်ခံကျင့်သုံးမှုက များသည်ဟု ဆိုနိုင်ပါသည်။ ဗုဒ္ဓဘာသာ မိဘနှစ်ပါးက မွေးဖွားလျှင် ဗုဒ္ဓဘာသာဝင် ဖြစ်တတ်ပြီး၊ ခရစ်ယာန် ဘာသာ မိဘနှစ်ပါးက မွေးဖွားလျှင် ခရစ်ယာန် ဘာသာ ဖြစ်တတ်ပါသည်။ ဘာသာရေး အမြင်တွင် ယုံကြည်မှုကို အခြေခံလေ့ရှိကြပြီး အမှားအမှန်ကို ဝေဖန် ဆန်းစစ်ရှုမြင်သည့် အလေ့ အလွန်နည်းသည်ကို တွေ့ရပါသည်။

အမှားအမှန်ကို ဝေဖန်ခွဲခြား သိမြင်ရန် ဆိုသည်မှာလည်း မွေးရာပါ ပဋိသန္ဓေ ပညာပါရှိမှုနှင့် လေ့လာဆည်းပူး အပ်သော ပ၀တ္တိပညာ ရှိမှုလိုအပ်ပါသည်။ ပညာအရာ ဧတဒဂ်ရ အရှင် သာရိပုတ္တရာ အလောင်း ဥပတိဿ ကဲ့သို့ အထွတ်အထိပ် ပဋိသန္ဓေ ပညာအခံရှိပြီး ပစ္ဆိမ ဘ၀ိက (နောက်ဆုံးဘ၀ရှိသူ၊ ဘ၀ဇာတ် ပြတ်စဲမည့်သူ) ဥာဏ်ပညာ ကြီးမားသူည်ပင် မိရိုးဖလာ မွေးရာပါ ကိုးကွယ်မှုအရ သိဉ္စည်း ဆရာကြီး၏ အယူဝါဒ အမှားနောက်သို့ လိုက်ပါမိသေးရကား အစွဲအလန်းကို လွယ်လွယ်ကူကူဖြင့် စွန့်လွှတ်ရိုး ထုံးစံမရှိ ဆိုသော အချက်ကို အထူး သတိမူအပ်ပါသည်။

မွေးရာပါ ပဋိသန္ဓေပညာ ကိုယ်ပိုင်ဥာဏ်ရှိသူ၊ အစဉ်မပြတ် အသိပညာ ရှာမှီးနေသူ၊ ဘာသာရေး လေ့လာလိုက်စားသူ အချို့သာ မိမိ လေ့လာ ရှာဖွေ တွေ့ရှိမှုအပေါ် အခြေခံ၍ အမှားအမှန်ကို ဝေဖန် ဆန်းစစ်ပြီး မိမိယူထားသော ဘာသာအယူဝါဒ အမှားကို စွန့်လွှတ်ကာ ဘာသာအယူဝါဒ အမှန်ကို လက်ခံ ပြောင်းလဲကျင့်သုံး တတ်ပါသည်။ စားဝတ်နေရေး ကြောင့်သော်လည်းကောင်း၊ ဒေသ အခြေအနေနှင့် လူမှုရေး သိမ်းသွင်းမှု အရ မလွန်ဆန် နိုင်ခြင်းကြောင့် သော်လည်းကောင်း၊ ဘေးအန္တရာယ်ကြောင့် သော်လည်းကောင်း လက်ရှိ ခံယူရရှိထားသော ဘာသာအယူဝါဒ၌ ရပ်တည်နေကြသူများ၊ အခြားဘာသာ အယူဝါဒသို့ ကူးပြောင်း သွားကြသူများလည်း မဖြစ်မနေ ရှိတတ်ကြပါသည်။

စာရေးသူ (ပထမကျော် ဦးစံသင်းလှိုင်) အနေဖြင့် မည်သည့်ဘာသာကိုမျှ မှားသည် မှန်သည် ဝေဖန် ပြောဆိုခြင်း မပြုလိုပါ။ မြန်မာနိုင်ငံတွင် လက်ရှိ ကျင့်သုံးနေသော ဘာသာရေးလွတ်လပ်စွာ ကိုးကွယ်နိုင်မှု မူဝါဒအရ ပြောလည်း မပြောအပ်ပါ။ လူသားတို့ကို ယဉ်ကျေးသိမ့်မွေ့ စေသော သွန်သင် ဆုံးမချက်များ ဘာသာတိုင်းတွင် ရှိသည် ဆိုသော အချက်ကိုကား ပညာရှင်များ လက်ခံ ထားကြပါသည်။ စာရေးသူ (ပထမကျော် ဦးစံသင်းလှိုင်) ပြောဆိုသည်ကား ဗုဒ္ဓဘာသာဝင် တစ်ဦးသည် မိမိခံယူထားသည့် ဘာသာတရား၏ အဆုံးအမ အနှစ်သာရကို သိရှိ လိုက်နာဖို့ လိုအပ်သည် ဆိုသော အချက်ဖြစ်ပါသည်။ သူများယောင်လို့ ယောင် အမောင် တောင်မှန်း မြောက်မှန်း မသိ မဖြစ်သင့်ကြောင်း အထူး သတိပေးလို ပါသည်။ မိမိခံယူထားသော ဘာသာအယူဝါဒ အပေါ် ခိုင်မာစွာရပ်တည်ပြီး ဘာသာရေး အသိအမြင် အစဉ်ရှင်သန် နိုးကြား တိုးတက်နေအောင် ကြိုးပမ်း အားထုတ်ကာ မိမိဘာသာကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက် နိုင်သူ၊ အမျိုးဘာသာ သာသနာကို ချစ်စိတ်ရှိသူ ဖြစ်သင့်ပါသည်။

ထေရ၀ါဒဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာဟု ဆိုသော်လည်း ဘာသာဝင် အတော်များများသည် ဗုဒ္ဓတရားတော်၏ အဆုံးအမ အဓိက ပဓာန အနှစ်သာရတို့ မသိရှိ ကြပါ။ သိရှိအောင် လေ့လာရကောင်းမှန်း ပင် မသိကြပါ လောက၌ အမှားသည် ရှုထောင့်အမျိုးမျိုးအရ များစွာရှိပါသည်။ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး စသည်ဖြင့် များစွာ ရှိနိုင်ပါသည်။ အချို့သော အမှားသည် အကြောင်းအရာ အလိုက် ရက်လ နှစ်ကာလ တစ်ဘ၀ စသည်ဖြင့် ဆိုးကျိုးကို ပေးတတ်သည့် သဘောရှိသော်လည်း ဘာသာရေးအမှားကား သံသရာ တစ်လျှောက် တစ်ကောက်ကောက် လိုက်၍ မဆုံးနိုင်အောင်၊ ကာလသတ်၍ မရလောက်အောင် ဆိုးကျိုးပေးတတ်သည့် သဘောရှိပါသည်။

( ဓမ္မ၀ီရဂျာနယ်၊ အတွဲ(၁၃)၊ အမှတ်(၅)၊ ပထမကျော် ဦးစံသင်းလှိုင် ၏ ထေရ၀ါဒ ဗုဒ္ဓဘာသာစစ်စစ်၊ ၂၁-၁၀၂၀၀၈။ )
( ဆက်လက်ရေးသား ဖော်ပြပါမည်။ )


Wednesday, November 5, 2008

ကမ္ဘာ့ဘာသာအယူဝါဒများ (၆)

ရှေးဟောင်းဥရောပ

ဦးချိုတွေနဲ့ နတ်ဘုရားကိုတော့ ဆဲလ်တစ် တို့က မြေဆီမြေသြဇာ ကောင်းစေဖို့ ပူဇော်ပသကြ တာကို မကြာခဏ တွေ့ရှိကြရ ပါတယ်။ ရေတွင်းတွေ ချောင်းတွေမှာလည်း ဆဲလ်တစ် တို့ ယဇ်ပူဇော်ထားတဲ့ လူဦးခေါင်းပြတ်တွေကို တော်တော်များများ တွေ့ရပါသေးတယ်။ ခရစ်ယာန်ဘာသာက ဥရောပမြောက်ပိုင်းဆီ နောက်ကျပြီးမှ တဖြည်းဖြည်းချင်း ထိုးဖောက် ၀င်ရောက်လာခဲ့ပါတယ်။ ဆဲလ်တစ် တွေနဲ့ ဂျာမန်တွေ လူမျိုးချင်း ရင်းနှီးပေါင်း စပ်ကြရင်း သူတို့ ကိုးကွယ်ကြတဲ့ ဘာသာတွေဟာ သူတို့ ရှေးဟောင်း နေ့စဉ် လူနေမှု ဘ၀တွေမှာ တွယ်ကပ် နေပါတော့တယ်။ ကျွန်တော်တို့ သိနေကြတဲ့ သူတို့ရဲ့ ကိုးကွယ်မှု တွေကိုလည်း မပြည့်စုံတဲ့ အထောက်အထား အချို့ကနေပြီး ကောက်ချက်ခဲ့ ကြရတာပါ။ အထူးသဖြင့် ရှေးဟောင်း ရောမ စာရေးဆရာတွေ မှတ်တမ်းတင်ခဲ့ တာတွေနဲ့ တူးဖော်တွေ့ရှိတဲ့ ရှေးဟောင်း ပစ္စည်းတွေကိုသာ အားကိုးခဲ့ကြ ရတာဖြစ်ပါတယ်။ အသေးအဖွဲ အချက်အလက်လေး တွေကို စုစည်းပြီး ယေဘုယျ ကောက်ချက်ဆွဲ ယူခဲ့ကြတာ ဖြစ်ပါတယ်။

ဒေသအနှံ့အပြားမှာ တွေနေတဲ့ စနစ်တကျ သေသေသပ်သပ် တည်ဆောက်ထားတဲ့ အပြင် အိမ်ထောင် ပရိဘောဂ ပစ္စည်း အပြည့်အစုံပါ ထည့်ပေးထားတဲ့ ဂူသင်္ချိုင်းတွေကို တွေ့ရတာကြောင့် ဆဲလ်တစ်တို့ တမလွန် ဘ၀ရှိတာကို ယုံကြည်ကြကြောင်း မှန်းဆနိုင်ခဲ့ကြပါတယ်။ အထွတ်အမြတ် ထားတဲ့နေရာ တော်တော်များများကိုလည်း အ၀င်လမ်း အတိအကျသတ်မှတ်ပြီး တသီးတသန့် လုပ်ထားကြ တာကြောင့် နောင်အခါ ခရစ်ယာန်ဘာသာ ရောက်ရှိလာချိန်မှာ ဘုရားရှိခိုးကျောင်းတွေ ဆောက်လုပ်ဖို့ အင်မတန် အဆင်ပြေတဲ့ နေရာတွေ ဖြစ်လာခဲ့ပါတယ်။

Druids ဆိုတဲ့ ဘာသာရေး ခေါင်းဆောင်တွေကို ဂန္ထ၀င် စာရေးဆရာ အမြောက်အမြားက ဖော်ပြခဲ့ပေမယ့် သူတို့ရဲ့ ပညာ၊ သူတို့ရဲ့ လွှမ်းမိုးမှုတွေကတော့ မသေမချာ မရေမရာ ဖြစ်နေဆဲဖြစ်ပါတယ်။ အကြားအမြင် မေးမြန်းပွဲတွေ၊ ပျောက်စေဆရာတွေက စိတ်တန်ခိုးနဲ့ ဆေးဝါးကုသတာတွေနဲ့ နက္ခတ္တဗေဒဆိုင်ရာ နက္ခတ်ပွဲတွေမှာ သူတို့တွေက ဘုန်းတော်ကြီးတွေ၊ ခံသမာဓိတွေ အဖြစ်နဲ့ အဓိကအခန်းကနေပြီး ပါဝင်ခဲ့ပုံ ရပါတယ်။

ကျူတွန် တို့ရဲ့ စစ်စွမ်းရည်၊ ခွန်အားစွမ်းပကားနဲ့ ရိုးသားမှုတွေကို ရောမ စာရေးဆရာ တက်ဆီတပ်စ် က ချီးမွမ်းခဲ့ပါတယ်။ ကျူတွန် တို့က နတ်ဘုရား အမြောက်အမြားကို ကိုးကွယ်ကြသူတွေမို့ ရောမစာရေးဆရာက ၄င်းတို့ရဲ့ နတ်ဘုရား အချို့ကို ရောမ နတ်ဘုရားတွေနဲ့ နှိုင်းယှဉ် ဖော်ပြလေ့ ရှိပါတယ်။

အေဒီ ၁၂၆၄ မှာ ကွယ်လွန်သွားတဲ့ အိုင်စလန် က စနော်ရီ စတာလူဆင် လို ရှေးခေတ်သူရဲကောင်း ပုံပြင်တွေကို ရေးသား မှတ်တမ်းတင်ခဲ့သူ ကြောင့် နော့စ်နတ်ဘုရားတွေ အကြောင်း ကျွန်တော်တို့ သိရှိခွင့် ရခဲ့ပါတယ်။ နတ်ဘုရားတွေကိုတော့ အုပ်စုနှစ်ခု ခွဲခြား ထားပါတယ်။ ပထမအုပ်စုကတော့ ဆီဆာ (၀ါ) ကြီးမြတ်တဲ့ နတ်ဘုရားတွေ ဖြစ်ပါတယ်။ ဒုတိယအုပ်စုကတော့ ဗနာ (၀ါ) အနိမ့်စား နတ်တွေ ဖြစ်ကြပါတယ်။ ၄င်းတို့ကတော့ လက်တုံ့ပြန်တတ်တဲ့ နတ်တွေ ဖြစ်ကြပါတယ်။ တမလွန်လောက ကိုတော့ အိုဒင် နတ်ဘုရားက စိုးမိုးတယ်လို့ ၄င်းတို့က ယုံကြည်ခဲ့ကြ ပါတယ်။ မိုးနတ်ဘုရားတော်နဲ့ ပဟေဠိဆန်တဲ့ မာယာသခင်လို ကီ နတ်တို့က အီဆာ နွယ်ဝင် ကြီးမြတ်တဲ့ နတ်ဘုရားတွေ ဖြစ်ပါတယ်။ မြေဆီစောင့်နတ် ဖရေး ကတော့ ဗနာနွယ်ဝင် အနိမ့်စား နတ်ဖြစ်ပါတယ်။ မည်သို့ပင် ဖြစ်စေ နတ်ဘုရားတွေလည်း စုတေကြရပါတယ်။ အချိန်ရောက်လာတဲ့အခါ ရာနာရော့စ် မုန်တိုင်းကြီး ဆင်လာပြီး ကမ္ဘာကို ပျက်သုန်းစေ လိမ့်မယ်လို့ ၄င်းတို့က လက်ခံထားကြပါတယ်။ အဲဒီကာလကိုတော့ နတ်ဘုရားတွေ ချုပ်ငြိမ်းကြရမယ့် ဆည်းဆာချိန်အဖြစ် ယုံကြည်ခဲ့ကြ ပါတယ်။

Debbie Gill ၏ Religions of the World

(ယခု တင်ပြမှုသည် အကျဉ်းမျှကိုသာ ဖော်ပြနိုင်ခဲ့တဲ့အတွက် တကူးတက လာဖတ်သူများအား ကျေနပ်မှု ရရှိစေမှာ မဟုတ်ဘူးလို့ ယုံကြည် ပါတယ်။ ကမ္ဘာ့ဘာသာ အယူဝါဒများနှင့် ဆက်နွယ်၍ ဘာသာကြီး တစ်ခုချင်းစီ၏ သမိုင်းကြောင်း များကိုလည်း အလျဉ်းသင့် သလို ဖော်ပြပေးသွားပါဦးမည်။ အားနည်းမှု၊ မှားယွင်းမှုများ တွေ့ရှိ ပါကလည်း မချွင်းမချန် ဝေဖန်အကြံပြုနိုင် ပါတယ်။ စာဖိတ်မိတ်ဆွေများ ကို အစဉ်ရိုသေလျက်ပါ။ ဆုရည် )

Tuesday, November 4, 2008

ကမ္ဘာ့ဘာသာအယူဝါဒများ (၅)

ဂရိနှင့် ရောမ

ရှေးဟောင်းဂရိတို့ရဲ့ နတ်ဘုရားတွေကတော့ လူပုံပန်းသဏ္ဍာန် တွေဖြစ်ပေမယ့် ထာဝရ တည်မြဲနေကြပြီး အနိစ္စတရားက ကင်းလွတ်နေကြ သူတွေဖြစ်ပါတယ်။ ၀တ်ပြု ဆုတောင်း၍ သော်လည်းကောင်း၊ အကြားအမြင် အားဖြင့် သော်လည်းကောင်း၊ အတိတ်နိမိတ် ပုံရိပ်များဖြင့် သော်လည်းကောင်း၊ ယဇ်ပူဇော်ခြင်းဖြင့် သော်လည်းကောင်း ဂရိတို့က ၄င်းနတ်ဘုရားများနဲ့ ဆက်သွယ်မှု ပြုခဲ့ကြပါတယ်။ တစ်ခါတစ်ရံ မှာလည်း နာမ်ကိန်းရှင်က တစ်ဆင့် ဒါမှမဟုတ် ဗေဒင်ဆရာက နေပြီး နတ်ဘုရားတွေက မြွတ်ဟလေ့ရှိခဲ့ပါတယ်။ နာမ်ကိန်းရှင်တွေနဲ့ ဆွေးနွေးတိုင်ပင် စေဖို့အတွက် သီးသန့် နတ်ဘုရားကျောင်း တော်ကြီးတွေကို ရှေးဟောင်းဂရိတို့ တည်ဆောက်ခဲ့ကြပါတယ်။ ဒယ်လ်ဖီ ကနတ်ဘုရားကျောင်း တွေဆိုရင် နတ်ဘုရားမအတွက် ဆောက်လုပ်ခဲ့တဲ့ ဧရာမ ကျောင်းတော်ကြီးတွေ ဖြစ်ပါတယ်။ အသေသပ်ဆုံး ဒိုရစ် ဗိသုကာ လက်ရာအဖြစ် ရပ်တည်နိုင်တဲ့အထိ အနုပညာ လက်ရာမြောက်တဲ့ ကျောင်းတော်ကြီး ဖြစ်ပါတယ်။

ရှေးဟောင်းရောမတို့ရဲ့ ဘာသာကတော့ အိမ်ထောင်စုလိုက် စွဲလန်းကိုးကွယ်မှုတွေ ဘိုးဘေးစဉ်ဆက်ကို ပူဇော်ကန်တော့တာ တွေနဲ့ စိုက်ပျိုးသီးနှံအထွက် ကောင်းစေဖို့ ပူဇော်ပသတဲ့ နတ်တွေကော မျိုးဆက်ပြန့်ပွားစေဖို့ နတ်တွေပါ ရောနှောနေပါတယ်။ တစ်ခါ ဂရိတို့ရဲ့ တိုက်ခိုက်သိမ်းပိုက် ပြီးချိန်မှာ ၄င်းတို့ ယုံကြည်ကိုးကွယ်မှုထဲ ဂရိတို့ရဲ့ နတ်ဘုရားတွေကို လိုက်လျောညီထွေစွာ ထည့်သွင်း ပေါင်းစပ်လိုက်ကြပြီး ရှေးဟောင်း ရောမယဉ်ကျေးမှုကို တိုးပွားစေခဲ့ ကြပါတယ်။

အေဒီ ၉၀ ခန့်မှာတော့ ရောမတို့ရဲ့ ကိုးကွယ်မှု မြင့်တက်လာခဲ့ ပါတယ်။ အဓိကအားဖြင့်တော့ နွားသိုးကို သတ်ဖြတ် ပူဇော်ကြတာပါ။ ရှေးဟောင်းပစ္စည်း တူးဖော်တွေ့ရှိမှုတွေမှာ ၄င်းဓလေ့ကို အများအပြား တွေ့ကြရပါတယ်။ ဒါ့အပြင် နက္ခတ္တဗေဒ ဆိုင်ရာ ဟောစာတမ်းတွေကို ရရှိခဲ့ကြတဲ့ အပြင် ၀ိညာဉ်လွတ်မြောက်ရေး အတွက် ကြယ်တာရာတွေဆီ ခရီးနှင်တဲ့ ကြယ်တာရာပုံ ကားချပ်တွေကိုလည်း တွေ့ခဲ့ကြရ ပါတယ်။ မိမိဘာသာဝင် တိုးပွားစေဖို့အတွက် ရောမစစ်တပ်ကြီးက လူသစ် အများအပြား စုဆောင်းထည့်သွင်း ပေးခဲ့ပါတယ်။ ၄င်း ဘာသာရေး ဘုရားကျောင်းတွေကို ဟတ်ဒရိန်း တံတိုင်းနဲ့ အီဂျစ်နိုင်ငံ အလက်ဇန္ဒြီးယား တို့မှာ တွေ့မြင်နိုင်ပါတယ်။

(ဆက်လက်တင်ပြပါမည်)
Debbie Gill ၏ Religions of the World

ကမ္ဘာ့ဘာသာအယူဝါဒများ (၄)

တောင်အမေရိက

အလယ်နှင့် တောင်အမေရိကရဲ့ ရှေးဟောင်း ယဉ်ကျေးမှုတွေကိုတော့ တွေ့ရှိတဲ့ ရှေးဟောင်း ပစ္စည်းအထောက် အထားတွေရယ် (၁၆)ရာစုတုန်းက မက္ကဆီကိုနဲ့ ပီရူးကို တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့ စပိန် ဧကရာဇ်ရဲ့ အတ္ထုပ္ပတ္တိထဲမှာ ရေးထားတာတွေကနေပြီး သိရှိခွင့်ရခဲ့ပါတယ်။ အဲဒီ ဧကရာဇ်က တောင်အမေရိကနဲ့ အလယ်အမေရိကရဲ့ ရှေးဟောင်း အမွေအနှစ် အထောက်အထား တော်တော်များများကို ဖျက်ဆီးပစ်ခဲ့ပါတယ်။ ၄င်းဒေသမှ အုပ်စိုးသူနဲ့ ဘသာရေးတို့ နီးနီးကပ်ကပ် ယှက်နွယ်ကြီးစိုး အုပ်ချုပ်ခဲ့ပုံရတာကို သိရှိရပါတယ်။

အခုအခါ မက္ကဆီလို့ ခေါ်ခဲ့ကြတဲ့ဒေသမှာ ဘီစီ ၁၂၀၀ ကနေ ၅၀၀ အတွင်းက အိုလ်မက်ဘာသာ ထွန်းကားခဲ့ပါတယ်။ တောင်အမေရိက ကျားသစ်ကို အဓိကထားပြီး တစ်ခြားတိရစ္ဆာန်တွေ၊ ငှက်တွေနဲ့ပါ ပူးတွဲ ပုံဖော်ထားတဲ့ နတ်ဘုရားတွေအဖြစ် ကိုးကွယ် ပူဇော်ခဲ့ကြပါတယ်။ ဒါပေမယ့် အိုမက် တွေကို တိုက်ခိုက် အောင်နိုင်သွားတဲ့ မာယန် တို့က ၄င်းတို့ရဲ့ ပူဇော်ပသ ကိုးကွယ်မှု တွေကို ပိရမစ်ဘုရားရှိခိုး ကျောင်းကြီးတွေ တည်ဆောက်ပြီး တခမ်းတနား ကျင်းပခဲ့ကြပါတယ်။ မာယန် တို့ရဲ့ နတ်ဘုရားတွေကိုလည်း တိရစ္ဆာန်တွေ၊ ငှက်တွေနဲ့ မကြာခဏ ယဇ်ပူဇော်ပသ ခဲ့ကြပါတယ်။

လူတွေကိုသတ်ပြီး ယဇ်ပူဇော်ရမယ့်အစား တိရစ္ဆာန်တွေကို တင်မြှောက်ကြတဲ့ ဓလေ့ပါ။ အေဒီ(၁၂)ရာစု ခန့်ကစပြီး စပိန်တွေ ကျူးကျော် တိုက်ခိုက်သိမ်းပိုက်တဲ့ ၁၅၃၂ ခုနှစ်အထိ အလယ်အမေရိကမှာ နေထိုင်ကြတဲ့ အက်ဇ်တက်ခ် တို့အနေနဲ့ နေကို ကိုးကွယ်ခဲ့ကြတဲ့အပြင် လူကို သတ်ပြီး နှစ်စဉ်ယဇ်ပူဇော်လေ့ ရှိခဲ့ပါတယ်။ ၄င်းတို့ စစ်နိုင်စဉ်က ဖမ်းဆီးလာခဲ့ကြတဲ့ သုံ့ပန်းနှစ်သောင်းကျော် အနက် အချို့ကို နှစ်စဉ် သတ်ဖြတ်ယဇ်ပူဇော်ကြပုံ ရပါတယ်။

ပီရူးရဲ့ အင်ကာယဉ်ကျေးမှုကလည်း အက်ဇ်တက်ခ် တို့နဲ့ ခေတ်ပြိုင် တည်ရှိခဲ့တယ်လို့ အကြမ်းဖျဉ်း သတ်မှတ်လို့ရပါတယ်။ ပူဇော်ပသပွဲတွေ နတ်ကိုးကွယ်တာတွေနဲ့ ယဇ်ပူဇော်တာတွေကို အခြေခံထားတဲ့ သူတို့ရဲ့ ဘာသာက လက်တွေ့ကျကျ ပြောရရင် များသောအားဖြင့် စိတ်စိညာဉ်ပိုင်းနဲ့ မပတ်သက်ပါ။ ပြည်သူလူထု အများစုကြီး ၀၀လင်လင် စားသောက်ရရေး အတွက် ကောက်ပဲသီးနှံ အထွက်ကောင်းဖို့ကိုသာ အဓိကထားပြီး ပူဇော် ပသခဲ့ကြတာဖြစ်ပါတယ်။
တောင်အမေရိကမှာ နေထိုင်ကြတဲ့ ချာဗင်၊ မိုချီ နဲ့ ချီမူး လူမျိုးစုတွေကတော့ လနတ်ဘုရား ဒါမှမဟုတ် ကြောင်လို ရုပ်ထုတွေကို ကိုးကွယ်ခဲ့ကြ ပါတယ်။ အကယ်၍သာ စပိန်တို့က အလယ်နှင့် တောင်အမေရိကကို နယ်ချဲ့ပြီး ရိုမန်ကက်သလစ် ဘာသာထဲ အတင်းအဓမ္မ မသွတ်သွင်းခဲ့ရင် ဒီနေ့ထိ အလယ်နဲ့ တောင်အမေရိကနေ လူမျိုးစုတွေရဲ့ ရိုးရာကိုးကွယ်မှု ဘာသာတွေကို တွေ့မြင်ကြရ သိရှိကြရမှာ ဖြစ်ပါတယ်။

မာယန် နဲ့ အက်ဇ်တက်ခ် တို့က နတ်ဘုရား ရုပ်ထုပေါင်း မြောက်အမြား ထုလုပ်ထားခဲ့ကြတဲ့အပြင် ရွှေ၊ ငွေ တို့နဲ့ ပြုလုပ်ထားတဲ့ ရှေးဟောင်း လက်ရှာတွေ မှာလည်း ၄င်းတို့ရဲ့ ကိုးကွယ်မှုတွေကို ဖော်ကျူးထားကြပါသေးတယ်။ ယဇ်ပူဇော်တဲ့ တိရစ္ဆာန်တွေရဲ့ သားရေကို ခွာပြီး ၄င်းအပေါ်မှာ XIPE TOLEC လို့ ရေးထွင်းခြင်းမှ သည် မြွေအရေခွံမှာတောင် ငှက်ပုံထွင်းထားခဲ့ကြပါတယ်။
(ဆက်လက်တင်ပြပါမည်)
Debbie Gill ၏ Religions of the World

Sunday, November 2, 2008

ကမ္ဘာ့ဘာသာအယူဝါဒများ (၃)

အီဂျစ်

အဆင့်မြင့်မြင့် ဖွဲ့စည်းတည်ထောင် ထားခဲ့သည့် ရှေးဟောင်း အီဂျစ်ယဉ်ကျေးမှုသည် ယနေ့အထိ ကမ္ဘာတွင် အံ့သြစရာ အသစ်အဆန်း ဖြစ်နေဆဲပါ။ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ ကျော်ကတည်းက မြို့ပြများ ထူထောင်ကာ လူနေမှု အဆင့်အတန်း မြင့်မြင့်မားမား နေထိုင်ခဲ့ကြပြီး တောင့်တင်းခိုင်မာတဲ့ လူတန်းစား ဖွဲ့စည်းမှုတစ်ရပ် ရှိခဲ့ပါတယ်။ ဒါ့အပြင် အီဂျစ်တို့မှာ ထူးခြား ပြောင်မြောက်တဲ့ စာပေအရေး အသားလည်း ရှိခဲ့တာကြောင့် ၄င်းတို့ရဲ့ ရှုပ်ထွေး အရေးပါတဲ့ ယဉ်ကျေးမှုကို နှောင်းခေတ် မျိုးဆက်သစ်တွေက အပြည့်အစုံ မဟုတ်တောင် တော်တော်များများကိုတော့ နားလည် သဘောပေါက်နိုင်ကြ ပါတယ်။

၎င်းတို့ရဲ့ ဘာသာရေးမှာ ယစ်ပူဇော်ပွဲတွေနဲ့ ယူဇော်ပသတဲ့ပွဲ အခမ်းအနားသဘင်တွေ အလွန်အရေးပါခဲ့ပါတယ်။ ဒါ့အပြင် ဘုန်းတော်ကြီး တွေကလည်း အလွန်တန်ခိုးထွားတဲ့ လူတန်းစား တစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဓမ္မတာ အတိုင်းပဲ နှစ်ကာလ သိပ်ရှည်ကြာလာတဲ့ အခါမှာ အဟောင်းနေရာကို အသစ်က အစားဝင်လာပြီး အီဂျစ်တို့ရဲ့ ရှေးဟောင်း ဘာသာရေး ထုံးတမ်းစဉ်လာတွေလည်း ပြောင်းလဲလာခဲ့ပါတယ်။ အကွဲကွဲ အပြားပြား ပူဇော်ပသနေကြတဲ့ နတ်ဘုရား တွေကို စုစည်းလိုက်ပြီး အသစ်ဖြစ်ထွန်းမှု တစ်ရပ်ကို ထူထောင်ခဲ့ကြပါတယ်။ နိုင်းလ်မြစ်ကမ်း နှစ်ဖက်မှာ စိုက်ပျိုးရေးကို အဓိကထား ရပ်တည်နေကြရသူတွေပီပီ နှစ်စဉ် မြစ်ရေလျှံပြီး မြေဆီမြေသြဇာ မြေနှစ်တွေရကာ စိုက်ပျိုးသီးနှံတွေ အထွက်ကောင်းစေရေး အတွက် သဘာဝတရားကြီးကို ကိုယ်စားပြုတဲ့ လူတစ်ပိုင်း၊ တိရိစ္ဆာန်တစ်ပိုင်း ရုပ်ထုတွေ စီမံပြီး ကိုးကွယ်လာကြပါတယ်။

အီဂျစ်တွေမှာ ဘာသာရေးဆိုင်ရာ ကျမ်းတွေ သတ်သတ်မှတ်မှတ် မရှိခဲ့သည့်အပြင် ဘုရားသခင်နဲ့ ပတ်သက်တဲ့ အမှန် တရားကိုလည်း ထုတ်ဖော် ရေးသားထားခဲ့တာ မတွေ့ရပါဘူး။ ဒဏ္ဍာရီတွေ၊ ပုံပြင်တွေထဲမှာတော့ နတ်ဘုရားတွေ အကြောင်းနဲ့ ၄င်းတို့ တစ်ပါးနဲ့တစ်ပါး ဆက်နွယ်မှုတွေကို ရေးသားထားကြပြီး ၄င်းတို့ အထွတ်အမြတ် ထားကြတဲ့ ယုံကြည် ကိုးကွယ်မှုကို ပံ့ပိုးပေးထားခဲ့ကြပါတယ်။ ၄င်းတို့ ဘာသာမှာ အဓိက ထားတာကတော့ နောင်တမလွန်ဘ၀ အတွက် ယုံကြည်မှုပါပဲ။ သက်မဲ့ခန္ဓာကိုယ်ကိုတောင် နောင်တမလွန် ဘ၀ခရီးအတွက် စနစ်တကျ ပြုပြင်စီမံ မြှုပ်နှံပြီး ဂူသွင်းခဲ့ကြ ပါတယ်။ တမလွန် ခရီးအတွက် ရွှေ၊ ငွေ၊ ရတနာ စတဲ့ တန်ဖိုးရှိ ပစ္စည်းတွေကိုလည်း ဂူထဲမှာ တစ်ပါတည်း ထည့်သွင်းပေးလိုက် ကြပါသေးတယ်။ လူကိုသာမက အိမ်မွေးတိရစ္ဆာန်ဖြစ်တဲ့ ကြောင်တွေကိုတောင် စနစ်တကျ ထုတ်ပိုးစီမံပြီး မြှုပ်နှံပေးလေ့ ရှိကြပါတယ်။

ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၃၀၀၀ ကျော်ကတည်းက ဖေရိုးဘုရင်တွေရဲ့ ဂူသင်္ချိုင်းပိရမစ် ကြီးတွေကို အီဂျစ်နိုင်ငံမှာ ဗိသုကာ ပညာအဆင့်မြင့်မြင့်နဲ့ တည်ဆောက်ခဲ့ ကြတဲ့အပြင် ရုပ်အလောင်းတွေကိုလည်း မပုပ်မသိုး ရလေအောင် ဆေးစီရင်ပြီး ထည့်သွင်း ထားခဲ့ကြပါတယ်။ ဖေရိုးဘုရင်လေး တွမ်တပ်ခမန်ရဲ့ ရွှေမျက်နှာဖုံးစွပ်ကို မြင်ရရုံနဲ့ အီဂျစ်တို့ရဲ့ အနုပညာ အဆင့်အတန်း အင်မတန် မြင့်မားတာကို တအံ့တသြ သိနိုင်ပါတယ်။ အီဂျစ်တို့ရဲ့ အနိစ္စကျမ်း ( Book of the Dead ) ကတော့ သေခြင်းတရားနဲ့ နောင်တမလွန်ဘ၀ အတွက် ဘယ်လို ပြင်ဆင်ရမယ် ဆိုတဲ့ သြ၀ါဒတွေ ရေးသားတဲ့ ကျမ်းဖြစ်ပါတယ်။

(ဆက်လက်တင်ပြပါမည်)
( Debbie Gill ၏ Religions of the World )

Friday, October 31, 2008

ကမ္ဘာ့ဘာသာအယူဝါဒများ (၂)

ရှေးဦးဘာသာများ

ရှေးဟောင်းအီဂျစ်၊ ဂရိနဲ့ အက်ဇ်တက်ခ်တို့ ကိုးကွယ်ကြတဲ့ ရှေးဦး ဘာသာတွေက ခေတ်သစ်ကမ္ဘာကို တအံ့တသြ ညှို့ယူ ဖမ်းစားနေဆဲပါ။ ယစ်ပူဇော်ပွဲတွေအကြောင်း၊ လူစင်စစ်ကိုတောင် ယစ်ပူဇော် ခဲ့တဲ့ ဒဏ္ဍာရီတွေ ကြားသိခဲ့ရ ပါတယ်။ ရှုပ်ထွေးနက်နဲတဲ့ အသွေးအရောင်စုံ နတ်ဘုရားပုံများကို သရုပ်ဖော်ထားတဲ့ အထောက်အထား တွေကိုလည်း မြင်တွေ့ကြရပါတယ်။ နတ်ဘုရား ပုံပြင်တွေကိုလည်း ဖတ်ရှုခဲ့ရပါတယ်။ ဒါ့အပြင် အီဂျစ်နိုင်ငံ ဂါဇာကမ်းမြောင် ဒေသက ပိရပစ်ကြီးတွေ၊ အေသင်မြို့က ဘုရားရှိခိုးကျောင်းကြီးတွေနဲ့ အလယ်အမေရိက ချီချန်အစ်ဇာက မာယန် ဘုရားရှိခိုး ကျောင်းပျက်ကြီးတွေကို ကျွန်တော်တို့ မျက်မြင်တွေ့နေကြရပါတယ်။

ယဉ်ကျေးမှုချင်း သိပ်ဝေးကွာတဲ့ သူတို့ရဲ့ ကိုးကွယ်မှုတွေက လက်ရှိကျွန်တော်တို့ ဘာသာတရားတွေနဲ့ သိပ်ကို ကွဲပြားတယ်လို့ တွေးထင်ကောင်း တွေးထင်မိကြပါ လိမ့်မယ်။ ကျွန်တော်တို့ တွေ့ရှိခဲ့ကြတဲ့ အထောက်အထား မျှလောက်နဲ့ သူတို့ရဲ့ ကိုးကွယ်မှုတွေကို ပြည့်ပြည့်စုံစုံ ပုံဖော်နိုင်ဖို့ကို ခက်ပါတယ်။ ရှေးဟောင်း သုတေသနဆိုင်ရာ ဆွေ့ရှိချက်တွေကို ကြည့်ရှုပြီး ခန့်မှန်းရုံလောက်မျှပဲ စွမ်းဆောင်နိုင်ပါတယ်။ ရှေးဟောင်း အထောက်အထား အများအပြား တွေ့ခဲ့ရပေမယ့် ဆိတ်သုန်း ပျောက်ကွယ် သွားပြီးဖြစ်တဲ့ ယုံကြည်ကိုးကွယ်မှု တစ်ရပ်ကို ဖော်ထုတ် သတ်မှတ်မပေးနိုင်ပါ။ အစိတ်အပိုင်း အမြောက်အမြား ဖြတ်တောက်ထားတဲ့ ပဟေဠိပုံကားချပ် တစ်ချပ်ကို ပြန်ဆက်ဖို့ ကြိုးစားရာမှာ အချို့အစိတ်အပိုင်းတွေ ပျောက်နေတာကြောင့် ပုံကားချပ်ကို အပြည့်အစုံ ပြန်မဖော်နိုင်သလိုမျိုး ဖြစ်နေပါတယ်။

ခရစ်တော် မမွေးဖွားမီ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းနဲ့ သုံးသောင်းအတွင်းမှာ စိုက်ပျိုးသီးနှံတွေ အထွက်ကောင်းစေဖို့ ကိုးကွယ် ပူဇော်မှုတွေ ရှိခဲ့ကြောင်းကိုတော့ ဥရောပတလွှားမှာ အထောက်အထားတွေ တွေ့ရှိခဲ့ကြရပါတယ်။ မြွေတွေ၊ နွားသိုးတွေကို ကိုးကွယ်ခဲ့ကြပြီး ဘုရားရှိခိုးကျောင်းတွေ အခိုင်အခန့်နဲ့ ဘုန်းတော်ကြီးတွေလည်း ရှိနေခဲ့တာကို တွေ့ကြရပါတယ်။ ကျောက်ခေတ်နှောင်းပိုင်းမှာ ကျောက်တုံးကြီးတွေကို ပတ်ဝိုင်း စိုက်ထူထားခဲ့ကြ တာကိုလည်း ဥရောပတစ်ခွင်မှာ တွေ့မြင်ကြရ ပါတယ်။ ဥပမာ တာစီယန်ကမောလ်တာ ဘုရားရှိခိုးကျောင်းတွေနဲ့ ပြင်သစ်နိုင်ငံတို့မှာ တွေ့မြင်ကြရပါတယ်။ ဒါပေမယ့် ဘာရည်ရွယ်ချက်နဲ့ အင်မတန်ကြီးမားတဲ့ ကျောက်တုံးကြီးတွေကို အခုလို ပတ်ဝိုင်း စိုက်ထူထားခဲ့ကြသလဲ ဆိုတာကိုတော့ ဘယ်သူကမှ အဓိပ္ပာယ် မဖွင့်ဆိုနိုင်ကြသေး ပါဘူး။ ကြေးခေတ်ဦးပိုင်း လောက်က စိုက်ထူ ထားခဲ့ကြတယ်လို့ မှန်းဆထားတဲ့ အင်္ဂလန်က ကျောက်တုံးတွေကိုတော့ နက္ခတ္တဗေဒအတွက် စုပုံ ထူထောင်ထားခဲ့ကြတယ်လို့ မှန်းဆနေကြပါတယ်။ တမလွန်အတွက် တိရစ္ဆာန်တွေကို ယစ်ပူဇော်လေ့ရှိကြတာကိုတော့ ဓမ္မကျမ်းစာဟောင်းမှာရော၊ အိန္ဒိယသက္ကတ ကျမ်းတွေမှာပါ တွေ့ကြရပါတယ်။ ပါးစပ်ပြော ယဉ်ကျေးမှုတွေ၊ ပုံပြင်တွေနဲ့ သဏ္ဍာရီတွေမှာ နတ်ဘုရားဗိမာန်တွေနဲ့ ရက်ယှယ်ထားတာကိုလည်း သိနေကြရပါတယ်။

ရှေးဦး ဘေဘီလိုနီးယား၊ ဆီးရီးယားနဲ့ ဖိုးနီးရှားတို့မှာ လူမျိုးစုလိုက် နတ်ဘုရားတွေ ရှိကြပြီး စစ်ကာလတွေမှာ အန္တရာယ် ကင်းအောင် ပူဇော်ပသလေ့ရှိကြပါတယ်။ ဘေဘီလိုနီးယားမှာ နတ်ဘုရားဘဲလ်၊ ဆီးရီးယားမှာ ရင်မ်မွန်၊ အစ္စရေးကတော့ ယေဟိုဝါ လို့ခေါ်ကြပါတယ်။ နှောင်းပိုင်းရောက်တော့ အစ္စလာမ်ဘာသာဝင်တွေကလည်း အလ္လာအရှင်ကို အောင်ပွဲရ ဘုရားတစ်ဆူအဖြစ် ဆည်းကပ် ကိုးကွယ်ကြပါတယ်။

တရုတ်တို့ရဲ့ ရှေးဦးဘာသာတွေကို သုတေသနပြုဖို့ သိပ်ခက်ခဲပါတယ်။ ဘာကြောင့်လဲ ပြောရရင် စာမှု၊ ပေ၊ ပုရပိုက်တွေထဲမှာ သင်္ကေတနဲ့ ရေးထားတာတွေကြောင့် ဖတ်ဖို့ မလွယ်ကူခဲ့ပါဘူး။ အာကာသနတ်ကတော့ တရုတ်တို့ အတွက် အရေးပါဆုံး ဖြစ်ပုံ ရခဲ့ပါတယ်။ လဟာပြင်မှာ အာကာသနတ် ပူဇော်ပွဲနဲ့ ယစ်ပူဇော်ပွဲတွေ ကျင်းပလေ့ ရှိခဲ့ကြ ပါတယ်။ ၄င်းနတ်ကို ကွန်ဖြူးရှပ်ဝါဒနဲ့ တာအိုဝါဒ ပေါ်ထွန်းလာချိန်ထိ ကိုးကွယ်ခဲ့ကြပါတယ်။ ကွန်ဖြူးရှပ်နဲ့ တာအိုဝါဒ တို့က အဲဒီ ရှေးဟောင်း သဘာဝတရား ကိုးကွယ်မှုကို ပြောင်းလဲပစ်လိုက်ကြပါတယ်။

(ဆက်လက်တင်ပြပါမည်)
( Debbie Gill ၏ Religions of the World )

ကမ္ဘာ့ဘာသာအယူဝါဒများ (၁)

ဘ၀ကိုဘယ်လို ရပ်တည်နေထိုင်ကြမလဲ၊
တစ်ပါးသူကို ဘယ်လို ဆက်ဆံပြုမူကြမလဲ၊
ဒုက္ခဆင်းရဲတွေကို ဘယ်လို ရှောင်ရှား ကြမလဲ ဆိုတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့၊ ဘဝဆိုတာဘာလဲ၊

စကြဝဠာဘာကြောင့် တည်ရှိနေရသလဲ၊
လူတွေသေပြီးရင် ဘာဖြစ်ကြကုန်သလဲ စတဲ့ စိတ်ပိုင်းဆိုင်ရာ မေးခွန်းတွေက လူသားတွေကို ဒီနေ့ထိ ဒုက္ခပေးနေဆဲ ဖြစ်ပါတယ်။ ဒီမေးခွန်းတွေကို ဖြေဆိုဖို့ ဘာသာတရားအသီးသီးက ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ကြိုးစားခဲ့ကြပါတယ်။ လူ့သမိုင်း အတွက် လူများစုရဲ့ ဘဝနေနည်းနဲ့ ဘဝအဓိပ္ပာယ်ကို ဘာသာရေးက ပေးခဲ့ပါတယ်။ အယူဝါဒချင်း တွေ့ကြတဲ့အခါ ဒါမှမဟုတ် အယူဝါဒနဲ့ ဘာသာမဲ့တို့ ဆုံကြတဲ့အခါမှာ ဒီနေ့ကမ္ဘာကြီးမှာရော၊ တိုးတက်မှုနှေးကွေးတဲ့ အတိတ်တုန်းကပါ အငြင်းအခုန်တွေ နှလုံးထိခိုက်ရတဲ့ အကြမ်းဖက်မှုတွေ စိမ်ခေါ်မှုနဲ့ အပြောင်းအလဲတွေ မကြာခဏ ကြုံတွေ့ကြရ ပါတယ်။

တစ်ဦးရဲ့ယုံကြည်မှုကို တစ်ဦးကပိုပြီး သဘောပေါက် နားလည်လာမယ်ဆိုရင် ယုံကြည်မှု စနစ်ချင်းမတူ ကွဲပြားမှုကြောင့် ပေါ်ထွက်လာတဲ့ ပြဿနာတွေကို ပိုပြီးလွယ်လွယ်ကူကူ ဖြေရှင်းနိုင်လိမ့်မယ်လို့ လူအများက ယူဆလာကြ ပါတယ်။ ဒါပေမယ့် သိထားယုံနဲ့မလုံလောက်၊ အမှန်တကယ် နားလည်သဘောပေါက် ကြဖို့ လိုအပ်ပါတယ်။ ဘာသာအယူဝါဒတွေရဲ့ နောက်ခံသမိုင်းကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီဖော်ပြချက်ကနေ နက်နက်ရှိုင်းရှိုင်း ထဲထဲဝင်ဝင် ဆက်လက် လေ့လာကြဖို့ ရည်ရွယ်ပါတယ်။ ကိုယ်လက်ခံထားတဲ့ အယူဝါဒနဲ့ မကိုက်ညီတဲ့ တင်ပြချက်တွေ တွေ့ရတဲ့အခါ ဒါတွေကို စတင်လေ့လာမှု တာထွက် အဖြစ် သဘောထားရပါမယ်။

ဘာသာဆိုတာ " ပြန်လည်ဆက်စပ်ခြင်း " လို့ အဓိပ္ပာယ်ရပါတယ်။ သမိုင်းတစ်လျှောက်လုံးမှာ လူသားတွေက ကမ္ဘာကြီးရဲ့ အထူးအဆန်း အံ့သြစရာတွေနဲ့ ထိတွေ့ခဲ့ရတိုင်း ဒီအဖြစ်အပျက်ရဲ့ အကြောင်းရင်းတွေကို သိရှိနားလည်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ တစ်နည်းအားဖြင့် ဒီအဖြစ်အပျက်တွေရဲ့ မူလအရင်းအမြစ်နဲ့ ပြန်လည်ဆက်သွယ်ဖို့ ကြိုးစားခဲ့ကြ ပါတယ်။ ခေတ်သစ် သိပ္ပံပညာရှင်တွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးပမ်းကြသလို ဘာသာရေး တရားတွေကလည်း ကမ္ဘာကြီးရဲ့ မူလအစနဲ့ ပြန်လည်ဆက်စပ်ဖို့ အားထုတ်ကြပါတယ်။

ဒီလို ပြန်လည် ဆက်စပ်ဖို့ နည်းနာနိဿယျ တွေကိုလည်း ဘာသာတရားတွေက ပေးပါတယ်။ မမျှော်လင့်ဘဲ အစစ်အမှန်နဲ့ တိုက်ရိုက် ထိတွေ့မှုရဖို့ ဓာတ်စီးသူနဲ့ အားကိုးရှာသူ၊ နတ်ဝင်သည်နဲ့ နတ်မေးသူ စတဲ့ ပုံသဏ္ဍာန်မျိုးစုံ နာမ်လောက လုပ်ငန်းတွေကို မြင်တွေ့ရပါ လိမ့်မယ်။ အစစ်အမှန်က လူသားတွေနဲ့ တသီးတခြား လွတ်လွတ်ကင်းကင်း တည်ရှိနေတာဖြစ်ပြီး စကားလုံးတွေကို ကျော်လွန်တဲ့ နောက်ဆုံးအပြီးသတ် အမှန်တရားပါ။ အစစ်အမှန်ကို ဘယ်လို နားလည် သဘောပေါက်သလဲ ဆိုတဲ့ အချက်က အစစ်အမှန်ကို ဘယ်လိုရောက်အောင် အဓိပ္ပာယ်ဖွင့်ဆိုမလဲ၊ အစစ် အမှန်ဆီ ဘယ်လိုရောက်အောင် သွားမလဲဆိုတဲ့ အချက်တွေပေါ်မှာ တည်ပါတယ်။

ယဉ်ကျေးမှုမျိုးစုံ ရောယှက် ကူးလူးတိုးပွား ဖြစ်ထွန်းနေတဲ့ ကမ္ဘာကြီးမှာ ဘာသာတရားတွေ အားလုံး တစ်ခုနဲ့တစ်ခု အမှန်တကယ် ပဋိပက္ခ ဖြစ်ပွားနေကြပါသလား၊ ဒါမှမဟုတ် တစ်ခုတည်းသော အစစ်အမှန်ဆီ မတူကွဲပြားတဲ့ လမ်းအသွယ်သွယ် ကနေပြီး ရိုးရိုးသားသား လျှောက်လှမ်းနေကြတာလား။ အခု လက်ရှိအချိန်မှာတော့ ဒီမေးခွန်းတွေ အတွက် အဖြေတွေ မရှိသေးပါ။ အများမြင်နေကြတဲ့ အမျိုးအမည် ကွဲပြား ခြားနားနေတဲ့ ဘာသာတရားတွေရဲ့ နောက်ကွယ်မှာ အများနဲ့ အကြုံးဝင် ပတ်သက်တဲ့ ဘုံဝိသေသလက္ခဏာတွေ ရှိ-မရှိ ဆိုတာ ဆက်လက် လေ့လာကြည့် ရအောင်ပါ။
(ဆက်လက်တင်ပြပါမည်)
( Debbie Gill ၏ Religions of the World )

Followers

Labels

Comments