အချစ်ဆိုတာ
အပူလောင်ဆုံး အနှိုင်းမဲ့မီးလို့
ဘယ်လိုပဲ ပြောပြော၊
ပုထုဇဉ်နယ်ပယ်မှာတော့
အချစ်ဟာ ဟင်းတိုင်းမှာပါတဲ့ ဆားလို
မရှိမဖြစ် ဖြစ်နေပါတယ်။
ငရုတ်သီးထဲကပိုးဟာ
အပူကို လုံးဝမကြောက်တော့သလို
အပူကြိုက်လွန်းလို့ အပူပြီးနေတဲ့
ပုထုဇဉ်အများစုဟာလည်း
အချစ်ကို ပူလောင်တယ်လို့တောင်
မထင်ကြတော့ပါဘူး။
ပိုးဖလံမျိုးမို့မီးတိုးနေတာပါလို့
ဆင်ခြေပေးနေပြန်တော့လည်း
ဘာများတတ်နိုင်ဦးမှာတဲ့လဲ။
မရှိမဖြစ်ဆားဆိုပေမယ့်
သွေးတိုးရောဂါရှိတဲ့သူကတော့
ဆားကို မရှောင်မဖြစ်
ရှောင်ဖို့လိုအပ်သလို
အဆင့်အတန်းမြင့်တဲ့
သမထ၊ ၀ိပဿနာ
တရားချမ်းသာကို
ခံစားချင်တဲ့သူဟာလည်း
အချစ်ကိုဝေးဝေးရှောင်ဖို့
လိုအပ်ပါတယ်။
တရားအလုပ်ခွင်မှာတော့
အချစ်ကို
ကာမစ္ဆန္ဒနီဝရဏ လို့ခေါ်ပါတယ်။
သူက တိုးပွားအောင်လုပ်ရမယ့်အရာ
မဟုတ်ပါဘူး။
ချုပ်ငြိမ်းအောင်ပယ်ရမယ့်အရာပါ။
Monday, March 16, 2009
အပူပြီးရင် အပြီးပူနေမယ်
Posted by ကဗျာမ လေး at 7:16 PM 1 comments
Labels: နေ့စဉ်နှလုံးသွင်းရန်
Friday, March 6, 2009
ဒေါသတကယ်ပျက်လေမှ လောကအလယ် မျက်ရည်မကျတော့မှာပါ
ဒေါသကိလေသာကို
အကြွင်းမဲ့ ပယ်သတ်နိုင်လို့
ကိုယ့်ရဲ့နှလုံးသားဟာ
ဒေါသကင်းတဲ့ နှလုံးသား
ဖြစ်သွားပြီဆိုရင်တော့
ဝမ်းနည်းစရာနဲ့ပဲကြုံကြုံ၊
ဝမ်းသာစရာနဲ့ပဲကြုံကြုံ
ငိုချင်စိတ် မရှိတော့ပါဘူး။
မငိုတတ်တဲ့ နှလုံးသားပိုင်ရှင်ဟာ
ဘာအကြောင်းကြောင့်မှ
မျက်ရည်မကျတော့ပါဘူး။
ဝိပဿနာအလုပ်ကို
အချိန်ဆက်နိုင်သမျှဆက်အောင်
အမြဲမပြတ်
ကြိုးပမ်းအားထုတ်သွားမယ်ဆိုရင်
ပုထုဇဉ်ဘ၀နဲ့
ရှိနေသေးတယ်ပဲထားဦး၊
ဝိပဿနာရဲ့ တန်ခိုးကြောင့်
စိတ်ဓာတ်ရင့်ကျက်နေတဲ့အတွက်
ဝမ်းသာစရာနဲ့ပဲကြုံကြုံ၊
ဝမ်းနည်းစရာနဲ့ပဲကြုံကြုံ၊
အလွယ်တကူနဲ့
မျက်ရည်မကျတော့ပါဘူး။
အကောင်းအဆိုး လောကဓံအားလုံးကို
အပြုံးမပျက် ခံနိုင်ရည်ရှိသွားပါတယ်။
Posted by ကဗျာမ လေး at 12:05 AM 2 comments
Labels: နေ့စဉ်နှလုံးသွင်းရန်
Thursday, March 5, 2009
အပျော်နဲ့ ငိုတာလည်း မတော်မတည့် အပိုပါပဲ
အပျော်လွန်ပြီး ငိုတာမျိုး၊
ဝမ်းသာလုံးဆို့ပြီး
ငိုတာမျိုးကလည်း
အပေါ်ယံကြည့်လိုက်ရင်
ပီတိကြောင့် ငိုတယ်လို့ထင်ရပေမယ့်
တကယ့် အတွင်းသဘာဝ
အစစ်အမှန်ကတော့
သိမ်မွေ့တဲ့ ဒေါသကြောင့်
ငိုနေတာပါ။
မငိုခင်မှာ ပျော်တဲ့စိတ်၊
ဝမ်းသာတဲ့စိတ်
ဖြစ်နေခဲ့တာ မှန်ပေမယ့်
ပျော်လို့၊ ၀မ်းသာလို့
မျက်ရည်တွေကျပြီး
ငိုလိုက်တဲ့အချိန်မှာတော့
အပျော်ဒဏ်၊ ၀မ်းသာမှုဒဏ်ကို
မခံမရပ်နိုင်တဲ့၊
ခံနိုင်ရည်မရှိတဲ့၊
မခံစားနိုင်တဲ့
ဒေါသအနုစားလေး
စိတ်အစဉ်မှာ လွှမ်းမိုးနေပါတယ်။
အပျော်ဒဏ်၊ ၀မ်းသာမှုဒဏ်ရဲ့
ဖိစီးနှိပ်စက်မှုခံလိုက်ရလို့
မသက်မသာဖြစ်သွားတဲ့ စိတ်ကလေး၊
သိမ်မွေ့စွာ
တုန်လှုပ်ချောက်ချားသွားတဲ့
စိတ်ကလေး ဆိုပါတော့။
Posted by ကဗျာမ လေး at 11:53 PM 0 comments
Labels: နေ့စဉ်နှလုံးသွင်းရန်
Wednesday, March 4, 2009
အတွေးကောင်းရရင် ဆေးပေါင်းခလိမ့်မယ်
ရာဂ၊ ဒေါသ၊ မောဟစတဲ့
ကိလေသာအညစ်အကြေးတွေနဲ့
ညစ်နွမ်းပူလောင်နေတဲ့မျက်ရည်ဟာ
ဆေးဖက်မ၀င်တဲ့မျက်ရည်၊
ဆေးပေါင်းမခတဲ့မျက်ရည်ဖြစ်ပါတယ်။
တရားဓမ္မနဲ့ ယှဉ်တဲ့
နှစ်သက်ဝမ်းမြောက်မှု
ပီတိသောမနဿတွေနဲ့
သန့်စင်အေးမြနေတဲ့မျက်ရည်ကတော့
ဆေးဖက်ဝင်တဲ့မျက်ရည်၊
ဆေးပေါင်းခတဲ့မျက်ရည် ဖြစ်ပါတယ်။
Posted by ကဗျာမ လေး at 10:59 PM 0 comments
Labels: နေ့စဉ်နှလုံးသွင်းရန်
အတွေးကောင်းမရရင် ဘေးပေါင်းခလိမ့်မယ်
ကိလေသာအခြေခံတဲ့
မျက်ရည်မှန်သမျှ
ဝမ်းနည်းလို့ပဲကျကျ၊
ဝမ်းသာလို့ပဲကျကျ၊
ဘေးပေါင်းခတဲ့မျက်ရည်ပါပဲ။
စိတ်ညစ်စရာ အဖြစ်အပျက်တွေနဲ့
ကြုံတွေ့ရလို့
ဝမ်းနည်းပြီးကျတဲ့မျက်ရည်မှ
ဘေးပေါင်းခတာ မဟုတ်ပါဘူး။
စိတ်ချမ်းသာစရာ၊
စိတ်ပျော်ရွှင်စရာ အဖြစ်အပျက်တွေနဲ့
ကြုံတွေ့ရလို့
ဝမ်းသာပြီးကျတဲ့မျက်ရည်ဟာလည်း
ဘေးပေါင်းခပါတယ်။
ဘယ်လိုသံယောဇဉ်မျိုးကြောင့်ပဲ
မျက်ရည်ကျကျ၊
ဝမ်းနည်းတဲ့ ကိလေသာ၊
ဝမ်းသာတဲ့ကိလေသာ၊
ကိလေသာကို
အခြေခံတာဖြစ်တဲ့အတွက်
ဘေးပေါင်းခတဲ့မျက်ရည်တွေချည်းပါပဲ။
တခြားပြင်ပဘေးတွေ
ဘာမှမတွေ့ရသေးဘူးပဲ ထားပါဦး၊
စိတ်ပူလောင်တဲ့ဘေး၊
စိတ်ရှုပ်ထွေးတဲ့ဘေး၊
စိတ်မတည်မငြိမ်ယောက်ယက်ခတ်တဲ့ဘေး၊
စိတ်လှုပ်ရှားတဲ့ဘေးကတော့
အတွင်းဘေးအဖြစ်နဲ့
သေချာပေါက် ရင်ဆိုင် ကြုံတွေ့ရမှာပါ။
Posted by ကဗျာမ လေး at 9:40 PM 0 comments
Labels: နေ့စဉ်နှလုံးသွင်းရန်
Monday, March 2, 2009
သီလရှင်ဖို့ သီလရှင်ပဲဝတ်ချင်တယ်
မိမိက သီလရှင်ဝတ်ချင်တယ်၊
မိဘတွေ၊ ဆွေမျိုးသားချင်းတွေက
ခွင့်မပြုဘူး။
အတင်းအဓမ္မ တားကြတယ်၊
ဆီးကြတယ်၊ ပိတ်ပင်ကြတယ်။
သီလရှင်ဝတ်ချင်တာ
မ၀တ်ရလို့ဆိုပြီးတော့
မျက်ရည်ကျရတယ်၊ ငိုရတယ်။
အဲဒီလို သီလရှင်ဝတ်ချင်ပါလျက်
ဝတ်ခွင့်မရလို့
ကျတဲ့မျက်ရည်ဟာလည်းပဲ
သေ၀ိတဗ္ဗမျက်ရည်၊
မှီဝဲထိုက်တဲ့မျက်ရည်၊
တန်ဖိုးရှိတဲ့မျက်ရည်ပါပဲ။
ဒီမျက်ရည်ကြောင့်
သီလရှင်ဝတ်ဖြစ်သွားနိုင်တယ်။
မ၀တ်ဖြစ်တောင်မှ
ဝတ်ချင်တဲ့ဓာတ်တော့
အခိုင်အမာ ကိန်းဝပ်သွားနိုင်ပါတယ်။
Posted by ကဗျာမ လေး at 11:38 PM 5 comments
Labels: နေ့စဉ်နှလုံးသွင်းရန်
ချိုးရေမက တိုးဝေကျတဲ့ ငါ့မျက်ရည်
လူတိုင်းလူတိုင်း
နေ့တိုင်းနေ့တိုင်း
ရေချိုးကြတယ်။
မိမိချိုးနေတဲ့ ရေကန်ထဲက
ရေကို ကြည့်ပြီးတော့
သြော်... သံသရာတစ်လျှောက်
ငါကျခဲ့ရတဲ့
မျက်ရည်တွေဟာ
ဒီရေကန်ထဲမှာရှိတဲ့
ရေတွေထက်
အဆပေါင်းများစွာ
မနှိုင်းယှဉ်သာအောင်
များပြားလှပါလား။
အဲဒီလို ဆင်ခြင်လိုက်မယ်ဆိုရင်
သံဝေဂဉာဏ်တွေ
အားကောင်းလာပါလိမ့်မယ်။
Posted by ကဗျာမ လေး at 10:29 PM 1 comments
Labels: နေ့စဉ်နှလုံးသွင်းရန်
လိုတာမရရင်လည်း ငိုရှာကြတာပါပဲ
ပိယေဟိ ၀ိပ္ပယောဂမျက်ရည်ဆိုတာက
မိမိချစ်ခင်နှစ်သက် မြတ်နိုးတဲ့
သက်ရှိသက်မဲ့
ပုဂ္ဂိုလ်သတ္တ၀ါ အရာဝတ္ထုတွေနဲ့
ခွဲခွာကွေကွင်းရခြင်းကြောင့်
ကျရတဲ့မျက်ရည်ပါပဲ။
တစ်နည်းအားဖြင့် ပြောရရင်တော့
ပိုင်ဆိုင်ချင်တာ
မပိုင်ဆိုင်ရလို့
ကျရတဲ့မျက်ရည်၊
လိုချင်တာ မရလို့
ကျရတဲ့မျက်ရည်၊
ဖြစ်ချင်တာ မဖြစ်ရလို့
ကျရတဲ့မျက်ရည်၊
အဲဒီ မျက်ရည်ကို
ပိယေဟိဝိပ္ပယောဂမျက်ရည်လို့
ခေါ်ပါတယ်။
Posted by ကဗျာမ လေး at 8:10 PM 2 comments
Labels: နေ့စဉ်နှလုံးသွင်းရန်
ကုသိုလ်အသက်ရှည်ရဖို့ အခုလိုမျက်ရည်ကျတာပါ
မိမိကျလိုက်တဲ့မျက်ရည်ကြောင့်
အကုသိုလ်တရားတွေ
ဆုတ်ယုတ်သွားတယ်
ကုသိုလ်တရားတွေ
တိုးပွားလာတယ်
ကိလေသာအပူတွေ
ငြိမ်းအေးသွားတယ်ဆိုရင်
အဲဒီမျက်ရည်မျိုးဟာ
ကျသင့်ကျထိုက်တဲ့မျက်ရည်
ဆေးပေါင်းခတဲ့မျက်ရည်ပါပဲ။
Posted by ကဗျာမ လေး at 7:52 PM 0 comments
Labels: နေ့စဉ်နှလုံးသွင်းရန်
Monday, January 26, 2009
“ကိုယ်အမြတ်နေရင် သူအနေမြတ်ပါတယ်”
အသံထွက်ဓမ္မဒါနက
အရေးပါလှသလို
အသံတိတ်ဓမ္မဒါနကလည်း
အရာရောက်လှပါတယ်။
ကိုယ်က စိတ်သဘောထားဖြူစင်နေရင်
ကိုယ့်ကို ကြည့်ပြီး
သူတစ်ပါးလည်း
စိတ်သဘောထား ဖြူစင်အောင်
ကြိုးစားချင်လာပါတယ်။
ကိုယ်က စကားပြော သိမ်မွေ့နေရင်
ကိုယ့်ကို ကြည့်ပြီး
သူတစ်ပါးလည်း
စကားပြောသိမ်မွေ့အောင်
အားထုတ်ချင်လာပါတယ်။
ကိုယ်က အပြုအမူလုပ်ရပ် မြင့်မြတ်နေရင်
ကိုယ့်ကို ကြည့်ပြီး
သူတစ်ပါးလည်း
အပြုအမူလုပ်ရပ် မြင့်မြတ်အောင်
ဆောင်ရွက်ချင်လာပါတယ်။
“ဒီလိုစိတ်ထားပါ၊ ဒီလိုစကားပြောပါ၊
ဒီလိုအလုပ်လုပ်ပါ” လို့
နှုတ်က ထုတ်မပြောပေမယ့်
ထုတ်ပြောတာထက်
ပိုပြီး ထိရောက်ပါတယ်။
Posted by ကဗျာမ လေး at 12:33 AM 0 comments
Labels: နေ့စဉ်နှလုံးသွင်းရန်
“သဘောမကျစရာမှာ ဒေါသမလာမှ မေတ္တာသမား”
ဒေါသဖြစ်စရာ
ဘာမှမရှိလို့
ဒေါသမထွက်တာ
ဘာမှ မထူးဆန်းပါဘူး။
ချီးမွမ်းစရာလည်း
မဟုတ်ပါဘူး။
ဒေါသဖြစ်လောက်တဲ့
အကြောင်းတရားတွေ၊
အဖြစ်အပျက်တွေနဲ့
မတွေ့ကြုံရသေးလို့
ဒေါသမထွက်တဲ့သူကို
ဒေါသကင်းသူလို့
မဆိုနိုင်ပါဘူး။
ဒေါသဖြစ်လောက်တဲ့
အကြောင်းတရားတွေ၊
အဖြစ်အပျက်တွေနဲ့
ပက်ပင်းတွေ့ကြုံနေပါရက်နဲ့
ဒေါသမထွက်တဲ့သူကိုမှ
ဒေါသကင်းသူလို့ ဆိုနိုင်ပါတယ်။
ချီးမွမ်းစရာလည်း
ကောင်းပါတယ်။
Posted by ကဗျာမ လေး at 12:22 AM 0 comments
Labels: နေ့စဉ်နှလုံးသွင်းရန်
Sunday, January 18, 2009
သံယောဇဉ်ပြတ်တာ အမှန်ပြောရင် မြတ်ပါတယ်
သံယောဇဉ်ပြတ်တာကို
မေတ္တာကင်းမဲ့တယ်လို့
သံယောဇဉ်ပျော် ကိလေသာသမားတွေက
ကဲ့ရဲ့ရှုတ်ချကြပေမယ့်
တကယ်တော့
သံယောဇဉ်ပြတ်တာဟာ
ပညာရှိသူတော်ကောင်းတွေရဲ့
ကိလေသာ ငြိမ်းအေးခြင်း
ဂုဏ်တစ်မျိုးပါ။
သံယောဇဉ်ပြတ်တာနဲ့
မေတ္တာကင်းမဲ့တာလည်း
လုံးဝ မတူပါဘူး။
သံယောဇဉ်ဆယ်မျိုးရှိတဲ့အထဲက
လူတွေ ပြောပြောနေတဲ့
သံယောဇဉ်ဆိုတာ
ကာမရာဂသံယောဇဉ်ဆိုတဲ့
တဏှာကို ပြောတာဖြစ်လို့
တဏှာဆိုတာ
ပြတ်လေကောင်းလေပါပဲ။
Posted by ကဗျာမ လေး at 7:03 PM 6 comments
Labels: နေ့စဉ်နှလုံးသွင်းရန်
မရှိမဖြစ် ဥပေက္ခာ
မေတ္တာပဲပွားပွား၊
ကရုဏာပဲပွားပွား၊
မုဒိတာပဲပွားပွား၊
ဥပေက္ခာနဲ့ တွဲပွားမှ
ပြည့်စုံနိုင်ပါတယ်။
ဥပေက္ခာမပါတဲ့ မေတ္တာ၊
ဥပေက္ခာမပါတဲ့ ကရုဏာ၊
ဥပေက္ခာမပါတဲ့ မုဒိတာဟာ
စစ်မှန်ပြည့်ဝတဲ့
စိတ်အေးချမ်းမှုကို မပေးဘဲ
လမ်းကြောင်းကွေ့ကောက်
အစွန်းရောက်သွားတတ်ပါတယ်။
Posted by ကဗျာမ လေး at 6:19 PM 1 comments
Labels: နေ့စဉ်နှလုံးသွင်းရန်
