၁။ အဓိဂမ သာသနာကွယ်ခြင်း
၂။ ပဋိပတ္တိ သာသနာကွယ်ခြင်း
၃။ ပရိယတ္တိသာသနာကွယ်ခြင်း
၎။ လိင်္ဂသာသနာတော်ကွယ်ခြင်း
၅။ ဓာတ်တော်ကွယ်ခြင်း ။ ။
၅။ ဓာတ်တော်ကွယ်ခြင်း
မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီး ကုသိနာရုံပြည် မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်တော်ဝယ် စုတိကမ္မဇရုပ်များ ချုပ်ငြိမ်း တော်မူခြင်းသည် ခန္ဓပရိနိဗ္ဗာန်ပြုသည်ဟု ခေါ်ဆိုပါသည်။
ဘုရားရှင်၏ သရီရဓာတ်တော်များ အလိုအလျှောက် မီးတောက်ကာ နောက်ဆုံးပိတ် ချုပ်ငြိမ်းကွယ်ပျောက်
သွားခြင်းသည် ဓာတုပရိနိဗ္ဗာန်ပြုသည်ဟု ခေါ်ပါသည်။ ဘုရားရှင်၏ ဓာတ်တော်များသည် မိမိတို့ တည်ရှိရာအရပ်၌ ကိုးကွယ်ပူဇော်မှု မခံရလျှင် ကိုးကွယ် ပူဇော်သူများ ရှိရာသို့ ကြွတော်မူ ကြကုန်သည်။ ကာလကြာသော် အရပ်ဌာနအားလုံး တို့၌ ပူဇော် မြတ်နိုးမှု မရှိဘဲ နေကုန်သည်။ ထိုသို့ အဘက်ဘက်မှ သာသနာတော် ဆုတ်ယုတ်လာသောအခါ အရပ်ရပ်မှ ဓာတ်တော်များသည် သီဟိုဠ်ကျွန်း၌ စုပေါင်း၍
မဟာစေတီသို့ ကြွကုန်ကြလေသည်။ ထို့နောက် တစ်ဖန် နာဂဒီပကျွန်း၊ ရာဇာယတနစေတီသို့ ကြွတော်မူကုန်မည်။
ထိုမှတစ်ဖန် ဘုရားပွင့်တော်မူရာ ဗောဓိပင်နှင့် ရွှေပလ္လင်ရှိရာ အရပ်သို့ ကြွရောက်ကုန်ကြမည်။ အားလုံးသော ဓာတ်တော်တို့သည် မဟဗောဓိပလ္လင်သို့ စုပေါင်း ရောက်လာ တော်မူကြပြီး ရွှေတုံးရွှေခဲကြီး သဖွယ်ဖြစ်၍ ရောင်ခြည်တော်ခြောက်သွယ်ကို လွတ်တော်မူကြကုန်သည်။ (သုတ်ပါထေယျ၊ သမ္ပသာဒနီယ)
ထို့နောက် သရီရ ဓာတ်တော်များမှ မီးထတောက်ကာ ထိုဓာတုနိမ္မိတ ကိုယ်တော်မြတ်ကို အကြွင်းမဲ့လောင်ကျွမ်း လေမည်။ ထိုမီးညွှန့် မီးလျှံသည် ဗြဟ္မာ့ပြည်တိုင်အောင် တက်လေသည်။ မုန်ညင်းစေ့လောက် ဓာတ်တော်လေး တစ်ဆူ ကြွင်းကျန်နေသေးလျှင် မီးလျှံမစံသေးပေ။ ဘုရားရှင်၏ သရီရ ဓာတ်တော်များ ကုန်ဆုံးမှသာလျှင် မီးလျှံစဲတော့သည်။
ဤသို့ဖြင့် ဓာတ်တော်များ စုဝေး၍ ကြီးကျယ်သော တန်ခိုးပြာဋိဟာကို ပြတော်မူပြီး ဓာတ်တော်များ ကွယ်ပျောက်လေသည်။ ထိုနေရာသို့ စုဝေးရောက်လာကြသော နတ်ဗြဟ္မာ အပေါင်းတို့သည် ဘုရားရှင် ခန္ဓပရိနိဗ္ဗာန် ပြုသောနေ့ကဲ့သို့ ပန်းနံ့သာ၊ တူရိယာ စသည်တို့ဖြင့် ပူဇော်ကာ လက်ျာရစ် သုံးကြိမ်လှည့်ပြီး ရှိခိုး၍ နောင်အခါ ပွင့်လတ္တံ့သော ဘုရားရှင်ကို ဖူးမျှော်ရပါစေသား ဆုများတောင်း၍ မိမိတို့၏ ဘုံဌာနသို့ ပြန်သွားကြလေတော့သည်။ ဤမှစ၍ ဓာတ်တော်သာသနာ ကွယ်ပျောက်တော့လေသည်။
ဤသို့ဖြင့် ဝေနေယျမျာစွာကို သနားတော်မူ၍ သဒ္ဓါတရားကို အခြေခံကာ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း
ကာလပတ်လုံး လူသာမန်ပုဂ္ဂိုလ်တို့ ပြုလုပ် ဖြည့်ကျင့်နိုင်ခဲသော ပါရမီသုံးဆယ်၊ စွန့်ခြင်းကြီးငါးပါး၊ စရိယသုံးပါးတို့ အရင်းခံကာ တည်ထောင်ခဲ့သော ဘုရားရှင်၏ သာသနာတော်ကြီးသည် ကွယ်ပျောက် ချုပ်ငြိမ်း ရပါလိမ့်မည်။
ထို့ကြောင့် မြတ်စွာဘုရားရှင်၏ သာသနာတော်ကြီး ယခုလို နေလိုလလို ထွန်းတောက်ဆဲ ကာလ၀ယ် အချိန်ရှိခိုက် လုံ့လစိုက်၊ လသာတုန်း ဗိုင်းငင်ကာ ကုသိုလ်ကောင်းမှု အစုစု၌ အပ္ပမာဒ သတိတရားဖြင့် တတ်အားသရွေ့ ကြိုးစားနိုင် ကြစေရန် စေတနာသန့်သန့်ဖြင့် တင်ပြလိုက်ရပါသည်။


