ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog
Showing posts with label လူချမ်းသာစိတ်ချမ်းသာ. Show all posts
Showing posts with label လူချမ်းသာစိတ်ချမ်းသာ. Show all posts

Sunday, July 13, 2008

လူချမ်းသာ စိတ်ချမ်းသာ (၂၅)

နိဂုံး

လူကို ကောင်းကျိုးပြုနိုင်သည်မှာ အမျိုးဘာသာ သာသနာကို ထိထိရောက်ရောက် တွင်တွင်ကျယ်ကျယ် ကောင်းကျိုးပြု နိုင်သည်မှာ လူချမ်းသာများသာ ဖြစ်သည်။ ဆင်းရဲသားက ကောင်းကျိုးမပြုနိုင်ဘူးလား မေးမူ ပြုတော့ ပြုနိုင်ပါသည်။ သို့သော် သိပ်ပြီးမထိရောက်လှပေ။ သိပ်ပြီး မတွင်ကျယ်ပေ။ လူချမ်းသာတိုင်းရော ကောင်းကျိုး ပြုနိုင်ပါသလား မေးပြန်မူ လူချမ်းသာတိုင်းတော့ ကောင်းကျိုးပြု နိုင်သည်မဟုတ်။ စိတ်ချမ်းသာ သော လူချမ်းသာသည်သာ ကောင်းကျိုး ပြုနိုင်သည်။ စိတ်မချမ်းသာသော လူချမ်းသာတို့က ကောင်းကျိုး မပြုနိုင်ကြ။ သို့ရာတွင် လူတိုင်းက လူချမ်းသာ ဖြစ်ချင်ကြ၍ လူချမ်းသာဖို့က တော့အရေးကြီးသည်။

လူချမ်းသာ ဖြစ်စေနိုင်သော အကြောင်းအချက်အလက် တို့ကို စာတွေ့မျက်တွေ့ ဥာဏ်မီသလောက် တင်ပြထား ပါသည်။ လူချမ်းသာ ဖြစ်စေချင်သော စေတနာဖြင့် ဖြစ်သည်။ လူချမ်းသာဖြစ်၍ လူနှင့် လူ့ဆိုင်ရာ အားလုံးကို ချမ်းချမ်းသာသာ ဖြစ်အောင် ဆောင်ရွက်စေချင်၍ ဖြစ်သည်။ လူချမ်းသာ စာတမ်းပါ အကြောင်း အချက် အလက် တို့ကို စေ့စေ့ငုငု ဖတ်ရှုမှတ်သား လိုက်နာ ကျင့်ကြံ နိုင်ကြ၍ လူချမ်းသာများ ဖြစ်ကြပါစေ။ လူချမ်းသာများ ဖြစ်ကြ ပြီးလျှင် လူ့ပတ်ဝန်းကျင် တစ်ခွင်က ဆိုင်ရာဆိုင်ရာ တို့ကိုလည်း ချမ်းချမ်းသာသာ ဖြစ်အောင် ဆောင်ရွက်နိုင်ကြ ပါစေလို့ ဆုတောင်းပတ္ထနာ ပြုအပ်ပါသည်။


သဗ္ဗေသတ္တာ သုခိတာ ဟောန္တု ။
သတ္တ၀ါအားလုံး ချမ်းသာ ကြပါစေ ။
မြန်မာလူငယ်များ ချမ်းသာ ကြပါစေ ။

မေတ္တာဖြင့်
ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ
၁၃၆၂-ခုနှစ်၊တပို့တွဲလဆန်း(၂)ရက်
(၂၅-၁-၂၀၀၁)

Saturday, July 12, 2008

လူချမ်းသာ စိတ်ချမ်းသာ (၂၄)

ချမ်းသာလိုလျှင် မိတ်ကောင်းရှိရမည်

မိတ်ဆွေကောင်းဟူသည် ချစ်ဖို့ ခင်ဖို့ကောင်းခြင်း၊ လေးစားစရာ ဂုဏ်အင်္ဂါများ ရှိခြင်း၊ စိတ်နေသဘောထား ပြည့်ဝခြင်း၊ ပြောစရာ ဆိုစရာရှိလျှင် ပြောတတ် ဆိုတတ်ခြင်း၊ သည်းခံ ခွင့်လွှတ်တတ်ခြင်း၊ စကားကို လေးလေး နက်နက်ပြောတတ်ခြင်း၊ သင့်လျော်ရာကို ညွှန်ပြတတ်ခြင်း ဟူသော အရည်အသွေးများရှိသော ပုဂ္ဂိုလ် မျိုးဖြစ်သည်။ မိတ်ဆွေကောင်းတစ်ဦးတွင် ရှိရမည့် အရည်အသွေးများကို စာလာ ပေလာအတိုင်း တင်ပြရခြင်း ဖြစ်ပါသည်။

အဂုင်္တ္ထိုရ်ပါဠိတော်တွင်လည်း မိတ်ဆွေကောင်းတို့၏ ဂုဏ်အင်္ဂါများကို ဘုရားရှင်ကိုယ်တော်တိုင် မှတ်ချက်ပြု တော်မူသည်။ မိတ်ဆွေကောင်း ဟူသည် သာမန် သူလိုကိုယ်လို ပေးဖို့ ခက်ခဲသော ပစ္စည်းဥစ္စာ သို့မဟုတ် အခွင့်အရေး၊ အခြားအရေးကြီးသော အရာတစ်ခုခုကို ပေးနိုင်သူ ဖြစ်သည်။ ကူညီဖို့၊ လုပ်ဆောင်ဖို့ ခက်ခဲသော ကိစ္စတစ်ခုခုကို ကူညီလုပ်ဆောင်နိုင်ရာသည်။ သည်းခံဖို့ခက်ခဲသော အမှားအယွင်း တစ်စုံတစ်ရာကို သည်းခံနိုင်သူ ဖြစ်ရမည်။ သူ၏လျှို့ဝှက်ချက်ကို ဖွင့်ပြောတိုင်ပင်သူ ဖြစ်ရာသည်။ မိမိ၏ လျှို့ဝှက်ချက်ကိုလည်း ကူညီလျှို့ဝှက်ပေးသူ ဖြစ်ရာသည်။ ဘေးရန် တစ်စုံတစ်ရာ ပေါ်ပေါက်လာသောအခါ မိမိကို စွန့်ပစ်မသွားဘဲ ဖေးမ ကူညီသူ၊ အားပေးနှစ်သိမ့်သူ ဖြစ်ရာသည်။ တစ်စုံတစ်ခု ပျက်စီးဆုံးရှုံးမှု ကြောင့်လည်း မိမိကို အထင်သေး အမြင်သေး မရှိဘဲ နဂိုပုံမှန်အတိုင်း အဆက်အဆံမပျက် အခင်အမင်မပျက် လက်တွဲနိုင်သူ ဖြစ်ရမည်။

လောကတွင် တန်ဖိုးရှိသော ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား တို့သည် ရှားပါးပစ္စည်းများဖြစ်သည်။ ရတနာဟူသည် ဘုန်းကံနည်းသူ၊ သာမန်လူတို့၏ အသုံးအဆောင်မဟုတ်ချေ။ မိတ်ဆွေကောင်းသည် ရတနာကဲ့သို့ ရှားပါး ပစ္စည်း ဖြစ်သည်။ မရှိမဟုတ် ရှိပါသည်။ ရှာလျှင် တွေ့နိုင်ပါသည်။ ကံရှိလျှင် တွေ့ရမည်သာ ဖြစ်သည်။

လောကတွင် လူတော်လူကောင်းဟု သုံးနှုန်းကြသည်။ ဗလငါးတန်နှင့် ပြည့်စုံသူသည် လူတော်လည်း ဟုတ်သည်၊ လူကောင်းလည်း ဟုတ်သည်။ လူတော် လူကောင်းဖြစ်ရန်အတွက် ဗလငါးတန်နှင့် ပြည့်စုံရသည်။ ဗလငါးတန်နှင့် ပြည့်စံသော လူတော် လူကောင်းသည်သာ မိတ်ဆွေကောင်းဖြစ်သည်။


(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
ဆက်လက်တင်ပြပါမည်။

Thursday, July 10, 2008

လူချမ်းသာ စိတ်ချမ်းသာ (၂၃)

သာသနာပြု မြတ်ကောင်းမှု

သီလသာသနာ၊ သမာဓိသာသနာ၊ ပညာသာသနာ ဟု သာသနာသုံးရပ်ရှိသည်။ သီလအကျင့်ကို ကိုယ်ကိုယ်တိုင် ကျင့်သုံးခြင်းသည် ကိုယ့်ကိုယ်ကိုယ် သာသနာ ပြုခြင်းမည်ပါသည်။ သမာဓိရအောင် တရားထိုင်ခြင်းသည် မိမိကိုယ်ကို သာသာနာပြုခြင်း မည်ပါသည်။ သူတစ်ပါးအား တရားထိုင်ဖို့ တိုက်တွန်းခြင်းသည် သာသနာပြုခြင်း မည်ပါသည်။ ၀ိပဿနာပညာ စသည်များ ရရှိအောင် ၀ိပဿနာ အလုပ် အားထုတ်ခြင်းသည် မိမိကိုယ်ကို သာသနာပြုခြင်း မည်ပါသည်။ သူတစ်ပါးအား ၀ိပဿနာအလုပ် အားထုတ်ဖို့ တိုက်တွန်းခြင်းသည် သူတစ်ပါးအား သာသနာပြုခြင်း မည်ပါသည်။ ဘုရားရှင်က ဒါနအမှုပြရမည်ဟု မိန့်တော်မူသဖြင့် ဒါနအမှုပြုခြင်း၊ ပြုစေခြင်း သည်လည်း သာသနာပြုသည်သာ ဖြစ်ပါသည်။ သို့ရာတွင် ယင်းဒါနသည် သီလ၊ သမာဓိ၊ ပညာ ကို အားပေးသော ဒါနဖြစ်မှသာလျှင် သာသနာပြုဒါန ဖြစ်နိုင်ပါသည်။ ကြောက်လို့လှူခြင်း၊ မကောင်းတတ်လို့ လှူခြင်း၊ ဘာမှန်းမသိလှူခြင်း၊ တစ်ခုခု မျှော်လင့်ချက်ဖြင့် လှူခြင်းတို့သည် သာသနာပြု ဒါန မဖြစ်နိုင်ပေ။

ယခုခေတ်ကာလ သာသနာပြု ဘုရားဖူးအဖွဲ့၊ သာသနာပြုစခန်း၊ ဘာသာသနာပြု၊ ညာသာသနာပြု ဖြင့် သာသနာပြု ဆိုသော ဧရာမနာမည်ကြီးကို ဖောဖောသီသီ လှိုင်လှိုင်ကြီး သုံးစွဲလျက်ရှိပါသည်။ သီလ၊ သမာဓိ၊ ပညာ အတွက် ရည်စူးတာ ဟုတ်ပါရဲ့လား။ မိမိလုပ်ငန်းကြောင့် သီလ၊ သမာဓိ၊ ပညာ တရားတွေ အဘယ်မျှ တိုးတက်သွားပါသလဲ။ သေချာစွာ စစ်ကြောရန် လိုမည်ဖြစ်ပါသည်။


(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
ဆက်လက်တင်ပြပါမည်။

Sunday, July 6, 2008

လူချမ်းသာ စိတ်ချမ်းသာ (၂၂)

ချမ်းသာချင်လျှင် စီးပွားရေးကိုသာ ဇောက်ချလုပ်

ကြီးပွားချင်သူသည် စီးပွားရေးကိုသာ ဇောက်ချလုပ်ကိုင်ရသည်။ ဘုရားနှင့်စပ်၍ ကြီးပွားအောင် မလုပ်သင့် သကဲ့သို့ ကျောင်းနှင့်စပ်၍လည်း ကြီးပွားအောင် မလုပ်ထိုက်ပါ။ စီးပွားရေးကိစ္စကို စီးပွားရေးကိစ္စ တစ်ကန့်၊ ကျောင်းကန်၊ ဘုရားကိစ္စကို ကျောင်းကန် ဘုရားကိစ္စ တစ်ကန်၊ သူ့အကန့်နဲ့သူ လုပ်ရသည်။ မရောထွေး သင့်ပေ။ ဘာသာတရားကို မှိုင်းမတိုက်သင့်ပေ။

ကြီးပွားချင်လို့ အဓိဋ္ဌာန် ပုတီးစိတ်ခြင်း၊ သက်သတ်လွတ် အဓိဋ္ဌာန်ဝင်ခြင်း၊ ဘုရားကိုးဆူ အဓိဋ္ဌာန်ဝင်ခြင်း၊ ဓာတ် ယောင်ယောင်၊ နတ်ယောင်ယောင်၊ သိုက်ယောင်ယောင်၊ နန်းယောင်ယောင်၊ ဂြိုဟ်ပြေ နံပြေ၊ ယတြာချေနှင့် ဂါထာ မန္တရား ရွတ်ဖတ် ပွားသည်များကို စွဲလမ်းယုံကြည်စွာ မလုပ်သင့်ပေ။ ပိုက်ဆံလိုချင်လျှင် ပိုက်ဆံလက်ထဲ ရောက်အောင်သာ ရှာရသည်။ အခြားအရာများ မရှာကောင်းပေ။

ကြီးပွားချင်လျှင် စီးပွားရေးကိုသာ ဇောက်ချလုပ်။ ဘာသာရေးကိစ္စများ လိုသည်ထက် မပိုသင့်။ လူသည် လူနှင့် သာတူအောင် လုပ်ရန်လိုသည်။ ဘုန်ကြီးနှင့် တူအောင် လုပ်ဖို့မလို။ လူသည် လူ့အလုပ်ကိုသာ လုပ်ရ သည်။

ဘာသာရေးကိစ္စက အပေါ်ယံကြော အကာပိုင်းနှင့် အတွင်းသား အနှစ်သာရပိုင်း ဟူ၍ နှစ်မျိုးရှိသည်။ ဘာသာရေး နှင့် ဆက်နွှယ်သော ဘုရားပွဲများ၊ အခြားအလှူအတန်း အခမ်းအနားများ၊ ဘုရားဆင်းတု၊ ဘုရား စွယ်တော် စသည်များကို ဟိုပင့်၊ သည်ပင့်ကိစ္စများ၊ ဘုရားတည်ခြင်း၊ ဘုရားပြင်ခြင်း ကိစ္စများ၊ ဂုဏ်ပြု ပူဇော်ပွဲများ၊ ဘာနေ့ ညာနေ့ စသည့်အခမ်းအနား များသည် အပေါ်ယံကြော အကာကိစ္စ များသာ ဖြစ်သည်။ ထိုကိစ္စများသည် အတိုင်းအတာနှင့်သာ ကောင်းသည်။ သိပ်မများသင့်ပေ။

ဘုရားဆင်းတု အမျိုးမျိုးနှင့် စေတီပုထိုးများသည် သာသနာ မဟုတ်သကဲ့သို့ ဘုရားထုခြင်း၊ ဘုရားတည်ခြင်း၊ ဘုရားပြင်ခြင်း စသည့်ကိစ္စ တို့ကို ဆောင်ရွက်ခြင်းသည်လည်း သာသနာပြုသည်ဟု မခေါ်နိုင်ပေ။ စင်စစ် သာသနာ ဟူသည် ဘုရား၏ အဆုံးအမဖြစ်သည်။ ဘုရား၏ အဆုံးအမသည် ပိဋကသုံးပုံရှိသည်။ ဘုရား၏ အဆုံးအမတော် ပိဋက စာပေများကို ပို့ချခြင်း၊ သင်ယူခြင်း၊ ဟောပြခြင်း၊ ပြသခြင်း၊ ကျင့်ကြံအားထုတ် ခြင်းသည်သာ သာသနာပြုသည် မည်သည်။

သာသနာပြုသည်ဟူသည် မိမိသန္တာန်တွင် သာသနာရှိမှ ပြုလို့ရသည်။ မိမိသန္တာန်၌ သာသနာမပါဘဲ သာသနာပြုလို့ မရနိုင်ပေ။ မိမိ၏ ဖယောင်းတိုင်မှာ မီးတောက်ရှိမှ တခြား ဖယောင်းတိုင်ကို မီးကူးလို့ရသည်။ မိမိ ဖယောင်းတိုင်မှာ မီးမရှိပါဘဲ တခြားဖယောင်းတိုင်ကို မီးကူးလို့ မရနိုင်ပေ။ တိုးတက်ကြီးပွားဖို့ ဆိုလျှင် သဘာဝ ကျကျ တွေးတတ် မြင်တတ်ဖို့၊ သိတတ်ဖို့၊ လိုက်နာ ကျင့်သုံးတတ်ဖို့ လိုပါသည်။

(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
ဆက်လက်တင်ပြပါမည်။

Thursday, July 3, 2008

လူချမ်းသာ စိတ်ချမ်းသာ (၂၁)

ဂုဏ်တု ဂုဏ်ပြိုင်အရပ်ကို ရှောင်ပါ

ချမ်းသာချင်သူသည် ဂုဏ်တဂုဏ်ပြိုင် အရပ်မျိုးကို မနေသင့်၊ မသွားသင့်၊ မပါဝင်သင့်ပေ။ အချို့ တောမကျ၊ မြို့မကျ ရပ်ကွက်များတွင် ဂုဏ်တု ဂုဏ်ပြိုင်အလွန်များသည်။ အိမ်နီးနားချင်း အမြဲပြိုင်နေကြသည်။ ဘာဟင်း ကို စားမှ၊ ဆေးခန်းတောင် ဘယ်ဆေးခန်းမှ၊ ဆေးရုံဆို ဘယ်ဆေးရုံမှ၊ မီးဖွားတာတောင် ဘယ်ဆေးခန်းမှာ ဖွားမှ၊ ကလေးကျောင်းထားတာ ဘယ်ကျောင်းကိုထားမှ စသည်အမြဲပြိုင်ဆိုင် နေကြသည်။ ပြိုင်ဆိုင်နေ ရသဖြင့် မကုန် သင့်တာတွေ ကုန်ကျကုန်သည်။ ပစ္စည်းတစ်ခုခု မတန်တာ၊ တန်တာ အပထား ဟိုဘက်အိမ်က သုံးလျှင် သုံးရမှ ဆိုတာမျိုး အတော်ပင်ခက်သည်။

စာသင်ကျောင်းဆိုလျှင် ဂုဏ်တု ဂုဏ်ပြိုင်ကျောင်းမျိုး ထားရသော မိဘများတော့ မလွယ်ကူချေ။ အသုံး အဆောင် ပစ္စည်း၊ ကျောင်းမုန်ဖိုးကအစ ဆရာမကန်တော့ တာအထိ အကုန်လိုက်ပြိုင် နေကြသည်။ ကျူရှင် ဆိုလည်း နာမည်ကြီး ကျူရှင်ထားရမှ တရားဝင်သည်။ အားလုံး ပျက်စီးကြောင်းပင် ဖြစ်သည်။

(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
ဆက်လက်တင်ပြပါမည်။

Wednesday, July 2, 2008

လူချမ်းသာ စိတ်ချမ်းသာ (၂ဝ)

ချမ်းသာချင်လျှင် ဖြတ်လမ်းကမသွားနှင့်

ကြီးပွားချင်သူသည် ဖြတ်လမ်းမရှာသင့်ပေ။ ဖြတ်လမ်းဟူသည် ပျက်စီးကြောင်း တစ်ပါး ဖြစ်သည်။ စီးပွားရေး ဖြတ်လမ်းက လိုက်သဖြင့် ဘ၀ ပျက်နေသူတွေ များစွာ တွေ့ဖူးသည်။ စီးပွားရေး သာမက ဘ၀ပါ ပျက်သွား သဖြင့် လူညွန့်တုံး ရတော့သည်။ အလျင်လို လမ်းအိုလိုက်ဟု ဆိုခဲ့သည်။ မြန်ချင်လျှင် လုပ်ရိုးလုပ်စဉ်ကိုသာ ဇောက်ချ၍ ဇွဲရှိရှိ လုပ်ကိုင်ရသည်။

အကြံကောင်းလျှင် တစ်ချက် ဟုဆိုသည်။ အကြံကောင်းလျှင် တစ်ချက်တည်းနှင့် ကြီးပွားနိုင်သည်ဟု အဓိပ္ပာယ် ဆောင်သည်။ ထိုအဆိုအား အားမကျသင့်ပေ။ အကြံဥာဏ်က တစ်ချက်ကောင်း ရုံနှင့်မဖြစ်၊ အကြံဥာဏ်က အမြဲ ကောင်းနေရန်လိုသည်။ လူသည် ကံနှင့်ဝီရိယစိုက်၍ အမြဲအလုပ်လုပ်နေရမည်။ အလုပ်လုပ် တိုင်းလည်း အကြံကောင်း ဥာဏ်ကောင်းက ရှိနေမည်သာဖြစ်သည်။

(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
ဆက်လက်တင်ပြပါမည်။

Tuesday, July 1, 2008

လူချမ်းသာ စိတ်ချမ်းသာ (၁၉)

ဦးနှောက်ကို အပြည့်အဝ သုံးပါ

ချမ်းသာချင်သူသည် ဗေဒင်ဆရာ၊ ဓာတ်ဆရာ၊ နတ်ဆရာ တို့ကို အလွန်အကျွံ အားမကိုးသင့်ပေ။ ငွေကုန်ခံ လူပင်ပန်းခံပြီး မယုံကြည် အားမကိုးသင့်ပေ။ လူအများစုသည် ဗေဒင်ကို ဝါသနာပါကြ၍ လုံးဝကြီးတော့ မကန့်ကွက် လိုပါ။ သာမန် အပျင်းပြေ တော်ရုံ တန်ရုံသာ ကောင်းသည်။ ဗေဒင်သည် ဘုရားဟော မဟုတ်သကဲ့သို့ ဘုရားဟော ထေရဝါဒ ဗုဒ္ဓဘာသာကလည်း လက်မခံပါ။ ဗေဒင်ဟူသည် သာသနာတော်၏ ဆူး၊ ငြောင့်၊ ခလုတ်သာ ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် သာသနာ ကွယ်ရခြင်းသည် ဗေဒင်ဆရာ၊ ဂါထာ၊ မန္တန် ဆရာတို့၏ လက်ချက်ကြောင့်ဖြစ်သည်။ ဗေဒင်ကြောင့် သာသနာ ကွယ်နိုင်သည်ကို အထူး သတိပြုသင့်သည်။

ဘုရားရှင်က “ နံနက်ခင်းမှာ ကောင်းသော ကာယကံ၊ ဝစီကံ၊ မနောကံ များရှိကြလျှင် ကောင်းသော နံနက်ခင်း ဖြစ်သည်။ ကောင်းသော နက္ခတ်နှင့် ယှဉ်နေသည်။ မင်္ဂလာရှိသော နံနက်ခင်းဖြစ်သည်။ နေ့ခင်းသည်လည်း ထို့ အတူပင်ဖြစ်သည် ” ဟု မိန့်တော်မူခဲ့သည်။

ဘုရားရှင်က “ ကိုယ့်ကိုယ်ကိုယ် အားကိုးပါ၊ ကိုးကွယ်ပါ ” ဟု မိန့်တော်မူခဲ့သည်။ အဓိပ္ပာယ်မှာ မိမိ၏ကံ၊ ဥာဏ်၊ ဝီရိယကိုသာ အားကိုးပါဟု ဆိုလိုရင်း ဖြစ်သည်။ မိမိ၏ ကာယကံ၊ ဝစီကံ၊ မနောကံ တွေကို စင်ကြယ်အောင်၊ သန့်ရှင်းအောင်၊ ကောင်းအောင် လုပ်ပါ။ မိမိဥာဏ်ပညာကို ထက်မြက်အောင်၊ ကောင်းအောင် လုပ်ပါ။ မိမိ၏ ဝီရိယ ကို ကောင်းအောင်လုပ်ပါ။ ကြိုးစားအားထုတ်ပါ။ အပင်ပန်းခံ၊ အဆင်းရဲခံလုပ်ပါ။ လက်ရှိမှာလည်း ကံ၊ ဥာဏ်၊ ဝီရိယတို့ ကောင်းနေလျှင် အတိတ်ကံကလည်း ထောက်ပံ့မယ်ဆိုလျှင် ဘယ်ဘုရားမှ လာတား၍မရပါ။ အတိတ်ကံက အားနည်းနေသော်မှ ပစ္စုပ္ပန်ကြိုးစားသလောက် တော့ ခံစားခွင့်ရှိမည်သာ ဖြစ်သည်။ အမှန်စင်စစ် ထိပ်တန်းက ပုဂ္ဂိုလ်ကြီးတို့သည် အတိတ်ကံထည့်၍ စကား မပြောကြပေ။

အလုပ်အကိုင် အဆင်ပြေ၊ ကြီးပွားချမ်းသာ ချင်သူတို့သည်လည်း ဗေဒင်ဆရာဆီကို သွားကြသည်။ အိမ်ထောင်ပြု ချင်သော အမျိုးသား အမျိုးသမီးတို့သည်လည်း ဗေဒင်ဆရာဆီ သွားကြသည်။ ရာထူးတက်ချင်၊ အာဏာတည်မြဲချင် သူတို့သည်လည်း ဗေဒင်ဆ၇ာဆီကို သွားကြသည်။ သို့ဖြစ်၍ ခပ်ကြမ်းကြမ်းဆရာတော် တစ်ပါးက ဗေဒင်မေးတယ်ဆိုတာ ဥစ္စာရူး၊ လင်တရူး၊ အာဏာရူးတွေပါဟု မိန့်ခဲ့သည်။ ရူးမရူး ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်ရန် ဖြစ်သည်။

သဘောဥာဏ် ပြည့်ဝသူ ထေရဝါဒဗုဒ္ဓဘာသာကို ခြေခြေ မြစ်မြစ် နားလည်သူ (ထေရဝါဒဗုဒ္ဓဘာသာ စစ်စစ်ဖြစ်သူ) ကံနှင့် အကျိုးကို ပြည့်ပြည့်ဝဝ ယုံကြည်လက်ခံသူတို့သည် ဗေဒင်ကို စိတ်ဝင်စားခြင်း မရှိကြပေ။ ရသေ့စိတ်ဖြေသဘော၊ အပျင်းပြေသဘောလောက်သာ သဘောထားကြသည်။ ဆိုခဲ့သော အရူးလေးမျိုး (တို့ထက် အလွန် ငါးမျိုး ခြောက်မျိုး ရှိချင် ရှိဦးမည်) တို့သာ ဗေဒင် ကို စွဲစွဲလမ်းလမ်း ယုံကြည်ကြခြင်း ဖြစ်သည်။

ထိုအမျိုးမျိုးသော အရူးတို့ဖြင့် ရူးကြသောအခါ မိမိ၏ အသိဥာဏ် အစစ်အမှန်မှာ ပျောက်ကွယ်သွားသည်။ ဘာကြောင့်ပျောက်ကွယ်သည်ဆိုလျှင် မောဟက ဖုံးထားခြင်းကြောင့်ဖြစ်သည်။ ပုထုဇဉ်အရူးဆိုသည့်အတိုင်း ပုထုဇဉ်သည် မောဟ ဖိစီးမှုကြောင့်၊ လောဘလှည့်စားမှုကြောင့်၊ ဒေါသချောက်တွန်းမှုကြောင့် ရူးတော့ရူးနေကြ သည်သာများသည်။ အရူးကြီး အရူးလေးသာ ကွာခြားသည်။ ကိုယ့်ကိုယ်ကိုယ် ရူးမှန်းမသိ ရူးနေကြသူက အများစု ဖြစ်သည်။

လောဘကြောင့် ကြီးပွားရသကဲ့သို့ လောဘကြောင့်လည်း ပျက်စီးရသည်။ လောဘမကင်းသူမှန်သမျှ လိုချင်စိတ် ရှိမည်ဖြစ်သည်။ လောကရေးရာ အတွက် ရချင်စိတ်၊ ပိုင်ဆိုင်ချင်စိတ်၊ လိုချင်စိတ်က ရှိကို ရှိရမည်ဖြစ်သည်။ ယင်းစိတ်မျိုး ရှိမှသာ ကြီးပွားနိုင်မည်။ သို့ရာတွင် မတော်လောဘ မရှိရ၊ မတော်လောဘ သည် ပျက်စီးကြောင်း ဖြစ်သည်။

မဟိစ္ဆတာ - အလိုရမက်များမှု၊ အတြိစ္ဆတာ - အလွန့်အလွန်လိုချင်မှု၊ ပါပိစ္ဆတာ- ယုတ်မာသောလိုချင်မှု။ အလိုဆိုးမှု။ အလိုကြီး အရနည်းဟူသည့် အတိုင်း လောဘသိပ်ကြီးလွန်းလျှင် ရတတ်သည်မဟုတ်။ တော်ရုံ တန်ရုံ သင့်ရုံကိုသာ လိုချင်ရာ၏။ တော်၊ တန်၊ သင့် ဟူသည် မိမိ အနေအထားနှင့် ဖြစ်နိုင်၊ ရနိုင်သော အတိုင်း အတာမျိုးကို ဆိုလိုသည်။ မဖြစ်နိုင်၊ မရနိုင်သော အရာကို တမ်းတမ်းစွဲဖြစ်နေလျှင် ပျက်စီးရန်သာ ရှိသည်။

အလိုဆိုးဟူသည် မိမိမပိုင်ဆိုင်သော လိုချင်စရာမျိုးကို မလိုချင်ရ။ ရအောင် မကြိုးစားရ။ မတော်မတရား နည်းဖြင့် ရယူမသုံးစွဲရ။ မိမိမပိုင်သော လိုချင်စရာမျိုး ဟူရာ၌ သက်ရှိလည်းပါသည်။ သက်မဲ့လည်းပါသည်။ မိမိမပိုင်ဆိုင်၊ သူတစ်ပါးပိုင်ဆိုင်နေသော ထိုအရာမျိုးကို လိုချင်ရမ္မက်ဖြစ်မှုကို အလိုဆိုးဟု ခေါ်သည်။ ထိုအလိုဆိုးသည် ပျက်စီး ကြောင်း တစ်ပါးဖြစ်သည်။ ထိုအလိုဆိုးမျိုး မိမိသဏ္ဍာန်မဖြစ်အောင် ရှောင်ရှား ရသည်။

(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
ဆက်လက်တင်ပြပါမည်။

Sunday, June 29, 2008

လူချမ်းသာ စိတ်ချမ်းသာ (၁၇)

လုံခြုံပါစေ၊ သန့်ရှင်းပါစေ

မိမိကိုယ်ပိုင် ပစ္စည်းများတွင် လုံခြုံမှုလိုအပ်သောပစ္စည်းများကို လုံခြုံအောင် သိမ်းဆည်း၍ စောင့်ရှောက်ရ မည်။ ပြုပြင်မှုလိုအပ်သော ပစ္စည်းများကို ပြုပြင်မှုပြု၍ စောင့်ရှောက်ရသည်။ ပစ္စည်းဥစ္စာဟူသည် ရှာဖွေဖို့သာ ခက်ခဲသည်မဟုတ်။ စောင့်ရှောက်ဖို့၊ ထိန်းသိမ်းဖို့၊ ကာကွယ်ဖို့၊ ပြုပြင်ဖို့သည်လည်း ခက်ခဲသည်။ လူချမ်းသာ ဖြစ်လိုသူသည် ရှေ့က အပတ်တကုတ် ကြိုးစားအားထုတ် ရှာဖွေနိုင်သကဲ့သို့ နောက်ပိုင်း လုံခြုံအောင် ထိန်းသိမ်း နိုင်ရန်လည်း အထူးလိုအပ်ပါသည်။ ရှေ့က ရှာနိုင် ဖွေနိုင်ပါသော်လည်း နောက်ပိုင်းလုံခြုံအောင် မထိန်းသိမ်း မစောင့်ရှောက်နိုင်ပါလျှင် ကြီးပွားတိုးတက်မှု ဖြစ်မလာနိုင်ပေ။ စီးပွားဟူသည် စီးမှပွားသည်ဟု အချို့က ဆိုကြသည်။ အရာရာ စီးစီးပိုးပိုးလုပ်မှ ကပ်စေးနှဲမှ ပွားများပေါများလာ သည်ဟူသော အဓိပ္ပာယ် ဖြစ်သည်။

(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
ဆက်လက်တင်ပြပါမည်။

Friday, June 27, 2008

လူချမ်းသာ စိတ်ချမ်းသာ (၁၆)

နောက်ဖေးချောင် လုံဖို့လိုသည်

စားဝတ်နေရးဟူရာတွင် စားရေးကိစ္စသည် အရေးကြီးဆုံးဖြစ်၍ ရှေ့ဆုံးကထားကာ ဆိုခြင်းဖြစ်သည်။ သက်ရှိ သတ္တဝါတိုင်း အစားနှင့် မကင်းကြ။ လူတွင်လည်း အစားက နံပါတ်တစ် ဖြစ်နေသည်။ ဝင်ငွေကောင်းသူများအဖို့ အစားက မသိသာသော်လည်း သာမန်ဝင်ငွေရှိသူတို့အတွက် အစားက (စားစရိတ်)က သိသာလွန်းသည်။ ဥစ္စာဖြို စားဖိုက ဟုဆိုသည်။ ရှာဖွေရရှိထားသော ဥစ္စာကို ဖြိုဖျက်နေသည်မှာ စားဖိုဆောင်က ဖြစ်သည်။
အဝတ်က တစ်ထည်ချုပ်ထားလျှင် လချီ၊ နှစ်ချီပြီး ဝတ်ရ၏။ အဆောက်အအုံက တစ်ခါဆောက်လျှင် တစ်သက် လုံး နေထိုင်လို့ရသည်။ အစားက ထိုသို့မဟုတ်ချေ။ နေ့တိုင်းချက် နေ့တိုင်းစားနေရသည်။ ဝင်ငွေကသာ နေ့စဉ် မရှိနေမည်။ ထွက်ငွေက အစားအတွက် နေ့စဉ် ထွက်နေရသည်။ စားရေးကိစ္စသည် ဝင်ငွေထဲမှနေ တတိတိနှင့် ထွက်အောင် ပြုနေလေသည်။

သို့ဖြစ်၍ အစားနှင့်ပတ်သက်၍ စည်းကမ်းရှိရမည်။ ကုန်သင့်သာလျှင် ကုန်ဖို့အတွက်၊ မကုန်သင့်တာတွေ မကုန်ဖို့ အတွက် ထိန်းထိန်း သိမ်းသိမ်းရှိရမည်။ မိသားစုတစ်စု အဖွဲ့အစည်းတစ်ခုမှာ စားဖိုဆောင်လုံအောင် ထိန်းနိုင်ဖို့ အရေးကြီးသည်။ ကျွေးစရာရှိလျှင် ကျွေးရမည်ဖြစ်သည်။ သို့သော် သူနှင့်တန်ရာ တန်ရာသာ ဖြစ်ရ မည်။ မတန် မရာကို မလုပ်ရ။ ကြောင်ကို ကြောင်စာသာကျွေးရမည်။ လူစာကျွေး၍မဖြစ်ပေ။ လူမှာတွင်လည်း သူအဆင့်နှင့်သူ ရှိသည်။ သူ့အဆင့်နှင့် လျော်ညီရာကိုသာ ကျွေးရသည်။ လူတန်းစားခွဲသည်မဟုတ်၊ သူ့ အလိုလို လူတန်းစား ကွဲပြီးသားဖြစ်သည်။

(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
ဆက်လက်တင်ပြပါမည်။

Thursday, June 26, 2008

လူချမ်းသာ စိတ်ချမ်းသာ (၁၅)

ပရာဘဝသုတ်လာ ပျက်စီးကြောင်း (၂၄)ပါး

ဘုရားရှင်သည် ပရာဘဝသုတ်တော်၌လည်း ပျက်စီးကြောင်း တရားတို့ကို ဟောထားတော်မူသည်။ အချက် အလက် ၂၄ မျိုးရှိသည်။ ဂါထာအားဖြင့် ၁၂ ပုဒ်ရှိသည်။ ပျက်စီး ဟူရာတွင် စီးပွားပျက်ရုံမက ဘဝပါပျက်စီး စေနိုင်သော အကြောင်းတရား များဖြစ်သည်။ အသိဥာဏ်မရှိသူသည် ပျက်စီးတတ်သည်။ လူမှာ အရေးအကြီး ဆုံးသည် အသိဥာဏ်၊ သို့မဟုတ် အသိစိတ်ဓာတ် ၊ အသိတရား ပင်ဖြစ်သည်။ စီးပွားရေးလည်း သိတတ်ရမည်။ လူမှုရေးလည်း သိတတ်ရမည်။ အသိတရားဟူသည် လွန်စွာကျယ်ပြန့်သည်။ မိဘအပေါ် သိတတ်ရသည်။ ဆရာသမားအပေါ် သိတတ်ရသည်။ ညီအစ်ကို မောင်နှမ ဆွေမျိုးသားချင်းအပေါ် သိတတ် ရသည်။ သူ့ဖို့၊ ကိုယ့်ဖို့ မျှ၍ သိတတ်ရသည်။ ရှေ့ရေး နောက်ရေး ထောက်ဆ သိတတ်ရသည်။ လူမှာ အသိတရား ရှိမှသာ ကြီးပွား တိုးတက်နိုင်မည်။ အသိတရား မရှိလျှင် ပျက်စီးဖို့သာ ရှိသည်။

သူယုတ်မာကို ချစ်ခင်ရင်းနှီး သံယောဇဉ်ကြီးလျှင် ပျက်စီးတတ်သည်။

သူတော်ကောင်းကို မချစ်ခင် မုန်းတီးလျှင် ပျက်စီးတတ်သည်။

မသူတော်တရားကို နှစ်သက်လျက် မသူတော်၏ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်ကို သဘောကျ အတုယူ ကျင့်သုံးလျှင် ပျက်စီးတတ်သည်။

အအိပ် စုံမက်ခြင်း၊ အလွန်အကျွံအိပ်ခြင်း၊ အအိပ်ကြီးခြင်း၊ ပွဲလမ်းသဘင် လိုက်စားခြင်း၊ အပျော်အပါး မက်ခြင်း၊
ထကြွလုံ့လမရှိခြင်း၊ ပျင်းရိ ထိုင်းမှိုင်းခြင်း၊ အပျင်းထူခြင်း၊ အပျင်းကြီးခြင်း၊ အမျက်ဒေါသကြီးခြင်း၊ အာဃာတ ကြီးခြင်းတို့သည် ပျက်စီးရန် အကြောင်းတရားများဖြစ်သည်။

ဖအို မိအိုတို့ကို မပြုစု မစောင့်ရှောက်လျှင် ပျက်စီးတတ်သည်။

အလှူခံပုဂ္ဂိုလ်များ၊ သူတောင်းစားများကို ပစ္စည်းလေးပါးဖြင့် ဖိတ်ကြားဝန်ခံထားပြီး လက်တွေ့မလှူဘဲ မဟုတ်မမှန် ပြောကြား၍ လိမ်လည်လှည့်ပတ်လျှင် ပျက်စီးတတ်သည်။

စည်းစိမ်ဥစ္စာ ချမ်းသာကြွယ်ဝ ပြည့်စုံပေါများသူ ဖြစ်ပါလျက် အလှူကိစ္စသတိမရ၊ မလှူဒါန်း မဝေငှဘဲ မိမိတို့သာ စားသောက်ပျော်ပါး ခံစားနေလျှင် ပျက်စီးတတ်သည်။

စီးပွားလာလျှင် အလှူအတန်း မပြတ်ပြုထားရသည်။ မပြုလျှင် စီးပွားပျက်တတ်သည်။

အမျိုးမာန်ခက်ထန်ခြင်း၊ အနွယ်မာန်ခက်ထန်ခြင်း၊ ဥစ္စာမာန်ခက်ထန်ခြင်း၊ ပညာမာန်၊ ရာထူးမာန် စသည်ခက်ထန်ခြင်း၊ မိမိဆွေမျိုးကို မထီမဲ့ပြုခြင်း ဤသဘောတရားတို့သည် ပျက်စီးကြောင်းများဖြစ်သည်။

မ, လိုက်စားခြင်း၊ အရားသမားဘွဲ့ထူးခံခြင်း၊ လောင်းကစားဝါသနာကြီးခြင်းတို့သည် ပျက်စီးကြောင်း တရားများ ဖြစ်သည်။

ကာမဂုဏ် အပျော်အပါးလိုက်စားခြင်း၊ မိမိအိမ်သူအပေါ် သစ္စာမစောင့်ခြင်းတို့သည် ပျက်စီးရာ ပျက်စီးကြောင်း တရားများဖြစ်သည်။

အသက်အရွယ်လွန်သူဖြစ်လျက် ငယ်ရွယ်သူ အမျိုးသမီးနှင့် အိမ်ထောင်ပြုလျှင် ပျက်စီးတတ်သည်။

ဥစ္စာ စည်းစိမ် ဂုဏ်သိမ်မရှိပါဘဲ အလိုရမ္မက်ကြီးခြင်း၊ ဥစ္စာစည်းစိမ် ဂုဏ်သိမ်မရှိပါဘဲ မင်းအဖြစ် တောင်းတခြင်း တို့သည် ပျက်စီးကြောင်းများဖြစ်သည်။

လူချမ်းသာဖြစ်လိုလျှင် အမျိုးသား၊ အမျိုးသမီးသည် ဘုရားဟောသော အထက်ပါ ပျက်စီးကြောင်းတရားများကို ရှောင်ရှားနိုင်၍ လူ့စည်းစိမ်၊ လူ့ချမ်းသာကို ကြိုးစား၍ တည်ဆောက်နိုင်ရာသည်။

(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
ဆက်လက်တင်ပြပါမည်။

Wednesday, June 25, 2008

လူချမ်းသာ စိတ်ချမ်းသာ (၁၄)

စီးပွားပျက်ကြောင်း(၆)ပါး

စီးပွားပျက်ကြောင်းများကို သိထားရမည်။ သိရှိပြီး ရှောင်ကြဉ်နိုင်ရမည်။ စီးပွားပျက်ကြောင်း တရားများကို သိင်္ဂါလောဝါဒသုတ် တွင် ၆ မျိုး ဟောထားသည်။ သေရည် သေရက်သောက်စားခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ပျော်ပွဲ ရွှင်ပွဲ ဝါသနာကြီးလွန်းခြင်း၊ လောင်းကစားမှုပြုခြင်း၊ ညဥ့်နက်သန်းခေါင် အချိန်မဲ့ အခါမဲ့ သွားလာခြင်း၊ မကောင်းသော မိတ်ဆွေဆိုးများနှင့် ပေါင်းသင်းခြင်း၊ ထကြွလုံ့လ မရှိခြင်း၊ ပျင်းရိခြင်း တို့ဖြစ်သည်။

အထက်ပါ အချက် ၆ မျိုးတွင် သာမန်နှင့် လွန်လွန်ကဲကဲဟူ၍ နှစ်မျိုးရှိသည်။ သာမန်သည် အများစုရှိသည့်အခါ ရှိကြမည်ဖြစ်သည်။ လွန်လွန်ကဲကဲ မဖြစ်ရန် အရေးကြီးသည်။ လွန်ကဲလျှင်တော့ စီးပွားပျက်ပြီး မွဲရန်၊ ဆင်းရဲရန် သေချာသည်။ လုံးဝကင်းအောင် ရှောင်နိုင်လျှင် အကောင်းဆုံးဖြစ်မည်။ ရှောင်နိုင်လျှင် ရှောင်နိုင်သလောက်၊ ကင်းလျှင် ကင်းသလောက် ကြီးပွားချမ်းသာမည်ဖြစ်သည်။

(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
ဆက်လက်တင်ပြပါမည်။

Tuesday, June 24, 2008

လူချမ်းသာ စိတ်ချမ်းသာ (၁၃)

စောင့်ရှောက်ထိန်းသိမ်းရန်လိုသည်

ဘုရားရှင်က မိမိရှာဖွေပြီး၊ ရရှိပြီး၊ ပိုင်ဆိုင်ပြီး ဥစ္စာများကို စောင့်စောင့်ရှောက်ရောက်၊ ထိန်းထိန်း သိမ်သိမ်း ရှိရမည်ဟု မိန့်တော်မူသည်။ စီးသည့်ရေ၊ ဆည်သည့်ကန်သင်း ဟူသည့်အတိုင်း အထက်က စီးသည့်ရေကို အောက်က ကန်သင်းဆည်ပေးနိုင်ပါမှ စီးသည့်ရေများ ကန်သင်းဘောင်အတွင်းတွင် တစ်လုံးတစ်ခဲတည်း တည်ရှိမည်ဖြစ်သည်။ အင်နှင့်အားနှင့် အလုံးအရင်းနှင့် ရရှိနိုင်မည် ဖြစ်သည်။ ထိုကန်သင်းဘောင်အတွင်း တည်ရှိသော ရေများကို ပြွန်များ၊ မြောင်းများသွယ်၍ လိုအပ်ရာ စိုက်ခင်းများသို့ သွယ်ယူစိုက်ပျိုးနိုင်သည်။ ထို့အတူ မိမိရှာဖွေ စုဆောင်း သိမ်းဆည်း ထုပ်ပိုးပြီး ငွေကြေး ဥစ္စာများမှ စီးပွားရေး ကိစ္စ၊ လူမှုရေးကိစ္စ၊ ဘာသာရေးကိစ္စ၊ ရပ်ရွာကိစ္စများအတွက် ထုတ်ယူသုံးစွဲရသည်။

(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
ဆက်လက်တင်ပြပါမည်။

Monday, June 23, 2008

လူချမ်းသာ စိတ်ချမ်းသာ (၁၂)

ငွေဆိုတာ မျက်နှာပွင့်ဆေး

ချမ်းသာလိုသူသည် ငွေဆိုတာ မျက်နှာပွင့်ဆေး တစ်လက်ပါလား ဟု သဘောပေါက်သင့်သည်။ ငွေသည် စွမ်းအား ကြီးမား၏၊ တန်ခိုးရှိ၏၊ လူဖျင်း၊ လူအ၊ လူနုံ၊ လူဗာလ၊ လူရာမ၀င်သူတို့သည် ငွေကြောင့် လူရာမ၀င် နိုင်၏။ ရုပ်ဆိုးသူတို့သည် ငွေကြောင့် ရုပ်ချောသူတို့အကြားမှာ နေရာရ၏။ လူကို အမွမ်းတင်နိုင်သူမှာ ငွေပင်ဖြစ်သည်။


ငွေရှိမှ လူရာဝင်သည်။ ငွေများ တရားနိုင်ဟုဆိုသည်။ ငွေသည် ပညာရှိတို့၏ နှလုံးသော်မှ ကိုင်လှုပ်နိုင်၏။ ပြတ်ပြတ်သားသား ရှိသူသည် ငွေကြောင့် မပြတ်မသား ဖြစ်တတ်သည်။ ကြမ်းတမ်းသူသည် ငွေကြောင့် ပျော့ပျောင်းသွားရသည်။ ပျော့ပျောင်းသူသည်လည်း ငွေကြောင့် ကြမ်းတမ်းသွားနိုင်သည်။ ငွေသည် လောကကြီး ကို တလွဲတချော်ဖြစ်အောင် လုပ်နိုင်စွမ်းသည်။ ငွေသည် အရာရာကို လုပ်ဆောင်နိုင်သည်ဟု အင်္ဂလိပ် စကားပုံက ဆိုသည်။


ငွေမရှိသော ဆင်းရဲသားကလေး လူကြားသူကြားလေလည်တာ မသေခင်က ပုပ်နေတဲ့ကလေး ဟု ကဲ့ရဲ့ကြသည်။ ပိုက်ဆံရှိသူ သားသမီး လူကြားသူကြား လေလည်တော့ ဒီကလေးက ကျန်းမာရေးးအလွန်ကောင်း တာပဲ ဟု ချီးကျူးကြသည်။ ငွေ၏ လှည့်စားမှုသည် ဆန်းကြယ်လှပါဘိ။


သီလသမာဓိရှိသော ဘုန်းတော်ကြီးတစ်ပါးသည် သူကျောင်းထဲ ကလေးများဆူလျှင် ဆော့လျှင် အတော်မနှစ်မြို့။ အဆူမခံ၊ အဆော့မခံ။ မျက်နှာရှိသော မိဘတို့၏ သားသမီးများဆူလျှင် ဆော့လျှင် ခပ်ပြုံးပြုံးနှင့် ကြည့်နေတော့သည်။ ဘုန်းတော်ကြီး ကိုယ်တိုင်ပင် ဆော့စရာ၊ ကစားစရာ ရှာပေးသည့်အပြင် စားစရာတောင် ခေါ်ကျွေးလိုက်သေး၏။ အတော်စွမ်းနိုင်သော ငွေဖြစ်သည်။


ရန်ကုန်က နာမည်ကြီး ဆရာတော်တစ်ပါးကို တွေ့ဖူးသည်။ ရဟန်းငယ်တစ်ပါးနှင့် သူ့ရဟန်းဒကာ ပိုက်ဆံရှိ ဒကာကြီး၏ ညီဖြစ်သူတို့ အဆိုပါ ဆရာတော်ကြီးထံ ရောက်သွား၏။ အလှူကိစ္စတစ်ခု ပင့်လျှောက်ရန် ဖြစ်သည်။ ဆရာတော်ကြီးနှင့် တွေ့တွေ့ချင်း လှေကားအနီးတွင် ဆရာတော်ကြီးက ဒကာကြီးကိုပဲ အရေးတယူ နှုတ်ဆက် ပြောဆိုနေ၏။ ရဟန်းငယ်ဘက်ကို ဘာတစ်ခွန်းမျှ လှည့်၍မမေး။ သူစိတ်ကျေနပ်သည်အထိ စကား ပြောသွား၏။ ရဟန်းငယ်ဘက် မလှည့်တော့။ နှုတ်လည်းမဆက်၊ ဘာတစ်ခုမှလည်း မမေးမြန်း။ ထိုအခါ အကြောင်းကိစ္စကို လျှောက်ထားရ၏။


တစ်ခါကလည်း ထိုရဟန်းငယ်သည်ပင် အခြားဒကာမကြီးတစ်ဦးနှင့် အဆိုပါ ဆရာတော်ကြီးထံ ရောက်သွားသည်။ ဆရာတော်ကြီးက ဒကာမကြီးကိုပဲ ဂရုတစိုက် ပြောဆိုဆက်ဆံ၏။ ရဟန်းငယ်ကိုတော့ သာမန်မျှပင်ဖြစ်သည်။ စိတ်ဝင်စားမှုမပြု။ ထိုဆရာတော်ကြီးသည် သာမညောင်ညမဟုတ်။ သူ့နီးစပ်ရာတို့က ရဟန္တာဟု သမုတ်နေသော အဓိကရ ဆရာတော်ကြီး တစ်ပါးဖြစ်သည်။ ဆရာတော်ကြီးသည် သီလနှင့်လည်း ပြည့်စုံပါသည်။ သမာဓိလည်း ရှိသင့်သလောက် ရှိမည် ထင်ပါသည်။ ကြည်ညိုဖွယ်လည်း ဆောင်ပါ၏။ ယခု အကြောင်းအရာသည် ဆရာတော်ကြီးကို ကဲ့ရဲ့လိုသည်မဟုတ်၊ ရှုံ့ချလိုသည် မဟုတ်။ မည်သည့်နေရာသွားသွား၊ မည်သည့်ပုဂ္ဂိုလ်ထံ ချဉ်းကပ်ချဉ်းကပ် ငွေသည် မျက်နှာပွင့်ဆေး ဖြစ်သည်ကို သဘောပေါက်ရန် သာဓကများ ထုတ်ပြနေရခြင်းဖြစ်သည်။

(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
ဆက်လက်တင်ပြပါမည်။

Sunday, June 22, 2008

လူချမ်းသာ စိတ်ချမ်းသာ (၁၁)

အဓိပတိတပ် အလုပ်လုပ်ပါ

အများစုသည် အထက်ပါ လေးချက်နှင့် မပြည့်စုံကြပါ။ သို့ဖြစ်၍ အများစုသည် ဆင်းရဲနေကြရသည်။ အချို့က ကြီးပွားချမ်းသာချင်စိတ်ကို မရှိကြ။ သာမန်ယောင်ဝါးဝါးနှင့် အချိန်တွေကို ဖြုန်းတီးပစ်နေကြသည်။ အချို့က ကြီးပွားချမ်းသာ ချင်သောစိတ်လည်းရှိ၏။ ကြိုးလည်း ကြိုးစားပါ၏။ သို့သော် ဦးနှောက်ကမပါတော့၊ ဦးနှောက် အရည်အသွေးက မပြည့်စုံတော့ ပင်ပန်းသလောက် အကျိုးခံစားခွင့် မရဘဲ ရှိကြသည်။

အချို့က စီးပွားရေး ဦးနှောက်တော့ရှိပါသည်။ လမ်းရိုးကမသွားချင်။ ဖြတ်လမ်းကသာ လိုက်ချင်ကြသည်။ အလျင်လို လမ်းအိုလိုက် ဟူသည့် ဆိုရိုးစကားအတိုင်း မြန်ချင်လျှင် သွားရိုးသွားစဉ် လမ်းဟောင်းကသာ လိုက်ရာ၏။ လမ်းသစ်မထွင်ရမဟုတ်၊ ထွင်ရပါသည်။ သို့သော် သိပ်ဖြတ်လမ်းကျသော နည်းကိုတော့ မထွင် ကောင်းပါပေ။

(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
ဆက်လက်တင်ပြပါမည်။

Saturday, June 21, 2008

လူချမ်းသာ စိတ်ချမ်းသာ (၁ဝ)

လူချမ်းသာ စိတ်ချမ်းသာစေဖို့

လူချမ်းသာဖို့အတွက် ငွေရှိရသည်။ ငွေများများ ရှိသူကိုသာ လောက က လူချမ်းသာဟု သတ်မှတ်ကြသည်။ မှန်သည်။ ငွေရှိလျှင် စားချင်တာ စားလို့ရသည်။ ၀တ်ချင်တာ ၀တ်လို့ရသည်။ သုံးချင်တာ သုံးလို့ရသည်။ အိမ် ကောင်းကောင်း တိုက်ကောင်းကောင်း နှင့် နေလို့ရသည်။ ကားကောင်းကောင်း စီးလို့ရသည်။ လူ့အသုံးအဆောင် ကောင်းကောင်း ပစ္စည်းမှန်မှန်သမျှ ၀ယ်ယူ သုံးဆောင် ခံစားနိုင်သည်။ အဖိုးထိုက် အဖိုးတန်ပစ္စည်းများကို ပိုင်ဆိုင် နိုင်သည်။ ငွေရှိလျှင် လူကို ချမ်းသာစေသည်မှာ အမှန်ပင်ဖြစ်သည်။ သို့ဖြစ်၍ လူအများစု ငွေရှိအောင် ကြိုးစားနေကြသည်။

စိတ်ချမ်းသာဖို့အတွက် စိတ်ရှိဖို့လိုသည်။ ဘာစိတ်လဲ ဟုမေးလျှင် ကုသိုလ်စိတ်ပင်ဖြစ်သည်။ တစ်နည်းအားဖြင့် တရားနှင့်ယှဉ်သောစိတ် ရှိရသည်။ အဖြောင့်ဆိုလျှင် တရားရှိရသည်။ တရားနည်းနည်းရှိလျှင် နည်းနည်းစိတ်ချမ်း သာ၍ များများရှိလျှင် များများစိတ်ချမ်းသာ၏။ မိမိတရားရှိသည့် ပမာဏနှင့်အမျှ စိတ်ချမ်းသာမှုကိုရသည်။

လူချမ်းသာ ဖြစ်ချင်သူသည် ငွေရှိရသည်။ ငွေရှိအောင် ကြိုးစားရသည်။ ငွေရှိလျှင် လူချမ်းသာ၍ တရားရှိလျှင် စိတ်ချမ်းသာမည်ဖြစ်သည်။ လူချမ်းသာ ဖြစ်ချင်သူသည် ငွေကို တိုးအောင်၊ ပွားအောင်၊ များအောင် လုပ်ရသကဲ့သို့ စိတ်ချမ်းသာချင်သူသည် ကုသိုလ်တရား တိုးအောင်၊ ပွားအောင်၊ များအောင် လုပ်ရသည်။

လူချမ်းသာဖြစ်ဖို့အတွက် ကြီးပွားချမ်းသာချင်စိတ် ပြင်းပြရသည်။ ကြီးပွားချမ်းသာလိုသော ဆန္ဒထက်သန် ရမည်။ ကြီးပွားချမ်းသာဖို့အတွက် ကြိုးစားရမည်။ လုံ့လ၀ီရိယ ထက်သန်ရမည်။ ဇွဲကောင်းရမည်။ အပင်ပန်းခံနိုင်ရမည်။ ကြီးပွားချမ်းသာစေနိုင်သော အသိဥာဏ်နှင့် ပြည့်စုံရမည်။ ခေတ်စကားနှင့် ပြောရလျှင် စီးပွားရေးဦးနှောက် ရှိရမည်။ အထက်ပါ အချက်အလက် လေးမျိုး ပြည့်စုံပါက မကြီးပွားလို့ကို မဖြစ်၊ ကြီးပွားကို ကြီးပွားရမည် ဖြစ်သည်။
(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
ဆက်လက်တင်ပြပါမည်။

Friday, June 20, 2008

လူချမ်းသာ စိတ်ချမ်းသာ (၉)

လူချမ်းသာ စိတ်ချမ်းသာ

လူဖြစ်လာလျှင် လူလည်း ချမ်းသာဖို့လိုသည်။ စိတ်လည်း ချမ်းသာဖို့လိုသည်။ လူချမ်းသာ၊ စိတ်ချမ်းသာ ဖြစ်မှ လူဖြစ်ရကျိုးနပ်မည်။ သို့ဖြစ်၍ လူချမ်းသာ၊ စိတ်ချမ်းသာအောင် ကြိုစားအားထုတ်ဖို့ လိုအပ်သည်။ တချို့က လူတော့ချမ်းသာပါ၏။ စိတ်မချမ်းသာကြ။ တချို့က စိတ်တော့ချမ်းသာပါ၏၊ လူမချမ်းသာကြ တချို့က လူရော စိတ်ပါချမ်းသာကြသည်။ တချို့က လူရောစိတ်ပါ မချမ်းသာကြချေ။



တချို့က ငေကြေးဥစ္စာပေါများပါသည်။ သို့သော် အသိတရားမရှိကြ။ ဘာသာရေး အဆုံးအမ ကင်းလွတ် နေကြသည်။ ဘုရားမရှိ၊ တရားမရှိ၊ စည်းလွတ် ကမ်းလွတ်နေကြ၏။ တချို့က ဘာသာရေး လုပ်သည်ဆိုသော်လည်း လူမြင်ကောင်းရုံသာလုပ်သည်။ တကယ်ရိုးရိုးသားသား စစ်စစ်မှန်မှန် မဟုတ်ကြ။ မိမိတို့ လိုလားချက် တစ်ခုခု အတွက်ကြောင့်သာ ဘာသာရေးကို ခုတုံးအနေဖြင့် လုပ်ကြသည်။ ထိုသူမျိုးသည် ငွေကြေး ဥစ္စာရှိ၍ လူတော့ချမ်းသာနိုင်ပါ၏။ စိတ်ချမ်းသာမှုကိုတော့ ရရှိမည် မဟုတ်ပေ။



တချို့က မရှိအေးအေး ရှိအေးအေး သမားများဖြစ်ကြသည်။ လိုချင်တပ်မက်မှုလည်းမရှိ။ လောဘ၊ ဒေါသလည်း သိပ်မရှိ။ ကြီးပွားချင်စိတ်၊ ချမ်းသာချင်စိတ်လည်းမရှိ။ ကြီးပွားအောင် ချမ်းသာအောင် လည်းမလုပ်။ ကိုယ်ပင်ပန်း စိတ်ပင်ပန်းလည်းမခံ။ အစားကိုလည်း ရောင့်ရဲနိုင်၏။ အဝတ်ကိုလည်း ရောင့်ရဲနိုင်၏။ နေစရာအိမ်ကိုလည်း ဖြစ်သလိုနေသည်။ ဘယ်အရာကိုမျှ ပူပန်လှသည်မရှိ။ ဘုရားရှိခိုး၊ ပုတီးလေးစိပ် ပုံမှန်လုပ်သည်။ ဘယ်သူတွေ ဘယ်မျှ ကြီးပွားနေကြ၍ သိန်းသုံးလေးရာတန် ကားစီးနေကြပေမယ့် သူ့အတွက် ဘတ်စ်ကားသည်သာ စီးတော်ယာဉ် ဖြစ်သည်။ ထိုလူမျိုးသည် ရုပ်ဝတ္ထုမချမ်းသာ၊ လူမချမ်းသာ ပေမယ့် စိတ်ချမ်းသာသော ပုဂ္ဂိုလ်မျိုး ဖြစ်သည်။



တချို့က ကြီးပွားချင်စိတ်၊ ချမ်းသာချင်စိတ်ရှိကြ၏။ ကြီးပွားခြင်း၊ ချမ်းသာခြင်း၏ အရေးပါပုံ၊ အရာရောက်ပုံ၊ တန်ဖိုးရှိပုံတို့ကိုလည်း သဘောပေါက်ကြသည်။ ကြီးပွားချမ်းသာခြင်း၏ အကြောင်းနည်းလမ်းကိုလည်း လေ့လာ လိုက်စားကြသည်။ ဆည်းပူးသင်ယူကြသည်။ လက်တွေ့လည်း ကြိုးစား အကောင်အထည်ဖော်ကြသည်။ ကြီးပွား ချမ်းသာအောင်လုပ်ကြသည်။ ကြီးပွားချမ်းသာအောင် လုပ်သော်လည်း မတော်လောဘမရှိကြ။ ရှိသင့်သော လောဘသာရှိကြသည်။ စီးပွားရှာရာ၌ လောဘမရှိ၍မဖြစ်။ လောဘနှင့်ရှာမှသာ ကြီးပွားနိုင်သည်။ လောဘသည်လည်း ကြီးပွားခြင်း၏ အကြောင်းတစ်ချက်ဖြစ်သည်။ သူတစ်ပါးကို မထိခိုက် မနစ်နာစေဖို့သာ အဓိကဖြစ်ပါသည်။



ကံ၊ ဥာဏ်၊ ၀ီရိယတို့ ကောင်းမွန်ပြည့်စုံ၍ ကြီးပွားချမ်းသာသွားသော ထိုပုဂ္ဂိုလ်သည် ဘာသာရေးကိုလည်း လိုက်စားသည်။ ဘုရားတရားကိုလည်း ကိုင်းရှိုင်းသည်။ အတု အယောင် လူမြင်ကောင်းအောင် မဟုတ်။ စစ်စစ် မှန်မှန် လုပ်ဆောင်မှုမျိုးဖြစ်သည်။ ဆွေမျိုးကိုလည်း ထောက်ပံ့သည်။ ဘာသာ သာသနာကိုလည်း ကောင်းကျိုးပြု သည်။ လူမျိုးရေးကို မြှင့်တင်သည်။ မရှိဆင်းရဲသားကို စွန့်ကြဲ၏။ မိမိဆွေမျိုးထဲမှ ချို့တဲ့သူများကို ထောက်ပံ့သည်။ ပညာရေးထူးချွန်သူများကို ချီးမြှင့်မြှောက်စားသည်။ ပရိယတ္တိတာဝန်၊ ပဋိပတ္တိတာဝန်များကို အမှန်တကယ် ထမ်းဆောင်နေသော ရဟန်းတော်တို့အတွက် ဆွမ်းလိုလျှင်ဆွမ်း၊ သင်္ကန်းလိုလျှင် သင်္ကန်း၊ ကျောင်းလိုလျှင်ကျောင်း၊ ဆေးလိုလျှင် ဆေး၊ ပစ္စည်းလေးပါးတို့ကို လိုအပ်ရာရာ လှူဒါန်းပူဇော်သည်။ အမှန် တကယ်လိုအပ်သည့် လက်တွေ့အမှန်တကယ် ကောင်းကျိုးရှိမည့် အရာများကို လိုအပ်သလို လှူဒါန်း၏။ ဆေးရုံ၊ ဆေးခန်း၊ ဆေးပစ္စည်း၊ စာသင်ကျောင်း၊ ပညာရေးအထောက်အကူ ပြုပစ္စည်းများကို လိုအပ်သည့်နေရာ၌ လိုအပ်သလို လှူဒါန်း၏။ အလှူဒါနဟူသည် လှူသူရော အလှူခံသူပါ စိတ်ချမ်းသာ စေသည်မှာ အမှန်ပင်ဖြစ်ပါသည်။



ဘာသာတရား၏ အခြေခံအုတ်မြစ်သည် မေတ္တာနှင့် ကရုဏာဖြစ်၍ ဘာသာတရား၏ ကိုယ်ထည် အဆောက်အအုံကား စောင့်စည်းမှု၊ ထိန်းသိမ်းမှု၊ မှန်ကန်မှု၊ တည့်မှတ်မှု ဝိရတီသစ္စာဖြစ်သည်။ ဘာသာတရား၏ အထွတ်အထိပ်ကား အရှိကို အရှိအတိုင်း အဟုတ်ကို အဟုတ်အတိုင်း အမှတ်ကို အမှန်အတိုင်း သဘောပေါက်မှု၊ နားလည်မှု၊ သိမြင်မှု ပညာဖြစ်သည်။



ရုပ်ပိုင်းဆိုင်ရာ ကြီးပွားချမ်းသာ၍ အမျိုးဘာသာ သာသနာကို စစ်စစ်မှန်မှန် ကောင်းကျိုးပြုကာ ဘာသာတရား၏ အခြေခံအုတ်မြစ်၊ အထည်ကိုယ်၊ အဆောက်အအုံပိုင်း၊ အထွတ်အထိပ်ပိုင်း တို့ကို သိမြင်သဘောပေါက် နေသော ပုဂ္ဂိုလ်မျိုးသည် လူလည်းချမ်းသာ စိတ်လည်းချမ်းသာ သော ပုဂ္ဂိုလ်မျိုးဖြစ်သည်။



တချို့က ကံအကျိုးပေးနုံချာလှသည်။ ဆင်းရဲတွင်းကနက်၏။ အတတ်ပညာကလည်းမရှိ။ အသိပညာကလည်း မရှိ၊ ကံကမွဲ၊ ဥာဏ်ကတုံး၊ စိုက်ထုတ်သမျှ ဝီရိယသည် ကံနှင့်ဥာဏ်မပါသဖြင့် ပင်ပန်းသလောက် ခံစားခွင့်က မရှိ။ အူမကမတောင့်သဖြင့် သီလက မစောင့်နိုင်။ အလှူဟူသည် လှူစရာရှိမှ လှူ၍ရသည်။ လှူစရာက မရှိသဖြင့် ဒါနဟူသည် ဖြူသလား၊ မဲသလားမသိ။ စားဝတ်နေရေး ရုန်းကန်နေရသဖြင့် ဘုရားကိုလည်း အမှတ်မရနိုင်၊ တရားကိုလည်း အမှတ်မရနိုင်။ သံဃာဟူ၍ အိမ်ရှေ့က ဖြတ်ကြွသော ဆွမ်းခံကိုယ်တော်ကိုပင် ဆွမ်းမလောင်း နိုင်သောကြောင့် မျက်နှာပူသဖြင့် ရှောင်တိမ်းနေရ၏။ အစားကဆင်းရဲ၊ အ၀တ်ကဆင်းရဲ၊ နေရေးထိုင်ရေးက ဆင်းရဲ၊ အရာရာဆင်းရဲ သဖြင့် လူလည်းဆင်းရဲ၏။ စိုးရိမ်မှု၊ တောင့်တမှု၊ ကြောင့်ကြမှု တို့နှင့်သာ နပန်းလုံးနေရ သဖြင့်လည်း စိတ်လည်း ဆင်းရဲ၏။ လူရော စိတ်ပါ ဆင်းရဲသော လူစားမျိုးဖြစ်သည်။



(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)

ဆက်လက်တင်ပြပါမည်။

လူချမ်းသာ စိတ်ချမ်းသာ (၈)

နိဗ္ဗာန်ချမ်းသာ

နိဗ္ဗာန်သည် အဝေဒယိတသုခ ဖြစ်သည်။ ခံစားဖွယ်မလို၊ ခံစားမှုမဲ့သော ချမ်းသာမျိုးဖြစ်သည်။ သန္တိသုခ ငြိမ်းအေး သော ချမ်းသာဟုလည်းခေါ်သည်။ အပူခပ်သိမ်း ချုပ်ပြတ်ငြိမ်း သွားသဖြင့် ဥပမာဆောင်၍ နှိုင်းယှဉ်ဖွယ် မရှိအောင် အေးချမ်းလှသော ချမ်းသာမျိုးဖြစ်သည်။ နိဗ္ဗာန်၏ ချမ်းသာပုံကို နိဗ္ဗာန်သိမြင်ပြီးသော အရိယာပုဂ္ဂိုလ်တို့သာ ပြည့်ပြည့်ဝဝ သိနိုင်သည်။ အနီးစပ်ဆုံးဥပမာကား နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချိန်၌ တွေ့ရှိရသော ချမ်းသာမျိုးဟု ဆိုသည်။

(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
ဆက်လက်တင်ပြပါမည်။

Wednesday, June 18, 2008

လူချမ်းသာ စိတ်ချမ်းသာ (၇)

ဖိုလ်ချမ်းသာ



ဖိုလ်ချမ်းသာဟူသည် အရိယာပုဂ္ဂိုလ်တို့၏ စည်းစိမ်ဖြစ်သည်။ မိမိရရှိပြီးသော ဖိုလ်စိတ် ထပ်ကာထပ်ကာ တစ်ဆက်တည်း ဖြစ်နေအောင် အဓိဋ္ဌာန်ပြု၍ ၀င်ရောက်ခံစားခြင်းကို ဖိုလ်ဝင်စားခြင်း၊ ဖလသမာပတ် ဝင်စားခြင်း ဟုခေါ်၏။ သောတာပန်ပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်ကို ဝင်စားနိုင်သည်။ ထို့အတူ အထက်အထက်ဖိုလ် ရရှိ ထားသော အရိယာပုဂ္ဂိုလ်တို့သည် မိမိတို့ရရှိထားသော ဖိုလ်များကို ၀င်စားနိုင်သည်။ ဖိုလ်ဝင်စားချိန်၌ နိဗ္ဗာန် တစ်ခုတည်းသာရှိသည်။ စိတ်နှင့် နိဗ္ဗာန်နှင့် တစ်ထပ်တည်း တစ်သားတည်း ဖြစ်နေ၏။ နွေအခါ ပူအိုက်သော အချိန် ရေအေးအေးလေး ချိုးလိုက်ရသကဲ့သို့ အလွန်ပင် အေးချမ်းလှ၏။ လက်တွေ့ ခံစားဖူးမှ သိနိုင်သော ချမ်းသာမျိုးဖြစ်သည်။



(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)

ဆက်လက်တင်ပြပါမည်။

Tuesday, June 17, 2008

လူချမ်းသာ စိတ်ချမ်းသာ (၆)

ရူပ၊ အရူပ ချမ်းသာ

ရူပ၊ အရူပချမ်းသာဟူသည် ဗြဟ္မာချမ်းသာခေါ် ဈာန်ချမ်းသာ ပင်ဖြစ်သည်။ ဗြဟ္မာချမ်းသာဟု ဆိုသဖြင့် ဗြဟ္မာများသာ ခံစားနိုင်သည်မဟုတ်။ ဈာန်ရပုဂ္ဂိုလ်ဟူသမျှ ခံစား စံစားနိုင်သော ချမ်းသာဖြစ်သည်။

ကာမချမ်းသာက မြင်၊ ကြား၊ မွှေးကြူ၊ စားသောက်၊ ထိတွေ့ ရမှ ချမ်းသာသော ချမ်းသာမျိုးဖြစ်သည်။ ဈာန်ချမ်းသာမှာ ထိုသို့မဟုတ်။ ကြည့်ဖို့ မြင်ဖို့မလို၊ ကြားဖို့မလို၊ မွှေးဖို့မလို၊ စားသောက်ဖို့မလို၊ ထိတွေ့ဖို့မလိုဘဲ စိတ်ထဲတွင်ပင် ချမ်းသာသော ချမ်းသာမျိုးဖြစ်သည်။

ကာမချမ်းသာသည် လောဘ၊ ဒေါသများ ရောထွေး၍ ပူစပ် ပူလောင်ချမ်းသာမျိုး ဖြစ်သည်။ ဈာန်ချမ်းသာသည် လောဘ ဒေါသ စသော ကိလေသာ အပူများကင်းသဖြင့် ငြိမ်သက်အေးချမ်းသော ချမ်းသာမျိုးဖြစ်သည်။

ပထမဈာန်ချမ်းသာသည် လေးလံထိုင်းမှိုင်းမှု ထိနမိဒ္ဓ၊ ယုံမှားမှု ဝိစိကိစ္ဆာ၊ ခက်ထန်ကြမ်းတမ်းမှု ဗျာပါဒ၊ ပျံ့လွှင့်မှု ဥဒ္ဓစ္စ၊ ပူပန်မှု ကုက္ကုစ္စ၊ လိုချင်တပ်မက်မှု ကမစ္ဆန္ဒ စသော အပိတ်အဆို့ အတားအဆီးများ ကင်းစင်သဖြင့် လွန်စွာမှ ချမ်းသာလှသည်။

ဒုတိယဈာန်ချမ်းသာသည် ဖော်ပြပါ နီဝရဏတို့မှ ကင်းသည့်အပြင် တွေးကြံမှု၊ စိတ်ကို တွန်းတင်မှု ဝိတက်ပါ ကင်းစင်သွား၏။ တတိယဈာန်ချမ်းသာသည် နီဝရဏ၊ ဝိတက် တို့အပြင် သုံးသပ်မှု ဝိစာရပါ ကင်းသွားသည်။ စတုတ္ထဈာန်က နီဝရ၊ ဝိတက်၊ ဝိစာရ တို့အပြင် နှစ်သက်မှု ပီတိပါကင်းသွားသည်။ အဓိပ္ပာယ်မှာ နှစ်သက်မှု ပီတိ လေးဖြစ်နေသေးသည်ကိုကား ဆင်းရဲသေး၏။

သို့ဖြစ်၍ စတုတ္ထဈာန်ချမ်းသာသည် ပီတိကိုပါ ပယ်လိုက်၏။ သုခချမ်းသာမှုလေးနှင့် ဧကဂ္ဂတာ တည်ကြည်မှုလေး နှစ်မျိုးသာ ကျန်တော့သည်။ ပဉ္စမဈာန်ချမ်းသာအနေဖြင့် စိတ်ထဲမှ သုခလေးဖြစ် ချမ်းသာနေသည်ကိုက ဆင်းရဲ သေးသည်။ သို့ဖြစ်၍ ပဉ္စမဈာန်ချမ်းသာက သုခကိုပါ ထပ်ပယ်ကာ ဥပေက္ခာနှင့် ဧကဂ္ဂတာ သဘောနှစ်မျိုးသာ ကျန်တော့ လျစ်လျူရှုမှုနှင့် တည်ငြိမ်မှု၊ တည်ကြည်မှု စိတ်အစဉ်လေးသာ ရှိတော့သည်။ အရူပချမ်းသာသည် ဤ ပဉ္စမဈာန်ချမ်းသာထဲ တွင်ပါဝင်သည်။ ဈာန်ချမ်းသာတို့သည် တစ်ဆင့်ထက်တစ်ဆင့် အလွန်သိမ်မွေ့သည့် ချမ်းသာ များဖြစ်သည်။

ကမ္ဘာ့သက်တမ်း လေးပုံတစ်ပုံမျှ အသက်ရှည်ကြသော ပထမဈာန် ဗြဟ္မာဘုံက ဗြဟ္မာများသည် ပထမ ဈာန်ချမ်းသာကို ခံစားနေကြသည်။ သူတို့၏ အဟာရသည် ပီတိသာဖြစ်သည်။ ဈာန်စိတ်နှင့်သာ အသက်ထက်ဆုံး တည်ကြသည်။

ဒုတိယဈာန်ဘုံမှ ဗြဟ္မာများသည် သူတို့သက်တမ်း နှစ်ကမ္ဘာ၊ လေးကမ္ဘာ၊ ရှစ်ကမ္ဘာပတ်လုံး ဒုတိယ ဈာန်ချမ်းသာကို ခံစားနေကြသည်။ တတိယဈာန်ဘုံမှ ဗြဟ္မာများသည် သူတို့သက်တမ်း (၁၆)ကမ္ဘာ၊ (၃၂)ကမ္ဘာ၊ (၆၄)ကမ္ဘာပတ်လုံး တတိယဈာန် ချမ်းသာကို ခံစားနေကြ၏။

စတုတ္ထဈာန်ဘုံမှ ဗြဟ္မာတို့သည် သူတို့သက်တမ်းကမ္ဘာ ငါးရာ၊ တစ်ထောင်၊ နှစ်ထောင်၊ လေးထောင်၊ ရှစ်ထောင်၊ တစ်သောင်းခြောက်ထောင် ပတ်လုံး စတုတ္ထဈာန်ချမ်းသာကို ခံစားကြသည်။

အရူပဗြဟ္မာတို့သည် သူတို့သက်တမ်း ကမ္ဘာနှစ်သောင်း၊ လေးသောင်း၊ ခြောက်သောင်း၊ ရှစ်သောင်း ပတ်လုံး သူတို့ဆိုင်ရာ ဈာန်ချမ်းသာကို ခံစားနေကြသည်။

အသညသတ်ဗြဟ္မာတို့သည် ရုပ်တရားသာရှိ၍ နာမ်တရား မရှိကြ။ အရူပဗြဟ္မာတို့သည် နာမ်တရားသာရှိ၍ ရုပ်တရားမရှိကြ။ ယင်းဗြဟ္မာနှစ်မျိုးလုံးသည် တရားမနာနိုင်။ တရားထူးမရနိုင်ကြသဖြင့် မပြစ်ရှိသော အရပ်ဒေသ ကိုရောက်နေကြရသူများဖြစ်လေသည်။ သြကာသ ကန်တော့ချိုး ဆုတောင်းခန်း၌ ရပ်ပြစ်ရှစ်ပါးဆိုရာတွင် အသညသတ်ဗြဟ္မာဘုံနှင့် အရူပဗြဟ္မာဘုံတို့ ပါဝင်လေသည်။

ဘုရားရှင်သည် ဓမ္မစကြာတရားဦးဟောရန် ကျေးဇူးအများဆုံး ပုဂ္ဂိုလ်များကို ရှာသောအခါ လောကီဈာန် သမာပတ်ရှစ်ပါးရအောင် ညွှန်ပြခဲ့ကြသော အာဠရ ရသေ့ နှင့် ဥဒကရသေ့ တို့ကို တွေ့ရ၏။ သို့ရာတွင် ထိုအချိန်၌ ရသေ့နှစ်ပါးစလုံး အရူပဘုံသို့ ရောက်သွားကြသဖြင့် ဘုရားရှင်က (မဟာဇာနိယော ဝတ) အဆုံးရှုံးကြီး ဆုံးရှုံးရလေပြီ ဟု ငြီးထွားတော်မူခဲ့၏။

(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)

ဆက်လက်တင်ပြပါမည်။

Monday, June 16, 2008

လူချမ်းသာ စိတ်ချမ်းသာ (၅)

လူချမ်းသာ စိတ်ချမ်းသာ (၅)

နတ်သက်တမ်း

လူ့ပြည်က အနှစ်(၅ဝ)သည် စတုမဟာရာဇ်နတ်ပြည်၏ တစ်ရက်ဖြစ်သည်။ လ၊ နှစ်တို့က လူ့ပြည်နှင့် အရေအတွက် တူသည်။ သူတို့ရက်၊ သူတို့လ၊ သူတို့နှစ် ဖြင့် အနှစ်(၅ဝဝ)သည် သူတို့နတ်သက်တမ်းဖြစ်သည်။ လူနှစ်ဖြင့် ရေတွက်ပါက နှစ်ပေါင်း(၉)သန်းသည် စတုမဟာရာဇ်နတ်သက်ဖြစ်သည်။

လူ့ပြည်က အနှစ်(၁ဝဝ)သည် တာဝတိံသာနတ်ပြည်၏ တစ်ရက်ဖြစ်သည်။ လ၊ နှစ်တို့က လူ့ပြည်နှင့် အရေအတွက် တူသည်။ သူတို့ရက်၊ သူတို့လ၊ သူတို့နှစ် ဖြင့် အနှစ်(၁ဝဝဝ)သည် သူတို့နတ်သက်တမ်းဖြစ်သည်။ လူနှစ်ဖြင့် ရေတွက်ပါက နှစ်ပေါင်း(၃ ကုဋေ ၆)သန်းသည် တာဝတိံသာနတ်သက် ဖြစ်သည်။

လူ့ပြည်က အနှစ်(၂ဝဝ)သည် ယာမာနတ်ပြည်၏ တစ်ရက်ဖြစ်သည်။ လ၊ နှစ်တို့က လူ့ပြည်နှင့် အရေအတွက် တူသည်။ သူတို့ရက်၊ သူတို့လ၊ သူတို့နှစ် ဖြင့် အနှစ်(၂ဝဝဝ)သည် သူတို့နတ်သက်တမ်းဖြစ်သည်။ လူနှစ်ဖြင့် ရေတွက်ပါက နှစ်ပေါင်း(၁၄ ကုဋေ ၄)သန်းသည် ယာမာနတ်သက် ဖြစ်သည်။

လူ့ပြည်က အနှစ်(၄ဝဝ)သည် တုသိတာနတ်ပြည်၏ တစ်ရက်ဖြစ်သည်။ လ၊ နှစ်တို့က လူ့ပြည်နှင့် အရေအတွက် တူသည်။ သူတို့ရက်၊ သူတို့လ၊ သူတို့နှစ် ဖြင့် အနှစ်(၄ဝဝဝ)သည် သူတို့နတ်သက်တမ်းဖြစ်သည်။ လူနှစ်ဖြင့် ရေတွက်ပါက နှစ်ပေါင်း(၅၇ ကုဋေ ၆)သန်းသည် တုသိသာနတ်သက် ဖြစ်သည်။

လူ့ပြည်က အနှစ်(၈ဝဝ)သည် နိမ္မာနရတိနတ်ပြည်၏ တစ်ရက်ဖြစ်သည်။ လ၊ နှစ်တို့က လူ့ပြည်နှင့် အရေအတွက် တူသည်။ သူတို့ရက်၊ သူတို့လ၊ သူတို့နှစ် ဖြင့် အနှစ်(၈ဝဝဝ)သည် သူတို့နတ်သက်တမ်းဖြစ်သည်။ လူနှစ်ဖြင့် ရေတွက်ပါက နှစ်ပေါင်း(၂၃၈ ကုဋေ ၄)သန်းသည် နိမ္မာနရတိနတ်သက် ဖြစ်သည်။

လူ့ပြည်က အနှစ်(၁၆ဝဝ)သည် ပရနိမ္မိတဝသဝတ္တိနတ်ပြည်၏ တစ်ရက်ဖြစ်သည်။ လ၊ နှစ်တို့က လူ့ပြည်နှင့် အရေအတွက် တူသည်။ သူတို့ရက်၊ သူတို့လ၊ သူတို့နှစ် ဖြင့် အနှစ်(၁၆ဝဝဝ)သည် သူတို့ နတ်သက်တမ်း ဖြစ်သည်။ လူနှစ်ဖြင့် ရေတွက်ပါက နှစ်ပေါင်း(၉၂၁ ကုဋေ ၆)သန်းသည် ပရနိမ္မိတဝသဝတ္တိနတ်သက် ဖြစ်သည်။

နတ်ပြည်ခြောက်ထပ်မှ နတ်အများစုသည် အထက်ပါ နတ်သက်တမ်းအတိုင်း နတ်စည်းစိမ်ချမ်းသာကို လွတ်လပ် ပျော်ပါးစွာ အပြည့်အဝ ခံစားကြလေသည်။ တောင့်တမှု၊ ကြောင့်ကြမှုမရှိသလို၊ ချုပ်ချယ်မှု၊ အနိုင်ကျင့်မှု၊ ဗိုလ်ကျ စိုးမိုးမှုလည်းမရှိပေ။ အတိတ်ကုသိုလ်ကံ ချပေးသမျှ ခံစားခွင့်ကို ပြည့်ပြည့်ဝဝ ရရှိခံစားကြရလေသည်။

ကိုယ်ပိုင်ဘုံဗိမာန်၊ ကိုယ်ပိုင်စည်းစိမ်ဖြင့် အားလုံးပြည့်စုံနေကြသဖြင့် တစ်ဦးနှင့် တစ်ဦး မနာလို ဣဿာဖြစ်စရာ မလို။ မလိုတမာ အဘိဇ္ဈပွားစရာ မလို။ မတော်လောဘဖြစ်စရာ မရှိ။ ကိုယ်ပိုင်ဆိုင်သည့် သက်ရှိ သက်မဲ့ ပစ္စည်း ဝတ္ထု အဖုံဖုံဖြင့် သာယာကြည်နူးမှု ရိပ်မြုံထဲတွင် အချိန်ပြည့် ခိုလှုံနေကြသည်။ ပျော်ရွှင်မှု၊ ချမ်းမြေ့မှု၊ ကြည်နူးမှု၊ သာယာမှု တို့ကသာ ဘဝဟူသော အချိန်တို့ကို ဝါးမြိုနေကြလေသည်။

(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)

ဆက်လက်တင်ပြပါမည်။

Followers

Labels

Comments