ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog
Showing posts with label မြင်းကပါတ၀ိုက်ရှိ ထင်ရှားသော စေတီပုထိုးများ. Show all posts
Showing posts with label မြင်းကပါတ၀ိုက်ရှိ ထင်ရှားသော စေတီပုထိုးများ. Show all posts

Tuesday, March 24, 2009

ဂူပြောက်ကြီး (မြင်းကပါ)



ဂူပြောက်ကြီး (မြင်းကပါ)သည် ကွမ်းတောင်ပေါက် လိုဏ်နှစ်ဆင့်ဂူ ဘုရားဖြစ်ပြီး အေဒီ(၁၁၁၃) တွင် အမတ်ကြီး ရာဇကုမာရ် (ကျန်စစ်သားမင်း နှင့် သမ္ဘူလ မိဖုရား တို့၏သား)က တည်ခဲ့သည်။ ကျန်စစ်သားမင်းသည် အေဒီ (၁၀၈၄) တွင် ပုဂံထီးန်းကို ရရှိခဲ့ပြီး နန်းစံနှစ် (၂၈) နှစ် အေဒီ (၁၁၁၃) အရောက်တွင် မကျန်းမမာ ဖြစ်ခဲ့သည်။ ထိုအချိန်တွင် ကျန်စစ်သား နှင့် သမ္ဘူလ မိဖုရား တို့မှ မွေးဖွားသည့် ရာဇကုမာရ်သည် ဖခင်၏ ကျေးဇူးကို အောင့်မေ့သတိရကာ ရွှေဆင်းတု တစ်ဆူ ပြုလုပ်၍ ဖခင် ကျန်စစ်သားမင်းထံ သွားရောက်ပြီး ဤဘုရားကို ဖခင်အတွက် ပြုလုပ်ခြင်း ဖြစ်ကြောင်း ဖခင်ပေးထားသော ကျွန်သုံးရွာကို လည်းဤဘုရားအား လှူကြောင်း လျှောက်ထားခဲ့သည်။ ကျန်စစ်သားမင်းက ရာဇကုမာရ်၏ မိဘကျေးဇူး သိတတ်မှုအတွက် နှစ်သက် ၀မ်းမြောက်စွာနှင့် သာဓုခေါ်ကာ ရေစက်သွန်းခဲ့သည်။ ရာဇကုမာရ်သည် ထိုဘုရားကို ဌာပနာ၍ ဂူပြောင်းကြီး (မြင်းကပါ) ဘုရားကို တည်ခဲ့သည်။


မြစေတီကျောက်စာ (ယခု ရာဇကုမာရ် ကျောက်စာ) တွင် ဘုရား၏ မူလဘွဲ့တော် မပါရှိသော်လည်း ဂူဘုရားသည် မြင်းကပါရွာတွင် တည်ရှိပြီး ဂူဘုရား အတွင်း အပြင် အပြောက် အပြိန်းတို့ဖြင့် မွမ်းမံ တန်ဆာဆင်ထား၍ ဂူပြောက်ကြီး ဘုရားဟု ခေါ်တွင်ခဲ့သည်။

ဂူပြောက်ကြီး (မြင်းကပါ) တိုက်မအထက်တွင် ဆင်ခြေလျော အမိုး၊ ပစ္စယာများဖြင့် တည်ဆောက်ထားပြီး ကွမ်းတောင်ပေါက် ထားသည်။ ကွမ်းတောင် ပတ်လည် လေးမျက်နှာတွင် လေးထောင့် ဖောင်းပြားများ ဖော်၍ ကြက်လျာတွင် မုခ်ကပ်သုံးခု ပါရှိသည်။ နံရံဆေးရေး ပန်းချီကားများ၊ အင်္ဂတေ ပန်းတော့ လက်ရာများ၊ ကျောက်ဆစ် ပန်းတမော့ လက်ရာများ ရှိသည်။



ဂူပြောက်ကြီး (မြင်းကပါ) ဘုရားအတွင်း နံရံဆေးရေးပန်းချီများမှာ ဗုဒ္ဓ၀င် ပန်းချီများဖြစ်သည့် မြတ်စွာဘုရား တာဝတိံသာမှ ဆင်းလာခန်း၊ မြတ်စွာဘုရား တရားဟောခန်း နှင့် ဘုရား ဝေသာလီပြည်သို့ လှေဖြင့် သွားပုံ (၅၅၀) ဇာတ်ကွက်များ၊ ကောသလမင်း အိပ်မက် (၁၆)ချက်၊ (၅၄၄)ဘီစီတွင် ရာဇဂြိုဟ်ပြည် အဇာတသတ်မင်း လက်ထက် ပထမသင်္ဂါယနာ တင်ပွဲ၊ (၄၄၄)ဘီစီတွင် ဝေသာလီပြည် ကာဠာ သောကမင်းလက်ထက် ဒုတိယသင်္ဂါယနာ တင်ပွဲ၊ (၃၀၉) ဘီစီတွင် ပါဋလပုတ်ပြည် သီရိဓမ္မာသောက မင်းကြီး (အသောက) မင်းလက်ထက် တတိယသင်္ဂါယနာ တင်ပွဲ အပါအ၀င် အခြား ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သည့် အကြောင်းအရာ များဖြစ်သည့် သီဟိုဠ်နိုင်ငံ ဧဠာရမင်းသည် နန်းတော်ရှေ့တွင် တရားခေါင်းလောင်း ချိတ်ဆွဲကာ တရားသဖြင့် အုပ်ချုပ်ပုံ၊ သီဟိုဠ်နိုင်ငံ ဒေ၀ါနံပီယမင်း နှင့် ရှင်မဟိန္ဒတို့ အမေးအဖြေခန်း ပန်းချီများ ဖြစ်သည်။ ထို့ပြင် နတ်သား နတ်သမီးများ ကနေပုံ၊ နန်းတွင်းသူ နန်းတွင်းသားများပုံ၊ ပုဂံခေတ် အမျိုးသား အမျိုးသမီးပုံ များလည်း ရှိသည်။ (၁၉၈၄) မှစ၍ ရှေးဟောင်း သုတေသနဦးစီးဌာန သည် ကုလသမဂ္ဂ အကူအညီဖြင့် ဂူပြောက်ကြီး (မြင်းကပါ) ဘုရား အတွင်းရှိ နံရံဆေးရေး ပန်းချီများနှင့် မင်စာများကို ဓာတုဗေဒနည်းဖြင့် ပြန်လည် ထင်ရှား ပေါ်လွင်လာအောင် ဆောင်ရွက်ခဲ့သည့် အတွက် ဘုရားရှိ နံရံဆေးရေး ပန်းချီများ နှင့် ရှေးဟောင်း မွန်ဘာသာ ကမ္ပည်းစာများကို ဖတ်ရှု လေ့လာနိုင်ပြီ ဖြစ်သည်။

ဂူပြောက်ကြီး (မြင်းကပါ) ဘုရား၏ အပြင်မျက်နှာစာ များရှိ ဘီလူးပန်းဆွဲ၊ ထောင့်ဘောင်ပန်း အင်္ဂတေပန်း စသည့် အင်္ဂတေ၊ ပန်းတော့ လက်ရာများနှင့် ဘုရားရှိ ကျောက်လေသာ ပြူတင်းပေါက်များ ဖောက်ထားပုံကို လေ့လာနိုင်သည်။ ဂူဘုရားရှိ အလယ်ဗဟို ဂန္ဓကုဋီတိုက် ပတ်လည်တွင် စင်္ကြပတ်လမ်းရှိပြီး စင်္ကြအတွင်း နံရံ မုခ်ကပ်များရှိ ဗုဒ္ဓရုပ်ပွား ကျောက်ဆစ် ပန်းတမော့ လက်ရာများကို လေ့လာနိုင်သည်။

( ဦးမောင်မောင် - ရန်ကုန်တက္ကသိုလ် ၏ ပုဂံစေတီပုထိုးများ )

Thursday, January 22, 2009

စိုးမင်းကြီးစေတီ




စိုးမင်းကြီး စေတီကို အေဒီ (၁၁၇၅)တွင် စိုးမင်းကြီး တည်ခဲ့သည်။ စိုးမင်းကြီး စေတီတည်ရာတွင် အောက်ခြေတွင် ပစ္စယာ အဆင့်ဆင့်ခံ၍ အပေါ်၌ စေတီတည်ထာခြင်းဖြစ်သည်။ စိုးမင်းကြီး စေတီ၏ ပစ္စယာ အဆင့်များတွင် မူလက အလွန်လှပသည့် စဥ့်ကွင်းများ အပြည့်ရှိသော်လည်း ယခုအခါ အနည်းငယ်မျှသာ ကျန်ရှိတော့သည်။

Wednesday, January 7, 2009

အပယ်ရတနာဘုရား




အပယ်ရတနာ ဂူဘုရားသည် သီဟိုဠ်ပုံ လိုဏ်တစ်ဆင့် ဂူဘုရားဖြစ်ပြီး ခရစ် (၁၁) ရာစုနှောင်းတွင် ကျန်စစ်သားမင်းနှင့် အပယ်ရတနာမိဖုရားတို့ တည်ခဲ့သည်။

ကျန်စစ်သားသည် စောလူးမင်းရန်ကြောင့် မြင်းပါရွာအနီး ပုန်းအောင်းနေရစဉ် ဇနီးဖြစ်သူ အပယ်ရတနာက သွားရောက် တွေ့ဆုံခြင်း၊ ထမင်းပို့ခြင်း ပြုလုပ်ခဲ့သည်။ ကျန်စစ်သား ပုဂံထီးနန်း ရရှိပြီးနောက် အပယ်ရတနာမိဖုရား ထမင်းလာပို့ရာ အရပ်၌ အမှတ်တရအဖြစ် အပယ်ရတနာဘုရား ကိုတည်ခဲ့သည်။

အပယ်ရတနာဘုရား တိုက်မအထက်တွင် ပစ္စယာ အဆင့်များ၊ မိုးလျောများ၊ ထောင့်စေတီများဖြင့် တည်ဆောက်ထားပြီး ခေါင်းလောင်းပုံ သပိတ်မှောက် အထက်တွင် ဖရုံတုံးခံ၍ ဖောင်းရစ် အထွတ်စေတီ ရှိသည်။

အပယ်ရတနာဘုရားရှိ နံရံဆေးရေး ပန်းချီများတွင် မဟာယာန (ကြီးသောယာဉ်) ဂိုဏ်းဗုဒ္ဓဘာသာနှင့် ဟိန္ဒူအယူဝါဒနှင့် သက်ဆိုင်သော ပုံများကို အခြားဘုရား များထက် ပိုမိုတွေ့ရသည်။ ဘုရားတွင် မဟာယာန ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သည့် ဗောဓိသတ္တ / အ၀လောကိတေသွာရ (လောကနာထ) သည် ကြာပွင့်ပေါ်ထိုင်ပြီး လက်ယာလက်တွင် ကြာပွင့်ကိုင်ကာ လက်ဝဲလက်မှာ ၀၇ဒမုဒြာ အနေအထားဖြင့် ရေးဆွဲထားသည့် ပုံများ၊ ထိုင်နေသည့် နတ်ရုပ်ပုံများ၊ မတ်တပ်ရပ် နတ်ရုပ်ပုံများ၊ ဂူပေါက်တန်း အသီးသီးတွင် ဗုဒ္ဓပုံ၊ ရသေ့ပုံများ၊ စင်္ကြအတွင်း ပတ်လမ်း အပြင်နံရံအပေါ်ဘက်တွင် အရိုးတပ် စက်ဝိုင်းများအတွင်း ဗြဟ္မာ၊ သီဝ၊ ဗိဿနိုး ပုံများနှင့် အ၀င်ခန်းမဆောင်တွင် ရှေးမွန်ဘာသာဖြင့် ကမ္ပည်းမင်စာ ရေးထိုးထားသည့် ဗုဒ္ဓ၀င် နံရံဆေးရေး ပန်းချီများ ရှိသည်။ အပယ်ရတနာဘုရား တွင် ဇာပြတင်းပေါက် တပ်ဆင်ထားသည်ကို လေ့လာနိုင်ပါသည်။

Monday, December 29, 2008

နန်းဘုရား


နန်းဘုရားသည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူ ဘုရားဖြစ်ပြီး (၁၂)ရာစုတွင် နရပတိ စည်သူမင်း၏ သားမက်၊ မနုဟာမင်း၏မြစ် နာဂသမန်း အမတ်က တည်ခဲ့သည်။ နာဂသမန်းသည် ၄င်း၏ဘေးတော် ဖြစ်သော မနုဟာမင်း နေထိုင်ရာအရပ်၌ အထိမ်းအမှတ် အဖြစ် နန်းဘုရား တည်ခဲ့ခြင်း ဖြစ်သည်။ နန်းဘုရားတွင် ကျောက်ဆစ် ပန်းတမော့ လက်ရာများကို လေ့လာနိုင်သည်။ နန်းဘုရား အတွင်း အုတ်ရိုးနံရံပေါ်တွင် ကျောက်ဖြင့် တန်ဆာဆင်ထားသည်။ နန်းဘုရား၏ ဂူမကြီးကို အတွင်းကွန်းစင်တိုင် လေးတိုင်က ထောက်ထားပြီး ကျောက်တိုင်ကြီး လေးတိုင်၏ မျက်နှာတွင် ဦးခေါင်းသုံးလုံးပါ ကျောက်ဗြဟ္မာရုပ် နှစ်ရုပ် (ဗြဟ္မာကြီးသည် ကြာဖတ်များပေါ် ထိုင်၍ လက်နှစ်ဖက်က အောက်ခံ ကြာရိုးများမှ တစ်ဆင့် ဖူးပွင့်လာသည့်ကြာပွင့် ကြာချပ်များကို မထားဟန်) ဘီလူးပန်းဆွဲပုံများ နှင့် ထောင့်ချိုး ဘီလူး ပန်းကိုက်ရုပ်များ ရှိသည်။

ထိုရုပ်ပုံများကို ကျောက်သား တစ်တုံးစီ၌ ရုပ်ပုံ အပိုင်းအစများ ထွင်းထုထားပြီး ကော်ရည်တစ်မျိုးဖြင့် ကပ်ကာ ဖောင်းကြွအောင် ပုံဖော်ထားသည်။ နန်းဘုရား အပြင်ဘက် မျက်နှာစာအားလုံး ကျောက်ချပ်တို့ဖြင့် စီ၍ဆောက်လုပ် ထားပြီး အပြင်နံရံ အခြေပတ်လည်တွင် ကာလသာအိုး (ကြာသွတ်အိုး) ပုံခံ ထားပြီး အထက်တွင် ကြာပန်းကြာနွယ်များ အကြား မွန်အထိမ်းအမှတ် ဟင်္သာရုပ်များကို ပတ်လည်တွင် ထွင်းထုတန် ဆာဆင်ထားသည်။

နန်းဘုရား၏ ဇာပြတင်းပေါက် များကို ကျောက်အုတ်များဖြင့် စီထားပြီး ပြတင်းပေါက် ပတ်လည်တွင် ကျောက်ဆစ် ပန်းကြွများ ထွင်းထုထားသည်။ ပြတင်းပေါက်များ၏ အထက်တံကဲ တစ်ဖက်တစ်ချက် စိုင်ဘောင်တွင် မကာရ်းပုံ၊ အလယ်ရှိ ငှက်ပျောဖူးတွင် ကျက်သရေ နတ်သမီး (ကျော်ဂြီ-Kyauk-Sri) ပုံရှိသည်။ တံကဲအလယ်တွင် ပန်းပြောက်များပါသော ပုဝါစည်းထားသည့် ကလသာအိုး ပုံများကို ထွင်းထုထားသည်။

Friday, December 26, 2008

နဂါးရုံဘုရား


နဂါးရုံဘုရားသည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူ ဘုရားဖြစ်ပြီး ခရစ် (၁၁) ရာစုနှောင်းတွင် ကျန်စစ်သားမင်း တည်ခဲ့သည်။ ကျန်စစ်သားသည် စောလူးမင်းရန်ကြောင့် မြင်းကပါရွာ အနီး ပုန်းအောင်း နေရစဉ် ဇနီးဖြစ်သူ အပယ်ရတနာက သွားရောက် တွေ့ဆုံလေ့ရှိသည်။ တစ်နေ့တွင် အပယ်ရတနာ ကျန်စစ်သားထံသွားရာ အိပ်ပျော်နေသည့် ကျန်စစ်သားကို နဂါးတစ်ကောက်က ပါးပြင်းဖြင့် မိုးနေသည်ကို တွေ့ရသည်။ ကျန်စစ်သားနိုးလာလျှင် နဂါးလည်း ပျောက်ကွယ် သွားသည်။ ထိုအကြောင်းကို အပယ်ရတနာက ကျန်စစ်သားမင်းအား ပြောပြရာ ကျန်စစ်သားက မိမိမင်းဖြစ်မည့် နိမိတ်ဟု အပယ်ရတနာအား ပြောကြားခဲ့သည်။ ကျန်စစ်သား ပုဂံထီးနန်း ရရှိပြီးနောက် ၄င်းအား နဂါးပါးပြင်မိုးထားရာ နေရာ၌ နဂါးရုံဘုရား တည်ခဲ့သည်။


နဂါးရုံဘုရားကို မိုးလျော၊ ပစ္စယာအဆင့်ဆင့်ဖြင့် တည်ဆောက်ထားပြီး ပစ္စယာအထက်တွင် ကွမ်းတောင်နှင့် အထွတ်စေတီ ပေါက်ထားသည်။ ပစ္စယာများ၌ ထောင့်စေတီများ ရှိသည်။ နဂါးရုံဘုရားတွင် နံရံများနှင့် စင်္ကြပတ်လမ်း နံရံများတွင် ဗုဒ္ဓ၀င်ခန်းများ၊ မြတ်စွာဘုရား တရားဟောခန်း နံရံဆေးရေး ပန်းချီများကို ရှေးမွန်ဘာသာ ကမ္ပည်းစာများနှင့် တကွ တွေ့ရသည်။


နဂါးရုံဘုရား၏ အ၀င်ခန်းမဆောင် နံရံမုခ်ကပ်များတွင် ဗုဒ္ဓ၀င်ခန်း ဖြစ်သည့် မယ်တော်မာယာ အိပ်မက်ခန်း၊ မြတ်စွာဘရား ရွှေခွက်မျောခန်း၊ တာဝတိံသာ နတ်ပြည်မှ ဆင်းလာခန်း၊ မြတ်စွာဘုရား တရားဟောခန်း၊ ပါလိလေယျက (ပလလည်း) တောတွင် သီတင်းသုံးခန်းနှင့် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုခန်း စသည့် ကျောက်ဆစ်ရုပ်တု များနှင့် ဂူဘုရားအတွင်းရှိ လက်ဝဲ လက်ယာ နံရံမုခ်ကပ် များတွင်လည်း သဲကျောက်ဖြင့် ထုလုပ်ထားသည့် ကြာပလ္လင်ပေါ်ရှိ ဗုဒ္ဓရုပ်ပွား ဆင်းတုများ၊ ဒီပင်္ကရာဘုရား ရှေ့မှောက်သုမေဓာ ရှင်ရသေ့ ဗျာဒိတ်ခံယူပုံ စသည့် ကျောက်ဆစ်ရုပ်တု များကို လေ့လာနိုင်သည်။

နဂါးရုံဘုရား အပြင်ဖက်နံရံတွင် တန်ဆာဆင်ထားသည့် အင်္ဂတေပန်းတော့ လက်ရာများ ဖြစ်သည့် ဘီလူးပန်းဆွဲများ အင်္ဂတေပန်း များကိုလည်း လေ့လာနိုင်သည်။ နဂါးရုံဘုရား အခြေမှ အတွင်း တံတိုင်းအထိ စဥ့်စိမ်းသုတ် အုပ်ချပ်များ ခင်းထားသည်။

Wednesday, December 10, 2008

စိမ်းညက်အမဂူဘုရားနှင့် စိမ်းညက်ညီမစေတီ


စိမ်းညက်အမ ဂူဘုရားသည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူ ဘုရားဖြစ်ပြီး စိမ်းညက်ညီမ စေတီသည် သီဟိုလ်ပုံ စေတီဖြစ်ကာ ခရစ် (၁၂)ရာစု ကတည်းက တည်ခဲ့သည်။


ပုဂံဒေသရှိ ဂူဘုရားနှင့် စေတီကို ပူးတွဲ တည်သည့် ရှေးဟောင်း သာသနိက အဆောက်အအုံ နှစ်ခု ( ဖြတ်စရွှေကူ နှင့် ပုထိုး/ စိမ်းညက်အမဂူ ဘုရားနှင့် စိမ်းညက် ညီမစေတီ အနက် တစ်ခု ) အပါအ၀င် ဖြစ်သည်။


စိမ်းညက်အမ ဂူဘုရားတွင် နံရံဆေးရေး ပန်းချီများနှင့် အင်္ဂတေ ပန်းတော့လက်ရာ များရှိသည်။ စိမ်းညက်အမဂူ အတွင်းစင်္ကြ ပတ်လမ်းနံရံ ရုပ်တုများ နောက်ရှိ ဗောဓိပင် ပုံများ၊ တောင်ဘက် အာရုံခံ ခန်းမတွင် ဗုဒ္ဓရုပ်ပွားပုံ ပါရှိသည့် စက်ဝိုင်းပန်း အထပ်များ၊ သစ်ရွက်ပုံ ပန်းတန်းများ၊ အရှေ့ဘက် အ၀င် ခန်းမနံရံတွင် (၅၅၀) ဇာတ်ကွက် ပန်းချီများနှင့် ကနုတ်ပန်း နံရံပန်းချီများ ရှိသည်။

Wednesday, October 8, 2008

မနုဟာဘုရား






မနုဟာဘုရား


မနုဟာဘုရားကို အေဒီ (၁၀၆၈)တွင် မနုဟာမင်း တည်ခဲ့သည်။ မနုဟာမင်းသည် မြင်းကပါအရပ်တွင် အကျယ်ချုပ်ဘဝဖြင့် နေရစဉ် မြင်းကပါ သူဌေးထံ မနောမယ ကြောင်မျက်ရွဲလက်စွပ်ကို ရောင်းချခဲ့ရာ ငွေလှည်း ၆ စီးတိုက် ရရှိခဲ့သည်။ မနုဟာမင်းသည် ထိုငွေဖြင့် လောကနန္ဒာသင်္ဘောဆိပ် အရှေ့မြောက် စောင်းအရပ်ရှိ သီရိဇေယျဘုံမိ ကုန်းတွင် ၁၅-၈-၁၀၆၇ တွင် ဘုရားစတင်တည်ရာ ၁၂-၃-၁၀၆၈ တွင် ပြီးစီးခဲ့သည်။ မနုဟာဂူ ဘုရားသည် စတုရန်းပုံ နှစ်ထပ် အဆောက်အဦးဖြစ်ပြီး ပစ္စယာများ အထက်၌ စေတီရံများ ရှိသည်။

မနုဟာဂူဘုရားအတွင်း ဗုဒ္ဓရုပ်ပွားဆင်းတု (ဘူမိဖဿမုဒြာ)သုံးဆူ ရှိပြီး အလယ်မှ ပဓာနဗုဒ္ဓရုပ်ပွား ဆင်းတုတော်ကြီးသည် (၁၀.၂၄)မီတာ၊ (၃၃.၅)ပေ မြင့်ပြီး ဘေး ၂ ဖက်မှ ဗုဒ္ဓရုပ်ပွား ဆင်းတုနှစ်ဆူသည် (၆.၂၅)မီတာ၊ (၂၀.၅)ပေ မြင့်သည်။ ဂူဘုရား၏ အနောက်ဘက် အခန်းတွင် အလျား (၂၈.၈၀)မီတာ၊ ၉၄.၅)ပေ ရှိသည့် လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော် ရှိသည်။

မနုဟာဂူဘုရား အပြင်ပတ်လည်တွင် အင်္ဂတေပန်းတော့ လက်ရာ၊ ဘီလူး ပန်းဆွဲများဖြင့် တန်ဆာဆင်ထားသည်။ မနုဟာဘုရား ရှေ့မျက်နှာစာတွင် ကြီးလားလှသည့် သပိတ်ကြီးရှိသည်။

Wednesday, September 24, 2008

မြစေတီ







မြစေတီသည် ခရစ်(၁၂)ရာစုဦးက တည်ဆောက်ခဲ့သည့် စေတီဖြစ်သည်။ မြစေတီ၏ မဟာရာမ် တံတိုင်းကို ပြုပြင်ရာမှ ပျူ၊ မွန်၊ မြန်မာ၊ ပါဠိ လေးဘာသာဖြင့် ရေးထိုးထားသည့် ကျောက်စာ တွေ့ရပြီး မြစေတီကျောက်စာ (ယခု ရာဇကုမာရ် ကျောက်စာ) ဟု ခေါ်တွင် ခဲ့သည်။ ထိုမြစေတီ ကျောက်စာပါ ရည်ညွှန်းထားသော ဘုရားမှာ မြစေတီ၏ အနောက်ဘက်တွင် ကပ်လျက်ရှိသည့် မြင်းကပါ ဂူပြောက်ကြီး ဘုရား ဖြစ်သည်။

Followers

Labels

Comments