ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog
Showing posts with label ဗုဒ္ဓ၏ဥပမာတစ်ထောင်. Show all posts
Showing posts with label ဗုဒ္ဓ၏ဥပမာတစ်ထောင်. Show all posts

Monday, April 27, 2009

အဟောင်းစိစစ် အသစ်ရှာဖွေ


နွားမတစ်ယောက်သည် မိမိ ကျက်စားနေကျ စားကျက်နယ်မြေမှ လွန်၍ အခြား စားကျက်နယ်မြေသို့ ကူးသွား၏။ "ငါသည် မရောက်ဖူး သေးသော နေရာသို့ ရောက်ရပါမူ ကောင်းလေစွ၊ မစားဖူး သေးသော မြက်များကို စားရမူ ကောင်းလေစွ၊ မသောက်ဖူး သေးသော ရေအိုင် ရေကန်တို့၌ သောက်ရပါမူ ကောင်းလေစွ" ဟူ၍ နွားမ စိတ်ကူး ကြံစည်မိ၏။ ထိုနွားမသည် နယ်မြေကို မကျွမ်းကျင်၊ ခရီးလမ်း ကိုလည်း မကျွမ်းကျင်ပေ။

ချိုင့်ဝှမ်း ကုန်းမြင့် မညီညွတ်သည့် အရပ်၌ ရှေ့ခြေနှစ်ချောင်းကို မည်သို့ အခိုင်အမာ စွဲမြဲ၍ နောက်ခြေ နှစ်ချောင်းကို မည်သို့ လှမ်းကြွ ရမည်ဟူသော ဒေသအလိုက် သွားလာမှုကိုလည်း ထိုနွားမ မသိတတ်။ ထို့ကြောင့် ထိုနွားမသည် စားကျက်သစ် နယ်မြေသို့လည်း မရောက်နိုင်။ စားကျက်ဟောင်း နယ်မြေသို့လည်း ပြန်မရောက်နိုင်။ မျက်စိလည် လမ်းမှားကာ ဆင်းရဲ ပင်ပန်းရလေ၏။

ဤလောက၌ အချို့သော သူတို့သည် မိမိရရှိ ထားပြီးဖြစ်သော ကောင်းကျိုး ချမ်းသာထက် ပိုလွန်၍ တစ်ဆင့်တက်ကာ အလိုရှိ၏။ ထိုသူတို့သည် ရရှိထားပြီး ဖြစ်သော လက်ရှိ အခြေအနေနှင့် ကောင်းကျိုးချမ်းသာကို မယိုယွင်းစေဘဲ ခိုင်မြဲအောင် ဆောက်တည် ထိန်းသိမ်းနိုင်စွမ်း မရှိငြားအံ့၊ လက်ရှိထက် တစ်ဆင့် ပိုလွန်သော ကောင်းကျိုးချမ်းသာကို ရရှိနိုင်ကြောင်း နည်းလမ်း ကောင်းကိုလည်း သိမြင်ကျွမ်းကျင်မှု မရှိငြားအံ့။ ထိုသူတို့၏ အလိုဆန္ဒသည် ပျက်စီးရပေလိမ့်မည်။ ကောင်းကျိုးချမ်းသာ အသစ်ကိုလည်း ရမည်မဟုတ်။ ကောင်းကျိုးချမ်းသာ အဟောင်း သည်လည်း ယိုယွင်း ဆုတ်ယုတ်မည်သာ ဖြစ်၏။

( န၀ကနိပါတ်၊ မဟာဝဂ်၊ ဂါဝီဥပမာသုတ် )

Sunday, March 29, 2009

ရဟန်းမဟုတ်ကြောင်း လေးမျိုး

တစ်ရံရောအခါ ရဟန်းတို့သည် ခရီးသွားကြကုန်၏။ ထိုခရီးသွား ရဟန်းတို့အထဲ၌ ပဉ္စင်းဖြစ်စ ဟန်းတစ်ပါးလည်း ပါဝင်သည်။ ထိုပဉ္စင်းသစ်သည် အဖော်ရဟန်းတို့၏ နောက်၌ တစ်ပါးတည်း ကွဲကျန်ရစ် ခဲ့လေ၏။ လမ်းခရီး ကြား၌ ထိုရဟန်းသစ်၏ မယားဟောင်းနှင့် တွေ့ဆုံလေသည်။ ထိုအခါ မယားဟောင်းက " သြော်- သင်သည် ရဟန်းပြုလိုက်သလား " ဟုမေးသဖြင့် " အင်း- ဟုတ်ပေ၏။ ယခု ငါ ရဟန်းပြုလိုက်ပေပြီ " ဟု ပြန်ပြောလေသည်။ မယားဟောင်းက " သြော်- ဤသို့ဖြစ်လျှင် ပြောရဦးမည်၊ ရဟန်းဆိုသည်မှာ မေထုန်အမှုကို ရနိုင်ခဲ့လှ၏။ ယခု သင်သည် မေထုန်မှီဝဲပါ၊ လာပါ " ဟု ဖိတ်ခေါ်လေ၏။ ဤသို့ဖြင့် ရဟန်းသစ်သည် မယားဟောင်းနှင့်အတူ မေထုန်ပြုကျင့် ပြီးမှ ခရီးဆက်လေ၏။

အဖော်ရဟုန်းများသည် အချိန်ကြာမြင့်မှ ရောက်ရှိလာသော ထိုရဟန်းသစ်အား "အဘယ်ကြောင့် ယခုလောက် ကြာမြင့်မှ ရောက်လာသနည်း " ဟုမေးမြန်း လေသည်။ ရဟန်းသစ်သည် မယားဟောင်းနှင့် တွေ့ဆုံခြင်း၊ မေထုန်ဖြင့် ဖိတ်ကြားခြင်း၊ မေထုန်မှီဝဲခြင်း အကြောင်းစုံကို ပြန်လည်ပြောကြား လေ၏။ ထိုအခါ ရဟန်းတို့သည် ရဟန်းသစ်၏ မေထုန်မှီဝဲခြင်း ကိစ္စအကြောင်းစုံကို ဗုဒ္ဓမြတ်စွာအား လျှောက်ကြား ကြလေ၏။ ဤတွင် ဗုဒ္ဓသည် သာသနာ့ဝန်ထမ်း ရဟန်းများ အတွက် အထူး စောင့်ထိန်း ဆောက်တည်ရမည့် ၀ိနည်းကျင့်ဝတ် လေးမျိုးကို ဟောကြားတော်မူ၏။

(၁) မေထုန်မပြုရ
  • ရဟန်းတို့သည် ပဉ္စင်းအဖြစ်သို့ ရောက်ပြီးသော ရဟန်းသည် မေထုန်အမှုကို မပြုရ၊ လူမိန်းမကို မဆိုထားဘိ၊ တိရစ္ဆာန်မ ကိုလည်း မေထုန်မပြုရ။ အကယ်၍ ပြုငြားအံ့၊ ထိုသူသည် ရဟန်း မဟုတ်တော့ပေ၊ ရဟန်းကောင်းတို့နှင့် ဆက်ဆံရောနှောခွင့် မရှိတော့ပေ။ (ပါရာဇိက ကျလေပြီ) ဥပမာအားဖြင့် ဦးခေါင်း ပြတ်ပြီးသော ယောက်ျားသည် ထိုဦးခေါင်းနှင့် ကိုယ်ကို ပြန်၍ ထိစပ်သော်လည်း တစ်ဖန် အသက်ရှင်ခြင်း မရှိနိုင် သကဲ့သို့တည်း။

(၂) မခိုးရ
  • ရဟန်းတို့၊ ပဉ္စင်းအဖြစ်သို့ ရောက်ပြီးသော ရဟန်းသည် ပိုင်ရှင်မပေးသော သူတစ်ပါး၏ ဥစ္စာကို ခိုးယူလိုသောစိတ်ဖြင့် မခိုးယူရ၊ ၀ါးခြမ်းစိတ် ကဲ့သို့သော အသေးအဖွဲ ပစ္စည်းကိုပင်လျှင် မခိုးယူရ။ အကြင်ရဟန်းသည် အသပြတစ်မတ်၊ တစ်မတ်ထက် အလွန်ကိုဖြစ်စေ၊ တစ်မတ် ထိုက်တန်သော ပစ္စည်းနှင့် တစ်မတ်ထက် အလွန် ထိုက်သော ပစ္စည်းကို ဖြစ်စေ ခိုးယူငြားအံ့ ထိုသူသည် ရဟန်းမဟုတ်တော့ပေ။ ရဟန်းကောင်းတို့နှင့် ဆက်ဆံရောနှောခွင့် မရှိတော့ပေ။ (ပါရာဇိက ကျလေပြီ)

(၃) မသတ်ဖြတ်ရ
  • ရဟန်းအဖြစ်သို့ ရောက်ရှိပြီးသော ရဟန်းသည် သေစေလိုသော စေတနာဖြင့် သတ္တ၀ါတို့ကို မသတ်ဖြတ်ရ၊ ပိုးရွ ခြပုန်းမျှ ကိုပင်လဆင် မသတ်ဖြတ်ရ။ အကြင်ရဟန်းသည် လူသတ္တ၀ါတို့ကို သတ်ဖြတ်ငြားအံ့၊ ထိုသူသည် ရဟန်းမဟုတ်တော့ပေ၊ ရဟန်းကောင်း တို့နှင့် ဆက်ဆံရောနှောခွင့် မရှိတော့ပေ။ (ပါရာဇိက ကျလေပြီ)

(၄) တရားဖြင့် မကြွားဝါရ
  • ရဟန်းတို့၊ ပဉ္စင်းအဖြစ်သို့ ရောက်ရှိပြီးသော ရဟန်းသည် လူတို့၏ ကုသိုလ် ကမ္မပထတရားထက် လွန်မြတ်သော ဈာဉ် မဂ်ဖိုလ် တရားကို မိမိ၌ ရရှိသည်ဟာ မပြောဆိုရ၊ မိမိသည် ဆိတ်ငြိမ်ရာ အရပ်၌သာ မွေ့လျော်သည်၊ အဘယ်တရားကို အားထုတ်နေသည် ဟူ၍ပင် မပြောဆိုရ၊ အကြည်ညို ခံလိုခြင်း၊ လာဘ်လာဘ ရလိုခြင်း၊ ၀ါကြွားလိုခြင်းဖြင့် မပြောဆိုရပေ။ အကြင်ရဟန်းသည် မမှန်ကန်သော အလိုဆိုးဖြင့် မိမိ၌ တကယ်မရှိသော ဈာဉ် မဂ်ဖိုလ် တရားကို ၀ါကြွားပြောဆို ငြားအံ့၊ ထိုသူသည် ရဟန်းမဟုတ် တော့ပေ။ ရဟန်းကောင်း တို့နှင့် ဆက်ဆံရောနှောခွင့် မရှိတော့ပေ။ (ပါရာဇိက ကျလေပြီ)

ဥပမာအားဖြင့် လည်ဆစ်ပြတ်ပြီးသော ထန်းပင်သည် တစ်ဖန်ပြန်၍ စည်ပင်ကြီးပွားခြင်း မဖြစ်နိုင် သကဲ့သို့တည်း

( ၀ိနည်းမဟာဝဂ်ပါဠိတော်၊ မဟာခန္ဓက )
( လေးမြိုင် ၏ ဗုဒ္ဓ၏ ဥပမာတစ်ထောင် )

Wednesday, March 25, 2009

တဏှာကြောင့်


ကိလေသာအာရုံ ကာမဂုဏ် တရားတို့၌ နှစ်သက် သာယာဖွယ်ရာ ဟူ၍ ရှုမြင်လျက် နေသူသည် တပ်မက်ခြင်း တဏှာ ဖြစ်ပွား၏။ ထိုတဏှာကြောင့် စွဲလမ်းခြင်း ဥပါဒါန် ဖြစ်ပွား၏။ ထိုဥပါဒါန်ကြောင့် ဘ၀ဖြစ်၏။ ဘ၀ကြောင့် ပဋိသန္ဓေ နေရခြင်း ဇာတိ ဖြစ်၏။ ဇာတိကြောင့် အိုခြင်း ဇရာ၊ သေခြင်း မရဏ၊ စိုးရိမ်ခြင်း သောက၊ ငိုကြွေးခြင်း ပရိဒေ၀၊ ဆင်းရဲခြင်း ဒုက္ခ၊ နှလုံးမသာယခြင်း ဒေမနဿ၊ ပြင်းစွာပင်ပန်းခြင်း ဥပါယာသ တို့ဖြစ်ကုန်၏။

ကိလေသာအာရုံ ကာမဂုဏ် တရားတို့၌ နှစ်သက် သာယာဖွယ်ရာ ဟူ၍ မရှုမြင်ဘဲ အပြစ်ဟု ရှုမြင်လျက် နေသူကား တပ်မက်မှု တဏှာ ချုပ်၏။ တဏှာချုပ် သောကြောင့် စွဲလမ်းမှု ဥပါဒါန် ချုပ်၏။ ဥပါဒါန် ချုပ်သောကြောင့် ဘ၀ချုပ်၏။ ဘ၀ချုပ်သောကြောင့် ဇာတိချုပ်၏။ ဇာတိချုပ်သောကြောင့် ဇရာ၊ မရဏ၊ သောက၊၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ တို့ ချုပ်ငြိမ်းကုန်၏။

( နိဒါန၀ဂ္ဂ၊ နိဒါနသံယုတ်၊ ဒုက္ခ၀ဂ်၊ ဥပါဒါနသုတ်၊ သံယောဇနသုတ် )
( လေးမြိုင် ၏ ဗုဒ္ဓ၏ ဥပမာတစ်ထောင် )

Tuesday, January 20, 2009

ကာမဂုဏ် အငှားပစ္စည်း


ပွဲလမ်းသဘင်သို့ တက်ရောက် ကြည့်ရှုသူ မိန်းမ တစ်ယောက်သည် အ၀တ်အစားသစ်များ ၀တ်ဆင်လာသည်။ နားကပ်၊ လက်ကောက်၊ ဆွဲကြိုး စသည်တို့ ၀တ်ဆင်ကာ ပြင်ဆင် မွမ်းမံထား သဖြင့် တင့်တယ် လှပလျက် ရှိသည်။ ထိုမိန်းမအား အခြားသူများက " တင့်တယ်ပါပေ၏။ အ၀တ်တန်ဆာ ရတနာများ ပြည့်စုံပါပေ၏ " စသည်ဖြင့် ချီးမွှမ်းကြသည်။ ထိုမိန်းမသည်လည်း သာယာနှစ်သက်လျက် ရှိလေသည်။

စင်စစ်အားဖြင့် ထိုမိန်းမသည် အ၀တ်တန်ဆာ ရတနာများကို ငှားရမ်းဝတ်ဆင်ခြင်း ဖြစ်ရာ မကြာမီပင် ပိုင်ရှင်ထံသို့ ပြန်လည် အပ်နှံလိုက်ရ လေသည်။

ပြင်ဆင်မွမ်းမံ မှုဖြင့် သာယာ နှစ်သက်ခြင်းသည် လည်းကောင်း၊ အခြားလူများ၏ ချီးမွမ်းခြင်းသည် လည်းကောင်း၊ ပစ္စည်းများကို ပိုင်ရှင်ထံသို့ အပ်နှံလိုက်ရ သည်နှင့်အတူ ကုန်ဆုံးသွားလေသည်။ တင့်တယ် လှပခြင်းနှင့် သာယာနှစ်သက်ခြင်း တို့ကို ထိုမိန်းမ ဖမ်းကိုင်၍ မရ၊ သိမ်းဆည်း၍မရ၊ လိုချင် တောင့်တ သော်လည်း ပြန်လည် မရောက်လာနိုင်။

ကာမဂုဏ် ဟူသည်မှာ အငှားပစ္စည်း နှင့်တူသည်။ တခဏမျှဖြင့် ပျောက်ကွက် သည်သာဖြစ်သည်။ ထို့ကြောင့် ကာမဂုဏ်ကို လိုချင်တောင့်တ မှုသည် သူတစ်ပါး၏ ပစ္စည်းကို ခခယယ ငှားရမ်းရလေ သကဲ့သို့ အောက်တန်းကျ၍ ဆင်းရဲပင်ပန်း လှပေသည်။

( မဇ္ဈိမပဏ္ဏာသပါဠိတော်၊ ဂဟပတိဝဂ်၊ ပေါတလိယသုတ် )

Thursday, January 15, 2009

စည်းစိမ် နှင့် မစင်ပိုး

ပစ္စည်းဥစ္စာ ပေါများခြင်း၊ ရာထူးစည်းစိမ် ကြီးမြင့်ခြင်း၊ ထင်ပေါ် ကျော်ကြားခြင်း တို့သည် ဥာဏ်ပညာ မရှိသူအဖို့ အနှောင့်အယှက် ဖြစ်သည်။ အနှောင်အဖွဲ့ အပိတ်အပင် ဖြစ်သည်။ မစင်ပိုးကောင် ကဲ့သို့ ဖြစ်စေသည်။

  • မစင်စားသော ပိုးကောင်သည် မစင်ဖြင့် နစ်မွန်း၍ နေလေသည်။ ရှေ့၌လည်း မစင် အတိပြီးသည်။ နောက်၌ လည်းကောင်း၊ ဘေးပတ်ဝန်းကျင်၊ ထက်အောက် ၀န်းကျင်၌ လည်းကောင်း မစင်တို့ဖြင့် ၀ိုင်းဝိုင်းလည်ကာ ပြည့်နှက်၍ နေသည်။
  • မစင်ပိုးကောင်သည် ယင်းသို့လျှင် မစင်တို့ဖြင့် ပြည့်နှက် ၀န်းရံလျက် ရှိနေသည်ကိုပင် ကျေနပ်အားရကာ ၀င့်ကြွားလေသည်။ " ငါ၏ ရှေ့တွင် လည်းကောင်း၊ နောက်တွင် လည်းကောင်း၊ ဘေးပတ်ဝန်းကျင် တွင် လည်းကောင်း မစင် တို့သည် အပြည့်အနှက် ရှိနေသည် တကား " ဟူ၍ မော်ကြွား ထောင်လွှားတတ် လေသည်။

ဥာဏ်ပညာ ကင်းမဲ့သူအား ပစ္စည်းဥစ္စာ ပေါများခြင်း၊ ရာထူးစည်းစိမ် ကြီးမြင့်ခြင်း၊ ထင်ပေါ် ကျော်ကြားခြင်း သည်လည်း ထိုသူအဖို့ ၀င့်ကြွားထောင်လွှားရန် ဖြစ်ပေသည်။

ထို့ကြောင့် ထို ပညာမရှိသူအား မစင်စားသော၊ မစင်၌ မွေ့လျော်တတ်သော မစင်ပိုးနှင့် တူသည်ဟု ခိုင်းနှုန်းအပ် ပေသည်။

( နိဒါန၀ဂ္ဂ၊ လာဘသက္ကာရသံယုတ်၊ ပထပ၀ဂ်၊ မီဠှကသုတ် )

Tuesday, January 13, 2009

ဘဝဟောင်းကို မြင်ခြင်း

ဗုဒ္ဓသည် ကျင့်စဉ်တရားကို ဟောကြားထားပေသည်။ ထိုကျင့်စဉ်အတိုင်း အမှန်တကယ် ဆောက်တည် ကျင့်သုံး သူသည် စင်ကြယ်သော ဥာဏ်မျက်စိကို ရရှိနိုင်သည်သာ ဖြစ်သည်။ ထိုဥာဏ်မျက်စိဖြင့် ရှေး၌ ဖြစ်ခဲ့ဖူးသော ခန္ဓာအစဉ်ကို သိမြင်နိုင်သည်။ ရှေး၌ ဖြစ်ခဲ့ဖူးသော ဘ၀များစွာကို လည်းကောင်း၊ ထိုထိုဘ၀ များစွာတို့၌ ဖြစ်ခဲ့ဖူးသော အမျိုးအနွယ်၊ မြို့ရွာဒေသတို့ကို လည်းကောင်း၊ မည်သို့ မည်ပုံ ချမ်းသာကြွယ်ဝသည်၊ ဆင်းရဲ နွမ်းပါးသည် စသော အခြင်းအရာကို လည်းကောင်း ပြန်လည်၍ အောက်မေ့ သိမြင်နိုင်သည်သာ ဖြစ်သည်။

ဥပမာအားဖြင့် ယောက်ျားတစ်ယောက်သည် မိမိနေထိုင်သည့် ရွာမှ အခြားတစ်ရွာသို့ သွားရောက်သည်။ မိတ်ဆွေ အသီးသီးတို့၏ အိမ်များသို့လည်း ၀င်ရောက်သည်။ ထိုသူသည် မိမိရွာသို့ ပြန်လာပြီးလျှင် သွားရောက်ခဲ့သော ခရီးစဉ်ကို ပြန်လည်၍ အောက်မေ့လေသည်။

"" ငါသည် ရွာမှ ထွက်ခွာ၍ မည်သည့်လမ်းဖြင့် သွားသည်။ နှေးနှေးသွားသည်။ မြန်မြန်သွားသည်။ လမ်း၌ မည်သူနှင့် တွေ့ဆုံသည်၊ ထိုရွာသို့ ရောက်လျှင် မည်သူ့ အိမ်ကို ရှေးဦးစွာ ၀င်သည်၊ မည်သည့် စကားကို ပြောခဲ့သည်၊ ထို့နောက် အခြား မည်သူ့အိမ်သို့ သွားပြန်သည်၊ အိမ်တံခါး ပိတ်ထားသဖြင့် အခြားအိမ်သို့ သွားပြန် သည်။ မည်သူနှင့်တွေ့၍ မည်သည့် အကြောင်း ပြောခဲ့သည် "" စသည်ဖြင့် တစ်ဖန် ပြန်၍ အောက်မေ့ သိမြင်နိုင် သကဲ့သို့ ဖြစ်သည်။

ကြည်လင် သန့်ရှင်း နောက်ကျုကင်းသော ရေအိုင်တစ်အိုင် ရှိသည်။ ထိုရေအိုင်အနီးတွင် မျက်စိအမြင်ရှင်း၍ တိမ်သလ္လာကင်းသော ယောက်ျားတစ်ယောက် ရပ်လျက် ကောင်းစွာ ကြည့်ရှုသည်။ ထိုသူသည် ရေအိုင်ထဲရှိ ခရု၊ ယောက်သွား၊ ငါး၊ လိပ်တို့၏ သွားလာ လှုပ်ရှားမှုကို သိမြင်နိုင် သကဲ့သို့ ဖြစ်သည်။

( မဇ္ဈိမပဏ္ဏာသပါဠိတော်၊ ပရိဗ္ဗာဇက၀ဂ်၊ မဟာသကုလုဒါယိသုတ် )

Saturday, January 10, 2009

သမုဒ္ဒရာကြီး (၆) စင်း

ဤလောက၌ သမုဒ္ဒရာ၊ သမုဒ္ဒရာဟု ပြောဆိုလေ့ ရှိကြသည်။ ဤသို့ ပြောဆိုအပ်သော အရာသည် မြတ်စွာဘုရား၏ အဆုံးအမ၌ သမုဒ္ဒရာ မဟုတ်ပေ။ ကြီးကျယ် များပြားသော ရေအစ ရေအပြင် သာလျှင် ဖြစ်သည်။ သမုဒ္ဒရာ ဟူသည်မှာ မျက်စိ သမုဒ္ဒရာစစ်စစ်အားဖြင့် သတ္တာဝါတို့၏ မျက်စိသည် သမုဒ္ဒရာမည်ပါသည် ထိုမျက်စိသမုဒ္ဒရာ၌ အဆင်းရူပါရုံ တည်းဟူသော အဟုန်အရှိန်သည် ရှိသည်။ အကြင်သူသည် ထိုးအဆင်း တည်းဟူသော အဟုန်အရှိန်ကို သည်းခံနိုင်ငြားအံ့၊ ထိုသူသည် မျက်စိသမုဒ္ဒရာကို ကူးမြောက်ပြီးသူ ဖြစ်သည်။ လှိုင်းဘေး၊ ၀ဲကယက်ဘေး၊ ရေသတ္တ၀ါကြီးများ၏ ဘေးတို့ကို ကျော်လွန်ပြီး သူဖြစ်သည်။ ကမ်းတစ်ဖက်သို့ ရောက်ရှိပြီးသူ ရဟန္တာ ဖြစ်သည်။

နား သမုဒ္ဒရာ
  • သတ္တ၀ါတို့၏ နားသည် သမုဒ္ဒရာ မည်ပေသည်။ ထို နားသမုဒ္ဒရာ၌ အသံသဒ္ဒါရုံ တည်းဟသော အဟုန်အရှိန် ရှိသည်။ အကြင်သူသည် ထို အသံတည်းဟူသော အဟုန်အရှိန်ကို သည်းခံနိုင်ငြားအံ့၊ ထိုသူသည် နားသမုဒ္ဒရာ ကို ကူးမြောက်ပြီးသူ ဖြစ်ပေသည်။ လှိုင်းဘေး၊ ၀ဲကယက်ဘေး၊ ရေသတ္တ၀ါကြီးများ၏ ဘေးတို့ကို ကျော်လွန်ပြီး သူဖြစ်သည်။ ကမ်းတစ်ဖက်သို့ ရောက်ရှိပြီးသူ ရဟန္တာ ဖြစ်သည်။

နှာခေါင်း သမုဒ္ဒရာ
  • သတ္တ၀ါတို့၏ နှာခေါင်းသည် သမုဒ္ဒရာမည် ပေသည်။ ထိုနှာခေါင်း သမုဒ္ဒရာ၌ အနံ့ ဂန္ဓာရုံတည်း ဟူသော အဟုန်အရှိန် ရှိသည်။ အကြင်သူသည် ထို အနံ့တည်းဟူသော အဟုန်အရှိန်ကို သည်းခံနိုင်ငြားအံ့၊ ထိုသူသည် နှာခေါင်းသမုဒ္ဒရာ ကို ကူးမြောက်ပြီးသူ ဖြစ်ပေသည်။ လှိုင်းဘေး၊ ၀ဲကယက်ဘေး၊ ရေသတ္တ၀ါကြီးများ၏ ဘေးတို့ကို ကျော်လွန်ပြီး သူဖြစ်သည်။ ကမ်းတစ်ဖက်သို့ ရောက်ရှိပြီးသူ ရဟန္တာ ဖြစ်သည်။

လျှာ သမုဒ္ဒရာ
  • သတ္တ၀ါတို့၏ လျှာသည် သမုဒ္ဒရာမည် ပေသည်။ ထိုလျှာ သမုဒ္ဒရာ၌ အရသာ ရသာရုံတည်း ဟူသော အဟုန်အရှိန် ရှိသည်။ အကြင်သူသည် ထို အရသာတည်းဟူသော အဟုန်အရှိန်ကို သည်းခံနိုင်ငြားအံ့၊ ထိုသူသည် လျှာသမုဒ္ဒရာ ကို ကူးမြောက်ပြီးသူ ဖြစ်ပေသည်။ လှိုင်းဘေး၊ ၀ဲကယက်ဘေး၊ ရေသတ္တ၀ါကြီးများ၏ ဘေးတို့ကို ကျော်လွန်ပြီး သူဖြစ်သည်။ ကမ်းတစ်ဖက်သို့ ရောက်ရှိပြီးသူ ရဟန္တာ ဖြစ်သည်။

ကာယ သမုဒ္ဒရာ
  • သတ္တ၀ါတို့၏ ကိုယ်ခန္ဓာသည် သမုဒ္ဒရာမည် ပေသည်။ ထိုကိုယ် သမုဒ္ဒရာ၌ အတွေ့အထိ ဖောဋ္ဌဗ္ဗရုံတည်း ဟူသော အဟုန်အရှိန် ရှိသည်။ အကြင်သူသည် ထို အတွေ့အထိ တည်းဟူသော အဟုန်အရှိန်ကို သည်းခံနိုင်ငြားအံ့၊ ထိုသူသည် ကိုယ်သမုဒ္ဒရာ ကို ကူးမြောက်ပြီးသူ ဖြစ်ပေသည်။ လှိုင်းဘေး၊ ၀ဲကယက်ဘေး၊ ရေသတ္တ၀ါကြီးများ၏ ဘေးတို့ကို ကျော်လွန်ပြီး သူဖြစ်သည်။ ကမ်းတစ်ဖက်သို့ ရောက်ရှိပြီးသူ ရဟန္တာ ဖြစ်သည်။

စိတ် သမုဒ္ဒရာ
  • သတ္တ၀ါတို့၏ စိတ်သည် သမုဒ္ဒရာမည် ပေသည်။ ထို စိတ်သမုဒ္ဒရာ၌ သဘောတရား ဓမ္မာရုံတည်း ဟူသော အဟုန်အရှိန် ရှိသည်။ အကြင်သူသည် ထို သဘောတရား တည်းဟူသော အဟုန်အရှိန်ကို သည်းခံနိုင်ငြားအံ့၊ ထိုသူသည် စိတ်သမုဒ္ဒရာ ကို ကူးမြောက်ပြီးသူ ဖြစ်ပေသည်။ လှိုင်းဘေး၊ ၀ဲကယက်ဘေး၊ ရေသတ္တ၀ါကြီးများ၏ ဘေးတို့ကို ကျော်လွန်ပြီး သူဖြစ်သည်။ ကမ်းတစ်ဖက်သို့ ရောက်ရှိပြီးသူ ရဟန္တာ ဖြစ်သည်။

(သဠာယတန၀ဂ္ဂ၊ သဠာယတနသံယုတ်၊ သမုဒ္ဒ၀ဂ်၊ သမုဒ္ဒသုတ်)

Thursday, January 8, 2009

အရိယာမဂ်

ဘေးရန်ကင်း၍ ကောင်းကျိုးချမ်းသာ ဖြစ်စေတတ်သော လမ်းကောင်း ကိုခေါ်ဆိုပါသည်။

အရိယာမဂ် ဆိုသည်မှာ

  • မှန်ကန်သော ဥာဏ်အမြော်အမြင်
  • မှန်ကန်သော အကြံအစည်
  • မှန်ကန်သော ပြောဆိုမှု
  • မှန်ကန်သော ပြုလုပ်မှု
  • မှန်ကန်သော အသက်မွေးမှု
  • မှန်ကန်သော အားထုတ်ခြင်း လုံ့လ
  • မှန်ကန်သော အောက်မေ့ခြင်း
  • မှန်ကန်သော တည်ကြည်ခြင်း
တို့ဖြစ်သည်။

(မူလပဏ္ဏာသပါဠိတော်၊ သီဟနာဒ၀ဂ်၊ ၀ိတက္ကသဏ္ဍာနသုတ်)

မိစ္ဆာမဂ်

ဘေးရန်ထူပြော၍ ပင်ပန်းဆင်းရဲခြင်း ကြီးစွာ ဖြစ်စေတတ်သော လမ်းဆိုး ကိုခေါ်ဆိုပါသည်။

မိစ္ဆာမဂ် ဆိုသည်မှာ

  • မှားသော အမြင်
  • မှားသော အကြံအစည်
  • မှားသော စကား
  • မှားသော ပြုလုပ်မှု
  • မှားသော အသက်မွေးမှု
  • မှားသော အားထုတ်ခြင်း လုံ့လ
  • မှားသော အောက်မေ့ခြင်း
  • မှားသော တည်ကြည်ခြင်း
တို့ဖြစ်သည်။

(မူလပဏ္ဏာသပါဠိတော်၊ သီဟနာဒ၀ဂ်၊ ၀ိတက္ကသဏ္ဍာနသုတ်)

Wednesday, January 7, 2009

သူတို့ကြောင့်

စိတ်မဖြူစင် ညစ်ညူးစေတတ်သည့် တရားတို့သည် -

  • သူတစ်ပါး၏ စည်းစိမ်ကို ရှေးရှုကြံစည်၍ အလိုရှိခြင်း အဘိဇ္ဈာ 
  • မသင့်လျော်ရာ၌ လိုချင်တပ်မက်ခြင်း ၀ိသမလောဘ 
  • သူတစ်ပါးတို့အား ပျက်စီးစေလိုခြင်း ဗျာပါဒ 
  • အမျက်ထွက်ခြင်း ကောဓ 
  • ရန်ငြိုးဖွဲ့ခြင်း ဥပနာဟ 
  • ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်း မက္ခ 
  • ဂုဏ်ပြိုင်ခြင်း ပလာသ 
  • ငြူစူခြင်း ဣဿာ 
  • ၀န်တိုခြင်း မစ္ဆရိယ 
  • လှည့်ပတ်ခြင်း မာယာ 
  • စဉ်းလဲခြင်း သဋ္ဌေယျ 
  • စိတ်ခက်ထန်ခြင်း ထမ္ဘ 
  • ချုပ်ချယ်ခြင်း သာရမ္ဘ 
  • မောက်မော်ခြင်း မာန 
  • အလွန်မောက်မော်ခြင်း အတိမာန 
  • မာန်ယစ်ခြင်း မဒ 
  • သတိမေ့လျော့ခြင်း ပမာဒ တို့ ဖြစ်သည်။

ရဟန်းတို့ ဤတရား၌ကိန်းအောင်းလျှင် ဤတရားတို့နှင့် ယှဉ်လျှင် စိတ်ညစ်ညူး၏။ စိတ်မဖြူစင်ခြင်း ဖြစ်၏။ ဤတရားတို့အား သိမြင်၍ ပယ်စွန့်သည်ရှိသော် စိတ်မညစ်ညူးပေ။ စိတ်ဖြူစင်ခြင်း ဖြစ်၏။

(မူလပဏ္ဏသပါဠိတော်၊ မူလပရိယာယ၀ဂ်၊ ၀တ္ထသုတ်)

Friday, June 6, 2008

အိမ်မီးလောင်သော်

အိမ်မီးလောင်သော်

  • အိမ်ကို မီးလောင်သည်ရှိသော် အိမ်ရှင်သည် အိုး ခွက် စသည်တို့ကို ထုတ်ယူသယ်ဆောင်ရာ၏။ မီးစွဲလောင် ခြင်းမှ လွတ်ကင်းကျန်ရှိနေသော အချို့ပစ္စည်းများလည်းရှိသည်။ ထို ထုတ်ယူ သယ်ဆောင် ထားသော ပစ္စည်း သည်လည်းကောင်း၊ မီးမလောင်ကျွမ်းဘဲ ကျန်ရစ်ခဲ့သည့် ပစ္စည်းများသည် လည်းကောင်း အိမ်ရှင် အတွက်ဖြစ်သည်။ အိမ်ရှင်အဖို့ အထောက်အပံ့ ဖြစ်သည်။

  • ဤလောက၌ လူသားတို့အား အိုခြင်းမီး၊ နာခြင်းမီး၊ သေခြင်းမီး စသည်တို့သည် အစဉ်သဖြင့် တောက်လောင် ပူကျွမ်းလျက် ရှိနေပေသည်။ မသေမီက အပြစ်မရှိ ကောင်းမြတ်စင်ကြယ်သော ပြုမူလုပ်ဆောင်ချက်သည် သာလျှင်၊ ကုသိုလ်ကောင်းမှု အစုစုသည်သာလျှင် ထိုလူသားအတွက် အထောက်အပံ့ ဖြစ်လေသည်။ အိမ်မီး လောင်ရာ၌ ထုတ်ယူသယ်ဆောင်ထားအပ်သော ပစ္စည်းကဲ့သို့တည်း။
    (တိကနိပါတ်၊ ဗြဟ္မဏ၀ဂ်၊ ဒုတိယ ဒွေဗြာဟ္မဏသုတ်)

စပါးစေ့ နှင့် စိတ်

စပါးစေ့ နှင့် စိတ်

အစီအစဉ်ဖြင့် ကောင်းစွာ ထူမတ်၍ထားသော စပါးစေ့သည် ထက်မြက် စူးရှခြင်း သတ္တိစွမ်းကို ဆောင်ယူထား လေသည်။ လဲနေသော စပါးစေ့ကား ပြုပြင် စီစဉ်ခြင်း ကင်းမဲ့၍ ဖရိုဖရဲ တည်ရှိနေသည့် သဘောကို ဆောင်လေသည်။ ထက်မြက်စူးရှခြင်းသည် သတ္တိစွမ်းကို မဆောင်နိုင်ပေ။
ထိုနည်းတူစွာပင် ထိန်းသိမ်း၍ ပြုပြင်ထားသော စိတ်မှာ ထက်မြက်စူးရှခြင်း သတ္တိစွမ်းရည်ရှိ၏။ အလင်းရောင် သည်အမှောင်ကို ပျက်ပြယ်စေနိုင် သကဲ့သို့ တွေဝေမိုက်မဲခြင်း အ၀ိဇ္ဇာမောဟကို ဖြိုဖျက်ပစ်တတ်သည်။ အမှန်တရားတို့ သိမြင်နိုင်စွမ်း၏။
ထိန်းသိမ်းပြုပြင်ခြင်း မရှိသော စိတ်ကား ဖရိုဖရဲ ပျံ့လွှင့်၍ တည်ရှိနေသဖြင့် ထက်မြက်ခြင်း သတ္တိစွမ်း မရှိနိုင်ပေ။ အမှန်တရားကို သိမြင်နိုင်စါမ်း မရှိပေ။
ထို့ကြောင့် အမြင်မှန်၊ အသိမှန်၊ လမ်းမှန်ကို ရရှိရန်မှာ စိတ်ကို ထိန်းသိမ်း ပြုပြင်ရေးသည် အခြေခံဖြစ်သည်။
(ဧကကနိပါတ်၊ ပဏိဟိတအစ္ဆ၀ဂ်၊ ပထမသုတ် နှင့် ဒုတိယသုတ်)

Wednesday, June 4, 2008

တဏှာ မျောက်သိုး

တဏှာ မျောက်သိုး


မာလာနွယ်သည် ရှင်သန်ခက်ဖြာ တိုးပွား၍ လာသကဲ့သို့ မေ့မေ့လျော့လျော့ နေထိုင် ကျင့်သုံးသောသူသည် ကိလေသာ တဏှာ ပွား၍ပွား၍ တိုးလာသည်။
သစ်သီးကို လိုချင် တပ်မက်သော ထိုမျောက်သည် သစ်ပင်တစ်ပင်မှ အခြား တစ်ပင်သို့ ခုန်လွှားကူသန်း သကဲ့သို့ ကိလေသာတဏှာ တိုးပွားသူသည် ဘ၀ခရီးတွင် မဆုံးနိုင်အောင် ပြေးလွှားကူးသန်း နေရသည်။
(တဏှာဝဂ်၊ ကပိလမစ္ဆ၀တ္ထု)

Tuesday, June 3, 2008

တဏှာပိုက်ကွန်

တဏှာပိုက်ကွန်

ပိုက်ကွန် ညွှတ်ကွင်း၌ မိ၍နေသော ယုန်ငယ်ကိုကြည့်ပါ။ ကြောက်ရွံ့တုန်လှုပ်ကာ ပင်ပန်းဆင်းရဲ၍ နေသည်ကို တွေ့ရလိမ့်မည်။
ကိလေသာတဏှာဖြင့် ၀ိုင်းဝန်း ခြံရံလျက် သံယောဇဉ်အစေး ကပ်ငြိလျက်ရှိသော သူသည်လည်း ညွှတ်ကွင်း မိနေသော ယုန်သူငယ်ကဲ့သို့ဖြစ်သည်။ စိုးရိမ်ပူပန်ရသည်။
တဏှာတည်းဟူသော ပိုက်ကွန်တွင်းမှ လွတ်မြောက်မှသာလျှင် ဆင်းရဲခြင်းအပေါင်းမှ လွတ်မြောက်ပေမည်။
(တဏှာဝဂ်၊ သူကရပေါတိကာဝတ္ထု)

အမြစ်တဏှာ

အမြစ်တဏှာ

သစ်ပင်၏ အကိုင်းအခက် ပင်စည်ကို ခုတ်ဖြတ်ပစ်ရုံမျှဖြင့် ထိုသစ်ပင်သည် အပြီးတိုင် မပျက်စီးနိုင်ပေ။ အသစ်တစ်ဖန် ပေါက်ရောက် ပွားစည် လာပေဦးမည်။ အရင်းအမြစ်ပါ နုတ်ယူ ဖျက်ဆီးပစ်မှသာ ထိုသစ်ပင်သည် အစတုံးနိုင်ပေသည်။
ထို့အတူပင် တပ်မက်နှစ်သက်ခြင်း တဏှာ ကိန်းအောင်း တည်ရှိနေသမျှ ကာလပတ်လုံး ဆင်းရဲပင်ပန်းမှုသည် အဖန်ဖန် အထပ်ထပ် ဖြစ်နေသည်သာ ဖြစ်သည်။
(တဏှာဝဂ်၊ သူကရပေါတိကာဝတ္ထု)

တဏှာကြိုးခွေ

တဏှာကြိုးခွေ


သံခြေချင်း၊ ထိပ်တုံး၊ ကြိုးခွေ၊ လက်ထိပ် တို့သည် ဖွဲ့ချည် တုပ်နှောင်ရန် ကိရိယာတို့ဖြစ်သည်။ အနှောင် အဖွဲ့တို့ ဖြစ်ကုန်၏။
သား၊ သမီး၊ လင်မယား၊ ရွှေ၊ ငွေ၊ ရတနာ၊ စည်းစိမ်းတို့ကို စွဲမက် တွယ်တာခြင်းသည် ဖွဲ့ချည်တုပ်နှောင်ရန် ကိရိယာတို့ ဖြစ်ကုန်သည်။ ပိုမို ခိုင်မြဲသော အနှောင်အဖွဲ့တို့ ဖြစ်ကုန်၏။ ယင်းသည့် တဏှာ အစွဲအလမ်း တည်းဟူသော အနှောင်အဖွဲ့မှ လွတ်မြောက်အောင် ရုန်းထွက်နိုင်သူသည် မုချ ချမ်းသာရမည်ဖြစ်သည်။
(တဏှာဝဂ်၊ ဗန္ဓနာဂါရ၀တ္ထု)

Monday, June 2, 2008

ကိလေသာ မြက်တော

ကိလေသာ မြက်တော

မြက်ပင်၊ ပေါင်းပင်တို့သည် လယ်ယာကို ဖျက်ဆီးကြကုန်သည်။ ကောက်ပင်၊ ပဲပင်တို့သည် မြက်ပင်၊ ပေါင်းပင် တို့ကြောင့် ပျက်စီးကြကုန်၏။
တဏှာ၊ ရာဂ၊ လောဘ၊ ဒေါသ၊ မောဟ တည်းဟူသော ကိလေသာတို့သည် လူသတ္တ၀ါတို့ကို ဖျက်ဆီးကုန်၏။ လူသတ္တ၀ါတို့သည်လည်း ထိုကိလေသာ မြက်ပေါင်းပင်တို့ကြောင့် ပျက်စီးကြကုန်၏။
(တဏှာဝဂ်၊ အကုင်္ရ၀တ္ထု)

တဏှာ ပင့်ကူအိမ်

တဏှာ ပင့်ကူအိမ်

ပင့်ကူကောင်သည် မိမိပြုလုပ်သော ပင့်ကူအိမ်တွင် မွေ့လျော်အိပ်စက်၏။
ကိလေသာထူပြောသော သတ္တ၀ါတို့သည် စွဲလမ်းနှစ်သက်ခြင်း တဏှာကွန်ရက်တွင် ငြိကပ်စွဲလမ်း၍ ပျော်မွေ့ကုန်၏။
အသိပညာရင့်ကျက်သော သူတော်ကောင်းတို့သည် ပင့်ကူအိမ်နှင့်တူသည့် တဏှာကွန်ရက်မှ လွတ်မြောက်အောင် ရုန်းထွက်ကြကုန်၏။
(တဏှာဝဂ်၊ ခေမာထေရီဝတ္ထု)

Sunday, June 1, 2008

ကိုယ့်အားကိုယ်ကိုး

ကိုယ့်အားကိုယ်ကိုး

မြင်းကုန်သည်တို့သည် မိမိတို့ရောင်းမည့် မြင်းများကို ဂရုတစိုက်ရှိကြသည်။ အထူးသဖြင့် အမျိုးကောင်းသော မြင်းများကို ပိုမို၍ ဂရုတစိုက် ပြုစု မွေးမြူကြသည်။ အကြောင်းမှာ မျိုးကောင်းသော မြင်းသည် တန်ဖိုးကြီးသော ကြောင့်ဖြစ်သည်။
လူတို့သည် မိမိကိုယ်ကိုသာလျှင် အားကိုးရာဖြစ်သည်။ သူတစ်ပါးကို အားမကိုးရာ။ မြင်းကုန်သည်သည် အမျိုးကောင်း သောမြင်းများကို အရေးတယူ အလေးတမြတ် ပြုသကဲ့သို့ မိမိကိုယ်ကိုမိမိ အလေးအမြတ် ပြုရမည်။ အကြောင်းမှာ မိမိသာလျှင် မိမိအတွက် ပြုလုပ် ဖန်တီး နိုင်သောကြောင့် ဖြစ်သည်။
(ဘိက္ခုဝဂ်၊ နင်္ဂလကုလတ္ထေရ၀တ္ထု)

Monday, May 12, 2008

ခေါင်းဆောင်နှင့် နောက်လိုက်

မြစ်ကိုကူးကုန်သော နွားတို့တွင် ရှေ့ဆောင်နွားလားသည် ကောက်ကွေ့၍သွားသော် နောက်လိုက်နွားတို့သည်လည်း ကောက်ကွေ့၍ သာလျှင် လိုက်ကြကုန်သည်။

ရှေ့ဆောင်နွားလားသည် ဖြောင့်တန်းစွာ ကူးသွားပါမှ နောက်လိုက်နွားတို့ကလည်း ဖြောင့်တန်းစွာသာလျှင် ကူးလိုက်ကြကုန်သည်။

ဤလောက၌ တာဝန်ရှိသူ ခေါင်းဆောင်လုပ်သူက စည်းကမ်းတကျ အမှန်အကန် ကျင့်သုံးလုပ်ဆောင်လျှင် နောက်လိုက် လူများသည်လည်း စည်းကမ်းတကျ အမှန်အကန်ပင် ကျင့်သုံးလုပ်ဆောင်မြဲ ဖြစ်သည်။

ခေါင်းဆောင်လုပ်သူ အကြီးအကဲက စည်းကမ်းမရှိမူဘဲ မဟုတ်မမှန် ကျင့်သုံး လုပ်ဆောင်ပါမူ နောက်လိုက် လူအများမှာ အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။
(စတုက္ကနိပါတ်၊ ပတ္တကမ္မ၀ဂ်၊ အဓမ္မိကသုတ်)

Followers

Labels

Comments