ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog
Showing posts with label ပုဂံဘုရားများ. Show all posts
Showing posts with label ပုဂံဘုရားများ. Show all posts

Wednesday, April 1, 2009

တူရင်းတောင်စေတီ


တူရင်းတောင်စေတီတော်

တူရင်းတောင်စေတီ ကို အေဒီ ၁၀၅၉ တွင် အနော်ရထာမင်း တည်ခဲ့သည်။ အနော်ရထာမင်းသည် သီဟိုဠ် (ယခု သီရိလင်္ကာ) ဘုရင် ၀ိဇယဘာဟု(၁) ဆက်သလိုက်သော စွယ်တော်ကို ထပ်မံ ပွား၍ တူရင်းတောင်ထိပ် တွင် စေတီတည်ကာ စွယ်တော်ပွားကို ဌာပနာ ခဲ့သည်။

တူရင်းတောင်စေတီ ကို အောက်ခြေ အုတ်ခုံခံ၍ အုတ်ခုံမျက်နှာစာ တွင် ဆင်ရုပ် (၃၂)ရုပ်ကို အရပ်မျက်နှာ အလိုက် အချိုးကျ ပြုလုပ်ထားသည်။ အုတ်ခုံ အထက်တွင် ရှစ်မြှောင့် ပစ္စယာအထက်တွင် ဖောင်းရစ်နှင့် မိုးလျှောများ၊ ပုပြတ်သော ခေါင်းလောင်းပုံ၊ ခေါင်းလောင်းပုံတွင် စိန်တောင် များပါသည့် ရင်စည်း၊ သေးသွယ် ချွန်တက်သွားသည့် ဖောင်းရစ် တစ်လှည့်၊ မိုးလျှော တစ်လှည့်၊ အထွတ်၊ ကြာမှောက်၊ ရွှဲလုံး၊ ကြာလန်၊ ငှက်ပျောဖူး နှင့် ထီးတို့ဖြင့် အဆင့်ဆင့် တည်ထားသည်။

တူရင်းတောင်စေတီ ကို ခေတ်အဆက်ဆက် စေတနာရှင် များက ပြုပြင်မွမ်းမံခဲ့ကြ သဖြင့် စေတီအသစ်သဖွယ် ဖြစ်နေသည်။

အနော်ရထာမင်းကြီး တည်ထားကိုးကွယ်တော်မူခဲ့သော စွယ်တော်မြတ်လေးဆူ



( ဦးမောင်မောင် (ရန်ကုန်တက္ကသိုလ်) ၏ ပုဂံစေတီပုထိုးများ )

Tuesday, March 31, 2009

ဂူပြောက် (ဗိုလ်ချိုမိဂူပြောက်)



ဗိုလ်ချိုမိ ဂူပြောက်သည် မဟာဗောဓိပုံ ကွမ်းတောင် ပေါက်လိုဏ် နှစ်ဆင့်ဘုရားဖြစ်ပြီး ခရစ် (၁၃)ရာစုနှစ်က တည်ခဲ့သည်။ ဗြိတိသျှတို့က ၁၈၈၅ ခုနှစ်တွင် အထက် မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် မြန်မာ တိုင်းရင်းသားများက အင်္ဂလိပ်တို့အား ဆန့်ကျင် တော်လှန် တိုက်ခိုက်ခဲ့ရာ ပုဂံမှ ဗိုလ်ချိုသည် ထင်ရှားသော နယ်ချဲ့ တော်လှန်ရေး ခေါင်းဆောင် တစ်ဦး ဖြစ်သည်။ ၁၈၉၆ တွင် သီရိပစ္စယာရှိ ဂူပြောက်အတွင်း အင်္ဂလိပ်တို့က ဗိုလ်ချိုအား ဖမ်းဆီးရမိခဲ့သည့် အတွက် ဗိုလ်ချိုမိ ဂူပြောက်ဟု အမည်တွင်ခဲ့သည်။

ဗိုလ်ချိုမိဂူပြောက် ဘုရားတွင် နံရံဆေးရေး ပန်းချီများနှင့် အင်္ဂတေ ပန်းတော့လက်ရာများ ရှိသည်။ ကြက်တငို အ၀ိုင်းဈ ထောင့်ဘောင်ပန်း နှင့် စက်ဝိုင်းအတွင်းမှ ပန်းကွက်အလှများ နံရံတွင် ဘောင်ခတ် ထားသည့် သစ်ရွက်ပုံ ပန်းတန်း၊ စိန်ကွက်ပုံနံရံ ပန်းချီများနှင့် ခေတ်နှောင်းပိုင်းတွင် ရေးဆွဲထားသည့် လှေပုံများ ရှိသည်။

ဗိုလ်ချိုမိဂူပြောက်၏ မဟာဗောဓိ ကွမ်းတောင်မှ လေးထောင့်ကွက် အတွင်း ရုပ်ပုံပါသည့်အ၀ိုင်း ကွက်ပုံ ဖော်ထားသည့် အင်္ဂတေ ပန်းတော့လက်ရာများ၊ အ၀င်မုခ်မှ ရာမ လက်ညှိုးပုံ တံကဲပန်း၊ တိုင်ဖုံးပန်း၊ တိုင်အောက်ခံ အိုးမှ အင်္ဂတေပန်းနှင့် အရုပ်များ ချင်မိတ်တိုးတန်းမှ အင်္ဂတေပန်းများ ကို လေ့လာနိုင်သည်။

ဦးမောင်မောင် (ရန်ကုန်တက္ကသိုလ်) ၏ ပုဂံစေတီပုထိုးများ

Tuesday, March 24, 2009

ဂူပြောက်ကြီး (မြင်းကပါ)



ဂူပြောက်ကြီး (မြင်းကပါ)သည် ကွမ်းတောင်ပေါက် လိုဏ်နှစ်ဆင့်ဂူ ဘုရားဖြစ်ပြီး အေဒီ(၁၁၁၃) တွင် အမတ်ကြီး ရာဇကုမာရ် (ကျန်စစ်သားမင်း နှင့် သမ္ဘူလ မိဖုရား တို့၏သား)က တည်ခဲ့သည်။ ကျန်စစ်သားမင်းသည် အေဒီ (၁၀၈၄) တွင် ပုဂံထီးန်းကို ရရှိခဲ့ပြီး နန်းစံနှစ် (၂၈) နှစ် အေဒီ (၁၁၁၃) အရောက်တွင် မကျန်းမမာ ဖြစ်ခဲ့သည်။ ထိုအချိန်တွင် ကျန်စစ်သား နှင့် သမ္ဘူလ မိဖုရား တို့မှ မွေးဖွားသည့် ရာဇကုမာရ်သည် ဖခင်၏ ကျေးဇူးကို အောင့်မေ့သတိရကာ ရွှေဆင်းတု တစ်ဆူ ပြုလုပ်၍ ဖခင် ကျန်စစ်သားမင်းထံ သွားရောက်ပြီး ဤဘုရားကို ဖခင်အတွက် ပြုလုပ်ခြင်း ဖြစ်ကြောင်း ဖခင်ပေးထားသော ကျွန်သုံးရွာကို လည်းဤဘုရားအား လှူကြောင်း လျှောက်ထားခဲ့သည်။ ကျန်စစ်သားမင်းက ရာဇကုမာရ်၏ မိဘကျေးဇူး သိတတ်မှုအတွက် နှစ်သက် ၀မ်းမြောက်စွာနှင့် သာဓုခေါ်ကာ ရေစက်သွန်းခဲ့သည်။ ရာဇကုမာရ်သည် ထိုဘုရားကို ဌာပနာ၍ ဂူပြောင်းကြီး (မြင်းကပါ) ဘုရားကို တည်ခဲ့သည်။


မြစေတီကျောက်စာ (ယခု ရာဇကုမာရ် ကျောက်စာ) တွင် ဘုရား၏ မူလဘွဲ့တော် မပါရှိသော်လည်း ဂူဘုရားသည် မြင်းကပါရွာတွင် တည်ရှိပြီး ဂူဘုရား အတွင်း အပြင် အပြောက် အပြိန်းတို့ဖြင့် မွမ်းမံ တန်ဆာဆင်ထား၍ ဂူပြောက်ကြီး ဘုရားဟု ခေါ်တွင်ခဲ့သည်။

ဂူပြောက်ကြီး (မြင်းကပါ) တိုက်မအထက်တွင် ဆင်ခြေလျော အမိုး၊ ပစ္စယာများဖြင့် တည်ဆောက်ထားပြီး ကွမ်းတောင်ပေါက် ထားသည်။ ကွမ်းတောင် ပတ်လည် လေးမျက်နှာတွင် လေးထောင့် ဖောင်းပြားများ ဖော်၍ ကြက်လျာတွင် မုခ်ကပ်သုံးခု ပါရှိသည်။ နံရံဆေးရေး ပန်းချီကားများ၊ အင်္ဂတေ ပန်းတော့ လက်ရာများ၊ ကျောက်ဆစ် ပန်းတမော့ လက်ရာများ ရှိသည်။



ဂူပြောက်ကြီး (မြင်းကပါ) ဘုရားအတွင်း နံရံဆေးရေးပန်းချီများမှာ ဗုဒ္ဓ၀င် ပန်းချီများဖြစ်သည့် မြတ်စွာဘုရား တာဝတိံသာမှ ဆင်းလာခန်း၊ မြတ်စွာဘုရား တရားဟောခန်း နှင့် ဘုရား ဝေသာလီပြည်သို့ လှေဖြင့် သွားပုံ (၅၅၀) ဇာတ်ကွက်များ၊ ကောသလမင်း အိပ်မက် (၁၆)ချက်၊ (၅၄၄)ဘီစီတွင် ရာဇဂြိုဟ်ပြည် အဇာတသတ်မင်း လက်ထက် ပထမသင်္ဂါယနာ တင်ပွဲ၊ (၄၄၄)ဘီစီတွင် ဝေသာလီပြည် ကာဠာ သောကမင်းလက်ထက် ဒုတိယသင်္ဂါယနာ တင်ပွဲ၊ (၃၀၉) ဘီစီတွင် ပါဋလပုတ်ပြည် သီရိဓမ္မာသောက မင်းကြီး (အသောက) မင်းလက်ထက် တတိယသင်္ဂါယနာ တင်ပွဲ အပါအ၀င် အခြား ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သည့် အကြောင်းအရာ များဖြစ်သည့် သီဟိုဠ်နိုင်ငံ ဧဠာရမင်းသည် နန်းတော်ရှေ့တွင် တရားခေါင်းလောင်း ချိတ်ဆွဲကာ တရားသဖြင့် အုပ်ချုပ်ပုံ၊ သီဟိုဠ်နိုင်ငံ ဒေ၀ါနံပီယမင်း နှင့် ရှင်မဟိန္ဒတို့ အမေးအဖြေခန်း ပန်းချီများ ဖြစ်သည်။ ထို့ပြင် နတ်သား နတ်သမီးများ ကနေပုံ၊ နန်းတွင်းသူ နန်းတွင်းသားများပုံ၊ ပုဂံခေတ် အမျိုးသား အမျိုးသမီးပုံ များလည်း ရှိသည်။ (၁၉၈၄) မှစ၍ ရှေးဟောင်း သုတေသနဦးစီးဌာန သည် ကုလသမဂ္ဂ အကူအညီဖြင့် ဂူပြောက်ကြီး (မြင်းကပါ) ဘုရား အတွင်းရှိ နံရံဆေးရေး ပန်းချီများနှင့် မင်စာများကို ဓာတုဗေဒနည်းဖြင့် ပြန်လည် ထင်ရှား ပေါ်လွင်လာအောင် ဆောင်ရွက်ခဲ့သည့် အတွက် ဘုရားရှိ နံရံဆေးရေး ပန်းချီများ နှင့် ရှေးဟောင်း မွန်ဘာသာ ကမ္ပည်းစာများကို ဖတ်ရှု လေ့လာနိုင်ပြီ ဖြစ်သည်။

ဂူပြောက်ကြီး (မြင်းကပါ) ဘုရား၏ အပြင်မျက်နှာစာ များရှိ ဘီလူးပန်းဆွဲ၊ ထောင့်ဘောင်ပန်း အင်္ဂတေပန်း စသည့် အင်္ဂတေ၊ ပန်းတော့ လက်ရာများနှင့် ဘုရားရှိ ကျောက်လေသာ ပြူတင်းပေါက်များ ဖောက်ထားပုံကို လေ့လာနိုင်သည်။ ဂူဘုရားရှိ အလယ်ဗဟို ဂန္ဓကုဋီတိုက် ပတ်လည်တွင် စင်္ကြပတ်လမ်းရှိပြီး စင်္ကြအတွင်း နံရံ မုခ်ကပ်များရှိ ဗုဒ္ဓရုပ်ပွား ကျောက်ဆစ် ပန်းတမော့ လက်ရာများကို လေ့လာနိုင်သည်။

( ဦးမောင်မောင် - ရန်ကုန်တက္ကသိုလ် ၏ ပုဂံစေတီပုထိုးများ )

Monday, February 16, 2009

စူဠာမဏိဘုရား


စူဠာမဏိ ဘုရားသည် ကွမ်းတောင်ပေါက် လိုဏ်နှစ်ဆင့်ဂူဘုရားဖြစ်ပြီး အေဒီ ၁၁၈၃ တွင် နရပတိစည်သူမင်း (အေဒီ ၁၁၇၄-၁၂၁၁) တည်ခဲ့သည်။

စူဠာမဏိ ဘုရားဘွဲ့တော်မှာ (စူဠ-သျှောင်ထုံး၊ မုနိ-ဘုရား) ဟူ၍ အဓိပ္ပာယ် ရသည်။ ဘုရားအတွင်းရှိ ခရစ် ၁၅ ရာစုက ရေးထိုးထားသည့် မင်စာတွင် ဘုရားဘွဲ့တော်ကို "ဇောတမဏိ၊ ပတ္တမြား ရောင်လျံ " ဟုဖော်ပြ ထားသည်။

စူဠာမဏိ ဘုရားကျောက်စာအရ နရပတိ စည်သူမင်းသည် ၂၀ အောက်တိုဘာ ၁၁၈၃ တွင် ပုဂံအရှေ့ဘက် ခြောက်မိုင် အကွာ တုရင်းတောင်သို့ ထွက်ခွာစဉ် တောက်ပသော အရောင်ကို မြင်မိသည်။ နရပတိ စည်သူမင်းက မှူးမတ်တို့အား "ထို တောက်ပသော အရာသည် မီးလော " ဟုမေးမြန်းရာ မှူးမတ်တို့က "မီး" ဟု လျှောက်တင်ခဲ့သည်။ နရပတိ စည်သူများသည် တုရင်းတောင်မှ အပြန်တွင် ထိုတောက်ပသော အရာပေါ် ထွက်နေသည့် နေရာကို မြတ်စွာတကား ဟုဆို၍ ဂူတည်ဆောက်ရန် အရာနင်းခဲ့သည်။ ထို့နောက် ထိုနေရာတွင် လိုဏ်နှစ်ဆင့် ဂူဘုရား တည်ဆောက်ခဲ့သည်။ နရပတိ စည်သူများကြီးသည် စူဠာမဏိ ဘုရား တည်ဆောက်ပြီးစီး သောအခါ ရေစက်သွန်း အမျှဝေခဲ့သည်။ သာသနာတော် အနှစ် ၅၀၀၀ တည်တံ့ရန် ရည်ရွယ်၍ လယ်ယာမြေများလည်း လှူဒါန်းခဲ့သည်။ စူဠာမဏိ ဘုရားတွင် နံရံဆေး ပန်းချီများ၊ အင်္ဂတေ ပန်းလက်ရာများ၊ စဥ့်ကွင်းများကို လေ့လာနိုင်သည်။

စူဠာမဏိ ဘုရားတွင် ပုဂံခေတ်၊ အင်းဝခေတ် နှင့် ကုန်းဘောင်ခေတ် လက်ရာ နံရံပန်းချီများကို တွေ့ရသည်။ ဂူဘုရား မြေညီထပ် အလယ်မဏ္ဍိုင် ပတ်လည် စင်္ကြပေါင်းကူး မျက်နှာကြက်တွင် အ၀ါရင့် နှင့် အနက်ရောင် ဆေးတို့ဖြင့် ရေးဆွဲထားသည့် ပုဂံခေတ်လက်ရာ ခြူးပန်း ခြူးနွယ် နှင့် ကနုတ်ပန်းများ ရှိသည်။ မြေညီထပ် ဗုဒ္ဓရုပ်ပွား ဆင်းတုကြီး များ၏ ဘေးနှင့် စင်္ကြနံရံတွင် ကုန်းဘောင်ခေတ် လက်ရာနံရံပြည့် ရေးဆွဲထားသည့် ဗုဒ္ဓရုပ်ပွားပုံ၊ မြတ်စွာ ဘုရားဝါဆိုစဉ်များ၊ နှစ်ကျိပ်ရှစ်ဆူ ဘုရားပုံ၊ ဧတဒဂ်ရ ပုဂ္ဂိုလ်များနှင့် ဗုဒ္ဓ၏တပည့် သာဝက (၈၀) တို့၏ ပုံများရှိသည်။ ဂူဘုရား အတွင်း ခေတ်အဆက်ဆက်က ရေးမှတ်ခဲ့သော နံရံကမ္ပည်း စားများရှိပြီး အချို့မှာ သင်္သကရိုက်ဘာသာ၊ အချို့မှာ ရှေးမြန်မာ အက္ခရာ တို့ဖြင့် ရေးထိုးထားသည်။

ဂူဘုရား၏ အပြင်ပတ်လည်တွင် အင်္ဂတေပန်းတော့ လက်ရာများ ဖြစ်သည့် တိုင်ဖုံးပန်းများ၊ ဘီလူး ပန်းဆွဲများ၊ ကနုတ်ပန်းများ၊ ပုလဲလုံးများ၊ ရာမလက်ညှိုးနှင့် စုလစ်မွန်းချွန် တံကဲပန်းများကို လေ့လာနိုင်သည်။ ဂူဘုရား၏ ပစ္စယာအဆင့်ဆင့် စိန်တန်းများတွင် စဥ့်ဝါနှင့် စဥ့်စိမ်းရောင် စဥ့်ကွက် စဥ့်ပန်းများဖြင့် မွမ်းမံ တန်ဆာဆင် ထားသည်။

ဦးမောင်မောင် (ဘီအေ)သမိုင်း၊ ရန်ကုန်တက္ကသိုလ် ၏ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ပုဂံစေတီပုထိုးများ
ပုံကို Flicker မှ ရယူထားပါတယ်။

Thursday, January 22, 2009

စိုးမင်းကြီးစေတီ




စိုးမင်းကြီး စေတီကို အေဒီ (၁၁၇၅)တွင် စိုးမင်းကြီး တည်ခဲ့သည်။ စိုးမင်းကြီး စေတီတည်ရာတွင် အောက်ခြေတွင် ပစ္စယာ အဆင့်ဆင့်ခံ၍ အပေါ်၌ စေတီတည်ထာခြင်းဖြစ်သည်။ စိုးမင်းကြီး စေတီ၏ ပစ္စယာ အဆင့်များတွင် မူလက အလွန်လှပသည့် စဥ့်ကွင်းများ အပြည့်ရှိသော်လည်း ယခုအခါ အနည်းငယ်မျှသာ ကျန်ရှိတော့သည်။

Saturday, January 17, 2009

ဓမ္မရံကြီးဘုရား


ဓမ္မရံကြီးဘုရားသည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူ ဘုရားကြီးဖြစ်ပြီး အေဒီ (၁၁၆၅)တွင် နရသူမင်း (ခ) ကုလားကျမင်း အေဒီ (၁၁၆၃-၁၁၆၅) တည်ခဲ့သည်။ ထု-ဓမ္မရံ၊ ဥာဏ်-သဗ္ဗညု၊ အနု-အာနန္ဒာ၊ တန်ခိုး- ရွှေစည်းခုံ ဟူသော အဆိုအရ ဓမ္မရံ ဘုရားကြီးသည် ပုဂံဒေသတွင် ထုထည် အကြီးဆုံး ဖြစ်သည်။


ဓမ္မရံကြီးဟူသော အမည်သည် ဓမ္မရံသီ (တရားတော်၏ ထွန်းပရာ) ဟူ၍ အဓိပ္ပာယ်ရသည်။ ဓမ္မရံကြီးဘုရားဟာ အမည်တွင် သည်မှာ နရပတိစည်သူ (စည်သူ-၂) လက်ထက် ဓမ္မရံကြီးအမည်ရှိ မထေရ် ထိုဘုရားတံတိုင်း ၀င်းအတွင်း အနောက်ဘက် ထောင့်ရှိ အုတ်ကျောင်းတွင် သီတင်းသုံး ခဲ့သည့်အတွက် ထိုမထေရ်ကို အကြောင်းပြု၍ ဓမ္မရံသီဘုရား ဟု ခေါ်ခဲ့ကြရာမှ ကာလကြာသော် ဓမ္မရံကြီး ဟု ပြောင်းလဲအမည် တွင်ခဲ့သည်ဟု ဆိုသည်။ နရသူမင်းသည် ဖခင် အလောင်းစည်သူမင်းအား သတ်မိသည့်အတွက် နောင်တရပြီး ထိုမကောင်းမှု ပြေပျောက် စေရန်ကြီးစွာသော ကောင်းမှုပြုလုပ်ရန် ရည်ရွယ်၍ ဓမ္မရံကြီး ဘုရားကို တည်ခဲ့ခြင်း ဖြစ်သည်။

ဓမ္မရံကြီးဘုရားတွင် အုတ်စီအုတ်နင်း ကောင်းမွန်မှုတို့ကို လေ့လာနိုင်သည်။ ဘုရားအတွင်း အုတ်နံရံတွင် ဓားစီခုတ် (အုတ်များကို သရွတ်နှင့် မစိမီ ဓားဖြင့် ရွှေခုတ်ခြင်း) အုတ်စီပုံများ၊ အမိုးခုံးများတွင် သဲကျောက်များ ညှပ်စီ၍ စီထားပုံများ၊ ဘုရား၏ နံရံထောင့်များတွင် ကျင်တွယ်ပုံ ထောင့်ချုပ် ကျောက်တုံးများ၊ နံရံနှစ်ခုတွဲ ဆက်နေစေရန် ထောင့်ချုပ် ပေါင်းကူးများကို လေ့လာနိုင်သည်။ (ထိုသို့ ပြုလုပ် တည်ဆောက် ထားသောကြောင့် ငလျင်ဒဏ် အကြိမ်ကြိမ် ခံရသော်လည်း ထိခိုက် ပျက်စီးမှု နည်းပါးခဲ့သည်။


ဓမ္မရံကြီး ဘုရားအုတ်စီလက်ရာ ကောင်းမွန်သည့်အတွက် အုတ်တစ်ချပ် နှင့် တစ်ချပ်အကြား အပ်ထိုး၍ မရနိုင်အောင် စေ့စပ်သေချာသည်ဟု ပြောစမှတ် ပြုကြသည်။ ဘုရားတည်ရာတွင် နရသူမင်း ကိုယ်တိုင် ကြီးကြပ် စစ်ဆေးပြီး အလုပ်တာဝန် ပေါ့လျော့လျှင် အပြစ်ပေးသည့် အတွက် ပန်းရံ ဗိသုကာ တို့သည် စေ့စပ်သေချာအောင် လုပ်ဆောင်နေရ၍ ဘုရားတည်၍ မပြီးနိုင်ဟု အဆိုရှိသည်။

ဓမ္မရံကြီး ဘုရားအလယ်မဏ္ဍိုင် ပတ်လည်၌ စင်္ကြပတ်လမ်း နှစ်ထပ်ရှိသော်လည်း အတွင်းစင်္ကြ ပတ်လမ်း တစ်ခုလုံး နှင့် အပြင်စင်္ကြပတ်လမ်း အတွင်းမှ အတွင်း စင်္ကြသို့ ၀င်ပေါက် အားလုံးကို အုတ်ဖြင့် အသေပိတ်ဆို့ထားသည်။

Thursday, January 15, 2009

ကျောက်ဂူဥမင်ဘုရား



ကျောက်ဂူဥမင်ကို ခရစ် (၁၁) ရာစုတွင် နရပတိစည်သူမင်း တည်ခဲ့သည်။ ကျောက်ဂူဥမင် တွင်ရှိသော ကျောက်စာအရ နရပတိ စည်သူမင်း (အေဒီ-၁၁၆၅-၁၂၁၁) လက်ထက် ကျောက်ဂူဥမင်တွင် သခင်ထံပါ (ဓံပါ- ဓမ်ပါလ်-ဓမ္မပါလ်) သီတင်းသုံးလျက် ရှိကြောင်း၊ နရပတိစည်သူ မင်းသည် အေဒီ (၁၁၈၈) တွင် သခင်ထံပါ၏ ဘုရား၌ ကျွန်များ လှူဒါန်းခဲ့သည်ဟု သိရှိရသည်။


ကျောက်ဂူဥမင်သည် သဲကျောက် ကမ်းပါးယံကို ထွင်း၍ အုတ်နှင့်ကျောက် ရော၍ ဥမင် တည်ဆောက် ထားခြင်း ဖြစ်သည်။ ကျောက်ဂူဥမင် တိုက်မ မြေညီထပ်တွင် အတွင်း အပြင် ကျောက်အုတ်များဖြင့် တည်ဆောက် ထားပြီး အပေါ်ပိုင်း နှစ်ဆင့်မှာ ရိုးရိုးမြေအုတ် များဖြင့် တည်ဆောက် ထားသည်။ ဥမင်၏ မြောက်ဘက်တွင် အ၀င်မုခ်၊ အာရုံခံခန်းမ ရှိပြီး မြောက်ဘက် မျက်နှာမူနေသည့် သဲကျောက်ဖြင့် ထုလုပ် ထားသည့် ဗုဒ္ဓရုပ်ဆင်းတု ရှိသည်။ ရုပ်ပွားဆင်းတု၏ အရှေ့၊ အနောက်နှင့် မြောက်ဘက်တွင် စင်္ကြလမ်းများ ရှိသည်။ ဥမင်အတွင်းသို့ ဆင်းတုတော်၏ အရှေ့ အနောက် ခုံးဖြောင့် ပေါင်းကူး ၀င်ပေါက်မှ ဥမင်လိုဏ်ခေါင်း အတွင်း ၀င်ရောက်နိုင်သည်။ ဥမင် လိုဏ်ခေါင်းအတွင်း ၀င်္ကပါသဖွယ် ထောင့်ချိုးများဖြင့် ဖောက်လုပ်ထားပြီး ၀င်္ကပါလမ်း၌ ကမ္မဌာန်း ဘာဝနာ တရား အားထုတ်ရန် အခန်းကျဉ်းများ ရှိသည်။ ဥမင်၏ အရှေ့ နှင့် မြောက်ဘက် မျက်နှာတွင် ပြတင်းပေါက်များ ရှိသည်။ ဥမင်လိုဏ်ခေါင်း အတွင်း အလင်းရောင် ရရန် ရောင်လင်း ပေါက်များ ဖောက်ထားသည်။

ကျောက်ဂူဥမင်တွင် နံရံဆေးရေးပန်းချီနှင့် ကျောက်ဆစ် ပန်းတမော့ လက်ရာများ လေ့လာနိုင်သည်။ ကျောက်ဂူဥမင် အတွင်းရှိ ပဓာနဗုဒ္ဓရုပ်ပွား ဆင်းတုတော် ကြီး ရှိသည့် ဂန္ဓကုဋီတိုက် နံရံ အောက်ပိုင်းတွင် နံရံ ဆေးရေး ပန်းချီများ ရှိသည်။


ဂူ၏ အာရုံခံ ခန်းမကြီးကို ကြီးမားသော ကျောက်အုတ်စီ တိုင်မကြီး နှစ်ခုက ထောက်ထားပြီး ကျောက်တိုင် အောက်ခြေ ပတ်လည်တွင် အလွန်လှပသော ကျောက်ပန်းခက်များ ထွင်းထားသည်။ ကျောက်ဂူ တိုက်မအတွင်း အရှေ့၊ အနောက်နှင့် မြောက်နံရံတွင် နံရံမုခ် ကပ်သုံးတန်း ရှိပြီး နံရံမုခ်ကပ် (၄၉)ခု ရှိသည်။ ထိုနံရံမုခ်ကပ်များတွင် ဗုဒ္ဓရုပ်ပွား ကျောက်ဆင်းတုများ နှင့် ဗုဒ္ဓ၀င်ခန်း ဆိုင်ရာ ကျောက်ဆစ်ရုပ်ထု များရှိသည်။ ဗုဒ္ဓရုပ်ထုများတွင် ခမည်းတော် သုဒ္ဓေါဒန မင်းကြီး လယ်ထွန်း မင်္ဂလာပြုစဉ် ဘုရားလောင်း သိဒ္ဓတ္တ မင်းသားဇဗ္ဗူ့ သပြေပင်ရိပ်တွင် နေပုံ၊ မုစလိန္ဒာ သတ္တဟ စံနေပုံ၊ ဘုရားလောင်း ဒုက္ကရ စရိယာ ကျင့်စဉ်၊ နတ်တို့က နားရွက်မှ သြဇာသွင်းပုံ ကျောက်ဆစ် လက်ရာများကို လေ့လာနိုင်သည်။ (အမျိုးသား ယဉ်ကျေးမှု ပြတိုက်ရှိ ဘုရားလောင်း ဖွားတော်မူခန်း ကျောက်ဆစ်ရုပ်ထုမှာ ဤ ကျောက်ဥမင်မှ ယူဆောင် ပြသခြင်း ဖြစ်သည်။)


ကျောက်ဂူဥမင်၏ အ၀င်မုခ် လက်ဝဲလက်ယာ ထောင့်ချိုးများတွင် အလွန်လှပသော ကျောက်ဆစ်လက်ရာ ဘီလူးရုပ်၊ မိန်းမရုပ်၊ ကြာပန်းများ အကြား ကိန္နရီ ကိန္နရာရုပ်၊ နတ်ရုပ်၊ ခြင်္သေ့၊ ကျား၊ သမင်၊ ယုန်ရုပ်များကို ကျောက်အုတ် များစီ၍ ထွင်းထု ထားသည်။

Wednesday, January 7, 2009

အပယ်ရတနာဘုရား




အပယ်ရတနာ ဂူဘုရားသည် သီဟိုဠ်ပုံ လိုဏ်တစ်ဆင့် ဂူဘုရားဖြစ်ပြီး ခရစ် (၁၁) ရာစုနှောင်းတွင် ကျန်စစ်သားမင်းနှင့် အပယ်ရတနာမိဖုရားတို့ တည်ခဲ့သည်။

ကျန်စစ်သားသည် စောလူးမင်းရန်ကြောင့် မြင်းပါရွာအနီး ပုန်းအောင်းနေရစဉ် ဇနီးဖြစ်သူ အပယ်ရတနာက သွားရောက် တွေ့ဆုံခြင်း၊ ထမင်းပို့ခြင်း ပြုလုပ်ခဲ့သည်။ ကျန်စစ်သား ပုဂံထီးနန်း ရရှိပြီးနောက် အပယ်ရတနာမိဖုရား ထမင်းလာပို့ရာ အရပ်၌ အမှတ်တရအဖြစ် အပယ်ရတနာဘုရား ကိုတည်ခဲ့သည်။

အပယ်ရတနာဘုရား တိုက်မအထက်တွင် ပစ္စယာ အဆင့်များ၊ မိုးလျောများ၊ ထောင့်စေတီများဖြင့် တည်ဆောက်ထားပြီး ခေါင်းလောင်းပုံ သပိတ်မှောက် အထက်တွင် ဖရုံတုံးခံ၍ ဖောင်းရစ် အထွတ်စေတီ ရှိသည်။

အပယ်ရတနာဘုရားရှိ နံရံဆေးရေး ပန်းချီများတွင် မဟာယာန (ကြီးသောယာဉ်) ဂိုဏ်းဗုဒ္ဓဘာသာနှင့် ဟိန္ဒူအယူဝါဒနှင့် သက်ဆိုင်သော ပုံများကို အခြားဘုရား များထက် ပိုမိုတွေ့ရသည်။ ဘုရားတွင် မဟာယာန ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သည့် ဗောဓိသတ္တ / အ၀လောကိတေသွာရ (လောကနာထ) သည် ကြာပွင့်ပေါ်ထိုင်ပြီး လက်ယာလက်တွင် ကြာပွင့်ကိုင်ကာ လက်ဝဲလက်မှာ ၀၇ဒမုဒြာ အနေအထားဖြင့် ရေးဆွဲထားသည့် ပုံများ၊ ထိုင်နေသည့် နတ်ရုပ်ပုံများ၊ မတ်တပ်ရပ် နတ်ရုပ်ပုံများ၊ ဂူပေါက်တန်း အသီးသီးတွင် ဗုဒ္ဓပုံ၊ ရသေ့ပုံများ၊ စင်္ကြအတွင်း ပတ်လမ်း အပြင်နံရံအပေါ်ဘက်တွင် အရိုးတပ် စက်ဝိုင်းများအတွင်း ဗြဟ္မာ၊ သီဝ၊ ဗိဿနိုး ပုံများနှင့် အ၀င်ခန်းမဆောင်တွင် ရှေးမွန်ဘာသာဖြင့် ကမ္ပည်းမင်စာ ရေးထိုးထားသည့် ဗုဒ္ဓ၀င် နံရံဆေးရေး ပန်းချီများ ရှိသည်။ အပယ်ရတနာဘုရား တွင် ဇာပြတင်းပေါက် တပ်ဆင်ထားသည်ကို လေ့လာနိုင်ပါသည်။

Monday, December 29, 2008

နန်းဘုရား


နန်းဘုရားသည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူ ဘုရားဖြစ်ပြီး (၁၂)ရာစုတွင် နရပတိ စည်သူမင်း၏ သားမက်၊ မနုဟာမင်း၏မြစ် နာဂသမန်း အမတ်က တည်ခဲ့သည်။ နာဂသမန်းသည် ၄င်း၏ဘေးတော် ဖြစ်သော မနုဟာမင်း နေထိုင်ရာအရပ်၌ အထိမ်းအမှတ် အဖြစ် နန်းဘုရား တည်ခဲ့ခြင်း ဖြစ်သည်။ နန်းဘုရားတွင် ကျောက်ဆစ် ပန်းတမော့ လက်ရာများကို လေ့လာနိုင်သည်။ နန်းဘုရား အတွင်း အုတ်ရိုးနံရံပေါ်တွင် ကျောက်ဖြင့် တန်ဆာဆင်ထားသည်။ နန်းဘုရား၏ ဂူမကြီးကို အတွင်းကွန်းစင်တိုင် လေးတိုင်က ထောက်ထားပြီး ကျောက်တိုင်ကြီး လေးတိုင်၏ မျက်နှာတွင် ဦးခေါင်းသုံးလုံးပါ ကျောက်ဗြဟ္မာရုပ် နှစ်ရုပ် (ဗြဟ္မာကြီးသည် ကြာဖတ်များပေါ် ထိုင်၍ လက်နှစ်ဖက်က အောက်ခံ ကြာရိုးများမှ တစ်ဆင့် ဖူးပွင့်လာသည့်ကြာပွင့် ကြာချပ်များကို မထားဟန်) ဘီလူးပန်းဆွဲပုံများ နှင့် ထောင့်ချိုး ဘီလူး ပန်းကိုက်ရုပ်များ ရှိသည်။

ထိုရုပ်ပုံများကို ကျောက်သား တစ်တုံးစီ၌ ရုပ်ပုံ အပိုင်းအစများ ထွင်းထုထားပြီး ကော်ရည်တစ်မျိုးဖြင့် ကပ်ကာ ဖောင်းကြွအောင် ပုံဖော်ထားသည်။ နန်းဘုရား အပြင်ဘက် မျက်နှာစာအားလုံး ကျောက်ချပ်တို့ဖြင့် စီ၍ဆောက်လုပ် ထားပြီး အပြင်နံရံ အခြေပတ်လည်တွင် ကာလသာအိုး (ကြာသွတ်အိုး) ပုံခံ ထားပြီး အထက်တွင် ကြာပန်းကြာနွယ်များ အကြား မွန်အထိမ်းအမှတ် ဟင်္သာရုပ်များကို ပတ်လည်တွင် ထွင်းထုတန် ဆာဆင်ထားသည်။

နန်းဘုရား၏ ဇာပြတင်းပေါက် များကို ကျောက်အုတ်များဖြင့် စီထားပြီး ပြတင်းပေါက် ပတ်လည်တွင် ကျောက်ဆစ် ပန်းကြွများ ထွင်းထုထားသည်။ ပြတင်းပေါက်များ၏ အထက်တံကဲ တစ်ဖက်တစ်ချက် စိုင်ဘောင်တွင် မကာရ်းပုံ၊ အလယ်ရှိ ငှက်ပျောဖူးတွင် ကျက်သရေ နတ်သမီး (ကျော်ဂြီ-Kyauk-Sri) ပုံရှိသည်။ တံကဲအလယ်တွင် ပန်းပြောက်များပါသော ပုဝါစည်းထားသည့် ကလသာအိုး ပုံများကို ထွင်းထုထားသည်။

Friday, December 26, 2008

နဂါးရုံဘုရား


နဂါးရုံဘုရားသည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူ ဘုရားဖြစ်ပြီး ခရစ် (၁၁) ရာစုနှောင်းတွင် ကျန်စစ်သားမင်း တည်ခဲ့သည်။ ကျန်စစ်သားသည် စောလူးမင်းရန်ကြောင့် မြင်းကပါရွာ အနီး ပုန်းအောင်း နေရစဉ် ဇနီးဖြစ်သူ အပယ်ရတနာက သွားရောက် တွေ့ဆုံလေ့ရှိသည်။ တစ်နေ့တွင် အပယ်ရတနာ ကျန်စစ်သားထံသွားရာ အိပ်ပျော်နေသည့် ကျန်စစ်သားကို နဂါးတစ်ကောက်က ပါးပြင်းဖြင့် မိုးနေသည်ကို တွေ့ရသည်။ ကျန်စစ်သားနိုးလာလျှင် နဂါးလည်း ပျောက်ကွယ် သွားသည်။ ထိုအကြောင်းကို အပယ်ရတနာက ကျန်စစ်သားမင်းအား ပြောပြရာ ကျန်စစ်သားက မိမိမင်းဖြစ်မည့် နိမိတ်ဟု အပယ်ရတနာအား ပြောကြားခဲ့သည်။ ကျန်စစ်သား ပုဂံထီးနန်း ရရှိပြီးနောက် ၄င်းအား နဂါးပါးပြင်မိုးထားရာ နေရာ၌ နဂါးရုံဘုရား တည်ခဲ့သည်။


နဂါးရုံဘုရားကို မိုးလျော၊ ပစ္စယာအဆင့်ဆင့်ဖြင့် တည်ဆောက်ထားပြီး ပစ္စယာအထက်တွင် ကွမ်းတောင်နှင့် အထွတ်စေတီ ပေါက်ထားသည်။ ပစ္စယာများ၌ ထောင့်စေတီများ ရှိသည်။ နဂါးရုံဘုရားတွင် နံရံများနှင့် စင်္ကြပတ်လမ်း နံရံများတွင် ဗုဒ္ဓ၀င်ခန်းများ၊ မြတ်စွာဘုရား တရားဟောခန်း နံရံဆေးရေး ပန်းချီများကို ရှေးမွန်ဘာသာ ကမ္ပည်းစာများနှင့် တကွ တွေ့ရသည်။


နဂါးရုံဘုရား၏ အ၀င်ခန်းမဆောင် နံရံမုခ်ကပ်များတွင် ဗုဒ္ဓ၀င်ခန်း ဖြစ်သည့် မယ်တော်မာယာ အိပ်မက်ခန်း၊ မြတ်စွာဘရား ရွှေခွက်မျောခန်း၊ တာဝတိံသာ နတ်ပြည်မှ ဆင်းလာခန်း၊ မြတ်စွာဘုရား တရားဟောခန်း၊ ပါလိလေယျက (ပလလည်း) တောတွင် သီတင်းသုံးခန်းနှင့် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုခန်း စသည့် ကျောက်ဆစ်ရုပ်တု များနှင့် ဂူဘုရားအတွင်းရှိ လက်ဝဲ လက်ယာ နံရံမုခ်ကပ် များတွင်လည်း သဲကျောက်ဖြင့် ထုလုပ်ထားသည့် ကြာပလ္လင်ပေါ်ရှိ ဗုဒ္ဓရုပ်ပွား ဆင်းတုများ၊ ဒီပင်္ကရာဘုရား ရှေ့မှောက်သုမေဓာ ရှင်ရသေ့ ဗျာဒိတ်ခံယူပုံ စသည့် ကျောက်ဆစ်ရုပ်တု များကို လေ့လာနိုင်သည်။

နဂါးရုံဘုရား အပြင်ဖက်နံရံတွင် တန်ဆာဆင်ထားသည့် အင်္ဂတေပန်းတော့ လက်ရာများ ဖြစ်သည့် ဘီလူးပန်းဆွဲများ အင်္ဂတေပန်း များကိုလည်း လေ့လာနိုင်သည်။ နဂါးရုံဘုရား အခြေမှ အတွင်း တံတိုင်းအထိ စဥ့်စိမ်းသုတ် အုပ်ချပ်များ ခင်းထားသည်။

Sunday, December 21, 2008

တန့်ကြည့်တောင်စေတီ


တန့်ကြည့်တောင်

ပုဂံဒေသတွင် အနော်ရထာမင်း ၏ကောင်းမှု မြတ်စွယ်တော် လေးဆူမှာ ရွှေစည်းခုံစေတီ၊ တန့်ကြည့်တောင် စေတီ၊ လောကနန္ဒာ စေတီနှင့် တူရင်းတောင် စေတီ တို့ဖြစ်သည်။ မြတ်စွယ်တော် ၄ ဆူစလုံးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး နှင့် အလှူငွေများကို အညီအမျှ ကပ်လှူပူဇော်၍ တစ်နေ့တာ အတွင်း အပြီးဖူးမျှော် ကြိုညိုပါက လိုရာဆန္ဒပြည့်ဝ မည်ဟု ယုံကြည်ကြသည်။

တန့်ကြည့်တောင် စေတီကို အေဒီ (၁၀၅၉) တွင် အနော်ရထာမင်း တည်ခဲ့သည်။ အနော်ရထာမင်းသည် သီဟိုဠ် ၌ ဘုရင်ဝိဇယဘာဟု(၁) ဆက်သလိုက်သော စွယ်တော်ကို ထပ်မံပွား၍ တန့်ကြည့်တောင် ပေါ်ရှိ သီရိဓမ္မာသောက မင်းတည်ခဲ့သည့် စေတီကို ပြုပြင်မွမ်းမံကာ စွယ်တော်ပွားကို ဌာပနာခဲ့သည်။

တန့်ကြည့်တောင် စေတီကို အောက်ခြေတွင် ပစ္စယာ အဆင့်ဆင့်ခံ၍ သပိတ်မှောက် ခေါင်းလောင်းပုံ၊ ခေါင်းလောင်းပုံတွင် ပန်းဆွဲများ တန်ဆာဆင် ထားသည့် ရစ်စည်း၊ ဖောင်းရစ် အဆင့်ဆင့်၊ ဖောင်းရစ်များ အထက်တွင် ကြာမှောက်၊ ကြာလန်၊ ငှက်ပျောဖူး၊ ထီးတော်တို့ဖြင့် တည်ဆောက်ထားသည်။

တန့်ကြည့်တော် စေတီကို ခေတ်အဆက်ဆက် စေတနာရှင်များကပြုပြင် မွမ်းမံခဲ့သဖြင့် စေတီအသစ်သဖွယ် ဖြစ်နေသည်။

Sunday, December 14, 2008

လောကနန္ဒာစေတီ



လောကနန္ဒာ စေတီကို အေဒီ ၁၀၅၉ တွင် အနော်ရထာမင်း တည်ခဲ့သည်။ အနော်ရထာ မင်းသည် သီဟိုဠ်ကျွန်းမှ ဆက်သလိုက်သော စွယ်တော်ကို ထပ်မံပွား၍ လောကနန္ဒာ သင်္ဘောဆိပ်အနီး ကုန်းမြင့်တွင် လောကနန္ဒာ စေတီတည်၍ ဌာပနာ ခဲ့သည်။


လောကနန္ဒာ စေတီကို အောက်ခြေတွင် ရှစ်ထောင့် ပစ္စယာခံထားပြီး ရှစ်ထောင့် ပစ္စယာ အလယ်တွင် ပစ္စယာသုံးဆင့်နှင့် ခေါင်းလောင်းပုံ ရှည်ရှည် ဖောင်းရစ် အဆင့်ဆင့်ဖြင့် တည်ဆောက်ထားသည်။

လောကနန္ဒာ စေတီကို ခေတ်အဆက်ဆက် ပြုပြင် မွမ်းမံခဲ့သဖြင့် စေတီအသစ် ကဲ့သို့ ဖြစ်နေသည်။


လောကနန္ဒာ စေတီ အရှေ့ဘက် တန်ဆောင်း အတွင်းတွင် သဲကျောက် အမာစားဖြင့် ထုလုပ်ထားသည့် ၁.၈၃ မီတာ (၆-ပေ)ခန့် မြင့်သည့် ဗုဒ္ဓရုပ်ပွား ဆင်းတု (ဈာနမုဒြာ) ကို ဖူးမျှော်နိုင် ပါသည်။

Wednesday, December 10, 2008

စိမ်းညက်အမဂူဘုရားနှင့် စိမ်းညက်ညီမစေတီ


စိမ်းညက်အမ ဂူဘုရားသည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူ ဘုရားဖြစ်ပြီး စိမ်းညက်ညီမ စေတီသည် သီဟိုလ်ပုံ စေတီဖြစ်ကာ ခရစ် (၁၂)ရာစု ကတည်းက တည်ခဲ့သည်။


ပုဂံဒေသရှိ ဂူဘုရားနှင့် စေတီကို ပူးတွဲ တည်သည့် ရှေးဟောင်း သာသနိက အဆောက်အအုံ နှစ်ခု ( ဖြတ်စရွှေကူ နှင့် ပုထိုး/ စိမ်းညက်အမဂူ ဘုရားနှင့် စိမ်းညက် ညီမစေတီ အနက် တစ်ခု ) အပါအ၀င် ဖြစ်သည်။


စိမ်းညက်အမ ဂူဘုရားတွင် နံရံဆေးရေး ပန်းချီများနှင့် အင်္ဂတေ ပန်းတော့လက်ရာ များရှိသည်။ စိမ်းညက်အမဂူ အတွင်းစင်္ကြ ပတ်လမ်းနံရံ ရုပ်တုများ နောက်ရှိ ဗောဓိပင် ပုံများ၊ တောင်ဘက် အာရုံခံ ခန်းမတွင် ဗုဒ္ဓရုပ်ပွားပုံ ပါရှိသည့် စက်ဝိုင်းပန်း အထပ်များ၊ သစ်ရွက်ပုံ ပန်းတန်းများ၊ အရှေ့ဘက် အ၀င် ခန်းမနံရံတွင် (၅၅၀) ဇာတ်ကွက် ပန်းချီများနှင့် ကနုတ်ပန်း နံရံပန်းချီများ ရှိသည်။

Monday, December 1, 2008

ရွှေဆံတော်စေတီ

ရွှေဆံတော်စေတီကို အေဒီ (၁၀၅၇) တွင် အနော်ရထာမင်း တည်ခဲ့သည်။ ဥဿာပဲခူးမင်းသည် ပုဂံ အနော်ရထာမင်း၏ စစ်ကူကြောင့် ကျွမ်းစစ်သည်မျာကို အောင်နိုင် ခဲ့သည်။ ဥဿာပဲခူးမင်း သည် အနော်ရထာမင်းကို ကျေးဇူးတုန့်ပြန်သည့် အနေဖြင့် မွန်မင်းအဆက်ဆက် ကိုးကွယ်ခဲ့သည့် ဗုဒ္ဓ ဆံတော်တစ်ဆူနှင့် သမီးတော် မဏိစန္ဒာကို ဆက်သခဲ့သည်။ အနော်ရထာ မင်းသည် ဗုဒ္ဓဆံတော်ကို စလေသို့ ကိုယ်တိုင် ဆင်း၍ ကြိုယူခဲ့သည်။ အေဒီ (၁၀၅၇)တွင် ထို ဗုဒ္ဓရွှေဆံတော်ကို ဌာမနာ၍ ရွှေဆံတော် စေတီတည်ခဲ့သည်။ ရွှေဆံတော် စေတီတွင် မဟာပိန္နဲနတ်ရုပ်များ ပြုလုပ်ထား၍ မဟာပိန္နဲ ဘုရားဟုလည်း ခေါ်ဝေါ်ခဲ့ ကြသည်။ ရွှေဆံတော် စေတီကို လေးထောင့် ပစ္စယာ ငါးဆင့်အထက်၌ ရှစ်ထောင့်ကြာ ၀န်းခံ၍ ခေါင်းလောင်းပုံ၊ ရင်ဖွဲ့ခါးပတ်၊ သပိတ်မှောက်၊ ဖောင်းရစ် စသည်ဖြင့် ၀န်းဝိုင်းရှုးတက်ကာ အထွတ် စေတီတင်ထားသည်။

ရွှေဆံတော် စေတီ၏ မျက်နှာလေးဘက်တွင် ဂန္ဓကုဋီတိုက်များရှိပြီး အတွင်းတွင် သဲကျောက် အမာစာဖြင့် ပြုလုပ်ထားသည့် ဗုဒ္ဓရုပ်ပွား ကျောက်ဆင်းတုများ ရှိသည်။

Sunday, November 30, 2008

မဟာဗောဓိဘုရား



မဟာဗောဓိဘုရားသည် မဟာဗောဓိပုံ ကွမ်းတောင်ပေါက် လိုဏ်နှစ်ဆင့် ဂူဘုရား ဖြစ်ပြီး ၂၆-၃-၁၂၁၆ တွင် နားတောင်းများမင်းက တည်ခဲ့သည်။


အိန္ဒိယနိုင်ငံ ဘီဟာနယ် ဗုဒ္ဓဂါယာဒေသရှိ မြတ်စွာဘုရား သဗ္ဗညုတ ဥာဏ်စတင် ရရှိသည့် မဟာဗောဓိ ညောင်ပင်အနီးတွင် မဟောဗောဓီပုထိုး ပျက်စီး ယိုယွင်း နေသည်ကို ကြားသိရပြီး သွားရောက်ပြင်ဆင် မွမ်းမံခဲ့ရာမှ မြန်မာတို့ မဟာဗောဓိ ဘုရား ပုံသဏ္ဍာန်ကို သိရှိခဲ့သည်။ နားတောင်းများ မင်းလက်ထက်တွင် အိန္ဒိယနိုင်ငံရှိ မဟာဗောဓိဘုရား ပုံစံအတိုင်း တည်ခဲ့ခြင်း ဖြစ်ပြီး မူလက အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ ကဲ့သို့ ပုဂံမဟာဗောဓိဘုရား ပတ်ဝန်းကျင်တွင် သတ္တဌာန ဆိုင်ရာ အမှတ်အသား အဆောက်အအုံ များရှိခဲ့သည်။



မဟာဗောဓိ ဘုရားအပေါ်ထပ် လိုဏ်အရှေ့ နံရံတွင် ပထမ အင်းဝခေတ် ရေးကမ္ပည်း မင်စာ (၁၃)ကြောင်း ရှိသည်။ တိုက်မ၏ အပြင်နံရံ ကွမ်းတောင်အရှည်၏ အပြင်နံရံ များတွင် ဗုဒ္ဓဂါယာရှိ မဟာဗောဓိဘုရားကဲ့သို့ မုခ်ကပ် အချိုင့်များ ပြုလုပ်ကာ မတ်တပ်ရပ်၊ လျောင်းတော်မူ၊ ဗုဒ္ဓရုပ်ပွားတော် ပေါင်းများစွာကို ထည့်သွင်းထားသည်။


မဟာဗောဓိဘုရား အပြင်တွင် အင်္ဂတေ ပန်းတော့ လက်ရာများဖြစ်သည့် အင်္ဂတေ ပန်းတန်းများ၊ ငှက်ရုပ်၊ နတ်ရုပ်များဖြင့် တန်ဆာဆင်ထားသည်။

Wednesday, November 26, 2008

လေးမျက်နှာဘုရား

လေးမျက်နှာဘုရား သည် ကွမ်းတောင်ပေါက်လိုဏ် တစ်ဆင့်ဂူဘုရား ဖြစ်ပြီး ၁၅-၁၂-၁၂၂၃ တွင် အမတ်ကြီး အနန္တသူရ နှင့် ဇနီးတို့က တည်ခဲ့သည်။

လေးမျက်နှာဘုရား ကျောက်စာအရ ၁၅-၁၂-၁၂၂၃ တွင် အမတ်ကြီး အနန္တသူရ နှင့် ဇနီးက အတိုင်းမသိသောသဒ္ဓါစိတ်ဖြင့် ကုသိုလ်ကောင်းမှု ပြုကြောင်း၊ အာမနာကန် အရပ်၌ ထန်းပင်များ စိုက်ခြင်း၊ တံတိုင်းနှစ်ထပ် ခတ်ခြင်းနှင့် တံတိုင်း အတွင်း၌ ကလသားအိုး အယောင်နှင့် တူသော တင့်တယ်စွာသော စင်္ကြထက်၌ ဂူတည်ကြောင်းသရီရဓာတ်တော်ကို ကြုတ်အဆင့်ဆင့် ထည့်ပြီး ဌာပနာကြောင်း၊ စေတီအထွတ်ကို ရွှေဖြင့် ပြုလုပ်ပြီး အထွတ်ထက်၌ရွှေထီးတင်လှူခဲ့ကြောင်း တရားနာ ပရိသတ်များအတွက် ဓမ္မသာလာ ဆောက်ခြင်း၊ သခင်ထေရ် သီတင်းသုံးရန်ကျောင်းကြီးဆောက်ခြင်း၊ သခင်အရိယာတို့ သီတင်းသုံးရန် ကျောင်းများ ဆောက်ခြင်း၊ ရေတွင်းတူးခြင်း၊ ရေကန်တူးခြင်း၊ ဥယျာဉ်စိုက်ခြင်းနှင့် အရပ်လေးမျက်နှာ မှလာသောသူများ တည်းခိုရန် တန်ဆောင်းဆောက်ခြင်း၊အုတ်ဇရပ် ဆောက်ခြင်းနှင့် ကပ္ပိယငုဋီဆောက် ခဲ့ကြောင်း၊ ၄င်းတို့ကိုယ်စား ဘုရားပြုပြင်ရန် သန့်ရှင်းရေး လုပ်ရန်နှင့်ဘုရား၌ သင်ပုတ်၊ ဆီမီး၊ ဆွမ်း၊ ပန်း မပြတ်တင်ရန် အတွက် ကျွန်များ လှူခဲ့ကြောင်း သိရှိရပါသည်။

လေးမျက်နှာဘုရား၏ အတွင်းနံရံ အောက်ပိုင်းများရှိ နံရံဆေးရေး ပန်းချီများမှာ ထုံးသုတ်လိုက်သည့် အတွက် ပျက်စီးနေပြီဖြစ်သော်လည်း အပေါ်ပိုင်းတွင် နံရံဆေးပန်းချီများ ကျန်ရှိသေးသည်။ ဂူဘုရား၏ အရှေ့အ၀င်ခန်းမ ပေါင်းကူး မျက်နှာကြက်တွင် ဗုဒ္ဓခြေတော်ရာ၊ နံရံအထက်ပိုင်းတွင် မဟောသဓာဇာတ် နံရံဆေးရေးပန်းချီ (နံရံအောက်ပိုင်းထုံးသုတ်လိုက်၍ နံရံဆေး ပန်းချီများ ပျက်စီးခဲ့ပြီ ဖြစ်သည်။) များကို ကမ္ပည်းစာနှင့် တကွ လေ့လာနိုင်သည်။ ဂူဘုရားအတွင်း ပေါင်းကူး မျက်နှာကြက်တွင် ရုပ်ပုံများပါသော စက်ဝိုင်းပုံ ပန်းခက်ပန်းနွယ်များ၊ နံရံတွင် (၅၅၀)ဇာတ်ကွက်နှင့် ကမ္ပည်းစာများ၊ နှစ်ကျိပ်ရှစ်ဆူ ဘုရားများနှင့် အကြောင်းအရာ ကမ္ပည်းစာများ၊ ဗုဒ္ဓ၀င်ခန်းနှင့်ကမ္ပည်းစာများ၊ ဗုဒ္ဓရုပ်ပွားပုံများ ရှိသည်။
လေးမျက်နှာ ဂူဘုရား၏ အပြင်ဘက် မျက်နှာစာရှိ အင်္ဂတေ ပန်းတော့လက်ရာ များကို လေ့လာနိုင်သည်။

Monday, November 24, 2008

ဂူပြောက်ငယ် (မြင်းကပါ)







ဂူပြောက်ငယ် (မြင်းကပါ) သည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့် ဂူဘုရားဖြစ်ပြီး အေဒီ(၁၁၉၈) တွင် တည်ခဲ့သည်။ ဂူပြောက်ငယ် (မြင်းကပါ)သည် နားထောင်များ (ထီးလိုမင်းလို) မင်းငယ်စဉ်က စာသင်ပေးသော အကြေတလ အရှေ့ မောလညာရွာ ဇာတိမဟာထေရ် ဓမ္မရာဇဂုရု သီတင်း သုံးသွားသော ဘုရားဖြစ်သည်ဟု အဆိုရှိသည်။

ဂူပြောင်ငယ် (မြင်းကပါ) ဘုရားတွင် နံရံဆေးရေး ပန်းချီဆေးရေးပန်းချီ အင်္ဂတေ ပန်းတော့လက်ရာနှင့် ကျောက်ဆစ် ပန်းတမော့ လက်ရာများ ကို လေ့လာနိုင်သည်။ ဂူပြောက်ငယ်ဘုရား အတွင်း အ၀င်ခန်းမ၊ စင်္ကြလမ်းနှင့်  တိုက်မဂူ၏ ပေါင်းကူးမျက်နှာကြက်များနှင့် နံရံများတွင် နံရံဆေးရေး ပန်းချီများရှိသည်။ တံကဲပုံ၊ ပန်းဘောင်ပုံ၊ ပန်းတောင်ပုံများနှင့် ပုဂံခေတ်ဇာတ ဂြိုဟ်နေကွက်များ ရေးဆွဲထားသည်ကို တွေ့ရသည်။ ဂူပြောက်ငယ်တွင် အေဒီ (၁၃၁၃) နှစ်ရေး ကမ္ပည်းစာ (၁၃)ကြောင်း ရှိပြီး "ကျောင်းဖြူ နန်းကျမင်း ကောင်းမှု ဖြစ်သော ပျက်စီးနေသည့် ရပ်တော်မူ ဗုဒ္ဓရုပ်ပွား ဆင်းတုကို သခင်ဖွားစောကြီးက ပြုပြင်ကြောင်း " မှတ်တမ်း ဖြစ်သည်။

ဂူပြောက်ငယ် (မြင်းကပါ)ဘုရား၏ အပြင်ဘက် မျက်နှာစာ တွင် အင်္ဂတေပန်းတော့ လက်ရာများ လေ့လာနိုင်သည်။ ဘုရားအလယ် မဏ္ဍိုင်လေး မျက်နှာရှိ ဗုဒ္ဓရုပ်ပွား ဆင်းတုတော်ကြီးများ၏ အနောက်နံရံတွင် ဖောင်းကြွဆေးချယ် အင်္ဂတေ တံကဲများ အလွန်လှပပုံကို လေ့လာနိုင်သည်။

ဂူပြောက်ငယ် (မြင်းကပါ) ဘုရား၏ အလယ်မဏ္ဍိုင် ပတ်လည်တွင် စင်္ကြလမ်းရှိပြီး စင်္ကြပတ်လမ်း၏ အပြင်နံရံရှိ မုခ်ကပ်များတွင် မူလက ဗုဒ္ဓ၀င်ခန်း ကျောက်ဆစ် ပန်းတမော့ လက်ရာများရှိသည်။ (၁၉၉၃) ခုနှစ်တွင် ဗုဒ္ဓ၀င် ခန်းကျောက်ဆစ် ရုပ်တုရှစ်ဆူကို ပုဂံရှေးဟောင်း ယဉ်ကျေးမှုပြုတိုက်သို့ ရွှေ့ပြောင်း ပြသထားသည်။

Friday, November 14, 2008

သမ္ဘူလဂူဘုရား







သမ္ဘူလဂူဘုရားသည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူ ဘုရားဖြစ်ပြီး (၁၅-၂-၁၂၅၆) တွင် သုံးလူလမိဖုရား တည်ခဲ့သည်။ သမ္ဘူလ ဂူဘုရားကျောက်စာတွင် (၁၅-၂-၁၂၅၆)တွင် ကျစွာမင်း၏သမီး၊ ဥဇ္ဇနာမင်း၏ ပယ်မယား တိလောကစန္ဒြ နာမဟာဒေ၀ီ (သုံးလူလ) မိဖုရားသည် ဆောက်ခဲ့ကြောင်း ဖော်ပြထားသည်။ သမ္ဘူလဂူအတွင်း အေဒီ (၁၂၈၂) က ရေးထိုးသည့် နံရံကမ္မည်းမင်စာတွင် သုံးလူလ ကို သမ္ဘူလဟု ရေးထိုးခဲ့ရာမှ သမ္ဘူလဘုရားဟု အမည်တွင် လာခြင်းဖြစ်ပါသည်။

သမ္ဘူလဘုရားတွင် နံရံဆေးရေး ပန်းချီများနှင့် အင်္ဂတေ ပန်းတော့ လက်ရာများရှိသည်။ အ၀င်ခန်းမ၏ ပေါင်းကူး မျက်နှာကြက်တွင် ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားပုံ အတန်း၊ နံရံတွင် သစ်ရွက်ပုံပန်းတန်း၊ အရိမေတ္တယျ ဘုရားနှင့် သက်ဆိုင်သော နံရံပန်းချီများနှင့် ပါဠိကမ္ပည်းစာများ၊ လက်ရေးလှ စာလုံးများ ရှိသည်။ အာရုံခံ ခန်းမများရှိ ပေါင်းကူး မျက်နှာကြက်တွင် ပန်းခက် ပန်းနွယ်ပုံများ၊ နံရံတွင် ဗုဒ္ဓ၀င် နံရံဆေးရေး ပန်းချီများ၊ စင်္ကြလမ်း ပေါင်းကူး မျက်နှာကြက်တွင် ထောင့်ဘောင်တန်းများ၊ စက်ဝိုင်းအတွင်း ဗုဒ္ဓရုပ်ပွားပုံများ ပါရှိသည့် ပန်းကွက်အလှများ၊ စင်္ကြံနံရံတွင် သစ်ရွက် ပန်းတန်းများ၊ နှစ်ကျိန်ရှစ်ဆူ ဘုရားပုံများ၊ လေးထောင့်ကွက်အတွင်း မှ ဗုဒ္ဓရုပ်ပွားတော်ပုံ များနှင့် အလယ်မဏ္ဍိုင် လေးမျက်နှာ ဗုဒ္ဓရုပ်ပွား ဆင်းတုများ၏ အနောက်နံရံတွင် ဗောဓိညောင်ပင်ပုံများကို လေ့လာနိုင် သည်။

သမ္ဘူလဂူဘုရား၏ အရှေ့အ၀င်မုခ်တံကဲမှ အင်္ဂတေ ပန်းတော့လက်ရာများ၊ တိုင်ဖုံးပန်းများ၊ ဘုရားအပြင် ပတ်လည်ရှိ ဘီလူးပန်းဆွဲ၊ မကာရ်း၊ ကိန္နရာ၊ မနုဟီဟ၊ ခြင်္သေ့၊ ရာမလက်ညှိုးနှင့် စိုင်ပေါင်များ ကနုတ်ပန်းများကို လေ့လာနိုင်သည်။

Followers

Labels

Comments