ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog

Monday, June 23, 2008

လူချမ်းသာ စိတ်ချမ်းသာ (၁၂)

ငွေဆိုတာ မျက်နှာပွင့်ဆေး

ချမ်းသာလိုသူသည် ငွေဆိုတာ မျက်နှာပွင့်ဆေး တစ်လက်ပါလား ဟု သဘောပေါက်သင့်သည်။ ငွေသည် စွမ်းအား ကြီးမား၏၊ တန်ခိုးရှိ၏၊ လူဖျင်း၊ လူအ၊ လူနုံ၊ လူဗာလ၊ လူရာမ၀င်သူတို့သည် ငွေကြောင့် လူရာမ၀င် နိုင်၏။ ရုပ်ဆိုးသူတို့သည် ငွေကြောင့် ရုပ်ချောသူတို့အကြားမှာ နေရာရ၏။ လူကို အမွမ်းတင်နိုင်သူမှာ ငွေပင်ဖြစ်သည်။


ငွေရှိမှ လူရာဝင်သည်။ ငွေများ တရားနိုင်ဟုဆိုသည်။ ငွေသည် ပညာရှိတို့၏ နှလုံးသော်မှ ကိုင်လှုပ်နိုင်၏။ ပြတ်ပြတ်သားသား ရှိသူသည် ငွေကြောင့် မပြတ်မသား ဖြစ်တတ်သည်။ ကြမ်းတမ်းသူသည် ငွေကြောင့် ပျော့ပျောင်းသွားရသည်။ ပျော့ပျောင်းသူသည်လည်း ငွေကြောင့် ကြမ်းတမ်းသွားနိုင်သည်။ ငွေသည် လောကကြီး ကို တလွဲတချော်ဖြစ်အောင် လုပ်နိုင်စွမ်းသည်။ ငွေသည် အရာရာကို လုပ်ဆောင်နိုင်သည်ဟု အင်္ဂလိပ် စကားပုံက ဆိုသည်။


ငွေမရှိသော ဆင်းရဲသားကလေး လူကြားသူကြားလေလည်တာ မသေခင်က ပုပ်နေတဲ့ကလေး ဟု ကဲ့ရဲ့ကြသည်။ ပိုက်ဆံရှိသူ သားသမီး လူကြားသူကြား လေလည်တော့ ဒီကလေးက ကျန်းမာရေးးအလွန်ကောင်း တာပဲ ဟု ချီးကျူးကြသည်။ ငွေ၏ လှည့်စားမှုသည် ဆန်းကြယ်လှပါဘိ။


သီလသမာဓိရှိသော ဘုန်းတော်ကြီးတစ်ပါးသည် သူကျောင်းထဲ ကလေးများဆူလျှင် ဆော့လျှင် အတော်မနှစ်မြို့။ အဆူမခံ၊ အဆော့မခံ။ မျက်နှာရှိသော မိဘတို့၏ သားသမီးများဆူလျှင် ဆော့လျှင် ခပ်ပြုံးပြုံးနှင့် ကြည့်နေတော့သည်။ ဘုန်းတော်ကြီး ကိုယ်တိုင်ပင် ဆော့စရာ၊ ကစားစရာ ရှာပေးသည့်အပြင် စားစရာတောင် ခေါ်ကျွေးလိုက်သေး၏။ အတော်စွမ်းနိုင်သော ငွေဖြစ်သည်။


ရန်ကုန်က နာမည်ကြီး ဆရာတော်တစ်ပါးကို တွေ့ဖူးသည်။ ရဟန်းငယ်တစ်ပါးနှင့် သူ့ရဟန်းဒကာ ပိုက်ဆံရှိ ဒကာကြီး၏ ညီဖြစ်သူတို့ အဆိုပါ ဆရာတော်ကြီးထံ ရောက်သွား၏။ အလှူကိစ္စတစ်ခု ပင့်လျှောက်ရန် ဖြစ်သည်။ ဆရာတော်ကြီးနှင့် တွေ့တွေ့ချင်း လှေကားအနီးတွင် ဆရာတော်ကြီးက ဒကာကြီးကိုပဲ အရေးတယူ နှုတ်ဆက် ပြောဆိုနေ၏။ ရဟန်းငယ်ဘက်ကို ဘာတစ်ခွန်းမျှ လှည့်၍မမေး။ သူစိတ်ကျေနပ်သည်အထိ စကား ပြောသွား၏။ ရဟန်းငယ်ဘက် မလှည့်တော့။ နှုတ်လည်းမဆက်၊ ဘာတစ်ခုမှလည်း မမေးမြန်း။ ထိုအခါ အကြောင်းကိစ္စကို လျှောက်ထားရ၏။


တစ်ခါကလည်း ထိုရဟန်းငယ်သည်ပင် အခြားဒကာမကြီးတစ်ဦးနှင့် အဆိုပါ ဆရာတော်ကြီးထံ ရောက်သွားသည်။ ဆရာတော်ကြီးက ဒကာမကြီးကိုပဲ ဂရုတစိုက် ပြောဆိုဆက်ဆံ၏။ ရဟန်းငယ်ကိုတော့ သာမန်မျှပင်ဖြစ်သည်။ စိတ်ဝင်စားမှုမပြု။ ထိုဆရာတော်ကြီးသည် သာမညောင်ညမဟုတ်။ သူ့နီးစပ်ရာတို့က ရဟန္တာဟု သမုတ်နေသော အဓိကရ ဆရာတော်ကြီး တစ်ပါးဖြစ်သည်။ ဆရာတော်ကြီးသည် သီလနှင့်လည်း ပြည့်စုံပါသည်။ သမာဓိလည်း ရှိသင့်သလောက် ရှိမည် ထင်ပါသည်။ ကြည်ညိုဖွယ်လည်း ဆောင်ပါ၏။ ယခု အကြောင်းအရာသည် ဆရာတော်ကြီးကို ကဲ့ရဲ့လိုသည်မဟုတ်၊ ရှုံ့ချလိုသည် မဟုတ်။ မည်သည့်နေရာသွားသွား၊ မည်သည့်ပုဂ္ဂိုလ်ထံ ချဉ်းကပ်ချဉ်းကပ် ငွေသည် မျက်နှာပွင့်ဆေး ဖြစ်သည်ကို သဘောပေါက်ရန် သာဓကများ ထုတ်ပြနေရခြင်းဖြစ်သည်။

(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
ဆက်လက်တင်ပြပါမည်။

1 comments:

Anonymous said...

ဝင်းဇော်ပြန်လည် တင်ပြထားတဲ့ အကြောင်းအရာ တွေက ငွေနဲ့ပတ်သက်ပြီး တော်တော်များများတော့ မှန်နိုင်ပါတယ်။ မြန်မာလူမျိုးတွေက တခြားလူမျိုးတွေထက် ပိုပြီးအဆင့်အတန်း ခွဲခြားတတ်ပြီး ငွေနဲ့ပတ်သက်လာရင် တခြားလူမျိုးတွေထက် အိနြေ္ဒမဆည်နိုင် ပိုဖြစ်တာ သတိထားမိလို့ ငွေနဲ့ပတ်သက်ပြီး မျက်နှာကြီးရာ ဟင်းဖတ်ပါ လုပ်တာ၊ အကျင့်စာရိတ္တပျက် ပြားစေတာလည်း မြန်မာလူမျိုးတွေမှာ တခြားလူမျိုးတွေထက် ပိုများမယ်ထင်ပါတယ်။ ကိုယ်ကိုယ်တိုင် ဗမာလူမျိုးဖြစ်ပြီး အဲဒီလိုပြောရတာ ကိုယ့်လူမျိုးကို နှိမ်ချင်လို့တော့ မဟုတ်ပါဘူး။ တကယ်ကို တခြားလူမျိုးတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အကုန်လုံးမဟုတ်ပေမယ့် အများစုကို အဲဒီလိုမျိုးပဲ တွေ့ရလို့ပါ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေက ဗုဓ္ဒဘာသာမဟုတ်တဲ့ တခြားလူမျိုးတွေထက် ငါးပါးသီလကို ပိုချိုးဖေါက်ပြီး တရားပိုပျက်နေတာ တကယ်တွေ့ကြုံပြီး စိတ်မကောင်းစွာ ခံစားရလို့ပါ။ ဒီဘလော့လေးကိုလည်း အိုင်ဒီယာ ကောင်းတဲ့ ဖန်တီးမှုတခု အဖြစ် ဆက်ပြီးအားပေးပါတယ်။ ကောင်းတာလေးတွေ တရားသံဝေဂ ယူစရာလေးတွေကို တီထွင်ရေးသားဖို့ အားပေးချင်ပါတယ်။

Posts

Followers

Labels

Comments