မိမိကျလိုက်တဲ့မျက်ရည်ကြောင့်
အကုသိုလ်တရားတွေ
ဆုတ်ယုတ်သွားတယ်
ကုသိုလ်တရားတွေ
တိုးပွားလာတယ်
ကိလေသာအပူတွေ
ငြိမ်းအေးသွားတယ်ဆိုရင်
အဲဒီမျက်ရည်မျိုးဟာ
ကျသင့်ကျထိုက်တဲ့မျက်ရည်
ဆေးပေါင်းခတဲ့မျက်ရည်ပါပဲ။
Monday, March 2, 2009
ကုသိုလ်အသက်ရှည်ရဖို့ အခုလိုမျက်ရည်ကျတာပါ
Posted by ကဗျာမ လေး at 7:52 PM 0 comments
Labels: နေ့စဉ်နှလုံးသွင်းရန်
Thursday, February 19, 2009
မိဂဒါဝုန်
မိဂဒါဝုန် ဟူသည်မှာ မိဂဒါယ = မိဂ = သမင်၊ ဒါယ = တော = သမင်တို့ကို ဘေးမဲ့ ပေးရာတော ဖြစ်သည်။ ၀န = တော ကို မြန်မာ စကား ပြောင်းလဲသောအခါ ၀ုန် ဖြစ်လာသည်။ မိဂဒါယ၀န မှ မိဂဒါဝုန် ဖြစ်လာသည်ဟု အဓိပ္ပာယ် ရသည်။
မိဂဒါဝုန်သည် ဗာရာဏသီမြို့မှ (၆)မိုင် ခန့်ကွာဝေးသည်။ ဥတ္တရ ပရာဒေ့ရှ် ပြည်နယ် အတွင်း၌ တည်ရှိသည်။ လုမ္ဗိနီနှင့် (၃၁၂) ကီလိုမီတာ၊ သာဝတ္ထိပြည်နှင့် (၃၃) ကီလိုမီတာ ကွာဝေးသည်။ ဂင်္ဂါမြစ်ကမ်း၌ တည်ရှိ၍ ဟိန္ဒူဘာသာဝင် များအတွက် အထွတ်အမြတ် ထားရာမြို့တစ်မြို့ ဖြစ်ခဲ့သည်။
ဘုရားဖူးလမ်းညွှန်
ကလကတ္တားမှ ဗာရာဏသီ သို့ ကား၊ ရထား၊ လေယာဉ် တို့ဖြင့် တိုက်ရိုက်သွားနိုင်သည်။ သို့မဟုတ် ပတ္တနားနှင့် ဂယာမြို့ များမှတစ်ဆင့် ကား၊ ရထားတို့ဖြင့် သွားနိုင်သည်။ ဗာရာဏသီကို ဗဟိုထား၍ အရှေ့ဘက်ရှိ ဗုဒ္ဓဂယာ၊ ရာဇဂြိဟ်၊ နာလန္ဒ နှင့် ပတ္တနားမြို့များသို့ သွားနိုင်သည်။ တဖန် အနောက်ဘက် ကုသိနာရုံ၊ သာဝတ္ထိ၊ လုမ္ဗနီ ဌာနများသို့ သွားရောက် ဖူးမျှော်နိုင်သည်။
မိဂဒါဝုန်သမိုင်း
မိဂဒါဝုန်မှာ မြတ်စွာဘုရား ပထမ ၀ါကပ်တော်မူသည်။ ပဉ္စ၀ဂ္ဂီ ငါးဦးတို့ ရဟန္တာ ဖြစ်တော်မူကြသည်။ ယသသူဌေးသားနှင့် သူငယ်ချင်း (၅၄)ဦးတို့ ပထမ၀ါတွင်းမှာပင် ရဟန္တာ (၆၀)ဖြစ်၍ ၀ါကျွတ်သောအခါ လေးနယ်လေးရပ် သို့ သာသနာပြု စေလွှတ်တော်မူခဲ့သည်။
ဗုဒ္ဓရှင်တော်မြတ် ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက် ရာစုနှစ်ပေါင်း များစွာအတွင်း မိဂဒါဝုန်သည် ဗုဒ္ဓ၀ါဒဆိုင်ရာ အသိပညာ ကျွမ်းကျင်မှုနှင့် အနုပညာ တို့အောင်မြင်ရှင်သန်သည့် ဗဟိုဌာန တစ်ခုအဖြစ်သို့ တိုးတက် ရောက်ရှိခဲ့သည်။ တရုတ်ရဟန်းတော် ဟူရင်ဆန် လက်ထက်တွင် မိဂဒါဝုန်၌ ဘုန်းကြီးကျောင်းနှင့် စေတီပေါင်းများစွာ ရှိသည်။ ရဟန်းသံဃာ (၁၅၀၀) ခန့်ရှိသည်။ ရှေးဟောင်း သုတေသနဆိုင်ရာ စုံစမ်း လေ့လာမှုများအရ မိဂဒါဝုန်တွင် မောရိယ ခေတ်မှသည် အေဒီ ၁၂ ရာစု၏ နောက်ဆုံး နှစ်ဝက်အထိ ဗုဒ္ဓ၀ါဒဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှု အထောက်အထားများ တွေ့ရှိရသည်။ အာသောကမင်း တရားကြီးခေတ်၌ မိဂဒါဝုန်သည် ဗုဒ္ဓတရားတော် ဖြန့်ချိရာ ဗဟိုဌာန တစ်ခု ဖြစ်လာသည် ။
ဘာသာခြားများ တိုက်ခိုက်ဖျက်ဆီးခြင်း
အေဒီ ၁၁၉၄ ခုနှစ်တွင် မာမွတ်ဂိုရီ ၏ စစ်ဗိုလ်ချုပ်ကြီး ဖြစ်သော ကွတ်ဘွတ်ဒိန် သည် ကျူးကျော် တိုက်ခိုက်၍ ကျောင်းကန်ဘုရားများကို ဖြိုဖျက်ခဲ့သည်။ အာသောက ကျောက်စာတိုင်ကြီးကို ချိုးဖဲ့၍ မြေမှာမြှုပ်နှံလိုက်ကြသည်။ ကံကောင်းထောက်မသဖြင့် ကျောက်စာတိုင်၏ ခေါင်းပိုင်းသည် မပျက်မစီး မြေမြှုပ်နေသဖြင့် ယခုအခါ ပြတိုက်အတွင်း၌ တွေ့မြင်နေရခြင်း ဖြစ်သည်။ ရဟန်းတော် အများစု အသတ်ခံကြရ၍ အချို့မှာ တိဗက်သို့ ထွက်ပြေးသွားကြရသည်။ ဤတွင် မိဂဒါဝုန် သမိုင်းအခန်းကဏ္ဍ ကားပြီးဆုံးခဲ့လေသည်။
ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားလာခြင်း
၁၈၉၁ ခုနှစ်တွင် အနာဂါရိကဓမ္မပါလ မိဂဒါဝုန်သို့ ရောက်လာသော အခါ ဤဒေသမှာ သစ်ပင်ကြီးများ ဖုံးအုပ်လျက် ၀က်မွေးသူများ၏ ၀က်ထိန်းကျောင်းရာ စားကျက်ဖြစ်လျက် ရှိသည်။ ထို့ကြောင့် အနာဂါရိက ဓမ္မပါလ သည် ထိုမြေကွက်ကို ၀ယ်ရန် ဆုံးဖြတ်လိုက်သည်။ သူ၏ မိခင်ကြီး မလ္လိကာ ဟေ၀ါဗိကာ ရနေမာလတေနိ ၏အလှူငွေဖြင့် ပထမဦးဆုံး ၀ယ်ယူခဲ့သည်။ ဒုတိယမြေကွက်ကိုမူ ကွယ်လွန်သူ ဘိန်ဂရာဇာ၏ အလှူငွေဖြင့် ၀ယ်ယူသည်။ မိဂဒါဝုန်ကို ကမ္ဘာက အာရုံစိုက်လာအောင် ပြုလုပ်ခဲ့သူမှာ ဤ အနာဂါရိကဓမ္မပါလ ဖြစ်သည်။ သူသည် မဟာဗောဓိ အသင်းကြီး တည်ထောင်၍ အိန္ဒိယပြည်၌ ဗုဒ္ဓသာသနာ ရောင်ဝါအရှိန်အဟုန်ဖြင့် ထွန်းလင်းတောက်ပစေရန် ကြိုးပမ်းခဲ့လေသည်။ နှစ်ပေါင်း (၈၀၀)ကျော် တိမ်မြှုပ် ပျောက်ကွယ်နေသော ဗုဒ္ဓသာသနာတော်သည် ပြန်လည် အသက်ဝင်လာခဲ့ လေသည်။
ဗြိတိသျှ ကိုလိုနီခေတ်
ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားပြီးနောက် ဗြိတိသျှ ကိုလိုနီအစိုးရသည် အိန္ဒိယပြည် ၏ အတိတ်သမိုင်းနှင့် ယဉ်ကျေးမှုများကို ဖော်ထုတ်ခဲ့သည်။ ထိုအထဲတွင် ဗုဒ္ဓ၏ယဉ်ကျေးမှုသည် အဓိကဖြစ်သည်။ ကျောက်စာဌာန ဖွင့်လှစ်ပြီး ရှာဖွေစုဆောင်းခဲ့သ်ည။ ၁၈၁၅ ခုနှစ်တွင် ကာနယ်လ်မက်ကင်ဇီက ဤဒေသကို တူးဖော်ခဲ့သည်။ ၁၈၃၄ ခုနှစ်တွင် ဆာအလက်ဇန္ဒာ ကာနယ်လ်ဟန် က စနစ်တကျ တူးဖော်ခဲ့သည်။ ၁၈၅၁ ခုနှစ်တွင် မေဂျာ ဘိတိုးက ဆက်လက် တူးဖော်ခဲ့သည်။ မူလဂန္ဓကုဋိဝိဟာရ ကို ယူပီ ဘုရင်ခံ ဆာဟာကုတ် ဘတ္တဂလာ က ၁၉၂၂ ခုနှစ်တွင် အုတ်မြစ်ချ ဆောက်လုပ် ခဲ့သည်။ ၁၉၃၁ ခုနှစ်တွင် ကျောင်းတော်ကြီး ဆောက်လုပ်ပြီးစီးသည်။
ပဉ္စ၀ဂ္ဂီ (၅)ဦးအား တရားဦးဟောပြီ
မြတ်ဗုဒ္ဓသည် ဗုဒ္ဓဂယာတွင် ဗောဓိဥာဏ်ကို ရရှိပြီးနောက် ဆရာဟောင်း တော်စပ်သူ အာဠရကာလာမ နှင့် ဥဒကရာမပုတ္တ တို့ကို တရားဦး ဟောရန် ရှာဖွေသည်။ နှစ်ဦးစလုံးမှာ ကွယ်လွန်သွားနှင့် ကြပြီးဖြစ်သည်။ ထို့နောက် မိမိ၏ အဖော်မိတ်ဆွေဟောင်း ပဉ္စ၀ဂ္ဂီ (၅)ဦးကို ရှာဖွေသည်။ မိဂဒါဝုန်၌ ရှိကြောင်း သိရှိသဖြင့် မိဂဒါဝုန်သို့ ကြွတော်မူသည်။ ပထမတွင် ပဉ္စ၀ဂ္ဂီ(၅)ဦး တို့က မြတ်ဗုဒ္ဓ မြွတ်ဟတော်မူသည့်အတိုင်း မြတ်ဗုဒ္ဓသည် ဗောဓိဥာဏ်ကို အမှန်တကယ်ရပြီး သူဖြစ်ကြောင်း ယုံကြည်ရန် ငြင်းဆိုသည်။ ထိုအခါ မြတ်ဗုဒ္ဓက ယခင်က ငါသည် သင်တို့အား ဤသို့ ပြောကြားခဲ့ဖူး သလား ဟု မေးမြန်းသောအခါ ၄င်းတို့က မပြောကြားဖူးပါကြောင်း ၀န်ခံကြပြီး တရားကို နာယူရန် ဆုံးဖြတ်ကြသည်။ ဤသို့ဖြင့် မြတ်ဗုဒ္ဓသည် ဓမ္မစက္ကပ၀တ္တနတရား စင်္ကြာကို လည်စေခြင်း ဓမ္မစကြာတရားတော်ကို ပထမဆုံး တရားဦး အဖြစ် ဟောကြား တော်မူလေသည်။
မိဂဒါဝုန်၌ ဟောကြားသော သုတ္တန်တရားတော်များ
မြတ်ဗုဒ္ဓသည် ပထမ၀ါကို မိဂဒါဝုန်တွင် ကုန်လွန်စေခဲ့သည်။ မိဂဒါဝုန်သို့ အကြိမ်ကြိမ် ကြွရောက်တော်မူခဲ့ပြီး အောက်ပါ သုတ္တန် တရားတော်များကို ဟောကြားတော်မူခဲ့လေသည်
- ဓမ္မစကြာသုတ် (မဇ္ဈိမနိကာယ်)
- အနတ္တလက္ခဏသုတ် (မဇ္ဈိမနိကာယ်)
- ပဉ္စသုတ် (သံယုတ္တနိကာယ်)
- ပါသသုတ် (သံယုတ္တနိကာယ်)
- ဓမ္မဒိန္နသုတ် (သံယုတ္တနိကာယ်)
- အာဒိတ္တပရိယာယသုတ်(မဇ္ဈိမနိကာယ်)
- သစ္စ၀ိဘင်္ဂသုတ် (မဇ္ဈိမနိကာယ်)
- ရထကာရသုတ် (အဂုင်္တ္တရနိကာယ်)
- ဒုတိယသမယသုတ် (အဂုင်္တ္တရနိကာယ်)
- ကဋုဝိယသုတ် (အဂုင်္တ္တရနိကာယ်)
- မေတ္တယျပဥှာ (ပါရယဏေ၀ဂ်)
- သစေတနသုတ်
- မေဇ္စျေသုတ်
- ဟတ္ထိသာရိပုတ္တသုတ်
- ပထမမာရပါသသုတ်
ဓမ္မ၀ီရဂျာနယ်၊ အတွဲ(၁၄)၊ အမှတ်(၅)၊ (၁၃-၂-၂၀၀၉) မှ မြတ်ဝေ(ရွှေပြည်သာ) ၏ မိဂဒါဝုန်
Posted by အောင်မြေ at 8:52 PM 4 comments
Labels: မိဂဒါဝုန်
Wednesday, February 18, 2009
သိကြားသာသနာဆိုသည်မှာ
အနာဂတံဥာဏ်တော်ဖြင့် လောကကို ရှုကြည့်တော်မူရာ
မြတ်စွာဘုရားသည် သာသနာတော်ကို စောင့်ရှောက်ရန် သာသနာ့ ဥာဏ်တော်ဖြင့် လောကကို ရှုကြည့်လတ်သော် သီဟိုဠ်ကျွန်းတွင် သာသနာတော် ထွန်းကားလာမည့် သမ္ပတ္တိဂုဏ်ကို မြင်တော်မူ၍ သီဟိုဠ်ကျွန်း၌ ရှင်မဟိန္ဒ သာသနာပြုအံ့သော အကြောင်းကို မိန့်ကြားတော်မူသည်။ သင် သိကြားမင်းသည် ထိုကဲ့သို့ ရှင်မဟိန္ဒ သီဟိုဠ်ကျွန်းသို့သွား၍ သာသနာပြုသောအခါ၌ အပေါင်းအဖော် အကူအညီ ဖြစ်ပါလေလော့ဟု စေခိုင်း တော်မူခဲ့လေသည်။
သိကြားမင်းကာ "ကောင်းပါပြီ အရှင်မြတ်ဘုရား" ဟု ၀န်ခံစကား လျှောက်ထား၍ ရှင်မဟိန္ဒ သီဟိုဠ်ကျွန်း၌ သာသနာပြုသောအခါ အကူအညီ အဖော်သဟဲ ဖြစ်ခဲ့ကြောင်းဖြင့် ၀ိနယပိဋကတ်၊ အဋ္ဌကထာ တွင် ဖော်ပြသည်။
သာသနာရေးကိစ္စမှန်သမျှ သိကြားမင်းစောင့်ရှောက်ရစ်ရန်
ဤအဋ္ဌကထာ၌ မြတ်စွာဘုရားသခင်သည် အရှင်မဟိန္ဒ သီဟိုဠ်ကျွန်း၌ သာသနာပြုရေး အတွက်သာ သိကြားမင်းအား စေခိုင်းတော်မူပုံကို ပြသော်လည်း ဤကိစ္စတစ်ခုသာမက နောင် ငါဘုရား မရှိသည့်နောက် သာသနာရေး ကိစ္စမှန်သမျှ သင်သိကြားမင်း စောင့်ရှောက် ကူညီရစ်ပါလေ ဟု မှာကြားခြင်း ကိစ္စပြီး၏။
ထိုသို့ စေခိုင်းတော်မူသောအခါ သာဓုဘန္တေ အာမဘန္တေ စသည်ဖြင့် သိကြားမင်း၏ ၀န်ခံချက် ထို အဋ္ဌကထာ၌ မပါရှိသော်လည်း
တဒါသက္ကေည ဒေ၀ါမိန္ဒာ၊ မဟိန္ဒတ္ထေရံ ဥပသင်္ကမိတွာ၊ ဧတဒဝေါစ-
- ကာလင်္ကတောဘန္တေ၊ မုဋသိဝရာဇာ၊ ဣဒါနိဒေ၀ါနံပိယတိဿ၊ မဟာရာဇာ ရဇ္ဇံကာရေတိ။
- သမ္မာ သမ္ဗုဒ္ဓေနစ တုမှေ ဗျာကတာ၊ အနာကတေ မဟိန္ဒောနာမ ဘိက္ခု၊ တဗ္ဗပဏ္ဏိဒီပံ ပသာဒေဿတီတိ။
ဤအဋ္ဌကထာလာ စကားကို ထောက်၍ မြတ်စွာဘုရား ခိုင်းစေတော်မူသော ခဏပင် သိကြားမင်းသည် အာမ၀န်တာ ခံခဲ့သည်ဟု မှတ်ယူရာ၏။ မြတ်စွာဘုရား စေခိုင်းတော်မူချက် အတိုင်း ရှင်မဟိန္ဒ သီဟိုဠ်ကျွန်း၌ သာသနာပြု သောအခါ သိကြားမင်း အကူအညီပေးခြင်းကို ထောက်ဆ၍ မြတ်စွာဘုရား စေခိုင်းတော်မူချိန်တွင် အာမဘန္တေ၀န်ခံ စကား လျှောက်ထားခဲ့သည်ဟု မှန်းဆ၍ သိနိုင်လေသည်။
မြတ်စွာဘုရားနှင့် အမ္ဗဋ္ဌလုင်
ထို့ပြင် မြတ်စွာဘုရားရှင် နှင့် အမ္ဗဋ္ဌလုင် တို့၏ ဇာတ်နှင့်စပ်၍ စကား အခြေအတင် ပြောဆို မိန့်ကြားရာ၌ မြတ်စွာဘုရားက အမ္ဗဋ္ဌလုင်ကို နှစ်ကြိမ်တိုင်ပင် မေးသောအခါ အမ္ဗဋ္ဌလုင်သည် ပေတိပေကပ် မဖြေကြားဘဲ နေမှုနှင့် ပတ်သက်၍ သိကြားမင်းသည် ဗုဒ္ဓရှင်တော်မြတ်အား လျှောက်ထားခဲ့ဖူး လေသည်။
"ဘ၀ဂါ ဓမ္မံ ဒေသေထ"
- "ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား၊ အရှင်မြတ်ဘုရားတို့သည် တရားဓမ္မကို ဟောကြား တော်မူ ကြပါကုန်လေ ... "
- အရှင်မြတ်ဘုရားတို့၏ အာဏာတော်ဖြင့် အမ္ဗဋ္ဌ မလိုက်နာသည်ရှိသော် ကျွန်ုပ်တို့သည် ဤ အမ္ဗဋ္ဌကို လိုက်နာစေပါကုန်အံ့ ...
"တုမာကံ ဓမ္မစက္ကံ ဟောတု၊ အမှာကံ အာဏာစက္ကန္တိ ပဋိညံ အကာသိ"
- အရှင်မြတ်ဘုရား တို့ဘက်က ဓမ္မစက် ဖြစ်ပါစေ။ တပည့်တော်တို့ဘက်က အာဏာစက် ဖြစ်ပါစေမည် ဟု ပဋိညာဉ် ၀န်ခံချက် ပြုခဲ့လေပြီ။
သာသနာတော် အနှစ် ၅၀၀၀ ကာလပတ်လုံး
တပည့်တော်တို့ဘက်က အာဏာစက် ဖြစ်ပါစေမည်ဟု သိကြားမင်း၏ လျှောက်ထားချက်သည် မြတ်စွာဘုရား သခင် ပရိနိဗ္ဗာန် စံပြီးသည့်နောက် အနှစ် ၅၀၀၀ ကာလပတ်လုံး တပည့်တော် စောင့်ရှောက်ပါမည်။ သာသနာပြု ပုဂ္ဂိုလ် တို့အား ကူညီပါမည်။ အဖော်သဟဲ ဖြစ်စေပါမည်ဟု လျှောက်ထားခြင်း ပေတည်း။
ထို့ကြောင့် မြတ်စွာဘုရားသခင် တာဝန်ပေး စေခိုင်း တော်မူချက်အရ သိကြားမင်း အာမဘန္တေ၀န်ခံတာ၊ သာသနာတော်ကို စောင့်ရှောက်ကြောင်း ခိုင်မာစွာ မှတ်ယူကြရာ၏။ ထိုသို့ နတ်တို့ သနင်း သိကြားမင်း စောင့်ရှောက်သော သာသနာကို ရည်ညွှန်း၍ လူတို့ ဝေါဟာရ သိကြားသာသနာဟု ပြောဆိုနေကြခြင်း ဖြစ်ပေသတည်။
ဓမ္မ၀ီရဂျာနယ်၊ အတွဲ(၁၄)၊ အမှတ်(၅)၊ (၁၃-၂-၂၀၀၉) မှ ခင်မောင်မိုး(တောင်ကြီး) ၏ သိကြားသာသနာဆိုသည်မှာ
Posted by အောင်မြေ at 7:03 PM 2 comments
Labels: သိကြားသာသနာ
Monday, February 16, 2009
စူဠာမဏိဘုရား
စူဠာမဏိ ဘုရားဘွဲ့တော်မှာ (စူဠ-သျှောင်ထုံး၊ မုနိ-ဘုရား) ဟူ၍ အဓိပ္ပာယ် ရသည်။ ဘုရားအတွင်းရှိ ခရစ် ၁၅ ရာစုက ရေးထိုးထားသည့် မင်စာတွင် ဘုရားဘွဲ့တော်ကို "ဇောတမဏိ၊ ပတ္တမြား ရောင်လျံ " ဟုဖော်ပြ ထားသည်။
စူဠာမဏိ ဘုရားကျောက်စာအရ နရပတိ စည်သူမင်းသည် ၂၀ အောက်တိုဘာ ၁၁၈၃ တွင် ပုဂံအရှေ့ဘက် ခြောက်မိုင် အကွာ တုရင်းတောင်သို့ ထွက်ခွာစဉ် တောက်ပသော အရောင်ကို မြင်မိသည်။ နရပတိ စည်သူမင်းက မှူးမတ်တို့အား "ထို တောက်ပသော အရာသည် မီးလော " ဟုမေးမြန်းရာ မှူးမတ်တို့က "မီး" ဟု လျှောက်တင်ခဲ့သည်။ နရပတိ စည်သူများသည် တုရင်းတောင်မှ အပြန်တွင် ထိုတောက်ပသော အရာပေါ် ထွက်နေသည့် နေရာကို မြတ်စွာတကား ဟုဆို၍ ဂူတည်ဆောက်ရန် အရာနင်းခဲ့သည်။ ထို့နောက် ထိုနေရာတွင် လိုဏ်နှစ်ဆင့် ဂူဘုရား တည်ဆောက်ခဲ့သည်။ နရပတိ စည်သူများကြီးသည် စူဠာမဏိ ဘုရား တည်ဆောက်ပြီးစီး သောအခါ ရေစက်သွန်း အမျှဝေခဲ့သည်။ သာသနာတော် အနှစ် ၅၀၀၀ တည်တံ့ရန် ရည်ရွယ်၍ လယ်ယာမြေများလည်း လှူဒါန်းခဲ့သည်။ စူဠာမဏိ ဘုရားတွင် နံရံဆေး ပန်းချီများ၊ အင်္ဂတေ ပန်းလက်ရာများ၊ စဥ့်ကွင်းများကို လေ့လာနိုင်သည်။
စူဠာမဏိ ဘုရားတွင် ပုဂံခေတ်၊ အင်းဝခေတ် နှင့် ကုန်းဘောင်ခေတ် လက်ရာ နံရံပန်းချီများကို တွေ့ရသည်။ ဂူဘုရား မြေညီထပ် အလယ်မဏ္ဍိုင် ပတ်လည် စင်္ကြပေါင်းကူး မျက်နှာကြက်တွင် အ၀ါရင့် နှင့် အနက်ရောင် ဆေးတို့ဖြင့် ရေးဆွဲထားသည့် ပုဂံခေတ်လက်ရာ ခြူးပန်း ခြူးနွယ် နှင့် ကနုတ်ပန်းများ ရှိသည်။ မြေညီထပ် ဗုဒ္ဓရုပ်ပွား ဆင်းတုကြီး များ၏ ဘေးနှင့် စင်္ကြနံရံတွင် ကုန်းဘောင်ခေတ် လက်ရာနံရံပြည့် ရေးဆွဲထားသည့် ဗုဒ္ဓရုပ်ပွားပုံ၊ မြတ်စွာ ဘုရားဝါဆိုစဉ်များ၊ နှစ်ကျိပ်ရှစ်ဆူ ဘုရားပုံ၊ ဧတဒဂ်ရ ပုဂ္ဂိုလ်များနှင့် ဗုဒ္ဓ၏တပည့် သာဝက (၈၀) တို့၏ ပုံများရှိသည်။ ဂူဘုရား အတွင်း ခေတ်အဆက်ဆက်က ရေးမှတ်ခဲ့သော နံရံကမ္ပည်း စားများရှိပြီး အချို့မှာ သင်္သကရိုက်ဘာသာ၊ အချို့မှာ ရှေးမြန်မာ အက္ခရာ တို့ဖြင့် ရေးထိုးထားသည်။
ဂူဘုရား၏ အပြင်ပတ်လည်တွင် အင်္ဂတေပန်းတော့ လက်ရာများ ဖြစ်သည့် တိုင်ဖုံးပန်းများ၊ ဘီလူး ပန်းဆွဲများ၊ ကနုတ်ပန်းများ၊ ပုလဲလုံးများ၊ ရာမလက်ညှိုးနှင့် စုလစ်မွန်းချွန် တံကဲပန်းများကို လေ့လာနိုင်သည်။ ဂူဘုရား၏ ပစ္စယာအဆင့်ဆင့် စိန်တန်းများတွင် စဥ့်ဝါနှင့် စဥ့်စိမ်းရောင် စဥ့်ကွက် စဥ့်ပန်းများဖြင့် မွမ်းမံ တန်ဆာဆင် ထားသည်။
ဦးမောင်မောင် (ဘီအေ)သမိုင်း၊ ရန်ကုန်တက္ကသိုလ် ၏ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ပုဂံစေတီပုထိုးများ
ပုံကို Flicker မှ ရယူထားပါတယ်။
Posted by အောင်မြေ at 7:12 PM 2 comments
Labels: ပုဂံဘုရားများ, မင်းနန်သူတ၀ိုက်ရှိ ထင်ရှားသော စေတီပုထိုးများ
Thursday, February 5, 2009
“ကံကြွေးထပ်နေသမျှတော့ အမှန်ပေးဆပ်နေရဦးမှာပါပဲ”
ကုသိုလ်ကံတွေ၊
အကုသိုလ်ကံတွေဆိုတာ
တကယ်တော့ ‘ကြွေး’ တွေပါပဲ။
ကုသိုလ်ကံကြောင့်
သုဂတိဘုံတွေမှာ
လူ၊ နတ် ဖြစ်နေရတာလည်း
ကြွေးဆပ်နေရတာပါပဲ။
အကုသိုလ်ကံကြောင့်
ဒုဂ္ဂတိဘုံတွေမှာ
ငရဲ၊ တိရစ္ဆာန်ဖြစ်နေရတာလည်း
ကြွေးဆပ်နေရတာပါပဲ။
ရုပ်နာမ်ခန္ဓာပိုင်ရှင်
သတ္တ၀ါမှန်သမျှ
ကြွေးဆပ်နေရသူတွေချည်းပါပဲ။
‘ကြွေးဆပ်’ နေရတာကိုပဲ
‘ပေးဆပ်’ နေရတယ်လို့
ယဉ်ယဉ်ကျေးကျေး သုံးနှုန်းကြပါတယ်။
အတိတ်ကံကြောင့် ရလာတဲ့
ရုပ်နာမ်ခန္ဓာကို
ပြုစုစောင့်ရှောက်နေရတာဟာ
‘ပေးဆပ်’ နေရတာပါ။
ခန္ဓာစားဖို့၊ ခန္ဓာဝတ်ဖို့၊
ခန္ဓာနေဖို့၊ ခန္ဓာကျန်းမာဖို့၊
ခန္ဓာချမ်းသာဖို့
နည်းအမျိုးမျိုးနဲ့
ရုန်းကန် လှုပ်ရှားနေရတာဟာ
‘ပေးဆပ်’ နေရတာပါ။
( Dr. Khin Zar Htun Kyi )
Posted by အောင်မြေ at 4:19 AM 1 comments
Labels: ကဗျာ
“သူအသုံးတည့်ရင် အတည့်သုံးသူပါပဲ”
ကိုယ်မသုံးတော့တဲ့
ပစ္စည်းဟောင်းတစ်ခု
သို့မဟုတ်…
ကိုယ့်အတွက် အသုံးမလိုတဲ့
ပစ္စည်းသစ်တစ်ခုကို
ဘယ်သူ့ကိုမှ မပေးမစွန့်ဘဲ
သိမ်းဆည်းထားရင်
ကိုယ့်အတွက်
အဲဒီပစ္စည်းဟာ အမှိုက်ပါပဲ။
‘ငါ့ပစ္စည်း’၊ ‘ငါ့ဥစ္စာ’နဲ့ စွဲနေရင်
တဏှာဒိဋ္ဌိ ကိလေသာတွေတောင်
တိုးပွားလာဦးမှာပါ။
အသုံးလိုတဲ့သူ
အသုံးတည့်တဲ့သူကို
ပေးလိုက်လှူလိုက်
စွန့်ကြဲလိုက်မယ်ဆိုရင်တော့
‘ကာလဒါန’ လို့ခေါ်တဲ့
‘အချိန်ကိုက်အလှူ’ ဖြစ်သွားပါတယ်။
လိုအပ်သူကို
လိုအပ်ချိန်မှာ
လိုအပ်တာ လှူလိုက်ရတဲ့
ကာလဒါနအလှူရှင်မှာလည်း
လိုအပ်ချက်မှန်သမျှ
အချိန်ကိုက် အခါကိုက်
ပြည့်စုံလာနိုင်ပါတယ်။
လောလောဆယ်မှာ
သူ့အတွက် အကျိုးရှိသွားတဲ့အပြင်
နောင်တစ်ချိန်မှာလည်း
ကိုယ့်အတွက်
တန်ဖိုးမဖြတ်နိုင်အောင်
အကျိုးရှိလာနိုင်ပါတယ်။
( Dr. Khin Zar Htun Kyi )
Posted by အောင်မြေ at 4:16 AM 1 comments
Labels: ကဗျာ
Monday, February 2, 2009
သာသနာတော်ဘွဲ့တံဆိပ်များ
ဘွဲ့တံဆိပ်တော် ၂၂ မျိုး
- ၁။ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့
- ၂။ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့
- ၃။ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့
- ၄။ အဂ္ဂမဟာပဏ္ဍိတဘွဲ့
- ၅။ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့
- ၆။ အဂ္ဂမဟာဂန္တ၀ါစကပဏ္ဍိတဘွဲ့
- ၇။ မဟာဓမ္မကထိကဗဟုဇနဟိတရေဘွဲ့
- ၈။ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘွဲ့
- ၉။ မဟာဂန္ထ၀ါစကပဏ္ဍိတဘွဲ့
- ၁၀။ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့
- ၁၁။ မဟာကမ္မဋ္ဌာနာစရိယဘွဲ့
- ၁၂။ ဓမ္မကထိကဗဟုဇနဟိတဓရဘွဲ့
- ၁၃။ ဂန္ထ၀ါစကပဏ္ဍိတဘွဲ့
- ၁၄။ သဒ္ဓမ္မဇောတိကဓဇဘွဲ့
- ၁၅။ ကမ္မဋ္ဌာနာစရိယဘွဲ့
- ၁၆။ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့
- ၁၇။ သီရိသုဓမ္မမဏိဇောတဓရဘွဲ့
- ၁၈။ သီရိသုဓမ္မသိင်္ဂီဘွဲ့
- ၁၉။ သီဟသုဓမ္မမဏိဇောတဓရဘွဲ့
- ၂၀။ သီဟသုဓမ္မသိင်္ဂီဘွဲ့
- ၂၁။ သုဓမ္မမဏိဇောတဓရဘွဲ့
- ၂၂။ သုဓမ္မသိင်္ဂီဘွဲ့။
Posted by အောင်မြေ at 6:38 PM 2 comments
Labels: သုတ

