ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog

Sunday, November 30, 2008

မဟာဗောဓိဘုရား



မဟာဗောဓိဘုရားသည် မဟာဗောဓိပုံ ကွမ်းတောင်ပေါက် လိုဏ်နှစ်ဆင့် ဂူဘုရား ဖြစ်ပြီး ၂၆-၃-၁၂၁၆ တွင် နားတောင်းများမင်းက တည်ခဲ့သည်။


အိန္ဒိယနိုင်ငံ ဘီဟာနယ် ဗုဒ္ဓဂါယာဒေသရှိ မြတ်စွာဘုရား သဗ္ဗညုတ ဥာဏ်စတင် ရရှိသည့် မဟာဗောဓိ ညောင်ပင်အနီးတွင် မဟောဗောဓီပုထိုး ပျက်စီး ယိုယွင်း နေသည်ကို ကြားသိရပြီး သွားရောက်ပြင်ဆင် မွမ်းမံခဲ့ရာမှ မြန်မာတို့ မဟာဗောဓိ ဘုရား ပုံသဏ္ဍာန်ကို သိရှိခဲ့သည်။ နားတောင်းများ မင်းလက်ထက်တွင် အိန္ဒိယနိုင်ငံရှိ မဟာဗောဓိဘုရား ပုံစံအတိုင်း တည်ခဲ့ခြင်း ဖြစ်ပြီး မူလက အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ ကဲ့သို့ ပုဂံမဟာဗောဓိဘုရား ပတ်ဝန်းကျင်တွင် သတ္တဌာန ဆိုင်ရာ အမှတ်အသား အဆောက်အအုံ များရှိခဲ့သည်။



မဟာဗောဓိ ဘုရားအပေါ်ထပ် လိုဏ်အရှေ့ နံရံတွင် ပထမ အင်းဝခေတ် ရေးကမ္ပည်း မင်စာ (၁၃)ကြောင်း ရှိသည်။ တိုက်မ၏ အပြင်နံရံ ကွမ်းတောင်အရှည်၏ အပြင်နံရံ များတွင် ဗုဒ္ဓဂါယာရှိ မဟာဗောဓိဘုရားကဲ့သို့ မုခ်ကပ် အချိုင့်များ ပြုလုပ်ကာ မတ်တပ်ရပ်၊ လျောင်းတော်မူ၊ ဗုဒ္ဓရုပ်ပွားတော် ပေါင်းများစွာကို ထည့်သွင်းထားသည်။


မဟာဗောဓိဘုရား အပြင်တွင် အင်္ဂတေ ပန်းတော့ လက်ရာများဖြစ်သည့် အင်္ဂတေ ပန်းတန်းများ၊ ငှက်ရုပ်၊ နတ်ရုပ်များဖြင့် တန်ဆာဆင်ထားသည်။

Wednesday, November 26, 2008

လေးမျက်နှာဘုရား

လေးမျက်နှာဘုရား သည် ကွမ်းတောင်ပေါက်လိုဏ် တစ်ဆင့်ဂူဘုရား ဖြစ်ပြီး ၁၅-၁၂-၁၂၂၃ တွင် အမတ်ကြီး အနန္တသူရ နှင့် ဇနီးတို့က တည်ခဲ့သည်။

လေးမျက်နှာဘုရား ကျောက်စာအရ ၁၅-၁၂-၁၂၂၃ တွင် အမတ်ကြီး အနန္တသူရ နှင့် ဇနီးက အတိုင်းမသိသောသဒ္ဓါစိတ်ဖြင့် ကုသိုလ်ကောင်းမှု ပြုကြောင်း၊ အာမနာကန် အရပ်၌ ထန်းပင်များ စိုက်ခြင်း၊ တံတိုင်းနှစ်ထပ် ခတ်ခြင်းနှင့် တံတိုင်း အတွင်း၌ ကလသားအိုး အယောင်နှင့် တူသော တင့်တယ်စွာသော စင်္ကြထက်၌ ဂူတည်ကြောင်းသရီရဓာတ်တော်ကို ကြုတ်အဆင့်ဆင့် ထည့်ပြီး ဌာပနာကြောင်း၊ စေတီအထွတ်ကို ရွှေဖြင့် ပြုလုပ်ပြီး အထွတ်ထက်၌ရွှေထီးတင်လှူခဲ့ကြောင်း တရားနာ ပရိသတ်များအတွက် ဓမ္မသာလာ ဆောက်ခြင်း၊ သခင်ထေရ် သီတင်းသုံးရန်ကျောင်းကြီးဆောက်ခြင်း၊ သခင်အရိယာတို့ သီတင်းသုံးရန် ကျောင်းများ ဆောက်ခြင်း၊ ရေတွင်းတူးခြင်း၊ ရေကန်တူးခြင်း၊ ဥယျာဉ်စိုက်ခြင်းနှင့် အရပ်လေးမျက်နှာ မှလာသောသူများ တည်းခိုရန် တန်ဆောင်းဆောက်ခြင်း၊အုတ်ဇရပ် ဆောက်ခြင်းနှင့် ကပ္ပိယငုဋီဆောက် ခဲ့ကြောင်း၊ ၄င်းတို့ကိုယ်စား ဘုရားပြုပြင်ရန် သန့်ရှင်းရေး လုပ်ရန်နှင့်ဘုရား၌ သင်ပုတ်၊ ဆီမီး၊ ဆွမ်း၊ ပန်း မပြတ်တင်ရန် အတွက် ကျွန်များ လှူခဲ့ကြောင်း သိရှိရပါသည်။

လေးမျက်နှာဘုရား၏ အတွင်းနံရံ အောက်ပိုင်းများရှိ နံရံဆေးရေး ပန်းချီများမှာ ထုံးသုတ်လိုက်သည့် အတွက် ပျက်စီးနေပြီဖြစ်သော်လည်း အပေါ်ပိုင်းတွင် နံရံဆေးပန်းချီများ ကျန်ရှိသေးသည်။ ဂူဘုရား၏ အရှေ့အ၀င်ခန်းမ ပေါင်းကူး မျက်နှာကြက်တွင် ဗုဒ္ဓခြေတော်ရာ၊ နံရံအထက်ပိုင်းတွင် မဟောသဓာဇာတ် နံရံဆေးရေးပန်းချီ (နံရံအောက်ပိုင်းထုံးသုတ်လိုက်၍ နံရံဆေး ပန်းချီများ ပျက်စီးခဲ့ပြီ ဖြစ်သည်။) များကို ကမ္ပည်းစာနှင့် တကွ လေ့လာနိုင်သည်။ ဂူဘုရားအတွင်း ပေါင်းကူး မျက်နှာကြက်တွင် ရုပ်ပုံများပါသော စက်ဝိုင်းပုံ ပန်းခက်ပန်းနွယ်များ၊ နံရံတွင် (၅၅၀)ဇာတ်ကွက်နှင့် ကမ္ပည်းစာများ၊ နှစ်ကျိပ်ရှစ်ဆူ ဘုရားများနှင့် အကြောင်းအရာ ကမ္ပည်းစာများ၊ ဗုဒ္ဓ၀င်ခန်းနှင့်ကမ္ပည်းစာများ၊ ဗုဒ္ဓရုပ်ပွားပုံများ ရှိသည်။
လေးမျက်နှာ ဂူဘုရား၏ အပြင်ဘက် မျက်နှာစာရှိ အင်္ဂတေ ပန်းတော့လက်ရာ များကို လေ့လာနိုင်သည်။

Monday, November 24, 2008

ဂူပြောက်ငယ် (မြင်းကပါ)







ဂူပြောက်ငယ် (မြင်းကပါ) သည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့် ဂူဘုရားဖြစ်ပြီး အေဒီ(၁၁၉၈) တွင် တည်ခဲ့သည်။ ဂူပြောက်ငယ် (မြင်းကပါ)သည် နားထောင်များ (ထီးလိုမင်းလို) မင်းငယ်စဉ်က စာသင်ပေးသော အကြေတလ အရှေ့ မောလညာရွာ ဇာတိမဟာထေရ် ဓမ္မရာဇဂုရု သီတင်း သုံးသွားသော ဘုရားဖြစ်သည်ဟု အဆိုရှိသည်။

ဂူပြောင်ငယ် (မြင်းကပါ) ဘုရားတွင် နံရံဆေးရေး ပန်းချီဆေးရေးပန်းချီ အင်္ဂတေ ပန်းတော့လက်ရာနှင့် ကျောက်ဆစ် ပန်းတမော့ လက်ရာများ ကို လေ့လာနိုင်သည်။ ဂူပြောက်ငယ်ဘုရား အတွင်း အ၀င်ခန်းမ၊ စင်္ကြလမ်းနှင့်  တိုက်မဂူ၏ ပေါင်းကူးမျက်နှာကြက်များနှင့် နံရံများတွင် နံရံဆေးရေး ပန်းချီများရှိသည်။ တံကဲပုံ၊ ပန်းဘောင်ပုံ၊ ပန်းတောင်ပုံများနှင့် ပုဂံခေတ်ဇာတ ဂြိုဟ်နေကွက်များ ရေးဆွဲထားသည်ကို တွေ့ရသည်။ ဂူပြောက်ငယ်တွင် အေဒီ (၁၃၁၃) နှစ်ရေး ကမ္ပည်းစာ (၁၃)ကြောင်း ရှိပြီး "ကျောင်းဖြူ နန်းကျမင်း ကောင်းမှု ဖြစ်သော ပျက်စီးနေသည့် ရပ်တော်မူ ဗုဒ္ဓရုပ်ပွား ဆင်းတုကို သခင်ဖွားစောကြီးက ပြုပြင်ကြောင်း " မှတ်တမ်း ဖြစ်သည်။

ဂူပြောက်ငယ် (မြင်းကပါ)ဘုရား၏ အပြင်ဘက် မျက်နှာစာ တွင် အင်္ဂတေပန်းတော့ လက်ရာများ လေ့လာနိုင်သည်။ ဘုရားအလယ် မဏ္ဍိုင်လေး မျက်နှာရှိ ဗုဒ္ဓရုပ်ပွား ဆင်းတုတော်ကြီးများ၏ အနောက်နံရံတွင် ဖောင်းကြွဆေးချယ် အင်္ဂတေ တံကဲများ အလွန်လှပပုံကို လေ့လာနိုင်သည်။

ဂူပြောက်ငယ် (မြင်းကပါ) ဘုရား၏ အလယ်မဏ္ဍိုင် ပတ်လည်တွင် စင်္ကြလမ်းရှိပြီး စင်္ကြပတ်လမ်း၏ အပြင်နံရံရှိ မုခ်ကပ်များတွင် မူလက ဗုဒ္ဓ၀င်ခန်း ကျောက်ဆစ် ပန်းတမော့ လက်ရာများရှိသည်။ (၁၉၉၃) ခုနှစ်တွင် ဗုဒ္ဓ၀င် ခန်းကျောက်ဆစ် ရုပ်တုရှစ်ဆူကို ပုဂံရှေးဟောင်း ယဉ်ကျေးမှုပြုတိုက်သို့ ရွှေ့ပြောင်း ပြသထားသည်။

Tuesday, November 18, 2008

သာသနာတော်ကွယ်ပျောက်ပုံ ကွယ်ပျောက်နည်းများ (၅)

၁။ အဓိဂမ သာသနာကွယ်ခြင်း
၂။ ပဋိပတ္တိ သာသနာကွယ်ခြင်း
၃။ ပရိယတ္တိသာသနာကွယ်ခြင်း
၎။ လိင်္ဂသာသနာတော်ကွယ်ခြင်း
၅။ ဓာတ်တော်ကွယ်ခြင်း ။ ။

၅။ ဓာတ်တော်ကွယ်ခြင်း

ဓာတ်တော် ကွယ်ပျောက်ခြင်း ဆိုသည်မှာ ဓာတုပရိနိဗ္ဗာန်ပြုခြင်းကို ခေါ်ဆိုပါသည်။ ဤနေရာတွင် ပရိနိဗ္ဗာန်ပြုခြင်း (၃)မျိုးကို ဖော်ပြရလျှင် ၁။ ကိလေသပရိနိဗ္ဗာန်ပြုခြင်း၊ ၂။ ခန္ဓပရိနိဗ္ဗာန်ပြုခြင်းနဲ့ ၃။ ဓာတုပရိနိဗ္ဗာန် ပြုခြင်း တို့ပဲ ဖြစ်ပါတယ်။ ထိုသုံးမျိုးတွင် ဗောဓိပင်နှင့် ရွှေပလ္လင်ဝယ် ဘုရားအဖြစ်သို့ ရောက်တော်မူသောအခါ ကိလေသာ အားလုံး ချုပ်ငြိမ်းပျောက်ကွယ်သွား ခြင်းကို ကိလေသ ပရိနိဗ္ဗာန်ပြုသည်ဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။

မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီး ကုသိနာရုံပြည် မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်တော်ဝယ် စုတိကမ္မဇရုပ်များ ချုပ်ငြိမ်း တော်မူခြင်းသည် ခန္ဓပရိနိဗ္ဗာန်ပြုသည်ဟု ခေါ်ဆိုပါသည်။

ဘုရားရှင်၏ သရီရဓာတ်တော်များ အလိုအလျှောက် မီးတောက်ကာ နောက်ဆုံးပိတ် ချုပ်ငြိမ်းကွယ်ပျောက်
သွားခြင်းသည် ဓာတုပရိနိဗ္ဗာန်ပြုသည်ဟု ခေါ်ပါသည်။ ဘုရားရှင်၏ ဓာတ်တော်များသည် မိမိတို့ တည်ရှိရာအရပ်၌ ကိုးကွယ်ပူဇော်မှု မခံရလျှင် ကိုးကွယ် ပူဇော်သူများ ရှိရာသို့ ကြွတော်မူ ကြကုန်သည်။ ကာလကြာသော် အရပ်ဌာနအားလုံး တို့၌ ပူဇော် မြတ်နိုးမှု မရှိဘဲ နေကုန်သည်။ ထိုသို့ အဘက်ဘက်မှ သာသနာတော် ဆုတ်ယုတ်လာသောအခါ အရပ်ရပ်မှ ဓာတ်တော်များသည် သီဟိုဠ်ကျွန်း၌ စုပေါင်း၍
မဟာစေတီသို့ ကြွကုန်ကြလေသည်။ ထို့နောက် တစ်ဖန် နာဂဒီပကျွန်း၊ ရာဇာယတနစေတီသို့ ကြွတော်မူကုန်မည်။

ထိုမှတစ်ဖန် ဘုရားပွင့်တော်မူရာ ဗောဓိပင်နှင့် ရွှေပလ္လင်ရှိရာ အရပ်သို့ ကြွရောက်ကုန်ကြမည်။ အားလုံးသော ဓာတ်တော်တို့သည် မဟဗောဓိပလ္လင်သို့ စုပေါင်း ရောက်လာ တော်မူကြပြီး ရွှေတုံးရွှေခဲကြီး သဖွယ်ဖြစ်၍ ရောင်ခြည်တော်ခြောက်သွယ်ကို လွတ်တော်မူကြကုန်သည်။ (သုတ်ပါထေယျ၊ သမ္ပသာဒနီယ)
ထို့နောက် သရီရ ဓာတ်တော်များမှ မီးထတောက်ကာ ထိုဓာတုနိမ္မိတ ကိုယ်တော်မြတ်ကို အကြွင်းမဲ့လောင်ကျွမ်း လေမည်။ ထိုမီးညွှန့် မီးလျှံသည် ဗြဟ္မာ့ပြည်တိုင်အောင် တက်လေသည်။ မုန်ညင်းစေ့လောက် ဓာတ်တော်လေး တစ်ဆူ ကြွင်းကျန်နေသေးလျှင် မီးလျှံမစံသေးပေ။ ဘုရားရှင်၏ သရီရ ဓာတ်တော်များ ကုန်ဆုံးမှသာလျှင် မီးလျှံစဲတော့သည်။

ဤသို့ဖြင့် ဓာတ်တော်များ စုဝေး၍ ကြီးကျယ်သော တန်ခိုးပြာဋိဟာကို ပြတော်မူပြီး ဓာတ်တော်များ ကွယ်ပျောက်လေသည်။ ထိုနေရာသို့ စုဝေးရောက်လာကြသော နတ်ဗြဟ္မာ အပေါင်းတို့သည် ဘုရားရှင် ခန္ဓပရိနိဗ္ဗာန် ပြုသောနေ့ကဲ့သို့ ပန်းနံ့သာ၊ တူရိယာ စသည်တို့ဖြင့် ပူဇော်ကာ လက်ျာရစ် သုံးကြိမ်လှည့်ပြီး ရှိခိုး၍ နောင်အခါ ပွင့်လတ္တံ့သော ဘုရားရှင်ကို ဖူးမျှော်ရပါစေသား ဆုများတောင်း၍ မိမိတို့၏ ဘုံဌာနသို့ ပြန်သွားကြလေတော့သည်။ ဤမှစ၍ ဓာတ်တော်သာသနာ ကွယ်ပျောက်တော့လေသည်။

ဤသို့ဖြင့် ဝေနေယျမျာစွာကို သနားတော်မူ၍ သဒ္ဓါတရားကို အခြေခံကာ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း
ကာလပတ်လုံး လူသာမန်ပုဂ္ဂိုလ်တို့ ပြုလုပ် ဖြည့်ကျင့်နိုင်ခဲသော ပါရမီသုံးဆယ်၊ စွန့်ခြင်းကြီးငါးပါး၊ စရိယသုံးပါးတို့ အရင်းခံကာ တည်ထောင်ခဲ့သော ဘုရားရှင်၏ သာသနာတော်ကြီးသည် ကွယ်ပျောက် ချုပ်ငြိမ်း ရပါလိမ့်မည်။

ထို့ကြောင့် မြတ်စွာဘုရားရှင်၏ သာသနာတော်ကြီး ယခုလို နေလိုလလို ထွန်းတောက်ဆဲ ကာလ၀ယ် အချိန်ရှိခိုက် လုံ့လစိုက်၊ လသာတုန်း ဗိုင်းငင်ကာ ကုသိုလ်ကောင်းမှု အစုစု၌ အပ္ပမာဒ သတိတရားဖြင့် တတ်အားသရွေ့ ကြိုးစားနိုင် ကြစေရန် စေတနာသန့်သန့်ဖြင့် တင်ပြလိုက်ရပါသည်။

သာသနာတော်ကွယ်ပျောက်ပုံ ကွယ်ပျောက်နည်းများ (၄)


၁။ အဓိဂမ သာသနာကွယ်ခြင်း
၂။ ပဋိပတ္တိ သာသနာကွယ်ခြင်း
၃။ ပရိယတ္တိသာသနာကွယ်ခြင်း
၎။ လိင်္ဂသာသနာတော်ကွယ်ခြင်း
၅။ ဓာတ်တော်ကွယ်ခြင်း ။ ။

၎။ လိင်္ဂသာသနာတော်ကွယ်ခြင်း

ရဟန်းအသွင်အပြင်ကို လိင်္ဂ ဟု ခေါ်ပါသည်။ ၀ိနည်း စည်းကမ်းများ ချို့ယွင်းလာသဖြင့် ရဟန်း သံဃာတော် များ၏ သပိတ်၊ သင်္ကန်း သုံးစွဲပုံမှာ ကြည်ညိုဖွယ် မရှိတော့။ ဖြစ်ကတတ်ဆန်း ဝတ်ရုံ သုံးစွဲကြကုန်သည်။ ထိုအခါ ရဟန်း အသွင် ကွယ်ပျောက်ပြီး လိင်္ဂသာသနာ ကွယ်ပျောက်လေတော့သည်။

Monday, November 17, 2008

သာသနာတော်ကွယ်ပျောက်ပုံ ကွယ်ပျောက်နည်းများ (၃)


၁။ အဓိဂမ သာသနာကွယ်ခြင်း
၂။ ပဋိပတ္တိ သာသနာကွယ်ခြင်း
၃။ ပရိယတ္တိသာသနာကွယ်ခြင်း
၎။ လိင်္ဂသာသနာတော်ကွယ်ခြင်း
၅။ ဓာတ်တော်ကွယ်ခြင်း ။ ။

၃။ ပရိယတ္တိသာသနာ ကွယ်ခြင်း
ဘုရားဟော ပါဠိတော်များနှင့် အဋ္ဌကထာ စသည်တို့ကို ပရိယတ္တိသာသနာဟု ခေါ်ပါသည်။ ထိုကျမ်းစာများ ကွယ်ပျောက် ခြင်းကို ပရိယတ္တိသာသနာ ကွယ်သည်ဟု ခေါ်ပါသည်။ ဘုရားဟော ပိဋကတ်တော်များ ရှိနေသမျှ ကာလပတ်လုံး ပရိယတ္တိသာသနာ မကွယ်နိုင်ပါ။ ကာလကြာသော ဆရာ ဒကာ ချို့ယွင်းမှုကြောင့် ပရိယတ္တိသာသနာ စတင်ကွယ်ပျောက် လေတော့သည်။

ထိုအခါ အဘိဓမ္မာပိဋကတ် စတင်ဆုတ်ယုတ်ပါတော့သည်။ အဘိဓမ္မာ ပိဋကတ်တွင်လည်း ပဋ္ဌာန်းက စတင်၍ ဓမ္မသင်္ဂဏီအထိ အစဉ်အတိုင်း ဆုတ်ယုတ်ပါသည်။ ထို့နောက် အဂုင်္တ္တိုရ်၊ သံယုတ်ပါဠိတော် ဒီဃနိကာယ် အထိ ဆုတ်ယုတ်ပြီး ဒီယနိကာယ် ကွယ်ပျောက်လျှင် သုတ္တန်ပိဋကတ်တော်နှင့် ဇာတ်တော်မျှ ကိုသာ ဆောင်နိုင်ကြတော့ သည်။ ၀ိနည်းကို လဇ္ဇီ ရဟန်းတော်များ ဆောင်ကြသကဲ့သို့ ဇာတ်တော် ကိုလည်း လာဘ်လာဘကို အလိုရှိသော ပုဂ္ဂိုလ်များက ဆောင်ကြကုန်သည်။ ကာလကြာသော် ဇာတ်တော်ကို အာဂုံ မဆောင်နိုင် ကြတော့ဘဲ အထက်ဆုံး ဝေဿန္တရာ ဇာတ်တော်မှ စ၍ အပဏ္ဏက ဇာတ်တိုင်အောင် ဆုတ်ယုတ်လာတော့ သည်။ ဤသို့ ဇာတ်တော် ကွယ်ပျောက်သော် ၀ိနည်းပိဋကတ်ကိုသာ ဆောင်ကြတော့သည်။

ဝိနည်းဆောင် ရဟန်းတော်များ ရှိနေသဖြင့် ပရိယတ္တိသာသနာတော် တည်ရှိနေသေးသည်။ နောင်သော် ထိုရဟန်းတော်များ သဒ္ဓါ၊ သမာဓိ၊ ပညာ၊ ၀ီရိယ တရားတို့ လျော့နည်းလာကာ အထက် ပါရိဝါပါဠိတော်မှ စတင်၍ မဟာ ၀ိဘင်းအဆုံး ဆုတ်ယုတ်တော့သည်။

အခါတစ်ပါး၌ သဒ္ဓါတရားနှင့် ပြည့်စုံသော မင်းတစ်ပါးသည် ဆင်ကျောက်ကုန်းပေါ် ရွှေစင်နှင့် မွှန်းခြယ်ထားသော တောင်းထဲတွင် အသပြာထောင်ထုပ်ကို တင်ပြီး ဘုရားဟော ဂါထာတစ်ပုဒ် ရွတ်ဆိုနိုင်သူ သည် ဤအသပြာကို ယူလော့ဟု သုံးကြိမ်တိုင်တိုင် စည်တီး၍ လှည့်လည်သည်။ ယူမည့်သူ မရှိ၍ နန်းတော်သို့ ပြန်ပို့ရသောအခါ ပရိယတ္တိသာသနာ ကွယ်လေတော့သည်။

Saturday, November 15, 2008

သာသနာတော်ကွယ်ပျောက်ပုံ ကွယ်ပျောက်နည်းများ (၂)

၁။ အဓိဂမ သာသနာကွယ်ခြင်း
၂။ ပဋိပတ္တိ သာသနာကွယ်ခြင်း
၃။ ပရိယတ္တိသာသာနကွယ်ခြင်း
၎။ လိင်္ဂသာသနာတော်ကွယ်ခြင်း
၅။ ဓာတ်တော်ကွယ်ခြင်း ။ ။

၂။ ပဋိပတ္တိ သာသနာကွယ်ခြင်း


သမထ ဝိပဿနာနှင့် စတုပါရိသုဒ္ဓိသီလ သည် ပဋိပတ္တိ သာသနာ ဖြစ်ပါသည်။ ထိုတရားများ ကွယ်ပျောက် ခြင်းကို ပဋိပတ္တိ သာသနာကွယ်သည်ဟု ခေါ်ဆိုပါသည်။ 
သာသနာတော် နောက်ပိုင်းသို့ ရောက်လာကြသောအခါ သဒ္ဓါဝိရိယတရားများ ယုတ်လျော့လာသဖြင့် မဂ်ဖိုလ်ကို ရအောင် အားမထုတ်ချင်တော့ပေ။ စတုပါရိသုဒ္ဓိသီလ ကိုသာ ဖြည့်ကျင့်စောင့်စည်းကြကုန်သည်။ ကာလကြာသောအခါ ထိုသီလကိုပင် မစောင့်စည်းကြတော့ဘဲ သိက္ခာပုဒ်များကို ငယ်ရာမှ စတင်၍ တစတစ ကျူးလွန်လာတော့သည်။ ပါရာဇိက လေးပါးကိုသာ စောင့်စည်းကြကုန်သည်။ နောက်ဆုံး ထိန်းသိမ်းစောင့်ရှောက်သော ရဟန်းတော်များ ကွယ်လွန်လျှင် လည်းကောင်း၊ သိက္ခာပုဒ်ဆောက်တည်ခြင်းကို ချိုးဖောက်လျှင် လည်းကောင်း ပဋိပတ္တိ သာသနာကွယ်ပျောက်ခြင်း ဖြစ်လေတော့သည်။

Followers

Labels

Comments