စီးပွားဟူသည် စည်းရှိမှ ပွားသည်
စီးပွားဟူသည် စီးလို့ ပွားသည် မဟုတ်ပါ။ စည်းလို့ (စည်းကမ်းရှိလို့) ပွားလာခြင်းသာ ဖြစ်ပါသည်။ ချမ်းသာ ချင်သူသည် အသုံးအစွဲ စည်းကမ်းရှိဖို့ အထူးလိုအပ်ပါသည်။ ဟော့ဟော့ရမ်းရမ်း ၊ စည်းမဲ့ကမ်းမဲ့ သုံးစွဲသူ၊ ငွေသုံးမိုက်မဲသူသည် မွဲဆေးဖော်နေခြင်းပင် ဖြစ်သည်။ ကုဋေရှစ်ဆယ်ကြွယ်ဝသော သူဌေးသားသော်မှ ငွေကို စည်းမဲ့ကမ်းမဲ့ သုံးသဖြင့် သူတောင်းစားဘဝ ရောက်ရသော သာဓကများ ရှိခဲ့ဖူးပါသည်။
စည်းဟူသည် သူ့စည်း၊ ကိုယ့်စည်း နှင့်ဖြစ်အောင် နယ်နိမိတ် သတ်မှတ်ထားသော နယ်ခြားအမှတ်အသား ဖြစ်သည်။ ထို့ကြောင့် မိမိစည်းအတွင်းမှ မထွက်သင့်သည်များ ထွက်မသွားအောင်၊ မိမိစည်းအတွင်းသို့ မ၀င်သင့် သည်များ ဝင်မလာအောင် ထိန်းချုပ်၊ ဘောင်ခတ်ထားခြင်းဖြစ်သည်။ စည်းအတွင်း ဘောင်းတွင်း တွင် နေရသဖြင့် အရာရာ လုံခြုံမှု ရှိသည်။ စိတ်ချ လက်ချ ရှိသည်။
ကမ်းဟူသည် ထိန်းချုပ်ထားသော အနားသတ် ဖြစ်သည်။ ကမ်းမရှိလျှင် ပင်လယ် စသည်တို့ ဖြစ်မလာနိုင်။ ကမ်းရှိ၍သာ မြစ်တို့၊ ပင်လယ်တို့၊ ရေကန်တို့ ရှိရာသည်။ ထိုမြစ်၊ ပင်လယ်၊ ရေကန်တို့ ရှိ၍သာ လူအများ ချမ်းသာ နေကြရသည်။ ကမ်းရှိ၍ ရေရှိ၊ ရေရှိ၍ လူအများ ချမ်းသာကြရသကဲ့သို့ ငွေနှင့်စပ်၍ စည်းရှိ၊ ကမ်းရှိ၊ စည်းကမ်းရှိရှိ သုံးစွဲမှသာ လက်ထဲတွင် အလုံးအခဲနှင့် များများစားစား ပိုလျှံမည်ဖြစ်သည်။ ငွေပိုငွေလျှံ ရှိမှသာ လိုအပ်ရာရာ စိတ်တိုင်းကျ သုံးစွဲနိုင်မည်ဖြစ်သည်။ သို့မှသာ လူချမ်းသာ ဖြစ်နိုင်သည်။
အ၀တ်မှာလည်း စည်းကမ်းရှိရသည်။ အစားမှာလည်း စည်းကမ်းရှိရသည်။ အခြားနေမှု၊ ထိုင်မှု၊ သုံးဆောင်မှု တို့မှာလည်း စည်းကမ်းရှိရသည်။ မိမိကလည်း စည်းကမ်းရှိရသည်။ မိမိနှင့် သက်ဆိုင်သူ အိမ်သူအိမ်သား မှန်သမျှ အားလုံး စည်းကမ်းရှိရသည်။ တပည့်ငယ်သား အားလုံးသည်လည်း စည်းကမ်းရှိရသည်။ ငွေထုတ်၍ သုံးစွဲမှု မှန်သမျှ စည်းကမ်းရှိရသကဲ့သို့ ငွေပေး၍ ၀ယ်ရသော အသုံးအဆောင်ပစ္စည်းများ အပေါ်တွင်လည်း စည်းကမ်းရှိရှိ သုံးစွဲရသည်။ သို့ဖြစ်ရာ လူချမ်းသာဖြစ်ချင်သူသည် ငွေသုံးစွဲမှုနှင့် စပ်လျဉ်း၍ စည်းကမ်းရှိရန် လိုပါသည်။
(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
ဆက်လက်တင်ပြပါမည်။
Monday, June 30, 2008
လူချမ်းသာ စိတ်ချမ်းသာ (၁၈)
Posted by အောင်မြေ at 7:44 PM 0 comments
အလိုတော်ပြည့်ဂူဘုရား
အလိုတော်ပြည့်ဂူဘုရား
အလိုတော်ပြည့်ဂူဘုရားသည် စေတီပေါက် လိုဏ်တစ်ဆင့် ဂူဘုရားဖြစ်ပြီး ခရစ်(၁၂)ရာစုတွင် တည်ခဲ့သည်။ အလိုတော်ပြည့်ဂူဘုရား အတွင်းနံရံတွင် သင်ကြီး (ဘုန်းကြီး) ငါတုတ်သင်က အာလိုဝ်ပြည့်မည်သော ဂူဘုရားနှင့် စဥ့်ပုထိုးတော်အား (၁) မေ၊ (၁၁၉၄) တွင် ပြုပြင်ပြီးစီးကြောင်း ကမ္ပည်းမင်စာ (၁၆)ကြောင်း ရေးထိုးထားသည်။
အလိုတော်ပြည့်ဂူဘုရားအတွင်းတွင် နှစ်ကျိပ်ရှစ်ဆူ ဘုရားပုံများ၊ မြတ်စွာဘုရား တရားဟောနေပုံများ၊ ဝိမာန ၀တ္ထုလာ ဇာတ်ကွက်နံရံဆေး ပန်းချီများရှိပြီး ရှေးမွန်ဘာသာဖြင့် ကမ္ပည်းမင်စာရေးထိုးထားသည်။ ဂူဘုရား၏ အပြင်ဘက် မျက်နှာများတွင် အင်္ဂတေပန်းတော့ လက်ရာများကို လေ့လာနိုင်သည်။
ဝန်ခံချက် ။ ပုံတော်များကို www.ancientbagan.com မှ ရယူထားပါသည်။
Posted by အောင်မြေ at 1:51 AM 0 comments
Labels: ပုဂံဘုရားများ, ညောင်ဦးတ၀ိုက်ရှိထင်ရှားသော စေတီပုထိုးများ
Sunday, June 29, 2008
လူချမ်းသာ စိတ်ချမ်းသာ (၁၇)
လုံခြုံပါစေ၊ သန့်ရှင်းပါစေ
(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
ဆက်လက်တင်ပြပါမည်။
Posted by အောင်မြေ at 6:32 PM 0 comments
Labels: လူချမ်းသာစိတ်ချမ်းသာ
Saturday, June 28, 2008
သဗ္ဗညုဘုရား
သဗ္ဗညုဘုရား
သဗ္ဗညုဘုရားသည် ကွမ်းတောင် ပေါက်လိုဏ် လေးဆင့်ဂူ ဘုရားဖြစ်ပြီး အေဒီ (၁၁၄၄) တွင် အလောင်းစည်သူ မင်း (စည်သူ ၁) တည်ခဲ့သည်။
အလောင်း စည်သူမင်းသည် မြတ်စွာဘုရားအား ဝိသာခါ ဆောက်လုပ် လှူဒါန်းခဲ့သည့် ပုဗ္ဗာရုံ ကျောင်းတော်ပုံစံ ဂူဘုရား တည်လိုခဲ့သည်။ အလောင်းစည်သူသည် ၄င်း၏ဆန္ဒကို သံဃာတော် များကို လျှောက်ထားခဲ့ရာ သံဃာတော်များ ကလည်း သဘောတူညီ သည့်အတွက် သဗ္ဗညု (သိစပ်မြင်နှံ) ဘုရားကို တည်ခဲ့သည်ဟု အဆိုရှိသည်။
ထု-ဓမ္မရံ ၊ ဥာဏ်- သဗ္ဗညု ၊ အနု-အာနန္ဒာ၊ တန်ခိုး-ရွှေစည်းခုံ ဟူသော အဆိုအရ သဗ္ဗညု ဘုရားသည် ပုဂံဒေသရှိ ရှေးဟောင်း သာသနိက အဆောက်အဦ များအနက် ဥာဏ်တော် အမြင့်ဆုံးဖြစ်ကာ (၆၄)မီတာ (၂၁၀)ပေ မြင့်သည်။
သဗ္ဗညုဘုရားသည် ဝတ်ပြု ကိုးကွယ်ရန် သက်သက်သာ မဟုတ်ဘဲ ရဟန်း သံဃာောတ်များ သီတင်းသုံးရန် ကျောင်းအဖြစ် လည်းကောင်း၊ ပိဋိကတ်တိုက် အဖြစ် လည်းကောင်း အသုံးပြု ခဲ့ကြသည်။
သဗ္ဗညုဘုရားတွင် မူလက နံရံဆေးရေး ပန်းချီများ ရှိခဲ့သော်လည်း ဘုရား အတွင်းပိုင်းကို ထုံးသုတ်ခဲ့ ကြသည့်အတွက် ရှေးဟောင်း ပုဂံခေတ်လက်ရာ နံရံဆေးရေးပန်းချီများ ပျက်စီးသွား ခဲ့ပြီဖြစ်သည်။ ယခုအခါ မြေညီထပ်ရှိ အနောက်ဘက် ဂန္ဓကုဋီတိုက် ပေါင်းကူး မျက်နှာကြက် တွင် ပန်းခက်၊ ပန်းနွယ်ပုံ၊ ပန်းဒီဇိုင်းများနှင့် နံရံတွင် သစ်ရွက်ပုံ ပန်းတန်းများ၊ အနောက်ဘက် အာရုံခံ အတွင်းရှိ ပေါင်းကူး မျက်နှာကြက်တွင် ဗုဒ္ဓခြေတော်ရာ၊ ဗုဒ္ဓရုပ်ပွားပုံပါ စက်ဝိုင်းပန်း အထပ်များ စသည့် နံရံဆေးရေးပန်းချီ အနည်းငယ်သာ ကျန်ရှိသည်။
သဗ္ဗညုဘုရားတွင် အုတ်စီ အုတ်နင်းနှင့် နံရံပေါင်းကူး များကို လေ့လာနိုင်သည်။ အပေါ်ထပ် နံရံများတွင် အုတ်များကို အလျားလိုက် တစ်လှည့်၊ ထောင်လိုက် တစ်လှည့်စီ ထားသည်။ မြေညီထပ် အဝင်ခန်းမတွင် အုန်းလက်ခံ ပေါင်းကူး၊ စင်္ကြံ မျက်နှာကြက်တွင် ထပ်ဆင့်နိမ့် အမိုးခုံး၊ အဝင်မုခ်၊ အာရုံခံ ခန်းမ၊ မင်းလမ်း နှင့် အရံဗုဒ္ဓ ရုပ်ပွားဆင်းတု များအပေါ်မှ အမိုးခုံးများ၊ အောက်လိုဏ် ပတ်လမ်းအထပ် အတွင်းစင်္ကြံ မျက်နှာကြက်တွင် မှီပေါင်ကူးများ၊ ဖြတ်ကူးလမ်းရှိ အမိုးခုံးများ အပေါ်ထပ် ဗုဒ္ဓရပ်ဆင်းတု အပေါ်မျက်နှာကြက်တွင် စုထိုး ပေါင်းကူးများ၊ စင်္ကြံမျက်နှာကြက် တွင် မှီပေါင်းကူးများ၊ အဝင်မုခ်၊ အာရုံခန်းမ ဖြတ်ကူးလမ်း များ၏ မျက်နှာကြက် အမိုးခုံးများ၊ ပြတင်ပေါက် အပေါ်တန်း ရှိ လိပ်ပြာတောင်ပံ ပေါင်းကူးများ တွင် သဲကျောက်များကို ညှပ်၍စီထားသည်ကို လေ့လာနိုင်သည်။
သဗ္ဗညုဘုရား အရှေ့တောင်ဘက် သဗ္ဗညုဘုန်းကြီး ကျောင်းတိုက် အတွင်းတွင် အလောင်း စည်သူမင်းကြီး၏ ကောင်းမှုတော် ကြေးစင်တစ်သောင်း (၁၅.၁၅)တန် ဖြင့်သွန်းလုပ်ထား သည့် ခေါင်းလောင်းကြီး ဆွဲချိတ်ရာ ကျောက်တိုင် နှစ်တိုင်ရှိပြီး ကျောက်တိုင်တွင် ကျောက်ဆစ် ပန်းတမော့ လက်ရာများရှိ သည်။ ထို ခေါင်းလောင်းကြီးမှာ အင်းဝ-ဟံသာဝတီ စစ်ပွဲကာလ အေဒီ (၁၇၄၂-၅၂) အတွင်းက ဖျက်ဆီးခံ ခဲ့ရသည်ဟု အဆိုရှိသည်။ သဗ္ဗညု ဘုရားသည် လိုဏ်လေးဆင့် ဂူဘုရားကြီး ဖြစ်ပြီး ပုဂံခေတ် ဗိသုကာ ပညာ၏ ကြီးများ ထည်ဝါမှုကို ပြသနေသည်။
ဝန်ခံချက် ။ ပုံတော်များကို www.ancientbagan.com မှ ရယူထားပါသည်။
Posted by အောင်မြေ at 1:04 AM 1 comments
Labels: ပုဂံဘုရားများ
Friday, June 27, 2008
လူချမ်းသာ စိတ်ချမ်းသာ (၁၆)
နောက်ဖေးချောင် လုံဖို့လိုသည်
စားဝတ်နေရးဟူရာတွင် စားရေးကိစ္စသည် အရေးကြီးဆုံးဖြစ်၍ ရှေ့ဆုံးကထားကာ ဆိုခြင်းဖြစ်သည်။ သက်ရှိ သတ္တဝါတိုင်း အစားနှင့် မကင်းကြ။ လူတွင်လည်း အစားက နံပါတ်တစ် ဖြစ်နေသည်။ ဝင်ငွေကောင်းသူများအဖို့ အစားက မသိသာသော်လည်း သာမန်ဝင်ငွေရှိသူတို့အတွက် အစားက (စားစရိတ်)က သိသာလွန်းသည်။ ဥစ္စာဖြို စားဖိုက ဟုဆိုသည်။ ရှာဖွေရရှိထားသော ဥစ္စာကို ဖြိုဖျက်နေသည်မှာ စားဖိုဆောင်က ဖြစ်သည်။
အဝတ်က တစ်ထည်ချုပ်ထားလျှင် လချီ၊ နှစ်ချီပြီး ဝတ်ရ၏။ အဆောက်အအုံက တစ်ခါဆောက်လျှင် တစ်သက် လုံး နေထိုင်လို့ရသည်။ အစားက ထိုသို့မဟုတ်ချေ။ နေ့တိုင်းချက် နေ့တိုင်းစားနေရသည်။ ဝင်ငွေကသာ နေ့စဉ် မရှိနေမည်။ ထွက်ငွေက အစားအတွက် နေ့စဉ် ထွက်နေရသည်။ စားရေးကိစ္စသည် ဝင်ငွေထဲမှနေ တတိတိနှင့် ထွက်အောင် ပြုနေလေသည်။
သို့ဖြစ်၍ အစားနှင့်ပတ်သက်၍ စည်းကမ်းရှိရမည်။ ကုန်သင့်သာလျှင် ကုန်ဖို့အတွက်၊ မကုန်သင့်တာတွေ မကုန်ဖို့ အတွက် ထိန်းထိန်း သိမ်းသိမ်းရှိရမည်။ မိသားစုတစ်စု အဖွဲ့အစည်းတစ်ခုမှာ စားဖိုဆောင်လုံအောင် ထိန်းနိုင်ဖို့ အရေးကြီးသည်။ ကျွေးစရာရှိလျှင် ကျွေးရမည်ဖြစ်သည်။ သို့သော် သူနှင့်တန်ရာ တန်ရာသာ ဖြစ်ရ မည်။ မတန် မရာကို မလုပ်ရ။ ကြောင်ကို ကြောင်စာသာကျွေးရမည်။ လူစာကျွေး၍မဖြစ်ပေ။ လူမှာတွင်လည်း သူအဆင့်နှင့်သူ ရှိသည်။ သူ့အဆင့်နှင့် လျော်ညီရာကိုသာ ကျွေးရသည်။ လူတန်းစားခွဲသည်မဟုတ်၊ သူ့ အလိုလို လူတန်းစား ကွဲပြီးသားဖြစ်သည်။
(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
ဆက်လက်တင်ပြပါမည်။
Posted by အောင်မြေ at 11:10 PM 0 comments
Labels: လူချမ်းသာစိတ်ချမ်းသာ
Thursday, June 26, 2008
လူချမ်းသာ စိတ်ချမ်းသာ (၁၅)
ပရာဘဝသုတ်လာ ပျက်စီးကြောင်း (၂၄)ပါး
ဘုရားရှင်သည် ပရာဘဝသုတ်တော်၌လည်း ပျက်စီးကြောင်း တရားတို့ကို ဟောထားတော်မူသည်။ အချက် အလက် ၂၄ မျိုးရှိသည်။ ဂါထာအားဖြင့် ၁၂ ပုဒ်ရှိသည်။ ပျက်စီး ဟူရာတွင် စီးပွားပျက်ရုံမက ဘဝပါပျက်စီး စေနိုင်သော အကြောင်းတရား များဖြစ်သည်။ အသိဥာဏ်မရှိသူသည် ပျက်စီးတတ်သည်။ လူမှာ အရေးအကြီး ဆုံးသည် အသိဥာဏ်၊ သို့မဟုတ် အသိစိတ်ဓာတ် ၊ အသိတရား ပင်ဖြစ်သည်။ စီးပွားရေးလည်း သိတတ်ရမည်။ လူမှုရေးလည်း သိတတ်ရမည်။ အသိတရားဟူသည် လွန်စွာကျယ်ပြန့်သည်။ မိဘအပေါ် သိတတ်ရသည်။ ဆရာသမားအပေါ် သိတတ်ရသည်။ ညီအစ်ကို မောင်နှမ ဆွေမျိုးသားချင်းအပေါ် သိတတ် ရသည်။ သူ့ဖို့၊ ကိုယ့်ဖို့ မျှ၍ သိတတ်ရသည်။ ရှေ့ရေး နောက်ရေး ထောက်ဆ သိတတ်ရသည်။ လူမှာ အသိတရား ရှိမှသာ ကြီးပွား တိုးတက်နိုင်မည်။ အသိတရား မရှိလျှင် ပျက်စီးဖို့သာ ရှိသည်။
သူယုတ်မာကို ချစ်ခင်ရင်းနှီး သံယောဇဉ်ကြီးလျှင် ပျက်စီးတတ်သည်။
သူတော်ကောင်းကို မချစ်ခင် မုန်းတီးလျှင် ပျက်စီးတတ်သည်။
မသူတော်တရားကို နှစ်သက်လျက် မသူတော်၏ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်ကို သဘောကျ အတုယူ ကျင့်သုံးလျှင် ပျက်စီးတတ်သည်။
အအိပ် စုံမက်ခြင်း၊ အလွန်အကျွံအိပ်ခြင်း၊ အအိပ်ကြီးခြင်း၊ ပွဲလမ်းသဘင် လိုက်စားခြင်း၊ အပျော်အပါး မက်ခြင်း၊
ထကြွလုံ့လမရှိခြင်း၊ ပျင်းရိ ထိုင်းမှိုင်းခြင်း၊ အပျင်းထူခြင်း၊ အပျင်းကြီးခြင်း၊ အမျက်ဒေါသကြီးခြင်း၊ အာဃာတ ကြီးခြင်းတို့သည် ပျက်စီးရန် အကြောင်းတရားများဖြစ်သည်။
ဖအို မိအိုတို့ကို မပြုစု မစောင့်ရှောက်လျှင် ပျက်စီးတတ်သည်။
အလှူခံပုဂ္ဂိုလ်များ၊ သူတောင်းစားများကို ပစ္စည်းလေးပါးဖြင့် ဖိတ်ကြားဝန်ခံထားပြီး လက်တွေ့မလှူဘဲ မဟုတ်မမှန် ပြောကြား၍ လိမ်လည်လှည့်ပတ်လျှင် ပျက်စီးတတ်သည်။
စည်းစိမ်ဥစ္စာ ချမ်းသာကြွယ်ဝ ပြည့်စုံပေါများသူ ဖြစ်ပါလျက် အလှူကိစ္စသတိမရ၊ မလှူဒါန်း မဝေငှဘဲ မိမိတို့သာ စားသောက်ပျော်ပါး ခံစားနေလျှင် ပျက်စီးတတ်သည်။
စီးပွားလာလျှင် အလှူအတန်း မပြတ်ပြုထားရသည်။ မပြုလျှင် စီးပွားပျက်တတ်သည်။
အမျိုးမာန်ခက်ထန်ခြင်း၊ အနွယ်မာန်ခက်ထန်ခြင်း၊ ဥစ္စာမာန်ခက်ထန်ခြင်း၊ ပညာမာန်၊ ရာထူးမာန် စသည်ခက်ထန်ခြင်း၊ မိမိဆွေမျိုးကို မထီမဲ့ပြုခြင်း ဤသဘောတရားတို့သည် ပျက်စီးကြောင်းများဖြစ်သည်။
မ, လိုက်စားခြင်း၊ အရားသမားဘွဲ့ထူးခံခြင်း၊ လောင်းကစားဝါသနာကြီးခြင်းတို့သည် ပျက်စီးကြောင်း တရားများ ဖြစ်သည်။
ကာမဂုဏ် အပျော်အပါးလိုက်စားခြင်း၊ မိမိအိမ်သူအပေါ် သစ္စာမစောင့်ခြင်းတို့သည် ပျက်စီးရာ ပျက်စီးကြောင်း တရားများဖြစ်သည်။
အသက်အရွယ်လွန်သူဖြစ်လျက် ငယ်ရွယ်သူ အမျိုးသမီးနှင့် အိမ်ထောင်ပြုလျှင် ပျက်စီးတတ်သည်။
ဥစ္စာ စည်းစိမ် ဂုဏ်သိမ်မရှိပါဘဲ အလိုရမ္မက်ကြီးခြင်း၊ ဥစ္စာစည်းစိမ် ဂုဏ်သိမ်မရှိပါဘဲ မင်းအဖြစ် တောင်းတခြင်း တို့သည် ပျက်စီးကြောင်းများဖြစ်သည်။
လူချမ်းသာဖြစ်လိုလျှင် အမျိုးသား၊ အမျိုးသမီးသည် ဘုရားဟောသော အထက်ပါ ပျက်စီးကြောင်းတရားများကို ရှောင်ရှားနိုင်၍ လူ့စည်းစိမ်၊ လူ့ချမ်းသာကို ကြိုးစား၍ တည်ဆောက်နိုင်ရာသည်။
(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
ဆက်လက်တင်ပြပါမည်။
Posted by အောင်မြေ at 7:24 PM 0 comments
Labels: လူချမ်းသာစိတ်ချမ်းသာ
အာနန္ဒာအုတ်ကျောင်း
အာနန္ဒာအုတ်ကျောင်း
အာနန္ဒာအုတ်ကျောင်းသည် ဘုန်းကြီးကျောင်း ဖြစ်၍ (၄) ဇန်န၀ါရီ (၁၇၇၆)တွင် ပုဂံမော်ကွန်းထိန်း ဥတ္တနရာဇာက စတင်ဆောက်လုပ်ခဲ့ရာ (၂၁) ဇွန် (၁၇၈၅)တွင် ပြီးစီးခဲ့သည်။ ကျောင်းတည်ဆောက်ရာတွင် ပစ္စည်တန်ဖိုး (၂၁၅၀)ကျပ်နှင့် လက်ခ (၁၈၀၀)ကျပ် စုစုပေါင်း(၃၉၅၀) ကျပ် ကုန်ကျခဲ့သည်။ ကျောင်း ဆောက်ပြီးသောအခါ ဥတ္တန ရာဇာသည် ကျောင်းထိုင် ဆရာတော်အဖြစ် ရေမြိန်ဇာတိ၊ သင်္ကန်းရုံအနွယ် ရှင်သုဓမ္မာ လင်္ကာရ ကို တင်လှူခဲ့သည်။
ဘုန်းကြီးကျောင်းသည် အာနန္ဒာဘုရား အနီး၌ တည်ရှိသည့် အတွက် အာနန္ဒာ အုတ်ကျောင်းဟု ခေါ်ဝေါ်ခဲ့ကြသည်။ အာနန္ဒာအုတ်ကျောင်းသည် ပုဂံဒေသရှိ ကုန်းဘောင် ခေတ်လက်ရာတစ်ခု ဖြစ်ပြီး အုတ်ကျောင်းအတွင်း ခရစ် (၁၈)ရာစု ကုန်းဘောင်ခေတ် နံရံဆေးရေး ပန်းချီများကို လေ့လာနိုင်သည်။
ဝန်ခံချက် ။ ပုံတော်များကို www.ancientbagan.com မှ ရယူထားပါသည်။
Posted by အောင်မြေ at 1:40 AM 0 comments
Labels: ပုဂံဘုရားများ
Wednesday, June 25, 2008
လူချမ်းသာ စိတ်ချမ်းသာ (၁၄)
စီးပွားပျက်ကြောင်း(၆)ပါး
(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
ဆက်လက်တင်ပြပါမည်။
Posted by အောင်မြေ at 6:49 PM 0 comments
Labels: လူချမ်းသာစိတ်ချမ်းသာ
အာနန္ဒာဘုရား
အာနန္ဒာဘုရား
အာနန္ဒာဘုရားသည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့် ဂူဘုရားဖြစ်ပြီး အေဒီ(၁၀၉၀)တွင် ကျန်စစ်သားမင်း တည်ခဲ့သည်။ မှန်နန်း ရာဇဝင်တွင် နန္ဒမူလ လိုဏ်ဂူမှ ရဟန္တာများ ပုဂံသို့ကြွ လာခဲ့ရာ ကျန်စစ်သားသည် ထိုအရှင်မြတ် များထံမှ နန္ဒမူလိုဏ်ဂူ အကြောင်း သိရှိရပြီး သဘောကျ နှစ်ခြိုက်ခဲ့သည်။ ထို့ကြောင့် အေဒီ (၁၀၉၀)တွင် နန္ဒမူလိုဏ်ဂူ ပုံသဏ္ဍာန် အတိုင်း အာနန္ဒာဘုရား တည်ဆောက်ခဲ့ သည်ဟု ဖော်ပြထားသည်။
အာနန္ဒာဘုရားကို အလယ်မဏ္ဍိုင် ခံ၍ တည်ဆောက် ထားပြီး တိုက်မဂူ အထက်တွင် ပစ္စယာ၊ မိုးလျော အဆင့်ဆင့်ဖြင့် တည်ဆောက် ထားသည်။
အာနန္ဒာဘုရားတွင် ဗုဒ္ဓရုပ်ပွား ဆင်းတုများ၊ နံရံဆေးပန်းချီများ၊ ကျောက်ဆစ် ပန်းတမော့ လက်ရာများနှင့် စဥ့်စိမ်းသုတ် မြေမီးဖုတ် အုတ်ချပ်(စဥ့်ကွင်း) များကို လေ့လာနိုင်သည်။
အာနန္ဒာဘုရားရှိ အလယ်မဏ္ဍိုင် လေးမျက်နှာတွင် အရပ်လေးမျက်နှာသို့ မျက်နှာမူသည့် ရပ်တော်မူ ဗုဒ္ဓရုပ်ပွား ဆင်းတုတော် လေးဆူရှိသည်။
ထိုလေးဆူတို့မှာ မြောက်ဘက် မျက်နှာတွင် စကားသားဖြင့် ထုလုပ်ထားသည့် ကကုသတ်ဗုဒ္ဓ ရုပ်ပွားဆင်းတု (စမ္မစက္ကမုဒြာ)၊ အရှေ့ဘက် မျက်နှာတွင် ကောဏာဂုံ ရုပ်ပွားဆင်းတု၊ တောင်ဘက်မျက်နှာတွင် ထင်းရှူးသားဖြင့် ထုလုပ်ထားသည့် ကဿပဗုဒ္ဓရုပ်ပွားဆင်းတု (အဘယမုဒြာနှင့် ဝရဒမုဒြာ) တို့ဖြစ်သည်။ ထိုဗုဒ္ဓရုပ်ပွားဆင်းတုတော် လေးဆူအနက် တောင်ဘက်နှင့် မြောက်ဘက်မျက်နှာရှိ ဗုဒ္ဓရုပ်ပွားဆင်းတု နှစ်ဆူသာ ပုဂံခေတ်လက်ရာ ဖြစ်သည်။ အရှေ့ဘက်ရှိ ဗုဒ္ဓရုပ်ပွားဆင်းတုမှာ မီးလောင်ပျက်စီးသွား၍ (၁၈၆၇)တွင် ပုဂံမြို့ဝန် ဦးဘိုးက ထပ်မံပြုလုပ် လှူဒါန်းထားခြင်း ဖြစ်သည်။ အနောက်ဘက်ရှိ ဗုဒ္ဓရုပ်ပွား ဆင်းတုမှာ ရွှေ၊ ငွေလိုချင်သူတို့က အရေကြိုပစ်သည်ဟုလည်းကောင်း၊ အင်းဝ-ဟံသာဝတီ စစ်ပွဲကာလ အေဒီ(၁၇၄၂-၅၂)က ဖျက်ဆီးခြင်း ခံရသည်ဟုလည်းကောင်း ဆိုကြသည်။ ယခု လက်ရှိ ဗုဒ္ဓရုပ်ပွားဆင်းတုမှာ အေဒီ(၁၈၉၂)တွင် ပုဂံမြို့မှ ကုန်သည်ကြီး ဦးစံငြိမ်းက ထပ်မံ ပြုလုပ်လှူဒါန်းထားခြင်း ဖြစ်သည်။
အာနန္ဒာဘုရား အ၀င်ခန်းမကြီးလေးခု၏ အတွင်းနံရံ မုခ်ကပ်များတွင် ဗုဒ္ဓဝင်ဆိုင်ရာ ဗုဒ္ဓရုပ်ပွား ကျောက်ဆင်းတုများ၊ အတွင်းစင်္ကြံပတ်လမ်းရှိ နံရံမုခ်ကပ်များတွင် ဗုဒ္ဓရုပ်ပွား ကျောက်ဆင်းတုများ၊ အပြင်စင်္ကြံပတ်လမ်းတစ်လျှောက် အပြင်နံရံ အောက်ပိုင်း သဲကျောက် တုံးကြီးတစ်တုံးထဲ၏ အထက်အောက်မုခ် ကပ်အချိုင့်များတွင် နှစ်ကျိပ်ရှစ်ဆူ နှင့် မြတ်စွာဘုရား ၀ါဆိုစဉ်များ၊ မုဒြာ (လက်ဟန်) အမျိုးမျိုးဖြင့် ဗုဒ္ဓရုပ်ပွား ကျောက်ဆစ်လက်ရာ များကို လေ့လာနိုင်သည်။
အာနန္ဒာဂူဘုရားအတွင်းရှိ နံရံများ ပေါင်းကူးမျက်နှာကြက်များနှင့် တိုင်များတွင် မူလက ရှေး မွန်ဘာသာဖြင့် ကမ္ပည်းရေးထိုးထားသည့် နံရံဆေးရေး ပန်းချီများရှိခဲ့သော်လည်း အာနန္ဒာ ဘုရားအတွင်းပိုင်းကို ထုံးသုတ်လိုက်သည့် အတွက် သမိုင်းဝင် တန်ဖိုးကြီးမားသည့် နံရံဆေးရေး ပန်းချီများ ပျက်စီးသွားခဲ့သည်။ အချို့နေရာများတွင် ထုံးများကို ခွာကြည့်ရာ နံရံ ဆေးရေးပန်းချီနှင့် ကမ္ပည်းမင်စာများ ပေါ်နေသည်ကို တွေ့ရသည်။
အာနန္ဒာဂူဘုရား၏ အပြင်ဘက် အောက်ခြေပတ်လည်တွင် လည်းကောင်း၊ အထက်ပစ္စယာ များတွင်လည်းကောင်း၊ အထက်ပစ္စယံများတွင်လည်းကောင်း စဥ့်စိမ်းသုတ် မြေမီးဖုတ် အုတ်ချပ် (စဥ့်ကွင်း)များဖြင့် တန်ဆာဆင်ထားသည်။ စဥ့်ကွင်းပါ ပုံများမှာ နတ်ဗြဟ္မာမျာက မြတ်စွာဘုရားအား ဖူးမျှော်ရန် လာကြပုံ၊ မာရ်နတ် စစ်သည်များက မြတ်စွာဘုရားအား စစ်တိုက်ရန် လာကြပုံများနှင့် (၅၅၀)ဇာတ်ဆိုင်ရာတို့ ဖြစ်သည်။ ဘုရားတွင် စဥ့်ကွင်းပေါင်း (၁၄၇၂) ခုရှိပြီး ရှေးမွန်ဘာသာ ကမ္ပည်းစာများ ပါရှိသည်။
ဝန်ခံချက် ။ ပုံတော်များကို www.ancientbagan.com မှ ရယူထားပါသည်။
Posted by အောင်မြေ at 3:51 AM 0 comments
Labels: ပုဂံဘုရားများ
Tuesday, June 24, 2008
လူချမ်းသာ စိတ်ချမ်းသာ (၁၃)
စောင့်ရှောက်ထိန်းသိမ်းရန်လိုသည်
(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
ဆက်လက်တင်ပြပါမည်။
Posted by အောင်မြေ at 6:40 PM 0 comments
Labels: လူချမ်းသာစိတ်ချမ်းသာ
Monday, June 23, 2008
လူချမ်းသာ စိတ်ချမ်းသာ (၁၂)
ငွေဆိုတာ မျက်နှာပွင့်ဆေး
ချမ်းသာလိုသူသည် ငွေဆိုတာ မျက်နှာပွင့်ဆေး တစ်လက်ပါလား ဟု သဘောပေါက်သင့်သည်။ ငွေသည် စွမ်းအား ကြီးမား၏၊ တန်ခိုးရှိ၏၊ လူဖျင်း၊ လူအ၊ လူနုံ၊ လူဗာလ၊ လူရာမ၀င်သူတို့သည် ငွေကြောင့် လူရာမ၀င် နိုင်၏။ ရုပ်ဆိုးသူတို့သည် ငွေကြောင့် ရုပ်ချောသူတို့အကြားမှာ နေရာရ၏။ လူကို အမွမ်းတင်နိုင်သူမှာ ငွေပင်ဖြစ်သည်။
ငွေရှိမှ လူရာဝင်သည်။ ငွေများ တရားနိုင်ဟုဆိုသည်။ ငွေသည် ပညာရှိတို့၏ နှလုံးသော်မှ ကိုင်လှုပ်နိုင်၏။ ပြတ်ပြတ်သားသား ရှိသူသည် ငွေကြောင့် မပြတ်မသား ဖြစ်တတ်သည်။ ကြမ်းတမ်းသူသည် ငွေကြောင့် ပျော့ပျောင်းသွားရသည်။ ပျော့ပျောင်းသူသည်လည်း ငွေကြောင့် ကြမ်းတမ်းသွားနိုင်သည်။ ငွေသည် လောကကြီး ကို တလွဲတချော်ဖြစ်အောင် လုပ်နိုင်စွမ်းသည်။ ငွေသည် အရာရာကို လုပ်ဆောင်နိုင်သည်ဟု အင်္ဂလိပ် စကားပုံက ဆိုသည်။
ငွေမရှိသော ဆင်းရဲသားကလေး လူကြားသူကြားလေလည်တာ မသေခင်က ပုပ်နေတဲ့ကလေး ဟု ကဲ့ရဲ့ကြသည်။ ပိုက်ဆံရှိသူ သားသမီး လူကြားသူကြား လေလည်တော့ ဒီကလေးက ကျန်းမာရေးးအလွန်ကောင်း တာပဲ ဟု ချီးကျူးကြသည်။ ငွေ၏ လှည့်စားမှုသည် ဆန်းကြယ်လှပါဘိ။
သီလသမာဓိရှိသော ဘုန်းတော်ကြီးတစ်ပါးသည် သူကျောင်းထဲ ကလေးများဆူလျှင် ဆော့လျှင် အတော်မနှစ်မြို့။ အဆူမခံ၊ အဆော့မခံ။ မျက်နှာရှိသော မိဘတို့၏ သားသမီးများဆူလျှင် ဆော့လျှင် ခပ်ပြုံးပြုံးနှင့် ကြည့်နေတော့သည်။ ဘုန်းတော်ကြီး ကိုယ်တိုင်ပင် ဆော့စရာ၊ ကစားစရာ ရှာပေးသည့်အပြင် စားစရာတောင် ခေါ်ကျွေးလိုက်သေး၏။ အတော်စွမ်းနိုင်သော ငွေဖြစ်သည်။
ရန်ကုန်က နာမည်ကြီး ဆရာတော်တစ်ပါးကို တွေ့ဖူးသည်။ ရဟန်းငယ်တစ်ပါးနှင့် သူ့ရဟန်းဒကာ ပိုက်ဆံရှိ ဒကာကြီး၏ ညီဖြစ်သူတို့ အဆိုပါ ဆရာတော်ကြီးထံ ရောက်သွား၏။ အလှူကိစ္စတစ်ခု ပင့်လျှောက်ရန် ဖြစ်သည်။ ဆရာတော်ကြီးနှင့် တွေ့တွေ့ချင်း လှေကားအနီးတွင် ဆရာတော်ကြီးက ဒကာကြီးကိုပဲ အရေးတယူ နှုတ်ဆက် ပြောဆိုနေ၏။ ရဟန်းငယ်ဘက်ကို ဘာတစ်ခွန်းမျှ လှည့်၍မမေး။ သူစိတ်ကျေနပ်သည်အထိ စကား ပြောသွား၏။ ရဟန်းငယ်ဘက် မလှည့်တော့။ နှုတ်လည်းမဆက်၊ ဘာတစ်ခုမှလည်း မမေးမြန်း။ ထိုအခါ အကြောင်းကိစ္စကို လျှောက်ထားရ၏။
တစ်ခါကလည်း ထိုရဟန်းငယ်သည်ပင် အခြားဒကာမကြီးတစ်ဦးနှင့် အဆိုပါ ဆရာတော်ကြီးထံ ရောက်သွားသည်။ ဆရာတော်ကြီးက ဒကာမကြီးကိုပဲ ဂရုတစိုက် ပြောဆိုဆက်ဆံ၏။ ရဟန်းငယ်ကိုတော့ သာမန်မျှပင်ဖြစ်သည်။ စိတ်ဝင်စားမှုမပြု။ ထိုဆရာတော်ကြီးသည် သာမညောင်ညမဟုတ်။ သူ့နီးစပ်ရာတို့က ရဟန္တာဟု သမုတ်နေသော အဓိကရ ဆရာတော်ကြီး တစ်ပါးဖြစ်သည်။ ဆရာတော်ကြီးသည် သီလနှင့်လည်း ပြည့်စုံပါသည်။ သမာဓိလည်း ရှိသင့်သလောက် ရှိမည် ထင်ပါသည်။ ကြည်ညိုဖွယ်လည်း ဆောင်ပါ၏။ ယခု အကြောင်းအရာသည် ဆရာတော်ကြီးကို ကဲ့ရဲ့လိုသည်မဟုတ်၊ ရှုံ့ချလိုသည် မဟုတ်။ မည်သည့်နေရာသွားသွား၊ မည်သည့်ပုဂ္ဂိုလ်ထံ ချဉ်းကပ်ချဉ်းကပ် ငွေသည် မျက်နှာပွင့်ဆေး ဖြစ်သည်ကို သဘောပေါက်ရန် သာဓကများ ထုတ်ပြနေရခြင်းဖြစ်သည်။
(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
ဆက်လက်တင်ပြပါမည်။
Posted by အောင်မြေ at 7:09 PM 1 comments
Labels: လူချမ်းသာစိတ်ချမ်းသာ
Sunday, June 22, 2008
ရွှေစည်းခုံစေတီ
ရွှေစည်းခုံစေတီ
ရွှေစည်းခုံစေတီကို အေဒီ(၁၀၆၀)တွင် အနော်ရထာမင်း စတင်တည်ခဲ့ပြီး အပြီးမသတ်၍ ကျန်စစ်သားမင်း အေဒီ (၁၀၈၄-၁၁၁၃)က ဆက်လက်တည်ရာ အေဒီ (၁၀၉၀) တွင် ပြီးစီး ခဲ့သည်။
အနော်ရထာမင်းသည် သရေခေတ္တရာရှိ ဒွတ္တဘောင်မင်းကြီး၏ စေတီကိုဖျက်၍ မြတ်စွာဘုရား၏ နဖူးသင်းကျစ်တော်နှင့် မြဆင်းတုတော်တို့ကို ယူဆောင်ကာ ရွှေစည်းခုံစေတီ တွင် ဌာပနာခဲ့သည်။ ထို့ပြင် အနော်ရထာမင်းသည် သီဟိုဠ် (ယခုသီရိလင်္ကာ) ဘုရင် ဝိဇယဘာဟု(၁) ဆက်သလိုက်သော စွယ်တော်ကိုလည်း ရွှေစည်းခုံ စေတီတွင် ထပ်မံ ဌာပနာ ခဲ့သည်။
ရွှေစည်းခုံစေတေီအောက်ခြေတွင် ပစ္စယံသုံးဆင့်ရှိပြီး ပစ္စယံသုံးဆင့်အထက်တွင် ရှစ်ထောင့်ကြာဝန်း ကျည်းဝန်း၊ ခေါင်းလောင်းပုံ၊ ရင်စည်း၊ သပိတ်မှောက်၊ ဖောင်းရစ် အဆင့်ဆင့်၊ ကြာမှောက်၊ ရွဲ၊ ကြာလန်၊ ပဉ္စလောဟာချရားသီး၊ ထီးအဆင့်ဆင့်ဖြင့် တည်ဆောက် ထားသည်။
ရွှေစည်းခုံစေတီတော်၏ ပစ္စယံအဆင့်ဆင့်တွင် စဥ့်စိမ်းသိတ် အုတ်ချပ်များဖြင့် ပြုလုပ်ထားသော (၅၅၀)ဇာတ်များကို ဇာတ်အမည်၊ နံပါတ်များနှင့် တကွ တွေ့ရသည်။ ရွှေစည်းခုံစေတီ၏ မျက်နှာလေးဖက်တွင် ကြေးဂူတိုက် လေးတိုက်ရှိပြီး ထိုတိုက်များထဲတွင် (၃.၉၀)မီတာ (၁.၂၈)ပေခန့် အမြင့်ရှိ ရပ်တော်မူဗုဒ္ဓရုပ်ပွားတော် ကြေးဆင်းတု (အဘယမုဒြာနှင့် ၀ရဒမုဒြာ) များရှိသည်။ ပုဂံခေတ် ကြေးသွန်း ကြေးခတ်နည်း (ပန်းတည်းပညာ)ကို လေ့လာနိုင်သည်။
ရွှေစည်းခုံစေတီတော်၏ အရှေ့ဘက်မုခ်တွင် ရှေးမွန်ဘာသာဖြင့် ရေးထိုးထားသည့် ကျန်စစ်သားမင်း အေဒီ (၁၀၈၄-၁၁၁၃) ၏ နန်းတက်အမိန့်တော် ပြန်တမ်းကျောက်စာတိုင် နှစ်တိုင်ရှိသည်။ ထိုကျောက်စာတွင် ကျန်စစ်သားမင်းသည် ဘုရားလက်ထက်၌ ဗိဿနိုးဖြစ်ခဲ့ပြီး နောင်အခါ အရိမဒ္ဒပူရပြည်တွင် တရားစောင့်သော မင်းဖြစ်လာမည်ဟု ဘုရားက ဗျာဒိတ်ပေးခဲ့ကြောင်း၊ တိုင်းသူပြည်သားတို့ကို ကြင်နာစွာ အုပ်ချုပ်မည့် အကြောင်း ရေးထိုးထားသည်။
ဟံသာဝတီ ဘုရင့်နောင်ကျော်ထင်နော်ရထာ အေဒီ(၁၅၅၀-၁၅၈၁) သည် ရွှေစည်းခုံစေတီကို ရွှေသင်္ကန်းကပ်လှူခဲ့ပြီး ထိုအကြောင်းကို (၂၃)မေ၊ (၁၅၅၇) ကလှူခဲ့သည့် (၂၁၀၀)ပိဿာ၊ (၃.၁၈)တန်ရှိ ကုသိုလ်တော် ခေါင်းလောင်းစာတွင် ဖြော်ပခဲ့သည်။
ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်း အေဒီ (၁၇၆၃-၁၇၇၆) သည် (၃၀)မေ၊ (၁၇၆၈) တွင် ရွှေစည်းခုံစေတီကို ထီးတော်တင်ပြီး ၄င်း၏အလှူဒါနကို ရေးထိုးထားသည့် မော်ကွန်း ကျောက်စာရှိသည်။
ရွှေစည်းခုံ စေတီရင်ပြင်ရှိ အုတ်ဇရပ်အတွင်းရှိ ပုဂံခေတ်က ထုလုပ်ခဲ့သည့် ဗုဒ္ဓခြေတော်ရာ၊ သစ်သားပန်းပု သိကြားရုပ်နှင့် သစ်သားပန်းပု တံခါးရွက်တို့ကို လေ့လာနိုင်သည်။
ရွှေစည်းခုံစေတီ ပန္နက်ရိုက်ရာ၌ အခြေပြုသည့် ပန္နက်သဲဂူ၊ အုတ်ဇလားဂူ တို့လည်းရှိသည်။
ရွှေစည်းခုံစေတီသည် အတွင်းအံ့ကိုးပါး၊ အပြင်အံ့ကိုးပါး နှင့်ပြည့်စုံသည်ဟု ယုံကြည်ကြသည်။
အတွင်းအံ့ကိုးပါးမှာ-
(၁) ထီးတော်သည် ကြိုးမဆိုင်းရဘဲ ခိုင်မြဲခြင်း။
(၂) စေတီ၏အရိပ်သည် တံတိုင်းအပြင်သို့ မရောက်ခြင်း။
(၃) စေတီ၏ထိပ်မှ ရွှေစက္ကူပစ်ချလျှင် အပြင်သို့မရောက်ခြင်း။
(၄) စေတီ၏ မဟာရံတံတိုင်းအတွင်း လူမည်မျှများများ ပြည့်ကျပ်မနေခြင်း။
(၅) စေတီကို ဆွမ်းဦးအောင် မတင်နိုင်ခြင်း။
(၆) စေတီ၏အမြင့်သည် အရှိထက်ပိုမြင့်သည်ဟု ထင်ရခြင်း။
(၇) စေတီ၏တစ်ဖက်မှ တီးသောစည်သံကို အခြားတစ်ဖက်မှ မကြားရခြင်း။
(၈) မဟာရံတံတိုင်းအတွင်း မိုးရေမတင်ခြင်း။
(၉)စေတီရှိ ခရေပင်တို့သည် တစ်နှစ်ပတ်လုံး ပွင့်ခြင်းတို့ဖြစ်သည်။
အပြင်အံ့ကိုးပါးမှာ-
(၁) ဧရာဝတီမြစ်ကမ်းစပ်ရေစီးအတွင်း စွယ်တော်တင်လာသည့် ဆင်ဖြူတော်ဝပ်သည့်နေရာ သောင်ဖြစ်လာခြင်း။
(၂) ထိုသဲသောင်တို့သည် ကျောက်ဖြစ်လာခြင်း။
(၃) ဧရာဝတီမြစ်ရေသည် စေတီတော်ကို ဦးခိုက်ရစ်ဝဲစီးဆင်းခြင်း။
(၄) မဟာရံတံတိုင်းသည် ရှစ်ပယ် (၁၄.၁၆)ဧက ကျယ်ဝန်းခြင်း။
(၅) စေတီတည်ရာတွင် တုရင်းတောင်မှ ကျောက်များကို ပုဂံပြည်သူတို့ လက်ဆင့်ကမ်းသယ်ခြင်း။
(၆) ကျောက်သယ်ယူသူများ အရိပ်ရရန် မန်ကျည်းပင်များ ချက်ခြင်းပေါက်ခြင်း။
(၇) ကျောက်သယ်အပြီး မန်ကျည်းပင်များ ပျောက်ခြင်း။
(၈) ရွှေစည်းခုံစေတီ အရှေ့မျက်နှာစာ လှေကားအနီးရှိ ရေမှန်အတွင်း၌ စေတီအရိပ်ထင်ခြင်း။
(၉) စေတီကို အဝေးမှကြည့်ပါက ကုန်းမြင့်ပေါ်တွင် တည်ထားသည်ဟု ထင်ရခြင်းတို့ ဖြစ်သည်။
ဝန်ခံချက် ။ ပုံတော်များကို www.ancientbagan.com မှ ရယူထားပါသည်။
Posted by အောင်မြေ at 7:56 PM 3 comments
Labels: ပုဂံဘုရားများ, ညောင်ဦးတ၀ိုက်ရှိထင်ရှားသော စေတီပုထိုးများ
လူချမ်းသာ စိတ်ချမ်းသာ (၁၁)
အဓိပတိတပ် အလုပ်လုပ်ပါ
အများစုသည် အထက်ပါ လေးချက်နှင့် မပြည့်စုံကြပါ။ သို့ဖြစ်၍ အများစုသည် ဆင်းရဲနေကြရသည်။ အချို့က ကြီးပွားချမ်းသာချင်စိတ်ကို မရှိကြ။ သာမန်ယောင်ဝါးဝါးနှင့် အချိန်တွေကို ဖြုန်းတီးပစ်နေကြသည်။ အချို့က ကြီးပွားချမ်းသာ ချင်သောစိတ်လည်းရှိ၏။ ကြိုးလည်း ကြိုးစားပါ၏။ သို့သော် ဦးနှောက်ကမပါတော့၊ ဦးနှောက် အရည်အသွေးက မပြည့်စုံတော့ ပင်ပန်းသလောက် အကျိုးခံစားခွင့် မရဘဲ ရှိကြသည်။
အချို့က စီးပွားရေး ဦးနှောက်တော့ရှိပါသည်။ လမ်းရိုးကမသွားချင်။ ဖြတ်လမ်းကသာ လိုက်ချင်ကြသည်။ အလျင်လို လမ်းအိုလိုက် ဟူသည့် ဆိုရိုးစကားအတိုင်း မြန်ချင်လျှင် သွားရိုးသွားစဉ် လမ်းဟောင်းကသာ လိုက်ရာ၏။ လမ်းသစ်မထွင်ရမဟုတ်၊ ထွင်ရပါသည်။ သို့သော် သိပ်ဖြတ်လမ်းကျသော နည်းကိုတော့ မထွင် ကောင်းပါပေ။
(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
ဆက်လက်တင်ပြပါမည်။
Posted by အောင်မြေ at 7:29 PM 0 comments
Labels: လူချမ်းသာစိတ်ချမ်းသာ
Saturday, June 21, 2008
လူချမ်းသာ စိတ်ချမ်းသာ (၁ဝ)
လူချမ်းသာ စိတ်ချမ်းသာစေဖို့
လူချမ်းသာဖို့အတွက် ငွေရှိရသည်။ ငွေများများ ရှိသူကိုသာ လောက က လူချမ်းသာဟု သတ်မှတ်ကြသည်။ မှန်သည်။ ငွေရှိလျှင် စားချင်တာ စားလို့ရသည်။ ၀တ်ချင်တာ ၀တ်လို့ရသည်။ သုံးချင်တာ သုံးလို့ရသည်။ အိမ် ကောင်းကောင်း တိုက်ကောင်းကောင်း နှင့် နေလို့ရသည်။ ကားကောင်းကောင်း စီးလို့ရသည်။ လူ့အသုံးအဆောင် ကောင်းကောင်း ပစ္စည်းမှန်မှန်သမျှ ၀ယ်ယူ သုံးဆောင် ခံစားနိုင်သည်။ အဖိုးထိုက် အဖိုးတန်ပစ္စည်းများကို ပိုင်ဆိုင် နိုင်သည်။ ငွေရှိလျှင် လူကို ချမ်းသာစေသည်မှာ အမှန်ပင်ဖြစ်သည်။ သို့ဖြစ်၍ လူအများစု ငွေရှိအောင် ကြိုးစားနေကြသည်။
စိတ်ချမ်းသာဖို့အတွက် စိတ်ရှိဖို့လိုသည်။ ဘာစိတ်လဲ ဟုမေးလျှင် ကုသိုလ်စိတ်ပင်ဖြစ်သည်။ တစ်နည်းအားဖြင့် တရားနှင့်ယှဉ်သောစိတ် ရှိရသည်။ အဖြောင့်ဆိုလျှင် တရားရှိရသည်။ တရားနည်းနည်းရှိလျှင် နည်းနည်းစိတ်ချမ်း သာ၍ များများရှိလျှင် များများစိတ်ချမ်းသာ၏။ မိမိတရားရှိသည့် ပမာဏနှင့်အမျှ စိတ်ချမ်းသာမှုကိုရသည်။
လူချမ်းသာ ဖြစ်ချင်သူသည် ငွေရှိရသည်။ ငွေရှိအောင် ကြိုးစားရသည်။ ငွေရှိလျှင် လူချမ်းသာ၍ တရားရှိလျှင် စိတ်ချမ်းသာမည်ဖြစ်သည်။ လူချမ်းသာ ဖြစ်ချင်သူသည် ငွေကို တိုးအောင်၊ ပွားအောင်၊ များအောင် လုပ်ရသကဲ့သို့ စိတ်ချမ်းသာချင်သူသည် ကုသိုလ်တရား တိုးအောင်၊ ပွားအောင်၊ များအောင် လုပ်ရသည်။
လူချမ်းသာဖြစ်ဖို့အတွက် ကြီးပွားချမ်းသာချင်စိတ် ပြင်းပြရသည်။ ကြီးပွားချမ်းသာလိုသော ဆန္ဒထက်သန် ရမည်။ ကြီးပွားချမ်းသာဖို့အတွက် ကြိုးစားရမည်။ လုံ့လ၀ီရိယ ထက်သန်ရမည်။ ဇွဲကောင်းရမည်။ အပင်ပန်းခံနိုင်ရမည်။ ကြီးပွားချမ်းသာစေနိုင်သော အသိဥာဏ်နှင့် ပြည့်စုံရမည်။ ခေတ်စကားနှင့် ပြောရလျှင် စီးပွားရေးဦးနှောက် ရှိရမည်။ အထက်ပါ အချက်အလက် လေးမျိုး ပြည့်စုံပါက မကြီးပွားလို့ကို မဖြစ်၊ ကြီးပွားကို ကြီးပွားရမည် ဖြစ်သည်။
(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
ဆက်လက်တင်ပြပါမည်။
Posted by အောင်မြေ at 10:03 PM 0 comments
Labels: လူချမ်းသာစိတ်ချမ်းသာ
Friday, June 20, 2008
လူချမ်းသာ စိတ်ချမ်းသာ (၉)
လူချမ်းသာ စိတ်ချမ်းသာ
လူဖြစ်လာလျှင် လူလည်း ချမ်းသာဖို့လိုသည်။ စိတ်လည်း ချမ်းသာဖို့လိုသည်။ လူချမ်းသာ၊ စိတ်ချမ်းသာ ဖြစ်မှ လူဖြစ်ရကျိုးနပ်မည်။ သို့ဖြစ်၍ လူချမ်းသာ၊ စိတ်ချမ်းသာအောင် ကြိုစားအားထုတ်ဖို့ လိုအပ်သည်။ တချို့က လူတော့ချမ်းသာပါ၏။ စိတ်မချမ်းသာကြ။ တချို့က စိတ်တော့ချမ်းသာပါ၏၊ လူမချမ်းသာကြ တချို့က လူရော စိတ်ပါချမ်းသာကြသည်။ တချို့က လူရောစိတ်ပါ မချမ်းသာကြချေ။
တချို့က ငေကြေးဥစ္စာပေါများပါသည်။ သို့သော် အသိတရားမရှိကြ။ ဘာသာရေး အဆုံးအမ ကင်းလွတ် နေကြသည်။ ဘုရားမရှိ၊ တရားမရှိ၊ စည်းလွတ် ကမ်းလွတ်နေကြ၏။ တချို့က ဘာသာရေး လုပ်သည်ဆိုသော်လည်း လူမြင်ကောင်းရုံသာလုပ်သည်။ တကယ်ရိုးရိုးသားသား စစ်စစ်မှန်မှန် မဟုတ်ကြ။ မိမိတို့ လိုလားချက် တစ်ခုခု အတွက်ကြောင့်သာ ဘာသာရေးကို ခုတုံးအနေဖြင့် လုပ်ကြသည်။ ထိုသူမျိုးသည် ငွေကြေး ဥစ္စာရှိ၍ လူတော့ချမ်းသာနိုင်ပါ၏။ စိတ်ချမ်းသာမှုကိုတော့ ရရှိမည် မဟုတ်ပေ။
တချို့က မရှိအေးအေး ရှိအေးအေး သမားများဖြစ်ကြသည်။ လိုချင်တပ်မက်မှုလည်းမရှိ။ လောဘ၊ ဒေါသလည်း သိပ်မရှိ။ ကြီးပွားချင်စိတ်၊ ချမ်းသာချင်စိတ်လည်းမရှိ။ ကြီးပွားအောင် ချမ်းသာအောင် လည်းမလုပ်။ ကိုယ်ပင်ပန်း စိတ်ပင်ပန်းလည်းမခံ။ အစားကိုလည်း ရောင့်ရဲနိုင်၏။ အဝတ်ကိုလည်း ရောင့်ရဲနိုင်၏။ နေစရာအိမ်ကိုလည်း ဖြစ်သလိုနေသည်။ ဘယ်အရာကိုမျှ ပူပန်လှသည်မရှိ။ ဘုရားရှိခိုး၊ ပုတီးလေးစိပ် ပုံမှန်လုပ်သည်။ ဘယ်သူတွေ ဘယ်မျှ ကြီးပွားနေကြ၍ သိန်းသုံးလေးရာတန် ကားစီးနေကြပေမယ့် သူ့အတွက် ဘတ်စ်ကားသည်သာ စီးတော်ယာဉ် ဖြစ်သည်။ ထိုလူမျိုးသည် ရုပ်ဝတ္ထုမချမ်းသာ၊ လူမချမ်းသာ ပေမယ့် စိတ်ချမ်းသာသော ပုဂ္ဂိုလ်မျိုး ဖြစ်သည်။
(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
Posted by အောင်မြေ at 9:00 PM 0 comments
Labels: လူချမ်းသာစိတ်ချမ်းသာ
လူချမ်းသာ စိတ်ချမ်းသာ (၈)
နိဗ္ဗာန်ချမ်းသာ
(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
ဆက်လက်တင်ပြပါမည်။
Posted by အောင်မြေ at 8:59 PM 0 comments
Labels: လူချမ်းသာစိတ်ချမ်းသာ
Thursday, June 19, 2008
ဥပုသ်စောင့်ခြင်း
ဥပုသ်စောင့်ခြင်း
ဗုဒ္ဓဘာသာဝင်တို့သည် များသောအားဖြင့် ဝါတွင်းကာလ၌ ဥပုသ်စောင့်လေ့ရှိကြသည်။ ဝါကျွတ်သွားသော် ဥပုသ် စောင့်သူ မရှိသလောက် ရှားသွားသည်။ အချို့သော လူကြီးအနည်းငယ်မျှလောက်သာ ဥပုသ် စောင့်ကြတော့ သည်။ အချို့မှာ ဝါတွင်းကာလတွင်ပင် ဥပုသ်သီလ မစောင့်ဖြစ်ကြပေ။ အချို့ကား ဝါဝင် ဝါထွက်လောက်သာ ဥပုသ်စောင့်နိုင်ကြသည်။ ကျန်းမာရေး၊ လူမှုရေးတို့ကြောင့် ဥပုသ် မစောင့်နိုင်ကြပေ။
ဥပုသ်သီလစောင့်ခြင်းသည် အလွန်ပင် ကျေးဇူးကြီးလှပါသည်။ သို့ရာတွင် ဥပုသ်စောင့်လျှင် တကယ့်အရိယာ ဥပုသ်မျိုးဖြစ်ရန်တော့ လိုအပ်ပါသည်။ ဥပုသ်တွင် သာသနာတော်တွင်းဥပုသ်၊ သာသနာပဥပုသ် ဟူ၍ရှိရာ သာသနာပ၌ စောင့်သောဥပုသ်နှင့် သာသနာတော်တွင်း စောင့်သောဥပုသ်တို့သည် ကျေးဇူးများခြင်း၊ အကျိုးရခြင်းတို့ တူညီနိုင်မည်မဟုတ်ချေ။ သာသနာပဥပုသ်သည် သမထဘာဝနာမျှသာ လုပ်နိုင်သည်။ ဝိပဿနာ သာသနာကို အားထုတ်ချင်သော်လည်း ရနိုင်လိမ့်မည်မဟုတ်။
ယခုအချိန်တွင် သာသနာတော် ထွန်းကားနေချိန်ဖြစ်၍ ဘုန်းတော်ကြီးကျောင်းသို့သွားကာ ဥပုသ် စောင့်ထိန်း ကျင့်သုံးနေလျှင် တစ်နေ့တာ ဝိပဿနာ ဘာဝနာတရား ပွားများ အားထုတ်နိုင်သည်။ ဘုန်းတော်ကြီး ကျောင်းတိုင်းလိုလိုပင် တရားအားထုတ်မှုကို အားပေးလျက်ရှိကြသည်ကို တွေ့ရမည်ဖြစ်ပါသည်။
အမှန်စင်စစ် ရှစ်ပါးသီလ စောင့်ထိန်းခြင်းသည် အဗြဟ္မရိယ သိက္ခာပုဒ်၊ ဝိကာလဘောဇန သိက္ခာပုဒ်၊ နစ္စ၊ ဂီတ၊ ဝါဒိတ၊ ဝိသုက၊ ဒဿန၊ မာလာဂန္ဓ သိက္ခာပုဒ်၊ ဥစ္စာသယန မဟာသယန သိက္ခာပုဒ် တို့သည် ကာမဂုဏ်တရား များ တိုးပွားရာ ဖြစ်သောကြောင့် ယင်းတို့ကို ခေါင်းပါးရန် ကျင့်လိုက်ခြင်းပင် ဖြစ်ပါသည်။
လူတို့သည် ငါးပါးသီလကို နေ့စဉ်မပြတ် စောင့်ထိန်းကြကုန်သည်။ ငါးပါးသီလသည် ကျင့်ရိုးကျင့်စဉ် သီလသာ ဖြစ်သည်။ ထိုငါးပါးသီလထက် ထူခြား၍ အရိယာသံဃာ၊ ပုထုဇဉ်ရဟန်းသာမဏေများ၊ ရာသက်ပန် ဆောက်တည် ကျင့်ကြံသည့် သီလများထဲမှ မေထုတ်မပြု၊ ညစာမစား၊ ပွဲလမ်းမကြည့်၊ ပန်းနံ့သာမခြယ်၊ မြင့်ရာ မြတ်ရာမနေခြင်း ဆိုသော ထိုသိက္ခာပုဒ်များအား အရိယာသံဃာတော်၊ သာမဏေများကဲ့သို့ အမြဲမဟုတ်သည့်တိုင် ဥပုသ်နေ့များကဲ့သို့ အများသတ်မှတ် စောင့်ထိန်းကြသည့် နေ့တစ်နေ့တွင် ရှောင်ကြဉ်မည် ဟူ၍ အကျင့်သီလနှင့် ကျင့်ကြံပြည့်စုံနေသည်ကို ဥပုသ်စောင့်ခြင်း ဟုခေါ်သည်။
တရားအားထုတ် ရခြင်းကြောင့် စိတ်ကြည်လင်မှု ခံစားရပြီး လောဘ၊ ဒေါသ၊ မောဟတို့သည်လည်း နည်းပါးသွားနိုင်ပါသည်။ ဥပုသ်စောင့်ခြင်းသည် အစ၌ ခက်ခဲသည်ဟု ထင်ရသော်လည်း ကြာလာလျှင် ဥပုသ် စောင့်ခြင်းတွင် ပျော်မွေ့လာပါလိမ့်မည်။ တရားနှင့် ပျော်မွေ့ခြင်းသည် အခြားမည်သည့်အရာမျှ လိုက်မမီကြောင်း တွေ့လာပါမည်။
Posted by အောင်မြေ at 8:55 PM 0 comments
Labels: ဥပုသ်စောင့်ခြင်း
Wednesday, June 18, 2008
လူချမ်းသာ စိတ်ချမ်းသာ (၇)
ဖိုလ်ချမ်းသာ
ဖိုလ်ချမ်းသာဟူသည် အရိယာပုဂ္ဂိုလ်တို့၏ စည်းစိမ်ဖြစ်သည်။ မိမိရရှိပြီးသော ဖိုလ်စိတ် ထပ်ကာထပ်ကာ တစ်ဆက်တည်း ဖြစ်နေအောင် အဓိဋ္ဌာန်ပြု၍ ၀င်ရောက်ခံစားခြင်းကို ဖိုလ်ဝင်စားခြင်း၊ ဖလသမာပတ် ဝင်စားခြင်း ဟုခေါ်၏။ သောတာပန်ပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်ကို ဝင်စားနိုင်သည်။ ထို့အတူ အထက်အထက်ဖိုလ် ရရှိ ထားသော အရိယာပုဂ္ဂိုလ်တို့သည် မိမိတို့ရရှိထားသော ဖိုလ်များကို ၀င်စားနိုင်သည်။ ဖိုလ်ဝင်စားချိန်၌ နိဗ္ဗာန် တစ်ခုတည်းသာရှိသည်။ စိတ်နှင့် နိဗ္ဗာန်နှင့် တစ်ထပ်တည်း တစ်သားတည်း ဖြစ်နေ၏။ နွေအခါ ပူအိုက်သော အချိန် ရေအေးအေးလေး ချိုးလိုက်ရသကဲ့သို့ အလွန်ပင် အေးချမ်းလှ၏။ လက်တွေ့ ခံစားဖူးမှ သိနိုင်သော ချမ်းသာမျိုးဖြစ်သည်။
(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
Posted by အောင်မြေ at 6:43 PM 0 comments
Labels: လူချမ်းသာစိတ်ချမ်းသာ
Tuesday, June 17, 2008
လူချမ်းသာ စိတ်ချမ်းသာ (၆)
ရူပ၊ အရူပ ချမ်းသာ
ကာမချမ်းသာက မြင်၊ ကြား၊ မွှေးကြူ၊ စားသောက်၊ ထိတွေ့ ရမှ ချမ်းသာသော ချမ်းသာမျိုးဖြစ်သည်။ ဈာန်ချမ်းသာမှာ ထိုသို့မဟုတ်။ ကြည့်ဖို့ မြင်ဖို့မလို၊ ကြားဖို့မလို၊ မွှေးဖို့မလို၊ စားသောက်ဖို့မလို၊ ထိတွေ့ဖို့မလိုဘဲ စိတ်ထဲတွင်ပင် ချမ်းသာသော ချမ်းသာမျိုးဖြစ်သည်။
ကာမချမ်းသာသည် လောဘ၊ ဒေါသများ ရောထွေး၍ ပူစပ် ပူလောင်ချမ်းသာမျိုး ဖြစ်သည်။ ဈာန်ချမ်းသာသည် လောဘ ဒေါသ စသော ကိလေသာ အပူများကင်းသဖြင့် ငြိမ်သက်အေးချမ်းသော ချမ်းသာမျိုးဖြစ်သည်။
ပထမဈာန်ချမ်းသာသည် လေးလံထိုင်းမှိုင်းမှု ထိနမိဒ္ဓ၊ ယုံမှားမှု ဝိစိကိစ္ဆာ၊ ခက်ထန်ကြမ်းတမ်းမှု ဗျာပါဒ၊ ပျံ့လွှင့်မှု ဥဒ္ဓစ္စ၊ ပူပန်မှု ကုက္ကုစ္စ၊ လိုချင်တပ်မက်မှု ကမစ္ဆန္ဒ စသော အပိတ်အဆို့ အတားအဆီးများ ကင်းစင်သဖြင့် လွန်စွာမှ ချမ်းသာလှသည်။
ဒုတိယဈာန်ချမ်းသာသည် ဖော်ပြပါ နီဝရဏတို့မှ ကင်းသည့်အပြင် တွေးကြံမှု၊ စိတ်ကို တွန်းတင်မှု ဝိတက်ပါ ကင်းစင်သွား၏။ တတိယဈာန်ချမ်းသာသည် နီဝရဏ၊ ဝိတက် တို့အပြင် သုံးသပ်မှု ဝိစာရပါ ကင်းသွားသည်။ စတုတ္ထဈာန်က နီဝရ၊ ဝိတက်၊ ဝိစာရ တို့အပြင် နှစ်သက်မှု ပီတိပါကင်းသွားသည်။ အဓိပ္ပာယ်မှာ နှစ်သက်မှု ပီတိ လေးဖြစ်နေသေးသည်ကိုကား ဆင်းရဲသေး၏။
သို့ဖြစ်၍ စတုတ္ထဈာန်ချမ်းသာသည် ပီတိကိုပါ ပယ်လိုက်၏။ သုခချမ်းသာမှုလေးနှင့် ဧကဂ္ဂတာ တည်ကြည်မှုလေး နှစ်မျိုးသာ ကျန်တော့သည်။ ပဉ္စမဈာန်ချမ်းသာအနေဖြင့် စိတ်ထဲမှ သုခလေးဖြစ် ချမ်းသာနေသည်ကိုက ဆင်းရဲ သေးသည်။ သို့ဖြစ်၍ ပဉ္စမဈာန်ချမ်းသာက သုခကိုပါ ထပ်ပယ်ကာ ဥပေက္ခာနှင့် ဧကဂ္ဂတာ သဘောနှစ်မျိုးသာ ကျန်တော့ လျစ်လျူရှုမှုနှင့် တည်ငြိမ်မှု၊ တည်ကြည်မှု စိတ်အစဉ်လေးသာ ရှိတော့သည်။ အရူပချမ်းသာသည် ဤ ပဉ္စမဈာန်ချမ်းသာထဲ တွင်ပါဝင်သည်။ ဈာန်ချမ်းသာတို့သည် တစ်ဆင့်ထက်တစ်ဆင့် အလွန်သိမ်မွေ့သည့် ချမ်းသာ များဖြစ်သည်။
ကမ္ဘာ့သက်တမ်း လေးပုံတစ်ပုံမျှ အသက်ရှည်ကြသော ပထမဈာန် ဗြဟ္မာဘုံက ဗြဟ္မာများသည် ပထမ ဈာန်ချမ်းသာကို ခံစားနေကြသည်။ သူတို့၏ အဟာရသည် ပီတိသာဖြစ်သည်။ ဈာန်စိတ်နှင့်သာ အသက်ထက်ဆုံး တည်ကြသည်။
ဒုတိယဈာန်ဘုံမှ ဗြဟ္မာများသည် သူတို့သက်တမ်း နှစ်ကမ္ဘာ၊ လေးကမ္ဘာ၊ ရှစ်ကမ္ဘာပတ်လုံး ဒုတိယ ဈာန်ချမ်းသာကို ခံစားနေကြသည်။ တတိယဈာန်ဘုံမှ ဗြဟ္မာများသည် သူတို့သက်တမ်း (၁၆)ကမ္ဘာ၊ (၃၂)ကမ္ဘာ၊ (၆၄)ကမ္ဘာပတ်လုံး တတိယဈာန် ချမ်းသာကို ခံစားနေကြ၏။
စတုတ္ထဈာန်ဘုံမှ ဗြဟ္မာတို့သည် သူတို့သက်တမ်းကမ္ဘာ ငါးရာ၊ တစ်ထောင်၊ နှစ်ထောင်၊ လေးထောင်၊ ရှစ်ထောင်၊ တစ်သောင်းခြောက်ထောင် ပတ်လုံး စတုတ္ထဈာန်ချမ်းသာကို ခံစားကြသည်။
အရူပဗြဟ္မာတို့သည် သူတို့သက်တမ်း ကမ္ဘာနှစ်သောင်း၊ လေးသောင်း၊ ခြောက်သောင်း၊ ရှစ်သောင်း ပတ်လုံး သူတို့ဆိုင်ရာ ဈာန်ချမ်းသာကို ခံစားနေကြသည်။
အသညသတ်ဗြဟ္မာတို့သည် ရုပ်တရားသာရှိ၍ နာမ်တရား မရှိကြ။ အရူပဗြဟ္မာတို့သည် နာမ်တရားသာရှိ၍ ရုပ်တရားမရှိကြ။ ယင်းဗြဟ္မာနှစ်မျိုးလုံးသည် တရားမနာနိုင်။ တရားထူးမရနိုင်ကြသဖြင့် မပြစ်ရှိသော အရပ်ဒေသ ကိုရောက်နေကြရသူများဖြစ်လေသည်။ သြကာသ ကန်တော့ချိုး ဆုတောင်းခန်း၌ ရပ်ပြစ်ရှစ်ပါးဆိုရာတွင် အသညသတ်ဗြဟ္မာဘုံနှင့် အရူပဗြဟ္မာဘုံတို့ ပါဝင်လေသည်။
ဘုရားရှင်သည် ဓမ္မစကြာတရားဦးဟောရန် ကျေးဇူးအများဆုံး ပုဂ္ဂိုလ်များကို ရှာသောအခါ လောကီဈာန် သမာပတ်ရှစ်ပါးရအောင် ညွှန်ပြခဲ့ကြသော အာဠရ ရသေ့ နှင့် ဥဒကရသေ့ တို့ကို တွေ့ရ၏။ သို့ရာတွင် ထိုအချိန်၌ ရသေ့နှစ်ပါးစလုံး အရူပဘုံသို့ ရောက်သွားကြသဖြင့် ဘုရားရှင်က (မဟာဇာနိယော ဝတ) အဆုံးရှုံးကြီး ဆုံးရှုံးရလေပြီ ဟု ငြီးထွားတော်မူခဲ့၏။
(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
ဆက်လက်တင်ပြပါမည်။
Posted by အောင်မြေ at 9:38 PM 0 comments
Labels: လူချမ်းသာစိတ်ချမ်းသာ
Monday, June 16, 2008
လူချမ်းသာ စိတ်ချမ်းသာ (၅)
လူချမ်းသာ စိတ်ချမ်းသာ (၅)
နတ်သက်တမ်း
Posted by အောင်မြေ at 6:25 PM 0 comments
Labels: လူချမ်းသာစိတ်ချမ်းသာ
နေ့စဉ်တိုင်းပင် စိတ်ကြည်လင်
နေ့စဉ်တိုင်းပင် စိတ်ကြည်လင်
အမြဲကြည်လင် စိတ်အစဉ်
ပြောလျှင် အမှန်ရ။
ပြုံးလျှင် အမှန်ရ။
အမြဲကြည်လင် စိတ်အစဉ်
တွေးလျှင် အမှန်ရ။
အလုပ် အပြော စိတ်သဘော
မနော ဖြူစင်က
အရိပ်ပမာ မြတ်ချမ်းသာ
နောက်မှာ လိုက်နေကြ။
ကုသိုလ် ထုံမွှမ်း လူ့အစွမ်း
ချီးမွမ်း အံ့သြရ ။
(တိပိဋက ယောဆရာတော်)
Posted by အောင်မြေ at 1:27 AM 0 comments
Labels: ကဗျာ
Sunday, June 15, 2008
လူချမ်းသာ စိတ်ချမ်းသာ (၄)
နတ်ချမ်းသာ
တစ်နည်းအားဖြင့် လူ့ချမ်းသာဟူသည် နတ်ချမ်းသာနှင့် နှိုင်းယှဉ်ပါက မြက်ဖျားပေါ်က ဆီးနှင်းပေါက်နှင့် သမဒ္ဒရာရေပမာ ကွာခြားပေသည်။ လူသည် ကံနှင့် ဝီရိယကို မှီ၍ အသက်ရှင်ရ၏။ အဓိပ္ပာယ်က ဝီရိယနှင့် အလုပ်လုပ်မှ ကံက အကျိုးပေး၏။ လက်လှုပ်မှ ပါးစပ်လှုပ်ရ ဟူသော သဘောဖြစ်သည်။ နတ်ပြည်သည် လူ့ပြည်မှ သူဌေးသူကြွယ်များ စုဆောင်းထားသော ငွေနှင့် အပန်းဖြေစရာ ကမ်းခြေများသို့သွား၍ ပျော်ပျော်ပါးပါး အပန်းဖြေရာဌာန မျိုးဖြစ်သည်။ လူ့ပြည်မှ စုဆောင်းခဲ့သော ကောင်းမှုကုသိုလ်များဖြင့် နတ်ပြည်သွား၍ အပန်းဖြေ ပျော်ပါးနေကြခြင်းဖြစ်သည်။
မိမိတို့ ရှေးကုသိုလ်ကံကြောင့် ရရှိထားသော ဘုံဗိမာန်များက ထူးထွေ ဆန်းပြား ခမ်းနားလှ၏။ နတ်သားတို့၏ အရွယ်မှာ အသက်ထက်ဆုံး အသက်(၂၀)ခန့်ဖြစ်၍ နတ်သမီးတို့က အသက်(၁၆)နှစ်ခန့်သာ ဖြစ်သည်။ သွားကျိုး၊ ဆံဖြူ၊ နားအူ၊ မျက်မွဲ၊ အရေတွန့်ခြင်း အလျဉ်းမရှိ။ ပင်ကိုယ်အလှမပျက်ဘဲ တစ်သက်လုံး တည်နေကြ သည်။ နတ်သြဇာ အဆီအနှစ်ကိုသာ စားသောက်ကြရသဖြင့် ခန္ဓာကိုယ်အတွင်း၌ အလေးအပေါ့မှစ၍ မကောင်း သည့်အညစ်အကြေးဟူသမျှ လုံးဝမရှိ။ အမြဲ သန့်ရှင်းစင်ကြယ်၍ မွှေးပျံ့နေသည်။ အိုခြင်း၊ နာခြင်း အလျဉ်းမရှိ။ သေခြင်းသာရှိသည်။ သေခြင်းဟူရာ၌ လူ့ပြည်ကဲ့သို့ ရောဂါဝေဒနာခံစားရခြင်းမျိုးမရှိ။ မီးစာကုန် ဆီးခမ်း၍ မီးငြိမ်း ရခြင်းသဘောမျိုးသာ ဖြစ်သည်။
ပတ်ဝန်းကျင်တစ်ခွင်၌ မကောင်းသော အနိဋ္ဌာရုံ လုံးဝမရှိ။ သာယာကြည်နူးဖွယ် ဣဋ္ဌာရုံတို့ကသာ အချိန်ပြည့် လွှမ်းမိုးနေတော့သည်။ ဘ၀တစ်လျှောက်လုံးမှာလည်း စိတ်ညစ်စရာ၊ စိတ်ဆင်းရဲစရာ၊ စိတ်ဓာတ်ကျစရာ ဟူ၍ လုံးဝမရှိ။ ပျော်ရွှင်ဖွယ်ရာ၊ ချမ်းမြေ့ဖွယ်ရာတို့သာ အတိပြီးတော့သည်။ ကိုယ်ပင်ပန်းရခြင်း၊ စိတ်ပင်ပန်းရခြင်း အလျဉ်းမရှိ။ ကိုယ်ရောစိတ်ပါ အမြဲတမ်း ပေါ့ပါးသွတ်လက် ချမ်းသာနေတော့သည်။ ကာမဘုံသားခြင်း အတူတူ ဖြစ်၍ ကာမချမ်းသာခံစားခြင်းက လူများနှင့် အတူတူပင်ဖြစ်သည်။ သို့ရာတွင် နတ်များက သိမ်မွေ့နူးညံ့သော အမျိုးအစားဖြစ်၍ အရာရာ သိမ်သိမ်မွေ့မွေ့ နူးနူးညံ့ညံ့ ရှိကြသည်။
Posted by အောင်မြေ at 10:45 PM 0 comments
Labels: လူချမ်းသာစိတ်ချမ်းသာ
Friday, June 13, 2008
လူချမ်းသာ စိတ်ချမ်းသာ (၃)
ချမ်းသာအမျိုးမျိုး
ကာလချမ်းသာ၊ ရူပချမ်းသာ၊ အရူပချမ်းသာ၊ ဖိုလ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာဟု ချမ်းသာငါးမျိုးခန့်ရှိသည်။ ကာမချမ်းသာ ဟူသည် အဆင်းလှလှ၊ အဆင်းကောင်းကောင်း၊ အသံသာသာ၊ ရနံ့မွှေးမွှေး၊ အစားကောင်းကောင်း၊ အသောက်ကောင်းကောင်း၊ အထိအတွေ့ကောင်းကောင်း များဖြစ်သည်။ ယင်းကာမ ချမ်းသာကို ကာမဂုဏ်ငါးပါးဟုလည်း ခေါ်သည်။ လိုချင်တပ်မက်စရာဖြစ်၍ နှောင်ဖွဲ့တတ်သော အာရုံများဟု အဓိပ္ပာယ်ရသည်။ အဆင်း၊ အသံ၊ အနံ့၊ အထိအတွေ့၊ အာရုံတို့သည် သက်ရှိ သက်မဲ့ နှစ်ခုလုံးနှင့် ဆိုင်သည်။
အဆင်းလှလှဟူရာ၌ အမျိုးသမီးလှလှ၊ အမျိုးသားလှလှ၊ သားလှလှ၊ သမီးလှလှ များပါသလို၊ အိမ်လှလှ၊ တိုက်လှလှ၊ ကားလှလှ၊ အခြားအသုံးအဆောင် လှလှများလည်းပါဝင်သည်။ ထိုအဆင်းလှလှတို့သည် သက်ဆိုင်သူ ပိုင်ဆိုင်သူတို့ကို ချမ်းသာစေသည်။
အသံသာဟူရာ၌ ဇနီးသံ၊ ခင်ပွန်းသံ၊ သာသံ၊ သမီးသံ၊ မိမိအပေါ် ကြင်နာသောအသံ၊ အလေးထားသောအသံ၊ မြှောက်ပင့်သောအသံ၊ ချီးကျူးသော အသံများပါဝင်သလို အခြားတေးသီချင်းသံတို့လည်း ပါဝင်ပါသည်။ ရနံ့ မွှေးမွှေးနှင့် စားကောင်း၊ သောက်ကောင်းများ ကား အဓိပ္ပာယ် ရှင်းပါသည်။
အထိအတွေ့ကောင်းဟူရာ၌ အမျိုးသား အထိအတွေ့၊ အမျိုးသမီး အထိအတွေ့၊ သားလေး သမီးလေး၏ အထိ အတွေ့၊ အဝတ်အထည်ကောင်းကောင်း၊ အသုံးအဆောင် ပစ္စည်းကောင်းကောင်းတို့၏ အထိအတွေ့၊ တိုက်အိမ် ကောင်းကောင်း၊ ကားကောင်းကောင်းတို့၏ အထိအတွေ့ အားလုံးပါဝင်သည်။ ယင်းအထိအတွေ့ အာရုံတို့သည် သက်ဆိုင်သူကို ချမ်းသာပေးသည်။
ကာမချမ်းသာဆိုသည့်အထဲတွင် လူချမ်းသာလည်းပါသည်။ နတ်ချမ်းသာလည်းပါဝင်သည်။ လူလည်း ထိုအာရုံ ငါးပါးကိုခံစား၍ ချမ်းသာသည်။ နတ်လည်း ထိုအာရုံငါးပါးကို ခံစား၍ ချမ်းသာသည်။ အဆင့်အတန်းကတော့ အတိုင်းအဆမရှိ ကွားခြား၏။ လူက ထိုအာရုံငါးပါးကို ခံစားနိုင်ဖို့အတွက် အပင်ပန်းခံ၍ တော်တော်ဖန်တီးယူရ သည်။ နတ်က ဖန်တီးစရာမလို။ ကောင်းမြတ်သော အာရုံငါးပါး အလိုအလျှောက် ပေါကြွယ်ဝနေ၏။ ကွာခြားမှုက သူတောင်းစားစည်းစိမ်နှင့် စကြာမင်းစည်းစိမ်ကဲ့သို့ အတိုင်းအဆမဲ့ ကွာခြားလှ၏။ လူချမ်းသာ ဟူသည် နတ်ချမ်းသာနှင့် နှိုင်းစာက သူတောင်းစားအဆင့်မျှသာ ဖြစ်သည်။
ထိုသို့ သူတောင်းစား စည်းစိမ်သမျှ သေးနုတ်လှသော လူချမ်းသာ အနုတ်အဖွဲလေးအတွက် အပင်ပန်းခံ၊ အဆင်းရဲခံ၊ အကုသိုလ်တွေ အလွန်အကျွံဖြစ်ခံပြီး ဘဝတစ်ခုလုံး ရင်းနှီးမြှုပ်နှံကာ မောမောပန်းပန်း လိုက်စား ရှာဖွေနေရင်းဖြင့် ဘဝတစ်ခုပြီးဆုံးသွားခြင်း၊ ကုန်ဆုံးသွားခြင်းသည် နှမြောစရာ ကောင်းလွန်းလှသည်။
ဆက်လက်တင်ပြပါမည်။
Posted by အောင်မြေ at 1:51 AM 0 comments
Labels: လူချမ်းသာစိတ်ချမ်းသာ
Thursday, June 12, 2008
လူချမ်းသာ စိတ်ချမ်းသာ (၂)
သာဘာတရား၏ အရင်းအမြစ်
မိမိအလုပ်ကို ဦးတည်ချက်မဲ့ ရည်ရွယ်ချက်မဲ့ ဖြင့် လုပ်သူဟူ၍ မရှိသလောက်ဖြစ်၏။ ဦးတည်ချက် ရည်ရွယ်ချက် ဖြင့် လုပ်ကြသူသာ များသည်။ ဘာသာရေးလုပ်သူအားလုံးတို့၏ ဦးတည်ချက်၊ ရည်ရွယ်ချက်ကား ချမ်းသာသုခ ရရှိရေးပင်ဖြစ်သည်။ မိမိဥာဏ်မီသလောက် မိမိသန်ရာ သန်ရာကို ရည်ရွယ်တောင့်တ၍ ပြုကြသည်သာ ဖြစ်သည်။
လူချမ်းသာ၊ နတ်ချမ်းသာ လောက်ကိုသာ ဥာဏ်မီ၍ ထို လူနတ်ချမ်းသာများကိုသာ တောင့်တသူများ ရှိသကဲ့သို့ ထိုလောက်မျှ ဥာဏမမီသဖြင့် ပစ္စုပ္ပန် လတ်တလောချမ်းသာကိုသာ တောင့်တကြသူများလည်း ရှိသည်။ ထို့ထက် ဥာဏ်အမြော်အမြင်ကြီးမား၍ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ချမ်းသာကို ရည်ရွယ်တောင့်တကြသူများလည်း ရှိသည်။ လောကီ ချမ်းသာကို တောင့်တသည်ဖြစ်စေ၊ လောကုတ္တရာချမ်းသာကို တောင့်တသည်ဖြစ်စေ ချမ်းသာလိုစိတ်ကတော့ တစ်ခုတည်းပင်ဖြစ်သည်။ တစ်ခုတည်းဟူသည် ချမ်းသာလိုမှု တူညီခြင်းကို ဆိုလိုသည်။ အားလုံးပင် ချမ်းသာ ချင်ကြ၏။
(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
ဆက်လက်တင်ပြပါမည်။
Posted by အောင်မြေ at 5:51 PM 0 comments
Labels: လူချမ်းသာစိတ်ချမ်းသာ
Wednesday, June 11, 2008
လူချမ်းသာ စိတ်ချမ်းသာ (၁)
တူညီသောဆန္ဒ
ချမ်းသာသုခ တစ်ခုမျှ၌ လောကအထု အကုန်စု၏ ဟူသည်၏။ လူလည်းချမ်းသာချင်၏၊ နတ်လည်း ချမ်းသာချင်၏၊ ရှင်လည်း ချမ်းသာချင်၏၊ ရဟန်းလည်းချမ်းသာချင်၏၊ တိရစ္ဆာန်လေးများသော်မှ ချမ်းသာချင်ကြ၏။ သက်ရှိမှန်သမျှ အားလုံးချမ်းသာချင်ကြ၏။ သက်ရှိ သတ္တ၀ါလားလုံး၏ ကာယကံမြောက်၊ ၀စီကံမြောက် ပြုမူပြောဆို လှုပ်ရှားနေကြခြင်းသည် ချမ်းသာဖို့သာဖြစ်သည်။ ကိုယ့်ပမာဏနှင့်ကိုယ် ချမ်းသာလိုသည့်အရာ၊ ချမ်းသာလိုမှု ပမာဏတော့ ကွာခြားမည်ဖြစ်သည်။ တချို့သတ္တ၀ါက အစားချမ်းသာဖို့သာ လှုပ်ရှားသည်။ အချို့သတ္တ၀ါက အစားရော အ၀တ်ပါ ချမ်းသာဖို့ လှုပ်ရှားသည်။ တချို့သတ္တ၀ါက စားဝတ်နေရေး အားလုံး ချမ်းသာဖို့ လှုပ်ရှားသည်။ တချို့က သွားရေး၊ လာရေး ချမ်းသာဖို့ လှုပ်ရှားသည်။ သတ္တ၀ါ၏ အသိဥာဏ် ဗဟုသုတ ရှိမှုအပေါ် မှီ၍ ချမ်းသာလိုမှု၊ လှုပ်ရှားမှုတို့ကလည်း ပိုမိုများပြားလေသည်။ ခြုံငုံလိုက်လျှင် သတ္တ၀ါ အားလုံး ချမ်းသာရန်အတွက်သာ ဟန်ပြင်နေကြ၊ တာစူနေကြ၊ လှုပ်ရှားနေကြ၏။ ဘာသာရေး လုပ်သူက လုပ်ကြ၏။ စီးပွားရေးလုပ်သူက လုပ်ကြ၏။ နိုင်ငံရေးလုပ်သူက လုပ်ကြ၏။ ကိုယ့်အစွမ်းအစ၊ ကိုယ့်နည်း ကိုယ့်ဟန်နှင့် လှုပ်ရှားနေကြသည်။ ရည်ရွယ်ချက်က ချမ်းသာဖို့ပင် ဖြစ်၏။ သို့ဖြစ်၍ ရှေးပညာရှိများက ချမ်းသာသုခ တစ်ခုမျှ၌ လောကအထု အကုန်စု၏ ဟုဆိုခဲ့၏။
(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
ဆက်လက်တင်ပြပါမည်။
Posted by အောင်မြေ at 9:41 PM 0 comments
Labels: လူချမ်းသာစိတ်ချမ်းသာ
Monday, June 9, 2008
မေတ္တာပွားကြ ငြိမ်းချမ်းစွ
မေတ္တာပွားကြ ငြိမ်းချမ်းစွ
မေတ္တသုတ် ပရိတ်တော်
ရွတ်ဖတ်နော်အများ။
သတ္တ၀ါအချင်းချင်း မေတ္တထား
မခြားရင်ဝယ်သား။
မေတ္တသုတ် ပရိတ်တော်
ထင်ပေါ်လို့ ကျော်ကြား။
နေ့ညအစဉ် ရွတ်ဖတ်ပွား
ဘေးရန်ကင်းငြား။
မေတ္တာသုတ် ပရိတ်တရား
ရွတ်ဖတ်ပွား အိပ်ရာဝင်။
မကောင်းဆိုးဝါး အိပ်မက်မျိုး
မြင်မက်ရိုး အစဉ်မရှိ။
ချမ်းသာစွာ အိမ်ရသည်ပင်
စိတ်ကြည်လင်အေးမြ။
အပ လောက ပယောဂ
ခြောက်လှန့်ကင်းစွ။
တစ်ယောက်တည်းသောသား
မိမေတ္တာ ထားသလို
သဗ္ဗေ သတ္တာ သတ္တ၀ါများ
မေတ္တာစိတ် ယိုဖိတ်ထား
ပွားများထိုထို။
လူနတ်များ ချစ်ခင်သကို
အဆိပ်လက်နက်ဆို မစူးရှ။
အနာရောဂါ ကင်းစင်ပ
ငြိမ်းချမ်းသာစွ။
လူသားဘ၀ တစ်ခဏ
ထားကြမှ မေတ္တာတွေ။
လောဘ ဒေါသ မောဟပယ်ရှင်း
အချင်းချင်းချစ်ခင်နေ
မေတ္တသုတ်တရား ပွားများပါလေ
သတ္တ၀ါတွေ ကျန်းမာဖို့
မေတ္တသုတ်တရား ရွတ်ပွားပါလေ
သတ္တ၀ါတွေ ချမ်းသာဖို့
လူတိုင်းဘ၀ ငြိမ်းချမ်းလို့
ဘေးမသန်းစေဖို့ ။ ။
(မြ၀တီရသစုံမဂ္ဂဇင်းပါ သိပ္ပံစိုးမြင့်နိုင် ရဲ့ကဗျာလေးကို မျှဝေလိုက်ပါတယ်)
Posted by အောင်မြေ at 9:28 PM 0 comments
Labels: ကဗျာ
Friday, June 6, 2008
အိမ်မီးလောင်သော်
အိမ်မီးလောင်သော်
- အိမ်ကို မီးလောင်သည်ရှိသော် အိမ်ရှင်သည် အိုး ခွက် စသည်တို့ကို ထုတ်ယူသယ်ဆောင်ရာ၏။ မီးစွဲလောင် ခြင်းမှ လွတ်ကင်းကျန်ရှိနေသော အချို့ပစ္စည်းများလည်းရှိသည်။ ထို ထုတ်ယူ သယ်ဆောင် ထားသော ပစ္စည်း သည်လည်းကောင်း၊ မီးမလောင်ကျွမ်းဘဲ ကျန်ရစ်ခဲ့သည့် ပစ္စည်းများသည် လည်းကောင်း အိမ်ရှင် အတွက်ဖြစ်သည်။ အိမ်ရှင်အဖို့ အထောက်အပံ့ ဖြစ်သည်။
- ဤလောက၌ လူသားတို့အား အိုခြင်းမီး၊ နာခြင်းမီး၊ သေခြင်းမီး စသည်တို့သည် အစဉ်သဖြင့် တောက်လောင် ပူကျွမ်းလျက် ရှိနေပေသည်။ မသေမီက အပြစ်မရှိ ကောင်းမြတ်စင်ကြယ်သော ပြုမူလုပ်ဆောင်ချက်သည် သာလျှင်၊ ကုသိုလ်ကောင်းမှု အစုစုသည်သာလျှင် ထိုလူသားအတွက် အထောက်အပံ့ ဖြစ်လေသည်။ အိမ်မီး လောင်ရာ၌ ထုတ်ယူသယ်ဆောင်ထားအပ်သော ပစ္စည်းကဲ့သို့တည်း။
(တိကနိပါတ်၊ ဗြဟ္မဏ၀ဂ်၊ ဒုတိယ ဒွေဗြာဟ္မဏသုတ်)
Posted by အောင်မြေ at 8:49 PM 0 comments
Labels: ဗုဒ္ဓ၏ဥပမာတစ်ထောင်
စပါးစေ့ နှင့် စိတ်
စပါးစေ့ နှင့် စိတ်
အစီအစဉ်ဖြင့် ကောင်းစွာ ထူမတ်၍ထားသော စပါးစေ့သည် ထက်မြက် စူးရှခြင်း သတ္တိစွမ်းကို ဆောင်ယူထား လေသည်။ လဲနေသော စပါးစေ့ကား ပြုပြင် စီစဉ်ခြင်း ကင်းမဲ့၍ ဖရိုဖရဲ တည်ရှိနေသည့် သဘောကို ဆောင်လေသည်။ ထက်မြက်စူးရှခြင်းသည် သတ္တိစွမ်းကို မဆောင်နိုင်ပေ။
ထိုနည်းတူစွာပင် ထိန်းသိမ်း၍ ပြုပြင်ထားသော စိတ်မှာ ထက်မြက်စူးရှခြင်း သတ္တိစွမ်းရည်ရှိ၏။ အလင်းရောင် သည်အမှောင်ကို ပျက်ပြယ်စေနိုင် သကဲ့သို့ တွေဝေမိုက်မဲခြင်း အ၀ိဇ္ဇာမောဟကို ဖြိုဖျက်ပစ်တတ်သည်။ အမှန်တရားတို့ သိမြင်နိုင်စွမ်း၏။
ထိန်းသိမ်းပြုပြင်ခြင်း မရှိသော စိတ်ကား ဖရိုဖရဲ ပျံ့လွှင့်၍ တည်ရှိနေသဖြင့် ထက်မြက်ခြင်း သတ္တိစွမ်း မရှိနိုင်ပေ။ အမှန်တရားကို သိမြင်နိုင်စါမ်း မရှိပေ။
ထို့ကြောင့် အမြင်မှန်၊ အသိမှန်၊ လမ်းမှန်ကို ရရှိရန်မှာ စိတ်ကို ထိန်းသိမ်း ပြုပြင်ရေးသည် အခြေခံဖြစ်သည်။
(ဧကကနိပါတ်၊ ပဏိဟိတအစ္ဆ၀ဂ်၊ ပထမသုတ် နှင့် ဒုတိယသုတ်)
Posted by အောင်မြေ at 12:13 AM 0 comments
Labels: ဗုဒ္ဓ၏ဥပမာတစ်ထောင်
Wednesday, June 4, 2008
တဏှာ မျောက်သိုး
တဏှာ မျောက်သိုး
မာလာနွယ်သည် ရှင်သန်ခက်ဖြာ တိုးပွား၍ လာသကဲ့သို့ မေ့မေ့လျော့လျော့ နေထိုင် ကျင့်သုံးသောသူသည် ကိလေသာ တဏှာ ပွား၍ပွား၍ တိုးလာသည်။
သစ်သီးကို လိုချင် တပ်မက်သော ထိုမျောက်သည် သစ်ပင်တစ်ပင်မှ အခြား တစ်ပင်သို့ ခုန်လွှားကူသန်း သကဲ့သို့ ကိလေသာတဏှာ တိုးပွားသူသည် ဘ၀ခရီးတွင် မဆုံးနိုင်အောင် ပြေးလွှားကူးသန်း နေရသည်။
(တဏှာဝဂ်၊ ကပိလမစ္ဆ၀တ္ထု)
Posted by အောင်မြေ at 6:00 PM 0 comments
Labels: ဗုဒ္ဓ၏ဥပမာတစ်ထောင်
Tuesday, June 3, 2008
တဏှာပိုက်ကွန်
ပိုက်ကွန် ညွှတ်ကွင်း၌ မိ၍နေသော ယုန်ငယ်ကိုကြည့်ပါ။ ကြောက်ရွံ့တုန်လှုပ်ကာ ပင်ပန်းဆင်းရဲ၍ နေသည်ကို တွေ့ရလိမ့်မည်။
ကိလေသာတဏှာဖြင့် ၀ိုင်းဝန်း ခြံရံလျက် သံယောဇဉ်အစေး ကပ်ငြိလျက်ရှိသော သူသည်လည်း ညွှတ်ကွင်း မိနေသော ယုန်သူငယ်ကဲ့သို့ဖြစ်သည်။ စိုးရိမ်ပူပန်ရသည်။
တဏှာတည်းဟူသော ပိုက်ကွန်တွင်းမှ လွတ်မြောက်မှသာလျှင် ဆင်းရဲခြင်းအပေါင်းမှ လွတ်မြောက်ပေမည်။
(တဏှာဝဂ်၊ သူကရပေါတိကာဝတ္ထု)
Posted by အောင်မြေ at 5:49 PM 0 comments
Labels: ဗုဒ္ဓ၏ဥပမာတစ်ထောင်
အမြစ်တဏှာ
သစ်ပင်၏ အကိုင်းအခက် ပင်စည်ကို ခုတ်ဖြတ်ပစ်ရုံမျှဖြင့် ထိုသစ်ပင်သည် အပြီးတိုင် မပျက်စီးနိုင်ပေ။ အသစ်တစ်ဖန် ပေါက်ရောက် ပွားစည် လာပေဦးမည်။ အရင်းအမြစ်ပါ နုတ်ယူ ဖျက်ဆီးပစ်မှသာ ထိုသစ်ပင်သည် အစတုံးနိုင်ပေသည်။
ထို့အတူပင် တပ်မက်နှစ်သက်ခြင်း တဏှာ ကိန်းအောင်း တည်ရှိနေသမျှ ကာလပတ်လုံး ဆင်းရဲပင်ပန်းမှုသည် အဖန်ဖန် အထပ်ထပ် ဖြစ်နေသည်သာ ဖြစ်သည်။
(တဏှာဝဂ်၊ သူကရပေါတိကာဝတ္ထု)
Posted by အောင်မြေ at 5:48 PM 0 comments
Labels: ဗုဒ္ဓ၏ဥပမာတစ်ထောင်
တဏှာကြိုးခွေ
တဏှာကြိုးခွေ
သံခြေချင်း၊ ထိပ်တုံး၊ ကြိုးခွေ၊ လက်ထိပ် တို့သည် ဖွဲ့ချည် တုပ်နှောင်ရန် ကိရိယာတို့ဖြစ်သည်။ အနှောင် အဖွဲ့တို့ ဖြစ်ကုန်၏။
သား၊ သမီး၊ လင်မယား၊ ရွှေ၊ ငွေ၊ ရတနာ၊ စည်းစိမ်းတို့ကို စွဲမက် တွယ်တာခြင်းသည် ဖွဲ့ချည်တုပ်နှောင်ရန် ကိရိယာတို့ ဖြစ်ကုန်သည်။ ပိုမို ခိုင်မြဲသော အနှောင်အဖွဲ့တို့ ဖြစ်ကုန်၏။ ယင်းသည့် တဏှာ အစွဲအလမ်း တည်းဟူသော အနှောင်အဖွဲ့မှ လွတ်မြောက်အောင် ရုန်းထွက်နိုင်သူသည် မုချ ချမ်းသာရမည်ဖြစ်သည်။
(တဏှာဝဂ်၊ ဗန္ဓနာဂါရ၀တ္ထု)
Posted by အောင်မြေ at 5:46 PM 0 comments
Labels: ဗုဒ္ဓ၏ဥပမာတစ်ထောင်
Monday, June 2, 2008
ကိလေသာ မြက်တော
ကိလေသာ မြက်တော
မြက်ပင်၊ ပေါင်းပင်တို့သည် လယ်ယာကို ဖျက်ဆီးကြကုန်သည်။ ကောက်ပင်၊ ပဲပင်တို့သည် မြက်ပင်၊ ပေါင်းပင် တို့ကြောင့် ပျက်စီးကြကုန်၏။
တဏှာ၊ ရာဂ၊ လောဘ၊ ဒေါသ၊ မောဟ တည်းဟူသော ကိလေသာတို့သည် လူသတ္တ၀ါတို့ကို ဖျက်ဆီးကုန်၏။ လူသတ္တ၀ါတို့သည်လည်း ထိုကိလေသာ မြက်ပေါင်းပင်တို့ကြောင့် ပျက်စီးကြကုန်၏။
(တဏှာဝဂ်၊ အကုင်္ရ၀တ္ထု)
Posted by အောင်မြေ at 6:52 PM 0 comments
Labels: ဗုဒ္ဓ၏ဥပမာတစ်ထောင်
တဏှာ ပင့်ကူအိမ်
တဏှာ ပင့်ကူအိမ်
ပင့်ကူကောင်သည် မိမိပြုလုပ်သော ပင့်ကူအိမ်တွင် မွေ့လျော်အိပ်စက်၏။
ကိလေသာထူပြောသော သတ္တ၀ါတို့သည် စွဲလမ်းနှစ်သက်ခြင်း တဏှာကွန်ရက်တွင် ငြိကပ်စွဲလမ်း၍ ပျော်မွေ့ကုန်၏။
အသိပညာရင့်ကျက်သော သူတော်ကောင်းတို့သည် ပင့်ကူအိမ်နှင့်တူသည့် တဏှာကွန်ရက်မှ လွတ်မြောက်အောင် ရုန်းထွက်ကြကုန်၏။
(တဏှာဝဂ်၊ ခေမာထေရီဝတ္ထု)
Posted by အောင်မြေ at 6:49 PM 0 comments
Labels: ဗုဒ္ဓ၏ဥပမာတစ်ထောင်
Sunday, June 1, 2008
ကိုယ့်အားကိုယ်ကိုး
မြင်းကုန်သည်တို့သည် မိမိတို့ရောင်းမည့် မြင်းများကို ဂရုတစိုက်ရှိကြသည်။ အထူးသဖြင့် အမျိုးကောင်းသော မြင်းများကို ပိုမို၍ ဂရုတစိုက် ပြုစု မွေးမြူကြသည်။ အကြောင်းမှာ မျိုးကောင်းသော မြင်းသည် တန်ဖိုးကြီးသော ကြောင့်ဖြစ်သည်။
လူတို့သည် မိမိကိုယ်ကိုသာလျှင် အားကိုးရာဖြစ်သည်။ သူတစ်ပါးကို အားမကိုးရာ။ မြင်းကုန်သည်သည် အမျိုးကောင်း သောမြင်းများကို အရေးတယူ အလေးတမြတ် ပြုသကဲ့သို့ မိမိကိုယ်ကိုမိမိ အလေးအမြတ် ပြုရမည်။ အကြောင်းမှာ မိမိသာလျှင် မိမိအတွက် ပြုလုပ် ဖန်တီး နိုင်သောကြောင့် ဖြစ်သည်။
(ဘိက္ခုဝဂ်၊ နင်္ဂလကုလတ္ထေရ၀တ္ထု)
Posted by အောင်မြေ at 5:56 PM 0 comments
Labels: ဗုဒ္ဓ၏ဥပမာတစ်ထောင်
အနှောင့်အယှက်မရှိသောအလှူ
အနှောင့်အယှက်မရှိသောအလှူ
၁။ ထကြွလုံ့လရှိခြင်း၊
၂။ သတိတရားနှင့် ပြည့်စုံခြင်း၊
၃။ စင်ကြယ်သော ကိုယ်နှုတ်မှုရှိခြင်း၊
၎။ စူးစမ်းဆင်ခြင်မှုပြုခြင်း၊
၅။ ကိုယ်၊ နှုတ်၊ နှလုံး စောင့်ရှောက်ခြင်း၊
၆။ တရားသဖြင့် အသက်မွေးခြင်း ။ ။
Posted by အောင်မြေ at 5:44 AM 0 comments
Labels: အလှူပေးမယ်
အလှူပေးခြင်း (၃)မျိုး (၁)
အလှူပေးခြင်း (၃)မျိုး (၁)
၁။ သားသမီးတို့အား ကျွေးမွေးပြုစုခြင်း (ကြွေးချေခြင်းဒါန)
၂။ သားသမီးတို့က မိဘတို့အား ကျွေးမွေးခြင်း (ကြွေးဆပ်ဒါန)
၃။ သံသရာ ကောင်းကျိုးအတွက် လှူဒါန်းခြင်း (ရွှေအိုးမြှုပ်ဒါန) ။ ။
Posted by အောင်မြေ at 4:09 AM 0 comments
Labels: အလှူပေးမယ်
အလှူပေးခြင်း (၃)မျိုး (၃)
အလှူပေးခြင်း (၃)မျိုး (၃)
၁။ ကိုယ်တိုင်လှူခြင်း၊
၂။ သူတစ်ပါးကို စေလွှတ်၍ လှူခြင်း၊
၃။ သူတစ်ပါး ခရီးသွားရာ၌ လူကြုံပါး၍ လှူခြင်း ။ ။
Posted by အောင်မြေ at 4:08 AM 0 comments
Labels: အလှူပေးမယ်
အလှူပေးခြင်း (၃)မျိုး (၂)
အလှူပေးခြင်း (၃)မျိုး (၂)
၁။ မိမိသုံးဆောင်သည့်ထက် အညံ့ကို လှူခြင်း၊
၂။ မိမိသုံးဆောင်သော အဆင့်နှင့်အညီ လှူခြင်း၊
၃။ မိမိအသုံးအဆောင်ထက် အမြတ်ကို လှူခြင်း။ ။
Posted by အောင်မြေ at 4:08 AM 0 comments
Labels: အလှူပေးမယ်
ဒါန (၄)ပါး
ဒါန (၄)ပါး
၁။ စေတနာမျှဖြစ်သော ဒါန၊
၂။ လိုချင်တပ်မက်ကင်း ဒါန၊
၃။ မကောင်းမှုမှ ကြဉ်ရှောင်ခြင်း ဒါန၊
၎။ လှူဖွယ်ဝတ္ထု ပေးလှူသော ဒါန။ ။
Posted by အောင်မြေ at 4:07 AM 0 comments
Labels: အလှူပေးမယ်
အလှူ(၅)မျိုး
အလှူ(၅)မျိုး
၁။ ကံ-ကံ၏အကျိုးကိုယုံကြည်၍ လှူခြင်း (သဒ္ဓါဒါန)၊
၂။ လှူဖွယ်ပစ္စည်းနှင့် အလှူခံပုဂ္ဂိုလ်ကို အရိုအသေပြု၍ လှူခြင်း (သက္ကစ္စဒါန)၊
၃။ ဧည့်သည် လူနာအားလည်းကောင်း ငတ်မွတ်သူအား လည်းကောင်း လှူခြင်း(ကာလဒါန)၊
၎။ မိမိစည်းစိမ်ကို မတပ်မစွန်း လှူခြင်း (အနုဂ္ဂဟိတဒါန)၊
၅။ မိမိကိုယ်ကို မချီးမြှင့်၊ သူတစ်ပါးကို မရှုတ်ချဘဲ လှူခြင်း (အနုပဟဇ္ဇဒါန)။ ။
Posted by အောင်မြေ at 4:06 AM 0 comments
Labels: အလှူပေးမယ်
အလှူခံပုဂ္ဂိုလ်များ
အလှူခံပုဂ္ဂိုလ်များ
၁။ ဘုရား၊
၂။ ပစ္စေကဗုဒ္ဓါ၊
၃။ အရိယာသာဝက(၈)ပါး၊
၎။ ဈာန်ရ ရသေ့ပရိဗိုဇ်၊
၅။ ပုထုဇဉ်သီလ၀န္တ၊
၆။ ပုထုဇဉ်ဒုဿီလ၊
၇။ တိရစ္ဆာန် ။ ။
Posted by အောင်မြေ at 4:05 AM 0 comments
Labels: အလှူပေးမယ်
အလှူ(၆)မျိုး
အလှူ(၆)မျိုး
၁။ အဆင်းအလှူ၊
၂။ အသံအလှူ၊
၃။ အနံ့အလှူ၊
၎။ အရသာအလှူ၊
၅။ အ၀တ်အလှူ၊
၆။ တရားအလှူ။ ။
Posted by အောင်မြေ at 4:05 AM 0 comments
Labels: အလှူပေးမယ်
အလှူခံပုဂ္ဂိုလ်၏ အဆင့်အတန်းမြတ်ပုံ
အလှူခံပုဂ္ဂိုလ်၏ အဆင့်အတန်းမြတ်ပုံ
၁။ လူသား၊
၂။ သောတာပန်၊
၃။ သကဒါဂါမ်၊
၎။ အနာဂါမ်၊
၅။ ရဟန္တာ၊
၆။ ပစ္စေကဗုဒ္ဓါ၊
၇။ ဘုရား၊
၈။ ဘုရားအမှူးရှိသောသံဃာ၊
၉။ အရပ်လေးမျက်နှာမှသံဃာ။ ။
Posted by အောင်မြေ at 4:04 AM 0 comments
Labels: အလှူပေးမယ်
အလှူခံပုဂ္ဂိုလ်လိုက်၍ အကျိုးပေးပုံ
အလှူခံပုဂ္ဂိုလ်လိုက်၍ အကျိုးပေးပုံ
၁။ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အရိယာပုဂ္ဂိုလ်(၈)ယောက် ------- အကျိုး မရေမတွက်နိုင်၊
၂။ သာသနာပ ရသေ့ - အကျိုး ကုဋေတစ်သိန်း၊
၃။ သီလရှိသော ပုထုဇဉ် - အကျိုး တစ်သိန်း၊
၎။ ပုထုဇဉ် ဒုဿီလ - အကျိုး တစ်ထောင်၊
၅။ တိရစ္ဆာန်၊ လူ - အကျိုး တစ်ရာ ။ ။
Posted by အောင်မြေ at 4:02 AM 0 comments
Labels: အလှူပေးမယ်